စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Wednesday, February 26, 2014

သေမင်းစာအုပ် (၁၉)

Tokyo မြို့ Yotsuba ရုံးချုပ်ကြီးအနီးတွင် Misa ဇာတ်ဝင်ခန်း ရိုက်နေသည်ဖြစ်၍ သူ့မန်နေဂျာအဖြစ် တာဝန်ယူထားသူ Matsuda ပါ ရှိနေရလေသည်။

သရုပ်ဆောင်လောကကို တကယ်တမ်း စိတ်မ၀င်စားသူ Matsuda ဟိုငေး၊ ဒီငေး လုပ်ရင်း Yotsuba ရုံးချုပ်ကြီးကို သွားသတိထားမိသည်။ ထိုနေ့သည် သောကြာနေ့ဖြစ်၏။ အတွေးများ Matsuda ခေါင်းထဲသို့ တသီတသန်း ၀င်လာတော့သည်။
......... ငါ့ကို ဘယ်သူမှ အရေးတယူ မရှိကြဘူး။ စုံစမ်းရေးထဲမှာ လူပိုလိုပဲ ဆက်ဆံကြတယ်။ ငါကလည်း ဘာမှ ခုထိ သေသေချာချာ မလုပ်ပေးနိုင်သေးဘူး။ ဟိုတနေ့ကဆို L က ငါ့ကို လူပို မဖြစ်ချင်ရင် ကော်ဖီ သွားယူပေးစမ်းပါလို့တောင် ခိုင်းလိုက်သေးတယ်။ သောကြာနေ့ညပိုင်းကနေ စနေညနေမှာ Yotsuba နဲ့ပတ်သက်တဲ့ လူသတ်မှုတွေ ပိုဖြစ်တယ်လို့ ရဲချုပ်ကပြောထားတယ်။ ခုနေလည်း စောင်းနေပြီ။ ငါ လူပို မဟုတ်ဘူးဆိုတာ သူတို့ သိစေရမယ် ........

ရိုက်ကွင်းမှသည် Matsuda တယောက် တိတ်တဆိတ် ထွက်ခွာသွားလေပြီ။ သူ ဦးတည်ရာကား Yotsuba ရုံးချုပ်။

စုံစမ်းရေး ဌာနချုပ်တွင်
Light သူ့ကိုယ်သူ Kira ဖြစ်နိုင်မဖြစ်နိုင် အဖြေရှာနေမိသည်။
.... ငါသာ လူတွေကို ရုပ်နဲ့နာမည် သိယုံနဲ့ သတ်နိုင်မယ်ဆို တကယ်သတ်ဖြစ်မလား။ တချို့လူတွေဟာ ဒီကမ္ဘာပေါ်မှာ ရှိကို မရှိသင့်ဘူးလို့ ငါယူဆတာတော့ ဟုတ်ပါတယ်၊ ဒါပေမယ့် အဲဒါကြောင့်တော့ ငါ လူသတ်သမား မလုပ်လောက်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ်လေ လူသတ်ပြီး အဲဒီအကြောင်းတွေ ခေါင်းထဲ မကျန်ခဲ့ဘူးဆိုတာလည်း ဖြစ်မှ မဖြစ်နိုင်တာ။ ငါ အတွေးတွေ လွန်နေပါပြီ ........

ထိုအချိန်တွင် Watari ထံမှ သတင်းပေးချက် ၀င်လာသည်။
"Ryuzaki စုံထောက် Eraldo Coil(အယ်ရာလ်ဒိုကွိုယ်)ဆီကို L ဘယ်သူလဲဆိုတာ ထုတ်ဖော်ပြောဖို့ တောင်းဆိုချက် ရလာတယ်"

Watari စကားကို ကြားရသည်နှင့် ရဲချုပ်က
"ဟ..အဲဒီ Eraldo Coil ဆိုတဲ့ကောင်က L ပြီးရင် အတော်ဆုံး စုံထောက်လို့ နာမည်ကြီးနေတဲ့ကောင် မဟုတ်လား။ ဘယ်သူက သူ့ကို ဆက်သွယ်တာတဲ့လဲ"

"Yotsuba ရဲ့ Tokyo ရုံး အကြီးအကဲ Kida Mashiko (ကီဒါမာဆာဟီကို) လို့ သိရပါတယ်"

"ဒါဆို Yotsuba သေချာပြီပေါ့!!"
ရဲချုပ် ဒေါသထွက်သွားသည်။

"Yotsuba ဟာ အနည်းဆုံးတော့ Kira နဲ့ အဆက်အသွယ်ရှိတာ သေချာသွားပြီ။ L ဘယ်သူလဲဆိုတာ သိချင်မှတော့ L ကို ရှင်းပစ်ချင်လို့ပေါ့"
Light ကပြောတော့

"ဒါမကောင်းဘူးကွ။ ငါတို့ Coil ကို ဂရုစိုက်ဖို့ လိုလာပြီ"
ရဲချုပ်က စိတ်ရှုပ်ရှုပ်ဖြင့်ပြောလိုက်သည်။

တချိန်လုံး အေးအေးဆေးဆေးနှင့် ကိတ်မုန့် အစားမပျက် နေနေသော L ကထိုအခါမှ ၀င်ပြောတော့သည်။
"စိတ်မပူပါနဲ့ဗျာ။ Eraldo Coil ဆိုတဲ့ စုံထောက်ဟာလည်း ကျနော်ပါပဲ။ အမှန်တော့ ကမ္ဘာမှာ အတော်ဆုံး စုံထောက်သုံးယောက်ဆိုတဲ့ L, Coil, Deneuve (ဒိုနိုဗူ) အားလုံးဟာ ကျနော်ချည်းပါပဲ။ ကျနော် ဘယ်သူလဲဆိုတာ သိချင်တဲ့လူတွေ မကြာမကြာဆိုသလို အဲဒီ ထောင်ချောက်ထဲ ရောက်ကုန်ကြတာပါပဲ။ ကဲ.. ဒါကိုတော့ ခင်ဗျားတို့ စိတ်ထဲမှာပဲ ထားကြပေါ့ဗျာ"

L အပြောကို ကြားလိုက်ရသော စုံစမ်းရေးအဖွဲ့ဝင်များ အံ့အားသင့်သွားရတော့သည်။

"ကောင်းလိုက်တဲ့ အကြံကွာ"
Light ကတော့ ချီးကျူးလိုက်သည်။

ထို့နောက် လူလိမ်ကြီး Aiber အား Kida Mashiko ကို ချဉ်းကပ်ရန်တာဝန်ပေးပြီး ဖောက်ထွင်းဝိဇ္ဇာ Wedy အား Yotsuba ရုံးချုပ်၏ လျှို့ဝှက်ကင်မရာများရှာဖွေရန်၊ လုံခြုံရေးကွန်ယက်အတွင်းသို့ ထိုးဖောက်သတင်းယူရန် တာဝန်ပေးလိုက်လေ၏။

"Yotsuba ရဲ့ အဓိက အာဏာရှိတဲ့လူတွေ ဘယ်သူတွေလဲ၊ ဘယ်နှစ်ယောက်လဲ ဆိုတာ ကျနော်တို့ အရင်ဆုံး သိအောင် လုပ်ရမယ်။ ပြီးတော့ ကျနော်တို့ သူတို့ကို စပြီး စုံစမ်းနေပြီဆိုတာကို အသိမခံနိုင်ဘူး။ သူတို့ ရိပ်မိသွားပြီဆိုတာနဲ့ Kira ကို ဘယ်လိုနည်းနဲ့မှ ဖမ်းလို့ ရမှာ မဟုတ်တော့ဘူး။ အဲဒီတော့ ကိုယ့်စိတ်နဲ့ကိုယ် ဆုံးဖြတ်ပြီးတော့ စွတ်ရွတ်မလုပ်ကြဖို့ ပြောချင်ပါတယ်။ ဒါလေးတချက်တော့ ခေါင်းထဲ ထည့်ထားကြပါ။ "
L ကလုပ်ဆောင်ရမည်များ ပြောနေလေသည်။

ထိုအချိန်တွင် Matsuda ကား Yotsuba ရုံးချုပ်အတွင်း ခိုးဝင်ရောက်ရှိနေလေပြီ။ အထပ်များ များပြားကာ ကြီးမားကျယ်ဝန်းလှသည့် ရုံးကြီးအတွင်း ဘယ်သွားလို့ သွားရမှန်းမသိ ဖြစ်နေသည့် Matsuda ဓာတ်လှေကားအနီး ပုန်းအောင်းကာ ဘာဆက်လုပ်ရမည်ကို တွေးတောနေစဉ် လူနှစ်ယောက် တိုးတိုး တိုးတိုး စကားပြောနေသံကို ကြားလိုက်ရသည်တွင် သူခေါင်းထောင်သွားသည်။
"တော်သေးတာပေါ့ကွာ ဒီလျှို့ဝှက်အစည်းအဝေးတွေကို သောကြာ ညဖက်တွေမှာပဲ လုပ်လို့။ တနင်္လာလို နေ့မျိုးသာ လုပ်လို့ကတော့ နောက်နေ့ ရုံးတောင် တက်ချင်မှာ မဟုတ်တော့ဘူး"

ထိုနှစ်ယောက် ဓာတ်လှေကားပေါ်တက်သွားပြီးသည်တွင် Matsuda ထွက်လာကာ ဓာတ်လှေကား ရပ်မည့် အထပ်ကို စောင့်ကြည့်နေလိုက်သည်။
.... ၁၉ ထပ်။ ငါ ဒီထဲတောင် ခိုးဝင်ပြီးမှပဲ၊ မထူးပါဘူး။ လုပ်မယ့်လုပ် အဆုံးထိအောင် လုပ်တော့မယ် ....
ဆုံးဖြတ်ကာ ၁၉ ထပ်ကို လှေကားမှ အပြေးတက်လေတော့သည်။

၁၉ ထပ်သို့ရောက်သော် ပိတ်ထားသည့် အခန်းတံခါးများသာတွေ့ရလေသည်။ Matsuda တံခါး တချပ်ပြီး တချပ် နားနှင့်ကပ်၍ လိုက်နားထောင်ကြည့်သည်။ တံခါးတချပ်တွင် အသံသဲ့သဲ့များ ကြားရပြီ။
"သူ့ကို သတ်လိုက်ရင် ....... stock ဈေးတွေ ......"
..... ဟာ! သတ်လိုက်ရင်တဲ့ .....

သူ့စိတ်တွေ အစိုးမရ လှုပ်ရှားလာသည်။ အသံများကား သဲသဲကွဲကွဲ မဟုတ်။
"Kira ဟာ ဒီကောင့်ကို..."
...... ဟင်!! Kira ဆိုပဲ!! ဒီကောင်တွေ Kira နဲ့ အဆက်အသွယ် ရှိနေတာ သေချာပြီ။ ငါ ကွ။ ဒါ တကယ့် သဲလွန်စကြီးပဲ။ ဟားဟား ......
တံခါးကို အတင်းဖိကပ်နားထောင်နေသည့် Matsuda သူ့ဟာသူ ပျော်၍မဆုံးမီ တံခါးပွင့်ကာ ၀ုန်းကနဲ အခန်းထဲ ဟပ်ထိုးလဲ ရောက်ရှိသွားလေတော့သည်။

"မင်း ဘယ်ကကောင်လဲ"

ထိုအခိုက်အတန့်တွင် L ထံသို့ Watari ထံမှ သတင်းပို့ချက် ရောက်ရှိလာလေသည်။
"Matsuda သူ့ခါးပတ်ပေါ်က အရေးပေါ်ခလုတ်ကို ခုလေးပဲ နှိပ်လိုက်တယ်"

သက်ပြင်းတချက် မှုတ်ထုတ်ရင်း L မေးလိုက်သည်။
"သူဘယ်နေရာကနေ နှိပ်လိုက်တာလဲ"

"Yotsuba ရုံးချုပ်က"

L လေပူကြီး မှုတ်ထုတ်ရင်း
"ကျနော် အစောတုံးက ပြောခဲ့တာတွေ မေ့လိုက်တော့ဗျာ။ အစီအစဉ် ပြောင်းသွားပြီ"
Matsuda ကိုကယ်ဆယ်ရန် အစီအစဉ်များ လုပ်ရလေပြီ။

Matsuda ကား တယောက်တည်း ကိစ္စများနေတော့၏။
"ကျနော် Yoshida(ယိုရှီဒါ) ရုပ်ရှင်ထုတ်လုပ်ရေးကပါ Matsui Tarou ပါခင်ဗျ။ ခုလာခဲ့တာကလည်း မော်ဒယ်ဘ၀ကနေ မင်းသမီးဘက်ကို ပြောင်းလာတဲ့ တက်သစ်စ မင်းသမီးလေး Amane Misa ကို လူကြီးမင်းတို့ ကုမ္ပဏီနဲ့ မိတ်ဆက်ပေးဖို့ပါ။ လူကြီးမင်းတို့ရဲ့ ဈေးကွက်ချဲ့ထွင်တဲ့နေရာတွေ၊ ကြော်ငြာတွေမှာ သူ့ကို သုံးဖို့များ စိတ်ဝင်စားမလားလို့ပါခင်ဗျ"
သူ့ ကတ်ပြားကို တဖက်၊ Misa ဓာတ်ပုံကို တဖက် ကိုင်ရင်း လဲနေရာမှပင် သေချာ မထနိုင်သေးပဲ ပြာပြာသလဲ ရှင်းပြနေလေတော့သည်။

သေမင်းစာအုပ် လျှို့ဝှက်ချက်
သေမင်းစာအုပ်ခိုးယူခံရပြီး ယင်းခိုးသူသည် စာအုပ်ပိုင်ရှင်အား သတ်နိုင်ခဲ့ပါက ယင်းခိုးသူသည် အလိုအလျောက် သေမင်းစာအုပ်ပိုင်ရှင် ဖြစ်မည်။

လူတဦးတည်း၏ နာမည်ကို စာအုပ်နှစ်အုပ်ပေါ်တွင် ရေးထိုးခဲ့သည်ဆိုပါက ပထမဆုံး ရေးထိုးသူ၏ သေမင်းစာအုပ်ပါ သေဆုံးပုံ၊ သေဆုံးချိန်သည်သာ အတည်ဖြစ်သည်

No comments:

Post a Comment