စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Thursday, February 27, 2014

သေမင်းစာအုပ် (၃၁)

လူအုပ်ကြီးကား များ၍ များ၍ လာသည်။

"Near မင်းတို့ ထွက်ပြေးသင့်ပြီနဲ့တူတယ်နော်"
Light ပြောတော့

"ကောင်းလိုက်တဲ့ အကြံပေးချက်ကွာ Kira ရာ"
Near အေးအေးလေး ပြန်ပြောလိုက်သည်။

Light ပြာကနဲဖြစ်သွားပြီး
"မင်း ဒီလိုအချိန်မှာ ဒါမျိုး ပေါက်ကရတွေ ပြောနေနိုင်သေးသလား"

Near ကတော့ တည်တည်ငြိမ်ငြိမ်ပင်
"ငါ က မင်းကို Kira လို့ မသင်္ကာဘူးဆိုတာ ပြောပြပြီးလို့မှ မကြာဘူး၊ Kira ဆန့်ကျင်တဲ့ အဖွဲ့တွေ အများကြီး ရှိတဲ့အထဲကမှ ငါတို့အဖွဲ့ အခုလို ၀ိုင်းအတိုက်ခံရတယ်။ သိပ်ပြီးတော့ တိုက်ဆိုင်မနေဘူးလား"

"Near မင်းငါ့ကို အထင်မှားနေပြီ။ မဟုတ်တန်းတရား မစွပ်စွဲပါနဲ့ကွ"
Light ပြောနေတုန်း

"အားလုံး နားထောင်ပါ။ Kira ခင်ဗျားတို့ထဲမှာ ရှိတယ်ဆိုတဲ့ဖြစ်နိုင်ခြေကို သေချာစဉ်းစားပါ"
Near ရုတ်တရက် ကောက်ပြောလိုက်သည်။

Aizawa ကား Light ကိုသာ မသိမသာ အကဲခတ်နေတော့သည်။

ထိုအချိန် SPK ဌာနချုပ် အ၀င်ဝတွင်ကား ရှုပ်ယှက်ခတ်နေပေပြီ။

"Near ငါတော့ လစ်ထွက်ဖို့ အချိန်တန်ပြီထင်တယ်"

"နေပါဦးဗျာ။ စိတ်မပူပါနဲ့၊ အခုအောက်မှာ သောင်းကျန်းနေတဲ့ကောင်တွေက ချီးဗရိန်းတွေပါ။ Kira ဟာ မကောင်းမှုတွေ ဖယ်ရှားပြီး လောကကြီးကောင်းအောင် လုပ်ပေးမယ့်သူလို့ ယုံတဲ့လူတွေ ရှိပါတယ်။ ဒါပေမယ့် အောက်က လူအုပ်ထဲမှာ သူတို့မပါဘူး။ ဒီကောင်တွေက ပွဲဆူတုန်း ၀င်ကြဲချင်တဲ့ကောင်တွေ၊ ဘယ်သူဘာဖြစ်ဖြစ် ကိုယ်လုပ်ချင်ရာ လုပ်ရပြီးရော ဆိုတဲ့ကောင်တွေ၊ အလကားကောင်တွေဗျ"

"ဟုတ်ပါပြီ။ ဘာကောင်တွေပဲဖြစ်ဖြစ်ကွာ၊ ပြေးမှတော့ ဖြစ်လိမ့်မယ်"

"ပြေးတာပေါ့ဗျာ။ ဒါပေမယ့် စိတ်ဝင်စားစရာလေးဖြစ်အောင်တော့ လုပ်လိုက်ဦးမှ"

မကြာမီ SPK ဌာနချုပ်အဆောက်အဦ အပေါ်ထပ်မှ များပြားစွာသော အမေရိကန် ဒေါ်လာများ ၀ဲပျံကြလာသည်ကို တွေ့ရတော့သည်။

"ဟာ ပိုက်ဆံတွေ!!! ပိုက်ဆံတွေ"

"ဟေ့ အများကြီးပဲကွ၊ ဖမ်းကြ ကောက်ကြ!!"

"ဟေ့ကောင် မတွန်းနဲ့ကွ။ ဟေ့ အဲဒါ ငါ့ပိုက်ဆံ"

လူအုပ်ကြီးကား SPK ကို စိတ်မ၀င်စားတော့။ တဖွဲဖွဲကျလာနေသည့် ပိုက်ဆံများကိုသာ သဲသဲမဲမဲ အလုအယက် ဖမ်းသူဖမ်း၊ ကောက်သူကောက် တိုးဝှေ့တွန်းထိုးလျက် ဖြစ်နေကြတော့သည်။

ရဟတ်ယာဉ်ပေါ်မှ ဒါရိုက်တာကြီး Demegawa ကိုယ်တိုင်ပင် ပါးစပ်အဟောင်းသား။

"ဟာ အများကြီးပဲကိုး။ ကိုယ်တိုင်အဲဒီမှာ ရှိနေချင်လိုက်တာ"
TV မှကြည့်နေသည့် Matsuda ပင် မနေနိုင် မထိုင်နိုင် ထုတ်ပြောမိတော့သည်။

"မင်းတို့လူတွေဟာ တော်တော်စိတ်ဝင်စားစရာ ကောင်းတာပဲကွ။ အေးလေ ပန်းသီးကို ပိုက်ဆံနဲ့မှ ၀ယ်လို့ရတာဆိုတော့ ဒီလိုဖြစ်ကြတာ သဘာဝကျပါတယ်လေ"
Ryuk ကလည်း အားကျမခံ မှတ်ချက်ဝင်ပေးလေသည်။

Light ကားအခြေအနေကို ရိပ်မိပြီး စိုးရိမ်စပြုနေလေပြီ။
.... ဒီကောင်တွေ လွတ်ထွက်သွားတော့မှာပဲ။ ဒါပေမယ့် Demegawa က TV camera နဲ့ဆက်ရိုက်နေသရွေ့တော့ ပြဿနာ မရှိသေးပါဘူး ....

သို့သော် သူ့မျှော်လင့်ချက်မှာ ခဏချင်း ပျက်ပြယ်သွားတော့သည်။
Demegawa ကား camera ကိုစိတ်မ၀င်စားတော့။ ရဟတ်ယာဉ်ပေါ်မှပင် ပိုက်ဆံများကို လက်လှမ်းမှီသမျှ ဖမ်းဆွဲနေလေပြီ။
"ဟေ့ဟေ့ ဟိုရှေ့ကိုသွားလေ။ ပိုက်ဆံတွေ ထွက်ကျနေတဲ့ အပေါက်အောက်ကို သွားပါကွ"
သူကား လောဘတက်ခြေပြီ။

မကြာမီပင် အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ အဆောက်အဦးကို ၀န်းရံ၍ နောက်ထပ် ပျက်စီးဆုံးရှုံးမှုများမဖြစ်ရန် ကာကွယ်လိုက်ကြတော့သည်။

အဆောက်အဦးအတွင်းနှင့် အပြင်တွင် ရာပေါင်းများစွာသော ရဲများ ၀င်လိုက်ထွက်လိုက်ဖြင့် ရှုပ်နေတော့သည်။ အဓိကရုဏ်းနှိမ်နင်းရေး တပ်ဖွဲ့ဝင်များဖြစ်၍ အားလုံးမှာလည်း ခေါင်းဆောင်းများနှင့်။

Near တို့တဖွဲ့လုံး ရဲဝတ်စုံများဝတ်၊ ခေါင်းဆောင်းများဆောင်းကာ ရောယောင်ထွက်သွားသည်ကို မည်သူမျှ သတိမမူမိတော့ပေ။

Light ကား ကြိတ်မနိုင်ခဲမရ ဖြစ်နေတော့သည်။

ထိုနေ့ည Light တို့ တဖွဲ့လုံး ၀ိုင်းထိုင် စကားပြောနေစဉ်
"တီတီ"

ကွန်ပျူတာတွင် "N" ဆိုသော စာလုံးပေါ်နေသည်။
"Near ပါလား"
အားလုံးလိုလို နားကြပ်များတပ် နားထောင်ကြတော့သည်။

"Near ပါပဲ။ စိတ်ချရတဲ့ ဖုန်းလိုင်းရရခြင်း ဆက်လိုက်တာ"

"ဒါဖြင့် မင်းတို့ ကောင်းကောင်းမွန်မွန်ပဲပေါ့"
Light ကမေးသည်။

Near ကားမဖြေ။
"စုံစမ်းရေးကလူတွေ အားလုံးနားထောင်ပါ။ ကျနော်ယူဆသလို ခင်ဗျားတို့လည်း ခင်ဗျားတို့ထဲမှာ Kira ရှိနေတယ်လို့ သံသယရှိနေမှာပါပဲ။ အဲဒီ Kira ဟာ ဒုတိယ L များလားလို့ သံသယ၀င်နေရင်တော့ ပိုကောင်းသပေါ့။ ကျနော်တို့ အရင်လိုင်းတွေကို ပြန်ဆက်ပြီးသွားပြီ။ အရင်အတိုင်းပဲ ကျနော်တို့ကို ဆက်သွယ်လို့ရတယ်။ ခင်ဗျားတို့ ဆက်သွယ်လာမှာကို ကျနော် စောင့်နေပါ့မယ်"
ပြောပြောဆိုဆို အဆက်အသွယ် ဖြတ်သွားတော့သည်။

"တော်တော် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ကောင်ပဲ။ ဒီ Near ဆိုတဲ့ကောင်လည်း ခပ်ထက်ထက်ပဲနော်"
Matsuda ကောက်ချက်ချမိသည်။

Light မတ်တပ်ထလိုက်ပြီး
"ကဲ.. Near နဲ့ဆက်သွယ်ချင်တဲ့သူတွေ လွတ်လွတ်လပ်လပ်ဆက်သွယ်ပါ။ အခုအခြေအနေကြီးကို ကျနော်ကိုယ်တိုင်လည်း မကြိုက်ဘူး။ SPK နဲ့ ပေါင်းအလုပ်လုပ်တာ အကောင်းဆုံးပဲလို့ ကျနော်ထင်ပါတယ်"

.... ဘယ်သူပဲ Near ကိုဆက်သွယ် ဆက်သွယ် အကြောင်းမဟုတ်ဘူး။ ပြဿနာက အဲဒီနောက်မှ စမှာ ....
Light တယောက်တည်း စဉ်းစားနေသည်။

.... ရဲချုပ်ကတော့ Light ကို လုံးလုံးကို သံသယ မရှိခဲ့ဘူး။ ဒါပေမယ့် ..... ဟူး....... ငါ့မှာသမီးနဲ့၊ မိန်းမနဲ့။ ....
Aizawa မှာလည်း တယောက်တည်း စဉ်းစားနေသည်။

Near ဆီသို့ ဖုန်းဝင်လာသည်။
"ဂျပန် စုံစမ်းရေးဌာနချုပ်က Aizawa ပါ"

သေမင်းစာအုပ် လျှို့ဝှက်ချက်

သေမင်းစာအုပ်ကို စွန့်လွှတ်ပြီး တဖန်ပြန်လည် ပိုင်ဆိုင်ရသည်နှင့် သေမင်းစာအုပ်နှင့် ပတ်သက်သမျှ အကြောင်းအရာများအားလုံး မှတ်မိမည်။ အကယ်၍ စာအုပ် တအုပ်ထက်ပို၍ ပိုင်ဆိုင်ခဲ့ဖူးလျင် မည်သည့်စာအုပ်ကို ပြန်လည်ပိုင်ဆိုင်သည်ဖြစ်စေ၊ စာအုပ်တိုင်းနှင့် ပတ်သက်သော အကြောင်းအရာများ မှတ်မိလာမည် ဖြစ်သည်။

သေမင်းစာအုပ်ပြန်လည်ပိုင်ဆိုင်ခြင်းမဟုတ်ဘဲ စာအုပ်ကို ထိတွေ့ယုံ ထိတွေ့သည် ဆိုလျင်လည်း စာအုပ်ပိုင်ဆိုင်သကဲ့သို့ပင် ပြန်လည်မှတ်မိမည် ဖြစ်သည်

No comments:

Post a Comment