စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Thursday, February 27, 2014

သေမင်းစာအုပ် (၃၃.၂)

NHN TV တွင် Takada ကိုယ်တိုင် Kira ၏အမှာစကားများ ဖတ်ကြားပြသသည့် Today's Miss Takada အစီအစဉ် ပေါ်ပေါက်လာလေသည်။ ထိုအခါ Takada ၏လုံခြုံရေးအတွက် ကိုယ်ရံတော်များ ခန့်အပ်ရလေသည်။ ထိုကိုယ်ရံတော်များကိုလည်း ပေါ်ပေါ်တင်တင်ပင် TV အစီအစဉ်မှနေ၍ မိတ်ဆက်လေသည်။ အားလုံးမှာ အမျိုးသမီးများ ဖြစ်ပြီး ထိုသူများထဲတွင် CIA စုံထောက်ဟောင်း Hal Ridner (ဟာလ်ရိဒ်နာ) ဆိုသူ ပါဝင်လေသည်။

.... တကယ်လို့ ဒီလူတွေထဲမှာ SPK ကလူပါမယ်ဆိုရင် အဲဒီလူဟာ Hal Ridner ပဲဖြစ်ရမယ်။ Near ဘာလို့ သူ့ကို လျှို့ဝှက်မထားဘဲ CIA ကပါလို့ ပေါ်တင်ထုတ်ပြောတာလဲ။ ငါ့ကို တမင် သိစေချင်လို့လား ...
TV ကြည့်ရင်း Light တွေးနေသည်။

သူ့လိုပင် Near မှာလည်း Kira နှင့်ဆိုင်သော အခွေများ၊ သတင်းစားများ၊ ဟောပြောပွဲ မှတ်တမ်းများ ကိုလေ့လာရင်း အတွေးများနေလေသည်။
.... Takada ဟာ Kira ကို အပြတ်အသတ်ထောက်ခံတဲ့လူမို့လို့ ကိုယ်စားလှယ်အနေနဲ့ရွေးထားတာ။ ဒီတော့ သူ့ကို ရွေးတဲ့သူဟာ သူ Kira ကိုအကြီးအကျယ်ထောက်ခံမှန်း သိနေရမယ်။ သဘောကတော့ X-Kira နဲ့ Takada ဟာ တနည်းနည်းနဲ့ ရင်းနှီးရမယ်။ ဒါဆို ....

Takada နှင့် Mikami တို့၏ စကားရည်လုပွဲ မှတ်တမ်းကို Near သတိထားမိသွားသည်။ Mikami ကိုသူ တခြား မှတ်တမ်းများတွင်လည်း သူတွေ့ဖူးကြောင်း သတိရသွားသည်။ သူ Mikami ပါဝင်ခဲ့သည့် အခွေများပြန်ကြည့်သည်၊ မှတ်တမ်းများ ပြန်ဖတ်သည်။ သူ့ထင်မြင်ချက် မှန်ကန်ရန် လွန်စွာနီးစပ်နေပြီဖြစ်ကြောင်း Near စိတ်ထဲ ခံစားနေရသည်။

Mikami အား စောင့်ကြည့်ရန် Giovanni (ဂျီအိုဗာနီ) ကို Near အမိန့်ပေးလိုက်တော့သည်။

Light ထံသို့ Near ဆက်သွယ်လေသည်။
"L တကယ်လို့များ Mr.Aizawa ရှိရင် ငါစကားပြောချင်တယ်"

Light ဘာမှပြန်မပြောနိုင်မီပင် Aizawa မှဝင်ပြောလိုက်သည်။
"ပြောပါ Near၊ ကျုပ် Aizawa ပဲ"

"Light နဲ့ Takada တို့ တွေ့တဲ့အချိန်တွေမှာ သူတို့စကားပြောတာတွေကို အသံသွင်းတာတွေ၊ ကင်မရာနဲ့ ရိုက်ထားတာတွေ လုပ်သလား"

"အသံသွင်းတာပဲ လုပ်တယ်"

"သြော် အသံပဲ နားထောင်ရတာပေါ့။ ကျေးဇူးပဲဗျာ"
Near ဘာမှထပ်မပြောဘဲ ဖုန်းချသွားလေ၏။

"ဒီတိုင်းဆို L-Kira နဲ့ X-Kira နှစ်ယောက်ကို Takada က ကောင်းကောင်း ချိတ်ပေးထားလို့ ရနေတာပဲ။ Ridner အတွက် အန္တရာယ်ရှိတယ်နော်"
Lester က သူ့အမြင်ကို ပြောလာသည်။

"ရှင်းရှင်းပြောရရင်ဗျာ ခုချိန်မှာ Takada နဲ့ Ridner နှစ်ယောက်ကို L အသေအချာ ဂရုစိုက်ကြည့်နေရင် ပြီးတာပဲ။ သူ့ကို အဲလို အာရုံလွှဲထားနိုင်မှ ကျနော်တို့ Mikami ကိုရမှာ"

သူတို့နှစ်ဦး စကားပြောနေစဉ်ပင် Giovanni မှ Mikami ကိုစောင့်ကြည့်လေ့လာရသလောက် ဖုန်းဆက် သတင်းပို့လာသည်။
"ဒီကောင့်ကို လိုက်ရတာ တော်တော်ကို လွယ်တယ်ဗျ။ သူ့ကြည့်ရတာ ဘာမှ လျှို့ဝှက်ထားတဲ့ပုံလည်း မပေါ်ဘူး။ ဒီအခန်းမှာဘဲ နေတာ ၄ နှစ်ရှိပြီ။ သူ့အလုပ်ကို သူ အချိန်မှန်သွား၊ အချိန်မှန်ပြန်တယ်။ ကျနော်တော့ သူ့ကို X-Kira လို့မထင်ဘူး"

Near ကလက်မခံ။
"ဟင့်အင်း...သူ X-Kira ဖြစ်ဖို့ အလားအလာ သိပ်များတယ်။ ပိုပြီး ဂရုတစိုက်ကြည့်စမ်းပါ။ သူ့အခန်းထဲ သူပြန်ရောက်တဲ့အထိကို ကြည့်နော်"

Misa မှာ NHN မှ သူ၏အစီအစဉ်များအား သဘောတူထားစဉ်ကကဲ့သို့ နေရာမပေးဘဲ Takada ၏အစီအစဉ်များကိုသာ အဓိက ထုတ်လွှင့်နေသည့်အတွက် မကျေမနပ်ဖြစ်နေလေသည်။ ဤသို့ဖြင့် သူတို့နှစ်ယောက်ကြား ကလိခြင်း၊ ရိခြင်းများ ဖြစ်ပေါ်လာရတော့၏။

တနေ့သော် Takada မှ Misa အား ညစာအတူစားရန်၊ မိန်းမချင်း စကားပြောရန် Mogi ထံမှတဆင့် ဖိတ်ခေါ်လာလေသည်။
"တွေ့ကြတာပေါ့"
Misa မှလည်း မဆိုင်းမတွပင် လက်ခံလိုက်သည်။

Takada သည် Ridner တယောက်တည်းကိုသူတို့နှင့်အတူ နေခိုင်းရင်း Misa နှင့် စကားပြောသည်။ Mogi နှင့် ကျန်သည့် Takada ၏ကိုယ်ရံတော် ၃ ယောက်မှာ ဆိုင်အပြင်ဘက်တွင် စောင့်ရလေသည်။

Misa သည် နှုတ်ဆက်စကားများ ပြောရင်းမှာပင် ၀ိုင်များ တခွက်ပြီး တခွက် သောက်နေတော့သည်။
"ကဲ ပြော ဘာကိစ္စလဲ"
Misa စပြောလိုက်သည်။

"ဘယ်က စပြောရမှန်းတောင် မသိပါဘူး။ ဟိုလေ သူ အခုတလော အလုပ်သိပ်များနေတယ် မဟုတ်လား။ ရှင်တို့ နှစ်ယောက် တွေ့ရော တွေ့ဖြစ်ကြရဲ့လား"

... အောင်မာ ကောင်မ ရာရာစစ၊ ငါ့ရည်းစား ငါမတွေ့ဘဲ နေမလား၊ တအိမ်တည်းတူတူနေနေတာကိုများ သူမို့ မေးရဲတယ် ...
Misa စိတ်ထဲမှ ကျိန်ဆဲရင်း
"ခစ်ခစ်.. ပြောရမှာ ရှက်တောင်ရှက်စရာ။ အားလည်းနာပါတယ်။ ညတိုင်း ညတိုင်း သူပြန်လာရင် ငါ့ကို အတင်းကို လိုက်လိုက်ကပ်နေလို့ ငါ့မှာ ဒုက္ခကိုဖြစ်ရော"

"သြော်... ရှင်တို့ သိပ်အဆင်ပြေကြတာပေါ့။ ကောင်းပါတယ်"
Takada သိသိသာသာ စိတ်မကောင်းစွာဖြင့် ဖြည်းဖြည်းလေး ပြောလေသည်။

Misa ကတဆင့်ထပ်တက်လာသည်။
"ဒီမှာ နင့်ကို ငါတခု ကြိုပြောပြထားဦးမယ်။ နှစ်သစ်ကူးပွဲမှာ သူနဲ့ငါ စေ့စပ်လိုက်ပြီဆိုတာ ငါစင်ပေါ်ကနေကို ကြေငြာမှာ"

Takada အတန်ကြာငြိမ်သွားပြီးမှ
"သူရော သိရဲ့လား"

Misa ထပ်ရိလိုက်ပြန်သည်။
"ဟယ်.. သိတာပေါ့ဟဲ့။ စေ့စပ်တာ တယောက်တည်း တဖက်သတ်စေ့စပ်လို့မှ မရတာ။ ဒီကိစ္စကို ငါတို့နှစ်ယောက် သဘောတူထားတာပဲ တလရှိနေပြီ။ နင်က ဒီအစီအစဉ်ကို ဦးဆောင်မယ့်လူဆိုတော့ ကြိုမေးထားရဦးမယ်၊ ငါ အဲလို ကြေငြာတာ ဘာမှ အနှောင့်အယှက် မဖြစ်ပါဘူးနော်"

ဒီတခါတော့ Takada အသံပြတ်ပြတ်နှင့် ဖြေလိုက်သည်။
"အင်း.. အဲလို လုပ်လို့ရရင် လုပ်ပေါ့"

Misa ဟန်မဆောင်နိုင်ဘဲ ဒေါကန်သွားလေပြီ။
"ဘာပြောတယ်၊ နင်က နင့်လုပ်ပိုင်ခွင့်ကိုသုံးပြီး ငါလုပ်ချင်တာကို ဖျက်မယ်ဆိုတဲ့ သဘောလား။ ဒါမှမဟုတ် Kira ကိုပြောပြီး ငါ့ကို သတ်ခိုင်းမလို့လား"

Takada မျက်လုံးပြူးသွားပြီး
"ဘယ်သူ့ကို ဒဏ်ခတ်ရမယ်ဆိုတာ Kira သူ့ဟာသူ ဆုံးဖြတ်တာ၊ ကျမနဲ့ မဆိုင်ဘူး။ ကျမက ရှင့်ကို သူငယ်ချင်းလို သဘောထားပါတယ်။ အဲလောက် အေးစက်စက် စကားတွေ မပြောပါနဲ့။ နောက်ပြီး ဘယ်သူတွေ ဘယ်လောက်ဆိုးဆိုး ကျမ လူမသတ်ပါဘူး"

"အေးလေ.. ငါကလည်း Kira ကိုသဘောကျပါတယ်။ ဒါပေမယ့် နင့် Kira ကို Light ကဖမ်းမိမှာပါ။ အဲဒီအချိန်ကျ နင်လည်း အဖမ်းခံရမှာပေါ့။ ပြီးတော့ အသတ်ခံရမှာပဲ"
Misa လည်ပင်းကို ဓါးနှင့် လှီးသည့်ပုံစံပင် လုပ်ပြလိုက်သည်။

Takada ရုတ်တရက် တုန်လှုပ်သွားကာ လက်ထဲမှ ၀ိုင်ခွက်ပင် ဖိတ်ကျသွားသည်။
သူ့စိတ်ထဲတွင် Light ၏ပြောစကားများ၊ သူ့ကို ထွေးပွေ့ နှစ်သိမ့်ခဲ့သည်များ ပြန်လည်မြင်ယောင်လာသည်။
"ကျမ မပျော်တော့ဘူး Amane"

"ဟေ! ငါလည်း မပျော်ဘူးဟေ့"
Misa ပက်ကနဲ ပြန်ပြောလိုက်သည်။

Takada ထထွက်သွားရင်း
"ရှင် အသက်နည်းနည်း ကြီးလာရင်၊ ဒိထက်ပိုပြီး ယဉ်ကျေးမှု ရှိလာရင် ကျမတို့ ညစာ အတူတူစားလို့ရမယ်နဲ့တူပါရဲ့"

"အမယ်လေး Kiyomi ငါက မင်းထက် အသက်ပိုကြီးတယ်နော။ ပြီးတော့ ညစာ စားရင်းတန်းလန်း ထထွက်သွားတာ ပိုလို့တောင် ရိုင်းသေးတယ်ကွ"
Misa အော်ပြောကာ ၀ိုင်ပုလင်းကို ဆွဲယူ မော့သောက်နေတော့၏။

Takada ထွက်သွားပြီး မကြာမီ ၀ိုင်ပုလင်းကို မော့၍ မူးရူးနေပြီဖြစ်သော Misa ထွက်လာတော့သည်။
"Mogi ကျမ နိုင်သွားပြီသိလား။ ဟားဟား.. လွယ်လွယ်လေးနဲ့ကို နိုင်တာ"

Mogi ကား ခေါင်းကုတ်နေရတော့သည်။

ထိုညတွင် Near ဆီသို့ Ridner သတင်းပို့လာသည်။
"ဒီနေ့ည ညစာစားပွဲမှာ Misa နဲ့ Takada တို့နှစ်ယောက် သူ့အကြောင်း ပြောကြတယ်။ Light ရဲ့ တကယ့်ရည်းစားက ဘယ်သူလဲ ကျမလည်း မပြောတတ်တော့ဘူး"

"Light ဟာ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းကနေတာပေါ့"

"Near အပြောင်အပျက်တွေ ပြောမနေနဲ့လေကွာ"
Lester ကပြောတော့

"ကျနော် ပေါက်ကရပြောနေတာ မဟုတ်ဘူး။ ဆိုလိုချင်တာက Light ဟာ ဒီမိန်းကလေး နှစ်ယောက်လုံးကို သစ္စာဖေါက်လို့ မရဘူးဆိုတာ။ Light နောက်ကို ဒီနှစ်ယောက်ဟာ အသက်နဲ့ရင်းပြီးကို ကပ်နေကြတော့မှာ"

Mikami အလုပ်မှ ပြန်လာသည်။ မလှမ်းမကမ်းတွင် Giovanni ထိုင်၍နေသည်။ ရထားပေါ်တွင် လူသိပ်မရှိ။ ဤသည်ကို အခွင့်ကောင်းယူ၍ လူမိုက်တဦးက မီနီစကပ်ဝတ်ထားသော မိန်းကလေးကို အတင်း စကပ်ဆွဲချွတ်ရန်ကြိုးစားနေသည်။
"မလုပ်ပါနဲ့ရှင်"

"မင်း ဒီလို မပေါ့်တပေါ်ဝတ်လာကတည်းက ဒီလို အလုပ်ခံချင်လို့ပဲပေါ့ကွ။ ဟဲဟဲ"

Mikami သူ့လက်ဆွဲသေတ္တာထဲမှ စာအုပ်တအုပ် ထုတ်လိုက်သည်ကို Giovanni တွေ့လိုက်သည်။
"သူ စာအုပ် တအုပ် ထုတ်လိုက်ပြီ"
ချက်ချင်းပင် Near တို့ထံ လှမ်းသတင်းပို့လိုက်သည်။

စာအုပ်ပေါ်တွင် တစုံတရာ ရေးခြစ်လိုက်သည်ကို တွေ့ရပြီး သူဆင်းရမည့် မှတ်တိုင်တွင် Mikami ဆင်းသွားသည်။
Giovanni လိုက်ဆင်းရန် ခြေလှမ်းလိုက်စဉ်မှာပင်
"အားးးးးး"
မိန်းကလေးအော်သံကြား၍ လှည့်ကြည့်လိုက်တော့
ထိုသူ လဲကျသေဆုံးနေသည်ကို တွေ့လိုက်ရတော့သည်။

Mikami ကား တချက်မှလှည့်မကြည့်ဘဲ တည်ငြိမ်စွာပင် လမ်းလျှောက်ထွက်ခွာသွားလေသည်

သေမင်းစာအုပ် (၃၃)

Near သည် Light ကို Kira ဟုကျိန်းသေ သတ်မှတ်ပြီး ဖြစ်သည့်အတွက် လက်ရဖမ်းဆီးရန် commander Lester နှင့်အတူ ဂျပန်နိုင်ငံသို့ ထွက်ခွာလာခဲ့လေပြီ။

ဂျပန်နိုင်ငံမှ Kira စုံစမ်းရေးအဖွဲ့သည်လည်း Misa အား NHN နှင့်ရိုက်ကူးရေး ဖြစ်မြောက်အောင် စီစဉ်နိုင်ခဲ့လေသည်။ ထို့ကြောင့် NHN အတွင်း Mogi သည် Misa ၏ မန်နေဂျာအဖြစ် လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်ခွင့် ရရှိထားပြီဖြစ်သည်။

တနေ့တွင် Light ထံသို့ Near ဆက်သွယ်လာတော့သည်။
"L ငါ Kira ကိုဖမ်းဖို့ ဂျပန်ကို ရောက်နေပြီ"

Light စဉ်းစားရခက်သွားသည်။
... ဒီကောင် ဘာလို့ ငါ့ကို ဒါလာပြောနေတာလဲ ....

"မင်း ခုလောက်ဆို Takada ကို စောင့်ကြည့်နေရောပေါ့"

"အေး ငါ Takada နဲ့ အဆက်အသွယ်လည်း ရှိတယ်။ စောင့်လည်း ကြည့်နေတယ်"

"ဒါဆို Takada ကိုပြောထားလိုက်ပါကွာ။ SPK အဖွဲ့ဝင်တချို့ Kira ကိုဖမ်းဖို့ ဂျပန်ကို ရောက်နေပြီလို့"

"ဘာလို့ မင်းက ပြောစေချင်ရတာလဲ"

"Kira ကိုမျှားခေါ်ချင်လို့ပေါ့။ နောက်ပြီး ငါတို့ SPK အဖွဲ့မှာ အခုဆို ငါအပါအ၀င်မှ ၄ ယောက်ပဲ ရှိတော့တယ်ဆိုတာလည်း ပေးသိလိုက်ပါဦး။ ၄ ယောက်ထဲဆိုတော့ Kira က ငါတို့ကို ရှင်းပစ်ဖို့ ကြိုးစားမှာပဲ။ ဒါပေမယ့် သူငါတို့ကို သတ်နိုင်မှာ မဟုတ်ပါဘူး၊ ငါကသာ သူ့ကို မိအောင် ဖမ်းနိုင်မှာ"

... အောင်မာ၊ သူကပဲ ငါ့ကို ဖမ်းဦးမတဲ့။ စိန်လိုက်လေ Near၊ မင်းနဲ့ငါ တွေ့ကြတော့မှာပေါ့ ...
Light စိတ်ထဲက ကြိမ်းဝါးနေလေသည်။

"မင်းရော ငါရော ဂျပန်မှာဆိုတော့ ငါတို့ချင်းတောင် တွေ့ကောင်းတွေ့နိုင်တာပေါ့"
Near ဆက်ပြောလာသည်။

"ဒါပေါ့"
Light ခတ်ပြတ်ပြတ် ပြန်ပြောလိုက်သည်။

"နောက်ဆုံး အချိန်ကျရင်တော့ မင်းရှိမှဖြစ်မှာပဲ"
Near ပြောတော့

"အေးပါ"
Light ပြတ်ပြတ်ပြန်ပြောပြန်သည်။

"ဒီ Kira ပြဿနာကြီးကို အဲဒီအချိန်မှာ ငါတို့ အပြတ်ရှင်းကြရမှာပေါ့"

"အသေအချာပဲ"

.... အရင်က L နဲ့ အပြိုင်ကျဲခဲ့ပြီးပြီ။ အခု L ကိုဆက်ခံတဲ့ကောင်နဲ့ ကျဲရဦးမှာပါလား။ ဖြစ်ပါတယ် Near မင်းဒီလမ်းရွေးမှတော့ ငါလည်း ဒီလမ်းရွေးရတော့မှာပေါ့။ ငါတို့ တွေ့ကြတဲ့အချိန်ကြ ဘယ်သူ ပိုသာတယ်၊ ဘယ်သူပို ပါဝါကြီးတယ် သိကြရမှာပေါ့။ အဲဒီအချိန်ကြ ငါတို့ပြိုင်ပွဲကြီးပြီးပြီးတော့ ငါပဲနိုင်သွားတယ်ဆိုတာ မင်းတွေ့ရမှာပါ ....
Light ရင်ထဲ ကြုံးဝါးနေတော့သည်။

Near မှာလည်း သူ့အဖွဲ့ဝင်များကို အရုပ်များ မျဉ်းကြောင်းများနှင့် ရှင်းပြနေသည်။
"ကဲ Light ဟာ Kira ဆိုတော့ L-Kira လို့ထားလိုက်ဗျာ၊ လူသတ်မှုတွေကို သူကျူးလွန်နေတာ မဟုတ်ဘူးဆိုတာတော့ သေချာတယ်။ ဒီတော့ စာအုပ်ရှိပြီး လူတွေသတ်နေတဲ့သူကို X-Kira လို့ထားလိုက်မယ်။ သူတို့ နှစ်ယောက်ဟာ တနည်းနည်းနဲ့ အဆက်အသွယ်ရှိရမယ်။ အဲဒီအဆက်အသွယ်ဟာ Kira ကိုယ်စားလှယ်ဖြစ်တဲ့ Takada ပဲ။ Kira ကို အနိုင်ယူဖို့ နည်းလမ်း နှစ်ခုရှိတယ်။ ပထမနည်းက Kira နှစ်ယောက်လုံးကို ရှင်းပစ်ပြီး စာအုပ်ကို သိမ်းလိုက်ဖို့။ ဒါပေမယ့် အဲဒီနည်းကို ကျနော်တို့ မလုပ်ဘူး"

"ဘာလို့တုန်း"
Lester မေးလိုက်တော့

"လူသတ်မှုတွေ ရပ်များသွားမလားဆိုပြီး တခြားလူတယောက်ကို သတ်ကြည့်ရမယ့် ကိစ္စကို L လည်းမလုပ်ဘူး၊ ကျနော်လည်း မလုပ်ဘူး"

Light သည် Takada နှင့် ဟိုတယ်ခန်းတွင် ထပ်မံချိန်းတွေ့ပြန်သည်။
သူတို့နှစ်ဦး၏ စကားသံများကို ကျန်သည့်သူများ အသံဖမ်းစက်များမှတဆင့် နားထောင်ခွင့်ပေးထားသော်လည်း အခန်းတွင်း ကင်မရာတပ်ရန်ကိုမူ Light က သမီးရည်းစား လွတ်လပ်ခွင့် အကြောင်းပြ၍ ငြင်းဆန်ခဲ့သည်။

စကားကို ဟိုပြော၊ ဒီပြောလုပ်နေသော်လည်း Light သည် စာရွက်တခုပေါ်တွင် စာများရေးကာ Takada အားပေးလိုက်သည်။ စာရွက်ပေါ်တွင်

[ ပုံမှန်အတိုင်း စကားဆက်ပြော၊ ဒါမှ နားထောင်နေတဲ့လူတွေ မရိပ်မိမှာ။ အခုအချိန်ကစပြီး စာရေးပြီးတော့ပဲ ပြောမယ်]

"SPK က ဂျပန်ရောက်နေပြီဆိုတာ Kira ကိုပြောပြသင့်တယ်ထင်တယ်။ ဒါမှ ကိုယ့်လုံခြုံရေးအတွက်လည်း စိတ်ချရမယ်လေ၊ သူလုပ်သင့်တာလုပ်ဖို့ အချိန်ရတာပေါ့"
Light ပြောရင်း စာရွက်နောက်တရွက် ပေးလိုက်ပြန်သည်။

[ T (Mikami Teru) မှာ ကမ္ဘာသစ်အတွက် လုပ်စရာ တခြားတာဝန်တွေ ရှိသေးတယ်၊ ကို မင်းကို Kira တာဝန်ယူစေချင်တယ်]

မယုံနိုင်အောင် အံ့သြထိတ်လန့်သွားကာ ထရပ်မိသော Takada ကို Light သာသာလေးထွေးပွေးကာ
"ကိုနားလည်တယ်၊ Kira ဒီသတင်းကို ဘယ်ကြိုက်မလဲ၊ ဒါပေမယ့် ဒီလိုလုပ်မှ SPK ကို အသာစီးရမှာမို့လို့ပါ။ မင်း လုပ်နိုင်တယ်လို့ ကို ယုံတယ်"

Light ရင်ခွင်ထဲတွင် Takada မှီရင်း
"ကျမ နားလည်ပါတယ်။ Light ပြောသလို လုပ်ပါ့မယ်"

အသံဖမ်းစက်မှ နားထောင်နေသော Matsuda ကတော့ ဘုမသိဘမသိ ၀မ်းသာနေလေသည်။
"Light က ပိုတယ်ကွာ။ ဘာပြောပြော ဖြစ်နေတာပဲ"

ထိုနေ့ညတွင် Mikami ဆီသို့ ဖုန်းဝင်လာသည်။
"Takada ပါလား။ ဘာကိစ္စများလဲ"

"Kira ဆီက ညွှန်ကြားချက်ပါ။ ကျမဆီကို မိတ်ဆက်စာတစောင် ရေးလိုက်ပါ။ အဲဒီစာအိတ်ထဲမှာ ရှင့်စာအုပ်ထဲက စာရွက် ၅ ရွက်ထည့်ပေးလိုက်ပါ။ ကျမ ရှင့်စာရတဲ့အချိန်အထိ အရင်လိုပဲ ဒဏ်ခတ်တဲ့ကိစ္စတွေ ဆက်လုပ်နေပါ"

"စာရသွားပြီးတဲ့အချိန်ကျရင်ရော"

"အဲဒီအချိန်ကျရင် ရှင် စာအုပ်အစစ်ကို မသုံးနဲ့တော့။ အစစ်နဲ့ တပုံစံထဲတူတဲ့ အတု တအုပ်လုပ်ပြီး အဲဒီအတုထဲမှာ အရင်စာအုပ်အတိုင်း နာမည်တွေ ဆက်ရေးပါ"

"ဟုတ်ပြီ၊ ခိုင်းတဲ့အတိုင်း လုပ်ထားလိုက်ပါ့မယ်"

Mikami အတွေးများ ရှုပ်ကုန်သည်။
.... အရှင် ဘာတွေကြံစည်မလို့လဲ။ အို.. ဒါ ငါစဉ်းစားစရာ မလိုပါဘူး။ အရှင့် ဆုံးဖြတ်ချက်ကို ငါမေးခွန်းထုတ်စရာ မလိုဘူး။ ငါ အရှင့်အလိုအတိုင်း လုပ်ယုံပဲ ....

သေမင်းစာအုပ် လျှို့ဝှက်ချက်

အကယ်၍ သေမင်းစာအုပ် ၆ အုပ်နှင့်အထက် လူ့ပြည်တွင် တပြိုင်နက်တည်း ရှိနေသည်ဆိုလျင် လူသားတို့လက်တွင်း ရောက်ရှိသွားသည့် ပထမ ၆ အုပ်သာ အသုံးပြုနိုင်မည်ဖြစ်သည်။

ပထမ ၆ အုပ်အတွင်းမှ တအုပ်အုပ် မီးလောင်သွားသည့်အခါ၊ သို့မဟုတ် ပိုင်ရှင်သေမင်းမှ သေမင်းတိုင်းပြည်သို့ ပြန်လည်သယ်ဆောင်သွားသည့်အခါမှသာ ၇ အုပ်မြောက် သေမင်းစာအုပ်ကို စတင် အသုံးပြုနိုင်မည်

သေမင်းစာအုပ် (၃၂.၂)

.... Mikami ကတော့ ငါဖြစ်စေချင်တဲ့အတိုင်း Demegawa ကိုသတ်ပစ်လိုက်တာကတော့ ဟုတ်ပါပြီ။ ဒါပေမယ့် ခုဆို ငါလူတွေကို ပြောချင်ဆိုချင်တာတွေရှိရင် ပြောခိုင်းလို့ရတဲ့ Kira ကိုယ်စားလှယ် မရှိတော့ဘူး။ မင်း ဘာဆက်လုပ်မလဲ ....
Light တဦးတည်း တွေးတောနေသည်။

တချိန်တည်းတွင် Mikami မှာလည်း
.... Kira ငါ့ကို ဘာမှ မပြောသေးပါလား။ သူ ငါ့ကို ဆက်သွယ်ဖို့ အဆင်မပြေလို့ ဖြစ်ရမယ်။ ဒါပေမယ့် ခုလို Kira ကိုယ်စားလှယ် မရှိလို့မဖြစ်ဘူး။ ဒီတော့ ငါ့ဟာငါပဲ ကိုယ်စားလှယ်ကို ရှာမှဖြစ်တော့မယ် ...

Mikami သည် Kira ကိုယ်စားလှယ် ရွေးချယ်ရန် စဉ်းစားရာတွင် တချိန်က စကားရည်လုပွဲတခုတွင် သူနှင့် ရင်ဆိုင်ကြုံတွေ့ ရင်းနှီးခဲ့ရသည့် Takada Kiyomi ကိုသွားသတိရမိသည်။
.... အဲဒီတုန်းက Kira အကြောင်း စကားစလိုက်တာနဲ့ သူ့အမူအရာပြောင်းသွားတာပဲ။ လူဆိုးတွေ၊ လောကကြီးကို ဘာမှ ကောင်းကျိုးမပေးတဲ့လူတွေကို သူမုန်းတီးတယ်ဆိုတာ ပြောသွားတဲ့စကားတွေကို ကြည့်ရင် သိသာတယ်။ နောက်ပိုင်း ဟိုသွား၊ ဒီသွား ချိန်းတွေ့တော့လည်း သူ့အပြောတွေ၊ အမူအရာတွေက Kira ကိုလုံးဝ ထောက်ခံတယ်ဆိုတာ သေသေချာချာပြနေတာပဲ ....

သို့ဖြင့် တရက်သော်
"ဟေ့ဟေ့ သတင်းစာထဲမှာ ပါလာတယ်ဟေ့။ Kira က သူ့အတွက် ကိုယ်စားလှယ်ရွေးမယ်တဲ့။ TV ဖွင့်ကြည့်ကြစမ်းပါ"
Matsuda အခန်းတွင်းသို့ ၀င်လာရင်း ပြောလိုက်သည်။

NHN သတင်းအစီအစဉ်မှ ထုတ်လွှင့်နေသည့် အစီအစဉ်တွင်
"မင်္ဂလာ ညနေခင်းပါရှင်။ ကျမတော့ News 6 သတင်းဌာနက Takada Kiyomi ပါ။ တဆက်တည်း ပြောကြားလိုတာကတော့ ဒီနေ့ကစပြီး Kira ပြောကြားလိုတဲ့ စကားလုံးများကို ကျမကပဲ အတိအကျ ကြေငြာပေးသွားမှာ ဖြစ်ပါတယ်"

Light ကား TV ကိုကြည့်ရင်း ခေါင်းခဲလေပြီ။
... ဟာ Mikami ကတော့ လုပ်ချလိုက်ပြီ။ ရွေးမယ့်ရွေးတော့ ငါ့ရည်းစားဟောင်းကိုမှ တည့်တည့်ရွေးတာပါပဲလား။ ငါနဲ့ သူနဲ့အကြောင်း ကျန်တဲ့လူတွေ ချက်ချင်းကို ရိပ်မိကြမှာပဲ ....

... ဟင် ဒါ Light ကျောင်းတုန်းကတွဲခဲ့တဲ့ ကောင်မလေးပဲ၊ လုံးဝ သေချာတယ်။ ငါကိုယ်တိုင် နောက်ယောင်ခံလိုက်ခဲ့ဖူးတာ ဒီကောင်မလေးပဲ ...
Mogi တွေးရင်း Aizawa ဆီထသွားကာ တီးတိုးတီးတိုး ပြောနေတော့သည်။

... အင်း တဖက်ကလှည့်တွေးကြည့်တော့လည်း သူ့ကို ရွေးလိုက်တာ ကောင်းသားပဲ။ ငါနဲ့သူက ဇာတ်လမ်းလေးတွေရှိခဲ့ဖူးတာဆိုတော့ ငါ့ဘက်ကို ပါလာအောင် လုပ်ဖို့ မခက်ဘူး။ အချိန်ဆွဲလို့ မဖြစ်ဘူး။ ခပ်မြန်မြန် ဆက်သွယ်မှပဲ ...
Light ဆုံးဖြတ်လိုက်တော့သည်။

Aizawa မှာလည်း အတွေးများနေရတော့သည်။
... ဒီကောင် သူ့ရည်းစားဟောင်းကို Kira ကိုယ်စားလှယ် လုပ်ခိုင်းရအောင်အထိတော့ အတင့်မရဲလောက်ပါဘူး။ နောက်ပြီး သူ ဘယ်သူ့ကိုမှ ဆက်သွယ်တာလည်း ငါတို့ မတွေ့မိပါလား ...

"အားလုံးပဲ တဆိတ်လောက်ဗျာ။ Takada ကိုစုံစမ်းရေးမှာ သုံးရအောင်လို့ဆိုရင် ခင်ဗျားတို့ ဘယ်လို သဘောရကြလဲ။ ရိုးရိုးသားသား ပြောရရင်တော့ဗျာ၊ သူက ကျောင်းတုန်းက ကျနော့်ရည်းစား ဖြစ်ခဲ့ဖူးပါတယ်။ အခု သူ့ကို Kira ကဆက်သွယ်ပြီး ကိုယ်စားလှယ် လုပ်ခိုင်းတယ်ဆိုတော့ Kira ကိုဖမ်းဖို့ သူ့ကို အသုံးချရင် အကောင်းဆုံး ဖြစ်မယ်ထင်တယ်လေ"
Light ရုတ်တရက် ထပြောလိုက်တော့

... သြော် ထုတ်တောင်ပြောတယ်ဆိုတော့ လျှို့ဝှက်ထားဖို့ အစီအစဉ် မရှိဘူးပေါ့လေ ...
Aizawa အံ့သြသွားသည်။

"Kira က ခြိမ်းခြောက်ပြီး ခိုင်းနေတာ ဆိုရင်ကောကွ။ သူ ငါတို့နဲ့ ဘယ်ပူးပေါင်းရဲပါ့မလဲ"
Matsuda ပြောလေသည်။

"ဒါ အရေးမကြီးပါဘူး။ ကျနော့်မှာ သူ့ဖုန်းနံပါတ် ရှိနေတုန်းပဲ။ ကျနော် တွေ့ချင်ရင် တွေ့လို့ကို ရပါတယ်"
Light ကယုံကြည်စွာ ပြောလိုက်သည်။

"အကျိုးနဲ၊ မင်းက အလာကြီးပါလားကွ Light"

"တခုတော့ ရှိတယ်။ သူ့ကို Kira ဖမ်းဖို့ ကူညီပါလို့ ဆိုရင်တော့ လွယ်မှာမဟုတ်ဘူး။ ကျောင်းတုန်းကတည်းက သူက Kira ကိုထောက်ခံတာဗျ"

"ဟေ"

"ဟုတ်တယ်။ ဒါပေမယ့် သူ့ကို သုံးလို့ ရကိုရပါတယ်။ အခု ဂျပန်ရဲက Kira ကိုထောက်ခံတယ်လို့တောင် ဆိုထားတယ်မဟုတ်လား။ အဲတော့ ကျနော်ရဲတပ်ဖွဲ့မှာ လုပ်နေတယ်ဆိုတာ သူ့ကို ပြောလိုက်မယ်။ ပြီးတော့ Kira ရဲတွေကို ဘာများပြောချင်၊ ခိုင်းချင်သလဲ မေးပေးပါဆိုပြီး ခိုင်းလိုက်မယ်လေ။ Kira ကိုထောက်ခံတဲ့လူဆိုတော့ ဒီလိုအပြောမျိုးကို ဘာမှ သဘောမကျစရာအကြောင်းမရှိဘူး"

"မင်းပြောသလောက် အဆင်ပြေပါ့မလားကွ"

"မသိဘူးလေ။ စမ်းကြည့်ရမှာပေါ့"

"အေးလေ။ စမ်းကြည့်တာပေါ့"

"ဒါဆို ကျနော် ခုပဲ သူ့ကို ခေါ်လိုက်မယ်"
Light ဖုန်းကို ထုတ်ရင်း လှည့်ထွက်သွားတော့

"မင်း Takada နဲ့ စကားပြောရင် ငါတို့ အားလုံးကြားအောင် ပြောပါလား Light"
Aizawa က ထပြောလိုက်သည်။

Light ပြန်လှည့်လိုက်ရင်း
"ရပါတယ်လေ။ နားထောင်ပေါ့။ ပြောရတာ မဟုတ်ဘူး။ တော်ကြာ သူပြောတဲ့အထဲမှာ Kira အကြောင်း ပါရင် ပါနေဦးမှာ"

ဤသို့ဖြင့် Light ဖုန်းခေါ်တော့သည်။
"ဟဲလို"
ဘယ်ကမှန်းမသိသော ဖုန်းကို Takada ကိုင်လိုက်သည်။

"Takada ... ကျနော်ပါ Light"

Takada ရင်ထဲ လှပ်ကနဲဖြစ်သွားသည်ကို ထိန်းလိုက်ရင်း
"Light.. မတွေ့ဖြစ်တာ ကြာပြီပဲ။ ဘာကိစ္စများလဲ"

"အရေးတကြီး ပြောစရာလေးရှိလို့ပါ။ ကျနော်တို့ နှစ်ယောက် တနေရာရာမှာများ တွေ့လို့ရမလား၊ အကူအညီ တောင်းစရာလေးလည်း ရှိလို့"

"အကူအညီ ဟုတ်လား"

"အင်း ဟုတ်တယ်။ Takada က လောလောဆယ် တကမ္ဘာလုံးက အရေးစိုက်ခံနေရတဲ့သူဆိုတော့ အချိန်ပေးနိုင်ဖို့ ခက်မယ်ဆိုတာလည်း နားလည်ပါတယ်"

Takada သူ့စိတ်ထဲရှိသည်ကို ပွင့်ပွင့်လင်းလင်း ဖွင့်ပြောလိုက်သည်။
"အချိန်မပေးနိုင်တာကတော့ မှန်ပါတယ်။ ဒါပေမယ့် ရှင် ကျမကို အဆက်အသွယ် မလုပ်တာဘဲ ကြာလှရှိနေပြီလေ"

Light ကတော့ တည်တည်ငြိမ်ငြိမ်ပင်။
"အင်း အဲဒါလည်း မှန်တာပါပဲ။ ကျောင်းတုန်းက အခြေအနေအရ Takada ကို ကျနော် တွေ့ချင်သလောက် တွေ့ခွင့် မရခဲ့ဘူး။ ပြောချင်တဲ့ စကားတွေ မပြောခဲ့ရဘူး။ ဒါပေမယ့် အခု ကျနော်တို့ အလုပ်တွေကြောင့် နှစ်ယောက် ပြန်တွေ့ရတော့မယ်။ ဖူးစာပဲ ထင်ပါရဲ့ဗျာ"

"အလုပ်ကြောင့်.. ရှင် ဘာတွေ ပြောနေတာလဲ"

"အခု ကျနော် ရဲဘက်မှာ အလုပ်လုပ်နေတယ်။ အဲဒါ ကျနော် Takada ကို ပြောပြစရာ တခုရှိနေလို့"

"ပြောမယ်ဆိုတော့ နားထောင်ရတာပေါ့။ ကူမယ် မကူဘူးတော့ အာမ မခံနိုင်ဘူးနော်"

"ရပါတယ်။ အရင်ဆုံး တနေရာမှာ တွေ့ရအောင်။ Takada ကြိုက်တဲ့နေရာ ရွေးပါ။ နှစ်ယောက်တည်း အေးအေးဆေးဆေး စကားပြောကြတာပေါ့"
Light စကားကို အငြင်သာဆုံး ပြောလိုက်လေသည်။

Takada မူမထားနိုင်တော့။ သူ Light ကိုတကယ်ပဲ တွေ့ချင်လှသည်လေ။
"အင်းလေ။ ဒါဆိုလည်း နောက်တနေ့ သတင်းပြီးရင် တွေ့ကြတာပေါ့"

"ဟုတ်ပြီ။ အဲလိုဆို ကျနော် ဟိုတယ် တခန်းငှားထားလိုက်မယ်လေ။ အေးအေးဆေးဆေး ပြောကြတာပေါ့"

"ဖြစ်ပါ့မလားရှင်။ ကျမသိသလောက် ရှင်က ဟိုမော်ဒယ်မလေး Misa နဲ့ အတူတူနေနေတာ မဟုတ်လား။ ဘာလဲ.. ဒါမှမဟုတ် အဆင်မပြေတော့လို့ ကျမဆီ ပြန်လှည့်လာတာလား"

"အာ.. မဟုတ်ပါဘူး။ ဟိုဗျာ.. ပွင့်ပွင့်လင်းလင်း ပြောရရင် ကောင်မလေးက ကျနော်နဲ့ မလိုက်ဖက်ဘူးဗျ။ ကျနော့် လက်တွဲဖော်ဖြစ်ဖို့ သူ့မှာ လုံလောက်တဲ့ အရည်အချင်း မရှိဘူးဗျ။ အူကြောင်ကြောင်လေးရယ်"

သို့ဖြင့် Light နှင့် Takada တို့ ဟိုတယ်ခန်းတခုအတွင်း ပြန်လည် တွေ့ဆုံဖြစ်ကြမည့် ရက်သို့ရောက်လာလေသည်။

ထိုအချိန်တွင် Melo မှာ သာမန် မိန်းကလေးဘ၀ ရောက်သွားပြီဖြစ်သော Misa ကိုရက်ပေါင်းများစွာ တိတ်တဆိတ် စောင့်ကြည့်ပြီး အတွေးရခက်နေသည်။
.... ဟိုကောင် Near ပြောတော့ ဒီဟာမလေးက ဒုတိယ Kira ဖြစ်လိမ့်မယ်တဲ့။ ငါကြည့်ရသလောက်တော့ ဆတ်ကော့လတ်ကော့နဲ့ အူတိအူကြောင်လေးပဲ။ Kira ဖြစ်နိုင်ပါ့မလား ....

တချိန်တည်းတွင် Mikami မှာလည်း
...Kira ခုထိ ငါ့ကို မဆက်သွယ်သေးဘူး။ သူငါ့ကို ဆက်သွယ်ဖို့ အခက်အခဲ ရှိနေတယ်ဆိုရင် Takada ကိုဆက်သွယ်မှာပဲ ....

TV တွင် Takada သတင်းကြေငြာပြီး Kira ထံမှ အမှာစကားကို ထုတ်လွှင့်နေလေပြီ။
"ဒီကမ္ဘာကြီးကို ဒုက္ခပေးနေတဲ့လူတွေမှ မဟုတ်၊ အရည်အချင်းရှိပြီး အကျိုးရှိမယ့်အလုပ် မလုပ်တဲ့လူတွေကိုလည်း ခွင့်မလွှတ်ဘူးဆိုတာ သိစေချင်တယ်"

ဟိုတယ်ခန်းဆီသွားရင်း သတင်းလွှင့်နေသည်ကိုကြားသော Light ပင် မျက်ခုံးပင့်သွားသည်။
... ဟ၊ Mikami စွတ်ရွတ်လုပ်နေပြီ။ ငါ မြန်မြန်ကို ဒီကောင်နဲ့ အဆက်အသွယ်ရမှ ဖြစ်လိမ့်မယ် ...

သူရောက်တော့ ဟိုတယ်ခန်းကို Aizawa တို့တဖွဲ့လုံး နေရာလပ်မကျန်အောင် ကင်မရာတွေတပ်၊ အသံဖမ်းစက်တွေတပ်ထားပြီးလေပြီ။

"ကဲ.. Light နေရစ်ပေတော့၊ သတင်းလည်း ပြီးတော့မယ်။ ငါတို့လည်း သွားတော့မယ်။"
သူတို့ အပြီးကို ရပ်စောင့်နေသော Light ကိုနှုတ်ဆက်ပြီး ထွက်သွားတော့သည်။

အချိန်အနည်းငယ်ကြာသော်
တံခါးခေါက်သံနှင့်အတူ Takada ရောက်လာလေသည်။

"ကို မင်းကို တွေ့ချင်လွန်းလို့ စောင့်နေတာ ကြာပြီ"
Light ချက်ချင်းပဲ ပြော၍ Takada ကိုဆီးပွေ့လိုက်တော့သည်။

မဆွတ်ခင်က ညွတ်ချင်နေသော Takada မှာ ရုန်းမထွက်မိ။

"ဆောရီး။ ကို နည်းနည်းများ ရိုင်းသွားလားမသိဘူး။ ထိုင်ပါ Takada"
Light ကိုယ်ချင်းခွာရင်း Takada ကို သူနှင့် မျက်နှာချင်းဆိုင် ထိုင်ခိုင်းလိုက်သည်။

Takada ကား ဘာမှ မပြောနိုင်။ ရီဝေသော မျက်လုံးများနှင့်သာ Light ကိုကြည့်လျက်။

"ဘာလို့လဲတော့ မသိဘူး။ ကို့စိတ်ထဲမှာ ကိုတို့နှစ်ယောက် မတွေ့ကြတာ ကြာပြီလို့ မခံစားရဘူး။ ဟိုတုန်းက အဖြစ်အပျက်တွေကို အရမ်းကို ရင်းရင်းနှီးနှီး မှတ်မိနေသေးတယ်"
Light ဖြည်းဖြည်းလေး ပြောနေလေသည်။

Takada လှိုက်ကနဲဖြစ်ပြီး မျက်လုံးလေးများပင် ကျယ်သွားသည်။ ပြီးမှ
"ဆောရီးနော်၊ ပြောစရာရှိတဲ့အကြောင်း ပြောရအောင်...."

သူ့စကား မဆုံးလိုက် ဖုန်းဝင်လာသည်။
"ဟင်.. Kira!"
သူ့ကိုယ်သူ မထိန်းလိုက်နိုင်မီ စကားလုံးက ထွက်ကျသွားသည်။

"ဟေ့ဟေ့ Kira တဲ့ကွ"

"ဖြစ်နိုင်ပါ့မလား။ Kira က တိုက်ရိုက်ဆက်သွယ်ပါ့မလား"
ကင်မရာမှ ကြည့်နေသော Aizawa တို့ ပြာယာခတ်သွားလေပြီ။

Light မှာလည်း
... Mikami ပေါ့ ..

"ဖုန်းဖြေလိုက်ပါ၊ ရပါတယ်"
Light က မသိသလို ပြောလိုက်တော့မှ

"ဟဲလို....ဟုတ်ကဲ့ .... သူငယ်ချင်းတယောက်နဲ့ပါ .... အင်း တခြား ဘယ်သူမှ မရှိဘူး"

Takada ပြောသည်ကို နားထောင်ရင်း Light တွေးနေသည်။
.... တော်သေးတာပေါ့ကွာ ဖုန်းဖြေလိုက်တာ ကံကောင်းတာပဲ။ Mikami မင်း ကံကောင်းလေမလားလို့များ ဖုန်းဆက်တာလား ....

"ဟင့်အင်း၊ ဒါက စီစဉ်ထားတာ မဟုတ်ပါဘူး။ သူက ရုတ်တရက်ကြီး တွေ့ရအောင်ဆိုလို့ တွေ့ဖြစ်သွားတာ"

တဖက်တွင် Mikami လည်း Takada ပြောတာနားထောင်ရင်း
.... ဘယ်လိုလူက Kira ကိုယ်စားလှယ်ကို နှစ်ယောက်တည်း တွေ့ခွင့်တောင်းမလဲ ....

"အဲဒီလူကို ဖုန်းပေးလိုက်ပါ"
Mikami ဆုံးဖြတ်ပြီး ပြောလိုက်သည်။

"ရှင့်ကို စကားပြောချင်တယ်တဲ့"
Takada ဝေခွဲမရသော မျက်နှာနှင့် Light ကိုပြောလိုက်တော့

... ငါမင်းကိုရွေးတာ သိပ်မှန်ပါလား Mikami ....
Light တွေးရင်း ဖုန်းကို ယူလိုက်လေတော့သည်။

"ဟာ Kira က Light ကို စကားပြောချင်လို့တဲ့"

"တကယ့်Kira ဆိုရင် အန္တရာယ်ရှိနိုင်တယ်နော"
Matsuda တို့ Aizawa တို့ ပွစိ ပွစိ ဖြစ်ကုန်သည်။

"ဘာများ ပြောချင်လဲဗျာ"
Light တည်တည်ငြိမ်ငြိမ် ပြောလိုက်တော့

"မင်းဘယ်သူလဲ"
Mikami ခပ်ရင့်ရင့်ပင် မေးလိုက်သည်။

"ဟေ! ဘာလဲကွ November ၂၆၊ ဘယ်က စာရွက် ၅ ရွက်လဲ။ မင်း ဘာတွေ ပြောနေတာလဲ"
Light မျက်နှာတချက်မပျက်ဘဲေ၀၀ါးဝါးဟန်နှင့် ပြန်ပြောလိုက်သည်။

တဖက်မှ Mikami ချက်ချင်း သဘောပေါက်လိုက်လေပြီ။
သူ့ဆီ သေမင်းစာအုပ် ရောက်လာသောနေ့၊ ညွှန်ကြားချက်များ ပါရှိသည့် စာရွက် ၅ ရွက်။
သူ့ကို စကားပြောနေသူသည် Kira၊ သူ ကိုးကွယ်ယုံကြည်သော အရှင်သခင် (God) ။

သူ စိတ်လှုပ်ရှားစွာ ခေါ်လိုက်သည်။
"God!!!"

Light ကျေနပ်စွာ နားထောင်ရင်း
... ဟုတ်ပြီ Mikami မင်း ငါ့အခြေအနေကို ဘယ်လောက်အထိ နားလည်မလဲ ဆိုတာပဲ ကျန်တော့တယ် ...

သူ သိပ်မစောင့်လိုက်ရ၊ Mikami ပြောလာသည်။
"အရှင် စကားကို လွတ်လွတ်လပ်လပ် ပြောလို့ မရဘူးနဲ့တူတယ်"

"ဟုတ်တယ်"

"အရှင့်ကို စောင့်ကြည့်နေကြတာလား"

"အင်း မှန်တယ်။ နေစမ်းပါဦး မင်းကရော တကယ့်Kira ဟုတ်ရဲ့လား"
Light ဒက်ကနဲ ပြောချလိုက်သည်နှင့် Mikami ကလည်း ဒက်ကနဲ နားလည်ပြီးသား။

... သူငါ့ကို Kira ဖြစ်ကြောင်း သက်သေပြခိုင်းနေပြီ ....

"Sakura TV ဖွင့်လိုက်ပါ အရှင်"

"Sakura TV ဟုတ်လား"
ကျန်သူများပါ ကြားအောင် Light အသံကျယ်ကျယ်လေး ပြောလိုက်သည်။

"ကဲ Sakura တဲ့ဟေ့"
Aizawa တို့ အလုပ်ရှုပ်သွားပြန်သည်။

မကြာမီပင် Sakura TV တွင် Demegawa အစား သရုပ်ဆောင်နေသူ လဲကျသေဆုံးသွားသည်ကို တွေ့ရတော့သည်။

"ဟာ Kira အစစ်ပဲ"
Matsuda အလန့်တကြား ရေရွတ်လိုက်မိသည်။

.... ငါထင်တာထက်တောင် မင်းတော်နေပါလား Mikami ...
Light ကျေနပ်စွာတွေးရင်း ထသွားကာ စာရွက်တခုပေါ်တွင် စာရေးချနေလေသည်။
စာရွက်တင်ထားရာ အပေါ်တည့်တည့်တွင်ကား ကင်မရာတလုံး။

စာမှာ
'Kira နဲ့ အဆက်အသွယ်ရပြီ။ ခုချိန်တော့ ဘာမှ လုပ်လို့ရမယ် မထင်ဘူး။ ကျနော် ကောင်မလေးနဲ့ ပြန်တွဲမှ ဖြစ်မယ်။ ကျနော်နဲ့ ကောင်မလေး လွတ်လွတ်လပ်လပ် အကြည်ဆိုက်ရအောင် တပ်ထားသမျှဟာတွေအကုန် ကျနော်ဖြုတ်ပစ်လိုက်တော့မယ်'

"ဟင်.. တပ်ထားသမျှတွေအားလုံး ဖြုတ်ပစ်တော့မယ် ဆိုပါလား"
Matsuda တအံ့တသြဆိုလေသည်။

"အေးလေ.. ဘယ်တတ်နိုင်ပါ့မလဲ။ သူ့ကိစ္စနဲ့သူဆိုတော့"
Aizawa စိတ်လျှော့ပြီး ပြောလိုက်တော့၏။

Light ရှိသမျှ ကင်မရာများ၊ အသံဖမ်းစက်များကို ဖြုတ်ကာ သူနှင့် Takada ကြားမှ စားပွဲလေးပေါ်တင်ထားလိုက်၏။

Takada ကား မှင်သက်လျက်။
"ဒါတွေက.... ဘာတွေဖြစ်နေတာလဲ"

Light အေးအေးလေး ပြန်ဖြေလိုက်သည်။
"ပြောပြပါ့မယ့် အခုဆို စိတ်ပူစရာ မရှိတော့ပါဘူး"

Light အသက်တချက်ရှုလိုက်ပြီး
"သေချာနားထောင်နော်၊ ကိုဟာ Kira ပဲ"

Takada ယခုမှပင် တကယ် မျက်လုံးကလေးများ ကျယ်သွားတော့သည်။
"ရှင်!"

"ဟုတ်တယ်။ ကို Kira ပဲ။ အဲဒါကို ပြောချင်တာပါပဲ"

Takada ကား အံ့သြမှု၊ ၀မ်းသာမှု၊ မယုံကြည်နိုင်မှုများ နှင့်
"ရှင်... ရှင်က Kira.. ဟုတ်လား"

Light ပြန်မဖြေသေးဘဲ Mikami ကို
"ငါဘယ်သူလဲဆိုတာ မင်း Takada ကိုမေးလို့ကတော့ မင်းကိုငါ ခွင့်မလွှတ်ဘူးဆိုတာ နားလည်ထား"

Mikami ကား ရွှင်လန်းဝမ်းမြောက်စွာပင်
"အရှင့် အလိုအတိုင်းပါပဲ။ စိတ်ချပါ"

Light ဖုန်းချလိုက်ပြီးမှ
"ဘာတွေဖြစ်နေလဲ နားလည်ရဲ့လား Takada။ ကိုဟာ Kira၊ ဒီလူဟာ Kira ပါဝါတွေရထားတဲ့လူ၊ တကယ့် Kira အစစ်မဟုတ်ဘူး"

ကြည်လက်တောက်ပနေသော မျက်ဝန်းများနှင့် Light ကိုကြည့်ရင်း Takada ပြန်ပြောလိုက်သည်။
"အို... ၀မ်းသာလိုက်တာ ကိုရယ်။ ကျမဘ၀မှာ ကိုတယောက်ကိုပဲ ချစ်ခဲ့တာ၊ အခု ကိုက Kira လည်းဖြစ်နေတဲ့ဆိုတော့ ပြောမပြနိုင်လောက်အောင်ကိုပါပဲ"

Light ရှေ့ကိုတိုး၍ Takada ကိုရင်ခွင်ထဲ ဆွဲသွင်းလိုက်ရင်း
"Takada... မင်း ကို့နောက်ကို အမြဲပဲ လိုက်ရတော့မယ်။ ကမ္ဘာသစ်ရဲ့ အရှင်သခင်မ ပေါ့"

Aizawa တို့မှာကား စိတ်ပျက်လက်ပျက်ထိုင်၍ Light ဆက်သွယ်လာမည်ကို စောင့်နေကြသည်။
မကြာမီပင် Light ထံမှ ဖုန်းဝင်လာလေသည်။

"Light အားလုံး အဆင်ပြေရဲ့လား"
Matsuda ကစိုးရိမ်တကြီးမေးလေသည်။

"ပြေပါတယ်။ Takada က Kira နဲ့ အဆင်ပြေအောင် ပြောလိုက်နိုင်တယ်။ ကျနော် သူ့ရည်းစားဟန်ဆောင်ပြီး Kira စုံစမ်းရေးကို ဆက်ကြမယ်"
Light ပြုံးရင်း ဖြေလိုက်တော့သည်။