စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Wednesday, February 26, 2014

သေမင်းစာအုပ် (၂၀.၂)

L ၏မေးခွန်းကား သွေးရိုးသားရိုး မေးခွန်းမဟုတ်ချေ။
..... ဒီကောင်သာ Kira ဖြစ်ခဲ့မယ်ဆိုရင် သူ L နေရာကို ဆက်ခံမယ်လို့ ဖြေမှာပဲ .....

"ဘာတွေလဲကွာ။ မင်းနဲ့ငါ ဟောဒီ လက်ထိပ်ကြီးတွဲရက် ရှိနေသရွေ့ သေစရာရှိလည်း အတူတူသေကြတာပေါ့"
Light သွေးရိုးသားရိုး ပြန်ပြောလိုက်ပြီးမှ L ဘာကြောင့်မေးသည်ကို သဘောပေါက်သွားပြီး မျက်ခုံးကျုံ့သွား၏။

"ဟေ့ကောင်.. မင်းစိတ်ထဲမှာ ဘယ်လိုတွေးပြီး ဒီစကားပြောရလဲဆိုတာ အားလုံးရှေ့မှာပဲ ငါပြောပြရတော့မယ်။ အဲဒီအတွက်တော့ ဆောရီးပေါ့ကွာ"
ကျောပေးထားသော L ဘက်သို့လှည့်၍ Light တည်ငြိမ်စွာပြောလိုက်တော့သည်။

"မင်းစိတ်ထဲမှာ ဖြစ်နိုင်ခြေ နှစ်ခု စဉ်းစားထားတယ်။ ပထမအချက်က ငါဟာ Kira ဖြစ်တယ်။ ကိုယ့်ကိုယ်ကို Kira မှန်းသိသိကြီးနဲ့ Kira မဟုတ်ချင်ယောင်ဆောင်နေတယ်၊ ကိုယ့်ကိုယ်ကို Kira မှန်း မသိချင်ယောင်ဆောင်နေတယ်။ ဒုတိယအချက်၊ ရှိသမျှ Kira အစွမ်းသတ္တိတွေအားလုံး တခြားတယောက်ဆီလွှဲပေးလိုက်ပြီး ကိုယ်ဖြစ်ခဲ့တဲ့ Kira ဘ၀ကို လုံးလုံးမေ့သွားတယ်။ အဲဒီတော့ ငါသာ ဟန်ဆောင်နေတာလို့ မင်းယူဆရင် ဒီလက်ထိပ်ကို မင်းဘယ်တော့မှ ဖြုတ်ပေးမှာ မဟုတ်ဘူး။ အေးလေ.. ဟန်ဆောင်နေတာ မဟုတ်လဲ မင်းဖြုတ်ပေးမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ငါသာ Kira ဖြစ်ခဲ့ပြီးတော့ ရှိသမျှပါဝါတွေ တခြားတယောက်ဆီလွှဲပေးလိုက်တာဆိုရင်တောင် အဲဒီပါဝါတွေ ငါ့ဆီပြန်ရောက်လာနိုင်ခြေရှိတယ်လို့ ယူဆထားလို့ပဲ။ ပိုပြီး ပွင့်ပွင့်လင်းလင်းပြောရရင် ငါ့မှာ အပြစ်မရှိပါဘူးလို့ မင်းတို့တတွေကို အယုံသွင်းဖို့အတွက် Kira ပါဝါတွေကို ငါတမင်တကာ စွန့်လွှတ်လိုက်တာ၊ တနေ့နေ့တချိန်ချိန်မှာ တနည်းနည်းနဲ့ အဲဒီပါဝါတွေ ရအောင်ပြန်ယူမှာလို့ ယူဆထားတယ်"

Light ပြောသည်များကို နားထောင်ရင်း L အံ့သြနေမိသည်။
.... အကျိုးနဲ၊ ဒီကောင် ငါ့စိတ်ကို ဖတ်လို့ရနေသလားလို့တောင် ထင်ရတယ်။ အတွေးအခေါ် ကောင်းလှချည်လား ......

"L ရဲ့နေရာ ယူပြီးတာနဲ့ Light ဆိုတဲ့ကောင်ဟာ Kira ဖြစ်လာလိမ့်မယ်လို့ တွက်ထားတယ်"

"အမှန်ပဲ"
တချက်လှည့်မကြည့်ဘဲ L က မှန်ကန်ကြောင်း လက်ခံလိုက်သည်။

"ကမ္ဘာပေါ်က ရဲတပ်ဖွဲ့တွေ အပေါ်မှာလည်း သြဇာရှိတဲ့၊ ကြိုက်တဲ့နေရာကို ကြိုက်သလို လွတ်လွတ်လပ်လပ်သွားနိုင်တဲ့ L လို လူမျိုးတယောက်ရဲ့ နေရာဟာ Kira အတွက် သိပ်ကို မက်မောစရာပေါ့။ ဒိထက်ကောင်းတဲ့နေရာ မရှိတော့ဘူး။ အဲဒီတော့ ငါဟာ Kira ဆိုရင် L နေရာကို ဆက်ကို ဆက်ခံလိမ့်မယ်လို့ မင်းကျိန်းသေ တွက်ထားတယ်"

"ဟုတ်တယ်"
L ထပ် အတည်ပြုပြန်သည်။

"ကဲ..ဒါဖြင့် အခုရောဘယ်လိုလဲ။ ဒီကလူတွေအားလုံးရှေ့မှာ ဒီလို ပြောပြတာကိုက ငါဟန်ဆောင်မနေလို့ပေါ့ကွ"

"ဟန်ဆောင်နေတာ ဆိုရင် ဒါတွေ မပြောပြဘူးလို့ မင်းပြောချင်တာလား"
L က ငေါ့တော့တော့ မေးလိုက်လေသည်။

ကျောပေးနေသည့် L ကို Light ဆွဲလှည့်လိုက်ပြီး
"ခု Kira ကိုဖမ်းပြီးရင် ငါ Kira ဖြစ်လာလိမ့်မယ်လို့ မင်းထင်နေသလား"

L မျက်လုံးချင်းဆိုင်၍ Light ကိုကြည့်ရင်း ဖြေလိုက်သည်။
"ထင်နေတယ်၊ ဖြစ်လာလိမ့်မယ်လို့ ငါမြင်နေတယ်"

L ၏စကားအဆုံးတွင် Light ၏လက်သီးတလုံးက L မျက်နှာထံသို့ အရှိန်ပြင်းစွာ တိုးဝင်သွားသည်။ တချိန်တည်းလိုလိုမှာပင် L ၏ခြေတဖက်က Light မျက်နှာဆီသို့ ၀င်ရောက်သွားလေသည်။

"ဟ.. ချကြပြန်ပလားဟ!"
ရဲချုပ်၏ အော်သံနှင့်အတူ Matsuda အပြေးဝင်တားလေ၏။

"တော်ပြီ၊ တော်ပြီ။ ဒီပွဲ တယောက် တချက်နဲ့ သရေပဲ။ ကလေးမဟုတ် သူငယ်မဟုတ်၊ ခဏ ခဏ ရန်မဖြစ်ကြစမ်းနဲ့ကွာ"

သူတို့နှစ်ယောက် ငြိမ်သွားတော့မှ ရဲချုပ်က တကယ့်အရေးကို ပြန်ဆက်ရသည်။
"ကျုပ်ကတော့ လူသတ်မှုတွေ လုံးဝရပ်သွားအောင် ကျုပ်တို့မှာ ရှိတဲ့ သက်သေတွေနဲ့ပဲ ခုချက်ချင်း ဒီ ၇ ယောက်ကို ဖမ်းလိုက်ချင်တာပဲ"

... ဒါပဲ ပြောပြန်ပလားဟ ...
L စိတ်လေသွားပြီး
"ဒီလူတွေထဲမှာ Kira မပါဘူးဆိုရင် လူသတ်မှုတွေ ရပ်သွားမှာ မဟုတ်တဲ့အပြင် ဒီ ၇ယောက်ပါ Kira ရဲ့ နှုတ်ပိတ်တာ ခံရလိမ့်မယ်လေဗျာ။ သူတို့ထဲက တယောက်ဟာ Kira ဖြစ်ပါတယ်လို့ ကျိန်းသေ မပြောနိုင်မချင်း ဘာမှ လုပ်လို့မဖြစ်ဘူး။ ပြောနိုင်ဦးတော့ ဘယ်တယောက်ဟာ Kira လည်းဆိုတာ သိဖို့ သိပ်ခက်ဦးမှာ။ ကျနော့်အမြင်တော့ ခုအချိန်ဟာ တခုခုလုပ်ဖို့ သိပ်ကို စောလွန်းနေသေးတယ်"

"ဟ.. ဒါပေမယ့် ရှိဖို့များနေတာပဲကွ။ ဖမ်းပြီးစစ်လိုက်ရင် ရမှာပါ"
ရဲချုပ်က အထွန့်တက်လေသည်။

"အေးလေကွာ။ ဖြစ်နိုင်ခြေတော့ ရှိနေတာပဲကွ"
Light ကလည်း ၀င်ပြောသည်။

"ဟူး...ကြည့်ရတာ Kira ကို ကိုယ့်ဟာကိုယ်ပဲ ဖမ်းရတော့မယ်နဲ့တူတယ်"
သက်ပြင်းချရင်း L ပြောလိုက်တော့၏။

"ဟေ...ဟင်"

"ဒီလိုလုပ်။ Yagami တို့သားအဖကလည်း Kira ကို ဖမ်းချင်တဲ့နည်းနဲ့ဖမ်း။ ကျနော်ကလည်း ကျနော့်နည်းနဲ့ ကျနော် ဖမ်းမယ်။ ဌာနချုပ်ကိုတော့ ဒီဌာနချုပ်ပဲ ဆက်သုံးပေါ့။ အဲဒီလိုဆိုတော့ ကျနော်တို့ ခုလို ငြင်းနေစရာ မလိုတော့ဘူးပေါ့"
L ပြတ်ပြတ်သားသား ပြောလိုက်လေတော့သည်။

"ဒါဖြင့် မင်းက မင်းနည်းနဲ့မင်း လုပ်မယ်ပေါ့"

"ဟုတ်တယ်။ ဒီလိုပြောလို့ လူတွေအသတ်ခံနေရတာကို ကျနော် ခေါင်းထဲမထည့်ဘူးလို့တော့ မထင်နဲ့နော်။ Kira ကို ကျိန်းသေဖမ်းနိုင်မယ့် အခွင့်အရေး မရလို့ကတော့ လူသတ်မှုတွေ ဆက်ဖြစ်နေမှာပဲ။ ဒီ ၇ ယောက်ကို ဖမ်းလိုက်လို့တော့ ကျနော်တို့ ရည်ရွယ်ချက် မအောင်မြင်နိုင်ဘူး။ တခုပါပဲ ရဲချုပ် Yagami၊ ကိုယ့်နည်းနဲ့ကိုယ် ဖမ်းမယ်ဆိုရင်တော့ ဖြစ်လာသမျှ အကျိုးအပြစ်တွေအတွက် တာဝန်အပြည့်ယူရလိမ့်မယ်။ ဘယ်သူအရင်မိမလဲ ကြည့်ကြတာပေါ့ဗျာ"
L ပြောပြီးသည်နှင့် ထထွက်လာလေသည်။

"ဟဟ.. ဟေ့ကောင် ဘယ်သွားမလို့လဲ"
လက်ထိပ်တွဲခတ်ထားသည်ဖြစ်၍ Light ကန့်လန့်ကန့်လန့်နှင့် ပါလာရလေသည်။

"Misa ဆီသွားမလို့ကွ။ ဆောရီးကွာ မင်းက မင်းအဖေဘက်ကမှန်းငါသိပါတယ်။ ဒါပေမယ့် လက်ထိပ်လည်း ဖြုတ်လို့မရတော့ ဒါလေးတော့ သည်းခံကွာ"

Misa ၏အခန်းတွင်းသို့ ရောက်သော် မပြောမဆိုနှင့် L ကကောက်မေးလေသည်။
"မင်း Light ကို တော်တော်ချစ်သလား Misa"

Misa ရုတ်တရက် ကြောင်သွားပြီးမှ
"ဟင်.. ချစ်တာပေါ့။ အရမ်းချစ်တယ်"

"မင်းက Kira ကိုလည်း အထင်ကြီးတယ်နော်"

"အင်း"

"ဒါဖြင့် Kira နဲ့ Light ဆို မင်းဘယ်သူ့ကို ရွေးမလဲ"

"ဟင်! Light ပဲပေါ့။ ကျမက Kira ကို သူ့လုပ်ရပ်အတွက် ကျေးဇူးတင်ပေမယ့် ချစ်မှ မချစ်တာပဲ"
Misa ပြောရင်း Light ကို အပြေးကလေးသွားဖက်ပြီး Light လက်မောင်းကို တွဲကာ မူနွဲ့နွဲ့ ရပ်နေလေသည်။

"ဒါပေမယ့် Light က Kira ကိုဖမ်းချင်သတဲ့ကွ။ ဟုတ်တယ်မဟုတ်လား Light"
L က မေးပြောလေး ပြောလိုက်တော့

"အေးလေ.. ဒါ လူတိုင်းအသိပဲကို"

"ကဲ တွေ့လား။ ဒီကောင်က နင့် Kira ကိုဖမ်းချင်နေတာ။ ဘယ်လိုလုပ်ကြမလဲ"

"ဟွန့်.. Light က Kira ကိုဖမ်းချင်နေတယ်ဆိုရင် Misa ကလည်း Kira ကို ဖမ်းမိစေချင်တာပေါ့"

L သဘောကျသွားလေပြီ။
"ဒါဆို Light စိတ်ချမ်းသာဖို့ Kira ကိုဖမ်းမိအောင် မင်းက ကူညီမယ်ပေါ့"

L ၏အကြံကို Light သဘောပေါက်ပြီး တားဖို့ နှုတ်ပြင်လိုက်စဉ်မှာပင်
"ကူမယ်။ Light အတွက်ဆို ဘာမဆို လုပ်မယ်"
Misa တက်တက်ကြွကြွပင် ဖြေလိုက်လေသည်။

"နေစမ်းပါဦး။ မင်းဘာလုပ်ခိုင်းမလို့လဲ ဟေ့ကောင်"
Light မကျေမချမ်းနှင့် L ကိုမေးလိုက်တော့၏။

"ဒုတိယ Kira ဖြစ်နိုင်ခြေရှိမှုနဲ့ Misa ဟာ L ရဲ့စစ်ဆေးမှုကို ခံခဲ့ရတဲ့အတွက် L ကို Misa သိနိုင်တယ်ဆိုပြီးတော့ Coil ကနေတဆင့် ဟို ၇ ယောက်ကို ပြောခိုင်းမယ်။ အဲလို ပြောလိုက်တာနဲ့ Yotsuba ကလူတွေဟာ သူ့ကို မေးခွန်းပေါင်းစုံ မေးတော့မှာ အသေအချာပဲ။ Matsuda ကလည်း သူ့ကို ကြော်ငြာအတွက် သုံးဖို့ ပြောထားပြီးသားဆိုတော့ အတော်ပဲပေါ့"

"ဟုတ်ပ ဟုတ်ပ"
Misa ၀မ်းပန်းတသာ ပြောလေသည်။

"မင်း ဒီကိစ္စကို မလုပ်ရဘူး"
Light ကကန့်ကွက်၏။

"ဘာဖြစ်လို့လဲ"
Misa မျက်နှာငယ်လေးနဲ့ ပြန်မေးတော့

"အန္တရာယ်ကြီးတယ်ကွ"

"အို.. ရှင် ကျမကို ဂရုစိုက်တယ်ပေါ့။ ၀မ်းသာလိုက်တာ။ ဒါပေမယ့် Light အတွက်ဆို ဒီအန္တရာယ်လောက်က ဘာမှ အရေးမကြီးပါဘူးရှင်ရယ်"
Misa ပျော်ရွှင်ကြည်နူးစွာ ပြောလိုက်လေသည်။

"ဒီမှာ.. မင်းနားထောင်စမ်း။ မင်းဟာ L နဲ့ အဆက်အသွယ်ရှိတယ်လို့ သူတို့သိသွားပြီးရင် မင်းကို သူတို့ ဘာလုပ်မယ်မှန်း ငါတို့လည်း မသိဘူးကွ"
Light ရှင်းပြပေမယ့်

"ရပါတယ်။ ဘာပဲဖြစ်ဖြစ် ကျမပါးစပ်က ဘာမှ မပေါက်ကြားရစေပါဘူး"

"ကဲ..တွေ့လား။ အဆင်ပြေပါတယ်ကွ"
L ၀င်ပြောလိုက်သေးသည်။

"ဟေ့ကောင် Kira က လူတယောက်မသေခင် ဘာလုပ်ရမယ်ဆိုတာ ထိန်းချုပ်နိုင်တယ်လေ။ Misa ကို မသတ်ခင် အကုန်ဖွင့်ပြောခိုင်းနိုင်တာပဲ။ သူတို့ L ကို သတ်မယ့်ကိစ္စမပေါက်ကြားအောင် သေချာပေါက် Misa ကိုရှင်းပစ်မှာပဲကွ"
Light မကျေမနပ်နှင့် L ကိုပြောလိုက်သည်။

"ဟယ်.. အဲလိုဆိုရင်တော့ မဖြစ်ဘူးတော့"

လက်ထိပ်လေးကို မြှောက်ပြရင်း L ကပြောသည်။
"ဒီမှာ Light.. ငါတို့လုပ်တာ အောင်မြင်ရင် Misa မသေပါဘူး။ ပြီးတော့ မင်းနဲ့ငါဟာ ခွဲလို့မရဘူးလေ။ ငါသေရင် မင်းသေမယ်။ အဲဒီအခါကျ Misa ပဲ စိတ်ဆင်းရဲရမယ်။ ငါတို့ သေရမလား၊ Kira ကိုဖမ်းမလား။ မင်းဘာကို ရွေးမလဲ"

"Kira ကိုဖမ်းမယ်!! Light မရှိဘဲ မနေနိုင်ဘူး!"
Misa ထအော်လေသည်။

"အဟုတ်ပဲ"
L ထောက်ခံလိုက်တော့

"ဟိတ်ကောင် မင်းနည်းနည်းတော့ လွန်နေပြီနော်"
Light က ၀င်ပြောလေသည်။

"ငါတို့မှာ အချိန်မရှိဘူး။ အဲဒီတော့ ငါနည်းနည်းတော့ လောနေတယ်။ ပြီးတော့ Misa မင်းကို ချစ်တဲ့အချစ်ကလည်း ကမ္ဘာမှာ ဘယ်သူမှပြိုင်လို့မရဘူးကွ။ ဒီနည်းဟာ ငါ့အတွက် အကောင်းဆုံးပဲ"

"ကဲ ဒါဖြင့် ကျမတို့ ၃ ယောက်ပေါင်းပြီး Kira ကိုဖမ်းကြစို့"
ရွှင်မြူးစွာ Misa ပြောပြန်တော့

"၃ ယောက်မဟုတ်ဘူးကွ။ Light က သူ့အဖေနဲ့တူတူ သူတို့ဟာသူတို့ ဖမ်းမှာတဲ့။ အဲတော့ မင်းနဲ့ငါ ၂ ယောက်တည်းရယ်"
L ပြုံးစိစိနှင့် ရှင်းပြလိုက်တော့သည်။

"ဟင်"
Misa မျက်နှာလေးညှိုးသွားတော့၏။

"ဟေ့ကောင်.. ဒါမင်းသက်သက် ညစ်ပတ်တာပဲကွ။ ဒီတိုင်းဆိုရင်တော့ ငါက မင်းတို့နဲ့ ပေါင်းရမှာပဲ"
Light အောင့်သက်သက်နှင့် ပြောလေသည်။

"နေသာသလို နေပါကွာ။ မင်းပါစရာ မလိုပါဘူး"
L ကလည်း ဘူးခံလေ၏။

"ရှင် ဘာတွေ ငြင်းနေတာလဲ။ Light ပါချင်တယ်ဆို ပေးပါရမယ်"

"ပါချင်လွန်းလို့ မဟုတ်ပါဘူး။ ငါက မင်းကို စိတ်ပူလို့ပါ"

"အို..ကျမကို အဲလို အရေးလုပ် ဂရုစိုက်တာ အရမ်းကို ပျော်တာပဲ။ ကျမလေ ရှင့်အတွက် အကူအညီရတဲ့ မိန်းကလေး ဖြစ်ချင်တယ်။ ရှင့်ကို ကူညီနိုင်ရင် ကျမကို ပိုချစ်မှာပေါ့။ ရှင့်အတွက် ကျမ အသက်တောင် စွန့်ဝံ့တယ် သိလား"
Misa ရွှန်းလဲ့သော မျက်ဝန်းများနှင့် Light ကိုကြည့်၍ ပြောလိုက်လေတော့သည်

No comments:

Post a Comment