စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Thursday, February 27, 2014

သေမင်းစာအုပ် (၃၃.၂)

NHN TV တွင် Takada ကိုယ်တိုင် Kira ၏အမှာစကားများ ဖတ်ကြားပြသသည့် Today's Miss Takada အစီအစဉ် ပေါ်ပေါက်လာလေသည်။ ထိုအခါ Takada ၏လုံခြုံရေးအတွက် ကိုယ်ရံတော်များ ခန့်အပ်ရလေသည်။ ထိုကိုယ်ရံတော်များကိုလည်း ပေါ်ပေါ်တင်တင်ပင် TV အစီအစဉ်မှနေ၍ မိတ်ဆက်လေသည်။ အားလုံးမှာ အမျိုးသမီးများ ဖြစ်ပြီး ထိုသူများထဲတွင် CIA စုံထောက်ဟောင်း Hal Ridner (ဟာလ်ရိဒ်နာ) ဆိုသူ ပါဝင်လေသည်။

.... တကယ်လို့ ဒီလူတွေထဲမှာ SPK ကလူပါမယ်ဆိုရင် အဲဒီလူဟာ Hal Ridner ပဲဖြစ်ရမယ်။ Near ဘာလို့ သူ့ကို လျှို့ဝှက်မထားဘဲ CIA ကပါလို့ ပေါ်တင်ထုတ်ပြောတာလဲ။ ငါ့ကို တမင် သိစေချင်လို့လား ...
TV ကြည့်ရင်း Light တွေးနေသည်။

သူ့လိုပင် Near မှာလည်း Kira နှင့်ဆိုင်သော အခွေများ၊ သတင်းစားများ၊ ဟောပြောပွဲ မှတ်တမ်းများ ကိုလေ့လာရင်း အတွေးများနေလေသည်။
.... Takada ဟာ Kira ကို အပြတ်အသတ်ထောက်ခံတဲ့လူမို့လို့ ကိုယ်စားလှယ်အနေနဲ့ရွေးထားတာ။ ဒီတော့ သူ့ကို ရွေးတဲ့သူဟာ သူ Kira ကိုအကြီးအကျယ်ထောက်ခံမှန်း သိနေရမယ်။ သဘောကတော့ X-Kira နဲ့ Takada ဟာ တနည်းနည်းနဲ့ ရင်းနှီးရမယ်။ ဒါဆို ....

Takada နှင့် Mikami တို့၏ စကားရည်လုပွဲ မှတ်တမ်းကို Near သတိထားမိသွားသည်။ Mikami ကိုသူ တခြား မှတ်တမ်းများတွင်လည်း သူတွေ့ဖူးကြောင်း သတိရသွားသည်။ သူ Mikami ပါဝင်ခဲ့သည့် အခွေများပြန်ကြည့်သည်၊ မှတ်တမ်းများ ပြန်ဖတ်သည်။ သူ့ထင်မြင်ချက် မှန်ကန်ရန် လွန်စွာနီးစပ်နေပြီဖြစ်ကြောင်း Near စိတ်ထဲ ခံစားနေရသည်။

Mikami အား စောင့်ကြည့်ရန် Giovanni (ဂျီအိုဗာနီ) ကို Near အမိန့်ပေးလိုက်တော့သည်။

Light ထံသို့ Near ဆက်သွယ်လေသည်။
"L တကယ်လို့များ Mr.Aizawa ရှိရင် ငါစကားပြောချင်တယ်"

Light ဘာမှပြန်မပြောနိုင်မီပင် Aizawa မှဝင်ပြောလိုက်သည်။
"ပြောပါ Near၊ ကျုပ် Aizawa ပဲ"

"Light နဲ့ Takada တို့ တွေ့တဲ့အချိန်တွေမှာ သူတို့စကားပြောတာတွေကို အသံသွင်းတာတွေ၊ ကင်မရာနဲ့ ရိုက်ထားတာတွေ လုပ်သလား"

"အသံသွင်းတာပဲ လုပ်တယ်"

"သြော် အသံပဲ နားထောင်ရတာပေါ့။ ကျေးဇူးပဲဗျာ"
Near ဘာမှထပ်မပြောဘဲ ဖုန်းချသွားလေ၏။

"ဒီတိုင်းဆို L-Kira နဲ့ X-Kira နှစ်ယောက်ကို Takada က ကောင်းကောင်း ချိတ်ပေးထားလို့ ရနေတာပဲ။ Ridner အတွက် အန္တရာယ်ရှိတယ်နော်"
Lester က သူ့အမြင်ကို ပြောလာသည်။

"ရှင်းရှင်းပြောရရင်ဗျာ ခုချိန်မှာ Takada နဲ့ Ridner နှစ်ယောက်ကို L အသေအချာ ဂရုစိုက်ကြည့်နေရင် ပြီးတာပဲ။ သူ့ကို အဲလို အာရုံလွှဲထားနိုင်မှ ကျနော်တို့ Mikami ကိုရမှာ"

သူတို့နှစ်ဦး စကားပြောနေစဉ်ပင် Giovanni မှ Mikami ကိုစောင့်ကြည့်လေ့လာရသလောက် ဖုန်းဆက် သတင်းပို့လာသည်။
"ဒီကောင့်ကို လိုက်ရတာ တော်တော်ကို လွယ်တယ်ဗျ။ သူ့ကြည့်ရတာ ဘာမှ လျှို့ဝှက်ထားတဲ့ပုံလည်း မပေါ်ဘူး။ ဒီအခန်းမှာဘဲ နေတာ ၄ နှစ်ရှိပြီ။ သူ့အလုပ်ကို သူ အချိန်မှန်သွား၊ အချိန်မှန်ပြန်တယ်။ ကျနော်တော့ သူ့ကို X-Kira လို့မထင်ဘူး"

Near ကလက်မခံ။
"ဟင့်အင်း...သူ X-Kira ဖြစ်ဖို့ အလားအလာ သိပ်များတယ်။ ပိုပြီး ဂရုတစိုက်ကြည့်စမ်းပါ။ သူ့အခန်းထဲ သူပြန်ရောက်တဲ့အထိကို ကြည့်နော်"

Misa မှာ NHN မှ သူ၏အစီအစဉ်များအား သဘောတူထားစဉ်ကကဲ့သို့ နေရာမပေးဘဲ Takada ၏အစီအစဉ်များကိုသာ အဓိက ထုတ်လွှင့်နေသည့်အတွက် မကျေမနပ်ဖြစ်နေလေသည်။ ဤသို့ဖြင့် သူတို့နှစ်ယောက်ကြား ကလိခြင်း၊ ရိခြင်းများ ဖြစ်ပေါ်လာရတော့၏။

တနေ့သော် Takada မှ Misa အား ညစာအတူစားရန်၊ မိန်းမချင်း စကားပြောရန် Mogi ထံမှတဆင့် ဖိတ်ခေါ်လာလေသည်။
"တွေ့ကြတာပေါ့"
Misa မှလည်း မဆိုင်းမတွပင် လက်ခံလိုက်သည်။

Takada သည် Ridner တယောက်တည်းကိုသူတို့နှင့်အတူ နေခိုင်းရင်း Misa နှင့် စကားပြောသည်။ Mogi နှင့် ကျန်သည့် Takada ၏ကိုယ်ရံတော် ၃ ယောက်မှာ ဆိုင်အပြင်ဘက်တွင် စောင့်ရလေသည်။

Misa သည် နှုတ်ဆက်စကားများ ပြောရင်းမှာပင် ၀ိုင်များ တခွက်ပြီး တခွက် သောက်နေတော့သည်။
"ကဲ ပြော ဘာကိစ္စလဲ"
Misa စပြောလိုက်သည်။

"ဘယ်က စပြောရမှန်းတောင် မသိပါဘူး။ ဟိုလေ သူ အခုတလော အလုပ်သိပ်များနေတယ် မဟုတ်လား။ ရှင်တို့ နှစ်ယောက် တွေ့ရော တွေ့ဖြစ်ကြရဲ့လား"

... အောင်မာ ကောင်မ ရာရာစစ၊ ငါ့ရည်းစား ငါမတွေ့ဘဲ နေမလား၊ တအိမ်တည်းတူတူနေနေတာကိုများ သူမို့ မေးရဲတယ် ...
Misa စိတ်ထဲမှ ကျိန်ဆဲရင်း
"ခစ်ခစ်.. ပြောရမှာ ရှက်တောင်ရှက်စရာ။ အားလည်းနာပါတယ်။ ညတိုင်း ညတိုင်း သူပြန်လာရင် ငါ့ကို အတင်းကို လိုက်လိုက်ကပ်နေလို့ ငါ့မှာ ဒုက္ခကိုဖြစ်ရော"

"သြော်... ရှင်တို့ သိပ်အဆင်ပြေကြတာပေါ့။ ကောင်းပါတယ်"
Takada သိသိသာသာ စိတ်မကောင်းစွာဖြင့် ဖြည်းဖြည်းလေး ပြောလေသည်။

Misa ကတဆင့်ထပ်တက်လာသည်။
"ဒီမှာ နင့်ကို ငါတခု ကြိုပြောပြထားဦးမယ်။ နှစ်သစ်ကူးပွဲမှာ သူနဲ့ငါ စေ့စပ်လိုက်ပြီဆိုတာ ငါစင်ပေါ်ကနေကို ကြေငြာမှာ"

Takada အတန်ကြာငြိမ်သွားပြီးမှ
"သူရော သိရဲ့လား"

Misa ထပ်ရိလိုက်ပြန်သည်။
"ဟယ်.. သိတာပေါ့ဟဲ့။ စေ့စပ်တာ တယောက်တည်း တဖက်သတ်စေ့စပ်လို့မှ မရတာ။ ဒီကိစ္စကို ငါတို့နှစ်ယောက် သဘောတူထားတာပဲ တလရှိနေပြီ။ နင်က ဒီအစီအစဉ်ကို ဦးဆောင်မယ့်လူဆိုတော့ ကြိုမေးထားရဦးမယ်၊ ငါ အဲလို ကြေငြာတာ ဘာမှ အနှောင့်အယှက် မဖြစ်ပါဘူးနော်"

ဒီတခါတော့ Takada အသံပြတ်ပြတ်နှင့် ဖြေလိုက်သည်။
"အင်း.. အဲလို လုပ်လို့ရရင် လုပ်ပေါ့"

Misa ဟန်မဆောင်နိုင်ဘဲ ဒေါကန်သွားလေပြီ။
"ဘာပြောတယ်၊ နင်က နင့်လုပ်ပိုင်ခွင့်ကိုသုံးပြီး ငါလုပ်ချင်တာကို ဖျက်မယ်ဆိုတဲ့ သဘောလား။ ဒါမှမဟုတ် Kira ကိုပြောပြီး ငါ့ကို သတ်ခိုင်းမလို့လား"

Takada မျက်လုံးပြူးသွားပြီး
"ဘယ်သူ့ကို ဒဏ်ခတ်ရမယ်ဆိုတာ Kira သူ့ဟာသူ ဆုံးဖြတ်တာ၊ ကျမနဲ့ မဆိုင်ဘူး။ ကျမက ရှင့်ကို သူငယ်ချင်းလို သဘောထားပါတယ်။ အဲလောက် အေးစက်စက် စကားတွေ မပြောပါနဲ့။ နောက်ပြီး ဘယ်သူတွေ ဘယ်လောက်ဆိုးဆိုး ကျမ လူမသတ်ပါဘူး"

"အေးလေ.. ငါကလည်း Kira ကိုသဘောကျပါတယ်။ ဒါပေမယ့် နင့် Kira ကို Light ကဖမ်းမိမှာပါ။ အဲဒီအချိန်ကျ နင်လည်း အဖမ်းခံရမှာပေါ့။ ပြီးတော့ အသတ်ခံရမှာပဲ"
Misa လည်ပင်းကို ဓါးနှင့် လှီးသည့်ပုံစံပင် လုပ်ပြလိုက်သည်။

Takada ရုတ်တရက် တုန်လှုပ်သွားကာ လက်ထဲမှ ၀ိုင်ခွက်ပင် ဖိတ်ကျသွားသည်။
သူ့စိတ်ထဲတွင် Light ၏ပြောစကားများ၊ သူ့ကို ထွေးပွေ့ နှစ်သိမ့်ခဲ့သည်များ ပြန်လည်မြင်ယောင်လာသည်။
"ကျမ မပျော်တော့ဘူး Amane"

"ဟေ! ငါလည်း မပျော်ဘူးဟေ့"
Misa ပက်ကနဲ ပြန်ပြောလိုက်သည်။

Takada ထထွက်သွားရင်း
"ရှင် အသက်နည်းနည်း ကြီးလာရင်၊ ဒိထက်ပိုပြီး ယဉ်ကျေးမှု ရှိလာရင် ကျမတို့ ညစာ အတူတူစားလို့ရမယ်နဲ့တူပါရဲ့"

"အမယ်လေး Kiyomi ငါက မင်းထက် အသက်ပိုကြီးတယ်နော။ ပြီးတော့ ညစာ စားရင်းတန်းလန်း ထထွက်သွားတာ ပိုလို့တောင် ရိုင်းသေးတယ်ကွ"
Misa အော်ပြောကာ ၀ိုင်ပုလင်းကို ဆွဲယူ မော့သောက်နေတော့၏။

Takada ထွက်သွားပြီး မကြာမီ ၀ိုင်ပုလင်းကို မော့၍ မူးရူးနေပြီဖြစ်သော Misa ထွက်လာတော့သည်။
"Mogi ကျမ နိုင်သွားပြီသိလား။ ဟားဟား.. လွယ်လွယ်လေးနဲ့ကို နိုင်တာ"

Mogi ကား ခေါင်းကုတ်နေရတော့သည်။

ထိုညတွင် Near ဆီသို့ Ridner သတင်းပို့လာသည်။
"ဒီနေ့ည ညစာစားပွဲမှာ Misa နဲ့ Takada တို့နှစ်ယောက် သူ့အကြောင်း ပြောကြတယ်။ Light ရဲ့ တကယ့်ရည်းစားက ဘယ်သူလဲ ကျမလည်း မပြောတတ်တော့ဘူး"

"Light ဟာ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းကနေတာပေါ့"

"Near အပြောင်အပျက်တွေ ပြောမနေနဲ့လေကွာ"
Lester ကပြောတော့

"ကျနော် ပေါက်ကရပြောနေတာ မဟုတ်ဘူး။ ဆိုလိုချင်တာက Light ဟာ ဒီမိန်းကလေး နှစ်ယောက်လုံးကို သစ္စာဖေါက်လို့ မရဘူးဆိုတာ။ Light နောက်ကို ဒီနှစ်ယောက်ဟာ အသက်နဲ့ရင်းပြီးကို ကပ်နေကြတော့မှာ"

Mikami အလုပ်မှ ပြန်လာသည်။ မလှမ်းမကမ်းတွင် Giovanni ထိုင်၍နေသည်။ ရထားပေါ်တွင် လူသိပ်မရှိ။ ဤသည်ကို အခွင့်ကောင်းယူ၍ လူမိုက်တဦးက မီနီစကပ်ဝတ်ထားသော မိန်းကလေးကို အတင်း စကပ်ဆွဲချွတ်ရန်ကြိုးစားနေသည်။
"မလုပ်ပါနဲ့ရှင်"

"မင်း ဒီလို မပေါ့်တပေါ်ဝတ်လာကတည်းက ဒီလို အလုပ်ခံချင်လို့ပဲပေါ့ကွ။ ဟဲဟဲ"

Mikami သူ့လက်ဆွဲသေတ္တာထဲမှ စာအုပ်တအုပ် ထုတ်လိုက်သည်ကို Giovanni တွေ့လိုက်သည်။
"သူ စာအုပ် တအုပ် ထုတ်လိုက်ပြီ"
ချက်ချင်းပင် Near တို့ထံ လှမ်းသတင်းပို့လိုက်သည်။

စာအုပ်ပေါ်တွင် တစုံတရာ ရေးခြစ်လိုက်သည်ကို တွေ့ရပြီး သူဆင်းရမည့် မှတ်တိုင်တွင် Mikami ဆင်းသွားသည်။
Giovanni လိုက်ဆင်းရန် ခြေလှမ်းလိုက်စဉ်မှာပင်
"အားးးးးး"
မိန်းကလေးအော်သံကြား၍ လှည့်ကြည့်လိုက်တော့
ထိုသူ လဲကျသေဆုံးနေသည်ကို တွေ့လိုက်ရတော့သည်။

Mikami ကား တချက်မှလှည့်မကြည့်ဘဲ တည်ငြိမ်စွာပင် လမ်းလျှောက်ထွက်ခွာသွားလေသည်

No comments:

Post a Comment