စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Wednesday, February 26, 2014

သေမင်းစာအုပ် (၂၉.၂)

"Kira ပြောသွားတာသာ အမှန်ဆိုရင်တော့ ဒါဟာ ကျနော်တို့အတွက် တကယ့်ကို အခွင့်ကောင်းပဲ။ သူခိုင်းတာ လုပ်သလိုတော့ ဖြစ်သွားတာပေါ့၊ ဒါပေမယ့် ဒီလို အခွင့်အရေးကိုတော့ လက်လွှတ်ဖို့ မကောင်းဘူးထင်တယ်"
Light ခပ်တည်တည်နှင့် ပြောလိုက်သည်။

ကျန်သူများ ဘာမှ ပြန်မပြောမီ Ryuk က၀င်ပြောလိုက်သည်။
"မှန်လိုက်တာကွာ"

Ide ကတော့ သိပ်သဘောမကျ။
"မာဖီးယားကောင်တွေ သေမယ့် အချိန်ပဲပြောပြီး သွားခိုင်းတာ ကျုပ်တော့ သိပ်သဘောမကျလှဘူး။ တကယ်လို့ သူတို့တွေ တကယ်မသေဘဲ ကျုပ်တို့ကို တမင်ထောင်ချောက်ဆင်တာဆို ဘယ်လိုလုပ်မလဲ"

"ဟာ မင်းကလည်းကွာ၊ ငါတို့မှာ သေမင်းရှိနေတာပဲ။ သေမင်းမျက်လုံး အလဲအလှယ်လုပ်လိုက်ရင် ငါတို့ သူတို့ကို ကျိန်းသေ သတ်နိုင်မှာပဲ"
Matsuda ပြောပြီးပြီးချင်းပင်

"မျက်လုံး အလဲအလှယ်ကို ငါလုပ်မယ်"
ရဲချုပ် ပြောချလိုက်သည်။

"ဟာ မလုပ်ပါနဲ့။ လုပ်ချင်းလုပ်ရင် ကျနော် လုပ်ပါ့မယ်"
Matsuda ကမန်းကတန်း ပြန်ပြောလေသည်။

"သူတို့လက်ထဲကို သေမင်းစာအုပ် ထည့်ပေးလိုက်တာ ငါကွ။ ငါ့သမီးအတွက် မတတ်သာလို့ လုပ်လိုက်ရပေမယ့် အဲဒီအချိန်တည်းက ငါ့မှာ ဘယ်လိုမှ စိတ်မကောင်းနိုင်ဘူး။ သေချင်လောက်အောင်ကို စိတ်ဆင်းရဲနေခဲ့ရတာ။ အဲဒီတော့ ဒီ အလဲအလှယ်ကို ငါလုပ်မယ်။ ဒီသူတောင်းစားတွေကို ငါသတ်မယ်။ ပြီးတော့ နောက် ၁၃ရက်လည်း နေရော လူထပ်မသတ်မှုနဲ့ ငါပါသေရော။ ပြီးတာပဲ။ ဒါမှ ငါ စိတ်ရှင်းမယ်"
ရဲချုပ် ပြတ်ပြတ်သားသားပင် ပြောလိုက်တော့သည်။

.... အင်း သေမင်းစာအုပ် သုံးမယ့်လူဟာ အဖေ ဆိုတာတော့ သေချာသွားပြီ ........
Light တယောက် အတွေးတွေ များနေပြီ။

November ၁၀ ရက် ည ၁၁ နာရီ ၄၇ မိနစ်
ယာယီဌာနချုပ်မှ ထိုင်၍ ကြီးကြပ်နေသည့် Light မှလွဲ၍ ကျန်သူများအားလုံး မာဖီးယား စခန်းရှေ့ ရောက်နေကြလေပြီ။ သေနတ်များ၊ ကျည်ကာအင်္ကျီများအပြန် ဓာတ်ငွေ့ကာခေါင်းစွပ်များပါ ၀တ်ဆင်လျက်ရှိကြသည်။

ရဲချုပ် Ryuk နှင့် အလဲအလှယ် ပြုလုပ်လိုက်သည်။

"အဖေ မာဖီးယား ဂိုဏ်းသားတွေရဲ့ ဓာတ်ပုံတွေကို ကြည့်ပါ။ နာမည်နဲ့ သက်တမ်းကို တွေ့ရတယ် မဟုတ်လား"
Light ကလှမ်းပြောတော့

"အေး တွေ့တယ်ကွ"

"ဟုတ်ပြီ။ သူတို့ နာမည်တွေ၊ သက်တမ်းတွေ ပျောက်သွားတာနဲ့ အားလုံး စခန်းကို ၀င်စီးတော့"

၁၁ နာရီ ၅၉ မိနစ်။
ရဲချုပ် မျက်စိရှေ့မှ ဓာတ်ပုံများတွင် ပေါ်နေသည့် နာမည်နှင့် သက်တမ်းများ ရုတ်တရက် ပျောက်ကွယ်သွားပြီ။

"အားလုံး တက်!!!"
ရဲချုပ် အမိန့်ပေးသံနှင့်အတူ အဖွဲ့ဝင်များ စခန်းဆီ အပြေးထွက်သွားကြလေသည်။

တံခါးများကို သေနတ်များ၊ ဗုံးများဖြင့် ပစ်ဖေါက် ဖျက်ဆီးကာ ၀င်လာကြချိန်တွင် စခန်းအတွင်း အသက်ရှင် ကျန်ရစ်သူကား Melo နှင့် စာရင်းထဲမပါသူ အချို့သာ ရှိတော့၏။

..... သေချာပေါက် Kira လက်ချက်ပဲ။ ဒီလို အခြေအနေမျိုးမှာ ဒါမျိုးလုပ်နိုင်တယ်ဆိုတာတော့ ချီးကျူးဖို့ အကောင်းသား။ ဟို သေမင်းစုတ် Shidoh ကရော ဘယ်ပျောက်နေတာတုန်း ........

Melo အဖြေရှာမရသည့် Shidoh မှာကား
"မင်း ငြိမ်ငြိမ်လေးနေပြီး စောင့်နေလိုက်။ စာအုပ် ပြန်ရစေရမယ်လို့ ငါ အာမခံတယ်ကွာ"
Ryuk က Shidoh ကို အတင်းအဓမ္မ ပါးစပ်ပိတ်ထားရင်း ပြောနေသည်။

Melo ကား အခြေအနေ မဟန်မှန်းသိ၍ အော်ဟစ် အမိန့်ပေးရင်း အပေါ်ထပ်သို့ တက်ပြေးလေပြီ။ အောက်ထပ်တွင် သူနှင့် အတူ နှစ်ဦးသာ
"ဟို နှစ်ကောင်၊ မင်းတို့ ဆရာရဲ့ အောက်မှာ သေမင်းစာအုပ် ပိနေတယ်၊ ယူပြီး တက်လိုက်ခဲ့ကြ"

ကျန်နှစ်ယောက် စာအုပ်ယူ၍ အပေါ်အတက်တွင် အထဲရောက်လာပြီဖြစ်သော ရဲချုပ်တို့ အဖွဲ့က ပစ်ခတ်ဖမ်းဆီးလိုက်နိုင်သည်။

ရဲချုပ်က Light ကို လှမ်း၍ သတင်းပို့လိုက်သည်။
"စာအုပ်လည်း ရပြီ။ သူတို့ထဲက နှစ်ယောက်လည်း လက်ရဖမ်းမိတယ်။ ငါတို့ ပြန်ထွက်လာတော့မယ်"

Light ကသဘောမတူ။
"မထွက်နဲ့ဦး။ Melo ကို မမိသေးဘူးလေ။ ဒီလောက် လုပ်လာပြီးမှတော့ သူ့ကိုပါ အမိဖမ်းလိုက်တော့ပေါ့။ ဒီကောင် သေချာပေါက် အဲဒီထဲမှာပဲ ရှိမှာ"

ရဲချုပ်တို့ လူစုခွဲပြီး ရှာကြပြန်လေသည်။
Melo ရှိနေသည့် အခန်းတွင်းသို့ ရဲချုပ်တဦးတည်း ၀င်ရောက်သွားစဉ်

"၀ုန်း!!! ၀ုန်း!!!"
ပေါက်ကွဲသံကြီး နှစ်ခု ဆက်တိုက်ကြားလိုက်ရပြီး အားလုံး ကြက်သေ သေသွားကြသည်။

ရဲချုပ်ကား Melo ကိုမမြင်သေး။ သူ့ရှေ့ အမှောင်တွင်းမှ ထွက်လာသော အသံကိုကား ကြားရလေပြီ။
"အခု ဖေါက်ခွဲလိုက်တာ ထွက်ပေါက် နှစ်ပေါက်ပဲ ရှိသေးတယ်။ နောက်တခေါက် ခွဲစရာဆိုလို့တော့ ဒီစခန်းကြီးတခုလုံးပဲ ရှိတော့တယ်။ အဲတော့ ခင်ဗျားတို့ မသေချင်သေးရင် ကျုပ်ပြောတဲ့အတိုင်း ကောင်းကောင်းမွန်မွန်လေး လိုက်လုပ်ကြပါ။ ရောက်တဲ့နေရာမှာ ရပ်နေ၊ ခေါင်းစွပ်ကလေးတွေ ချွတ်"

ရဲချုပ် ခေါင်းစွပ်ချွတ်လိုက်တော့ မီးတွေပွင့်လာပြီး သူ့ကို သေနတ်နှင့် ချိန်ထားသည့် Melo ကိုမြင်ရလေသည်။
"အိုး ဟိုးဟိုး ရဲချုပ်ကြီး Yagami ကိုး။ ခင်ဗျားကို အရင်တခေါက်တည်းက မသတ်လိုက်တာ မှားတာပဲပေါ့။ ဒီလိုမျိုး ကျုပ်ဆီ နောက်တခေါက် လိုက်လာလိမ့်မယ်လို့ မထင်ခဲ့ဖူးဗျာ"
Melo က ရိသဲ့သဲ့ ပြောနေသည်။

ရဲချုပ်ကတော့ ဘာမှ မပြော။ Melo ၏ နာမည်ကို တလုံးခြင်း ရွတ်ဖတ်နေလေသည်။
"M i h a e l K e e h l.. မင်းနာမည်အရင်းက Mihael Keehl ( မီဟိုင်းကဲလ်) ကိုး"
Melo လန့်သွားသည်။
.... ဟ သူဘယ်လို သိရတာလဲ။ ပြဿနာပဲ ....

Light ၀မ်းသာသွားသည်။
.... ဒါပဲကွ .....

"စိတ်လျှော့လိုက်တော့ Melo။ မင်းကောင်းကောင်းလိုက်လာမယ်ဆို ငါမင်းကို မသတ်ဘူး"
ရဲချုပ် စကားသံကို ကြားလိုက်ရသော Light အားမလို အားမရဖြစ်သွားသည်။
.... ဟာ ဘာတွေ လုပ်နေတာတုန်း။ တခါတည်း စာအုပ်ထဲ ရေးထည့်ပြီး သတ်လိုက်ပါတော့လား ........

ရဲချုပ် သေမင်းစာအုပ်ကို ထုတ်လိုက်ပြီး ရေးရန်အသင့်ပြင်လိုက်သည်။
"မင်း သေနတ်ကို ချပြီး လက်တွေမြှောက်ထားလိုက်စမ်း။ ငါ မင်းနာမည် ရေးထည့်လိုက်တာနဲ့ မင်းသေမှာ သိတယ်မဟုတ်လား"

Melo ကား ရဲချုပ်ကို အေးစက်စက် ကြည့်နေရင်း
"Yagami"

သူစကားဆက်ခွင့်မရ။
"တိတ်စမ်း မင်းနာမည် နောက်ဆုံးတလုံးပဲ ငါရေးစရာ လိုတော့တယ်။ မင်း အဖမ်းခံမလား မခံဘူးလား"

Light ကား အကြီးအကျယ် ဒေါသထွက်နေလေပြီ။
.... အရူး အရူး!! ရေးစရာရှိတာ ရေးပါတော့လား .....

Melo ကတော့ မတုန်လှုပ်။
"ခင်ဗျား ဘ၀မှာ တခါမှ လူမသတ်ဖူးဘူး မဟုတ်လား ရဲချုပ်ကြီး။ စိတ်မကောင်းဘူးဗျာ.. ခင်ဗျားကို ကျုပ် မသတ်ချင်ပါဘူး"
Melo စကားအဆုံးတွင် ရဲချုပ်၏ ကျောဘက် အခန်းထောင့်ကြမ်းပြင်ပေါ်လဲကျနေဟန်ဆောင်ထားသည့် မာဖီးယား တဦးမှ ရဲချုပ်အား တရစပ်ပစ်ခတ်လိုက်လေတော့သည်။

Light ကား ကြားရသည့် သေနတ်သံများကြောင့် ပါးစပ်အဟောင်းသား။
ကျန်သူများလည်း သေနတ်သံ ကြားရာ အခန်းဆီသို့ အပြေးအလွှား။

"ဟေ့ကောင် စာအုပ်ကိုယူ"
Melo ကအမိန့်ပေးလိုက်ပြီး ရဲချုပ်ထံမှ ခေါင်းစွပ်ကို ယူစွပ်လိုက်သည်။

စာအုပ်ကား လဲကျနေသည့် ရဲချုပ်ခန္ဓာကိုယ်ကြောင့် အလွယ်တကူ ယူမရ။

အခန်းတွင်းသို့ ၀င်ရောက်လာသည့် ခြေသံများကြောင့် ရဲချုပ်ထံမှ စာအုပ်ယူနေသူက သေနတ်နှင့် လှမ်းချိန်လိုက်သည်။

"ဒိုင်း"
သေနတ်သံနှင့်အတူ ထိုသူ လဲကျငြိမ်သက်သွားတော့သည်။

Melo ကို သူတို့ ၀ိုင်းထားလိုက်ကြလေပြီ။

သို့သော် Melo ကမြန်သည်။ သူ့လက်ထဲမှ ခလုတ်ကို နှိပ်ချလိုက်တော့သည်။
ပေါက်ကွဲသံများ၊ မီးခိုးငွေ့များ၊ ဖုန်မှုန့်များနှင့်အတူ အဆောက်အဦးကြီးတခုလုံး ပြိုကျသွားတော့သည်။

အတန်ငယ်ကြာမှ Light ထံသို့ သတင်းပေးချက် ၀င်လာသည်။
"အားကျွတ်ကျွတ်.. Light ငါတို့ Melo ကိုရှာလို့မတွေ့တော့ဘူး"

.... တောက်! လွတ်သွားပြန်ပြီ။ ခုနထဲက သတ်ရမှာကို မသတ်ဘူး ....
Light မကျေမနပ် ဖြစ်လျက်။

အပျက်အစီးများကြားတွင်ကား ဒဏ်ရာကိုယ်စီရလျက် ရဲချုပ်ကို သယ်ထုတ်လာကြသည့် အဖွဲ့ဝင်များ။

ဆေးရုံတွင်
ကျည်ကာအင်္ကျီကြောင့် ကျည်ဆန်အမြောက်အမြား ခန္ဓာကိုယ်ထဲ ၀င်ရောက်နိုင်ခြင်း မရှိသော်လည်း ရဲချုပ်မှာ အခြေအနေမကောင်းခြေ။

Light အပါအ၀င် ဒဏ်ရာအသီးသီးရလျက်က စုံစမ်းရေးအဖွဲ့ဝင်အားလုံး ရဲချုပ်နားတွင် ရှိနေကြသည်။ ရဲချုပ်၏ နောက်ဆုံးအချိန်ကို ငြိမ်သက်စွာ စောင့်စားလျက်။

"Light .. အဖေ ခုမှ စိတ်အေးရတော့တယ်"
ရဲချုပ်ထံမှ စကားသံ သဲ့သဲ့ ထွက်လာသည်။

"အဖေ ဘာတွေ ပြောနေတာလဲ။ အဖေ ပြန်ကောင်းမှာပါ"

"အဖေ့မှာ သေမင်းမျက်စိ ရှိနေတုန်းပဲ။ ဒီလို မျက်စိရှိနေလည်း တခြားသေမင်းစာအုပ် ပိုင်ရှင်ရဲ့ သက်တမ်းကိုတော့ မမြင်နိုင်ဘူးလို့ Ryuk ကပြောပြထားတယ်။ အခု အဖေ သားရဲ့ သက်တမ်းကို မြင်နေရတယ်။ သားဟာ Kira မဟုတ်ဘူး။ အဖေ အရမ်းပျော်ပါတယ်"

"ဟာ..ဒါ အသိသာကြီးပဲဟာ၊ အဖေ စကားတွေ လျှောက်ပြောမနေပါနဲ့။ သက်သာအောင်နေ"
Light စိုးရိမ်ဟန်ဖြင့် ပြောလိုက်သော်လည်း စိတ်ထဲတွင်မူ
.... ဟွန်းဟွန်း၊ ဒီတချက်တည်းနဲ့ ငါ့အတွက် သိပ်အဆင်ပြေသွားပြီ။ ဒါပေမယ့် ဒိထက် အရေးကြီးတာတွေ ရှိနေသေးတယ်၊ မေးရဦးမယ် ....

"အဖေ Melo နာမည်ကို ရေးနိုင်ခဲ့လား"

"အေးကွာ အဖေ့ကို ခွင့်လွှတ်ပါတော့။ အဖေ သူ့ကို မသတ်နိုင်ခဲ့ဘူး"

.... ငါ ပြောပုံဆိုပုံ သတိထားမှ ဖြစ်မယ်။ ဒီလို အခြေအနေမျိုးမှာ စိတ်တွေရှုပ်ပြီး ပြောချင်ရာတွေ ပြောတတ်တာ သဘာဝပဲ။ ဒီတော့ ...
Light တွေးလိုက်ရင်း သေမင်းစာအုပ်ကို ထုတ်၊ ဘောပင်ကို ရဲချုပ်လက်ထဲထည့်ကာ

"အဖေ... သူ့နာမည် ရေးဖို့ အချိန်ရသေးတယ်။ အဖေ မသေခင်တော့ ရေးသွားပါဦး။ ဒီကောင့်ကို ရအောင် သတ်သွားပါ။ အဖေ သူ့ကို အနိုင်ပေးလိုက်တော့မလို့လား"
သွေးရူးသွေးတန်း ပြောတော့သည်။

သို့သော် ရဲချုပ်ကား လက်ပင် မလှုပ်လိုက်နိုင်ဘဲ သေဆုံးသွားခဲ့လေပြီ။

"အဖေ!!! မသေရဘူး!! အဖေ မသေရဘူး!!!"
Light အော်ဟစ်ကာ ရဲချုပ် ခန္ဓာကိုယ်ပေါ်မှောက်လျက် ငိုကြွေးလေတော့သည်။
ကျန်သူများမှာလည်း မလှုပ်မယှက် ခေါင်းငိုက်စိုက်ကျကာ တိတ်တဆိတ် မျက်ရည်များ ကျလျက်။

ဆေးရုံ ခေါင်မိုးထပ်တွင် Ryuk ခေါ်လာသဖြင့် Shidoh စောင့်နေသည်။
အားလုံးကို ရှင်းပြအပြီး

"ဒါဖြင့် ခင်ဗျားက စာအုပ် ပြန်လာယူတဲ့ သေမင်းပေါ့"

"ဟုတ်တယ်"

"အင်းလေ။ ကျနော်တို့ စုံစမ်းရေးအတွက်လည်း သေမင်းစာအုပ်က တအုပ်ရှိရင် လုံလောက်ပါပြီ။ အဲဒီတော့ ဒီတအုပ်ကို ခင်ဗျားကို ပြန်ပေးလိုက်ပါ့မယ်"
Light ပြောပြောဆိုဆို စာအုပ်ကို Shidoh လက်ထဲထည့်ပေးလိုက်တော့သည်။

Shidoh ကား စာအုပ်ရသည်နှင့် သေမင်းတိုင်းပြည်သို့ ပျံတက်ထွက်ခွာသွားတော့သည်။

Ryuk ကား ၀မ်းနည်းကြေကွဲနေသည့် လူသားများကို ကြည့်ရင်းတွေးနေမိသည်။
.... သေမင်းစာအုပ် သုံးတဲ့လူဟာ ၀မ်းနည်းစရာတွေပဲ ကြုံရမယ်တဲ့။ ရဲချုပ်ကတော့ သေမင်းစာအုပ်ကို တကယ်တမ်း သုံးမသွားဘဲနဲ့ သေသွားရတယ်။ သူ့သားကို Kira မဟုတ်ဘူးလို့ ယုံကြည်ပြီးသေသွားတာဆိုတော့ သူကတော့ ပျော်ပျော်ပဲ သေသွားပုံပါပဲလေ ....

No comments:

Post a Comment