ရဲချုပ်စားပွဲရှေ့တွင် နှုတ်ထွက်စာများကိုင်၍ ၀န်ထမ်းများ ရပ်နေကြသည်။
"ဘယ်လိုဖြစ်ကြတာလဲကွာ"
စိတ်မသက်မသာနှင့် ရဲချုပ်က မေးတော့
"ဆရာ.. Kira ကသူနဲ့ မသိမကျွမ်းဖူးတဲ့လူတွေကို ထူးထူးဆန်းဆန်း အတတ်ပညာတွေနဲ့ သတ်နေနိုင်တယ်လေ။ ကျနော်တို့ မသေချင်သေးဘူးဆရာ"
"ကျနော်သာ Kira ဆိုရင် ကျနော့်ကို လိုက်ရှာပြီး ဖမ်းဖို့ ကြိုးစားနေတဲ့လူတွေကို ကျနော် ရှင်းပစ်မှာပဲလေ၊ မိသွားရင် သူကြိုးစင်တက်ရမှာကိုး"
"ပြီးတော့ L ကလည်း Kira ကို သတ်နိုင်ရင် သတ်စမ်းပါလို့သာ စိမ်ခေါ်တာ၊ သူ့ရုပ် နဲ့ သူ့နာမည် ဘယ်သူမှ ပေးသိတာမှ မဟုတ်တာ။ L စုံစမ်းခိုင်းတဲ့ကိစ္စကို စုံစမ်းတော့ အသတ်ခံလိုက်ရတဲ့ လူတွေအကုန်လုံးဟာ နာမည်ရော မျက်နှာရော သတင်းစာ၊ အင်တာနက်၊ TV တခုမဟုတ်တခုမှာ ပါခဲ့ကြတဲ့လူတွေချည်းပဲ။ ကျနော်တို့ ရဲတွေ အားလုံးကတော့ နာမည်ရော ဓာတ်ပုံရော ရဲကတ်ပြားမှာ ပါပြီး အချိန်တိုင်းထုတ်ပြနေကြရတာ။ Kira လက်ချက် ဘယ်တော့မိမလဲပဲ"
"ဒါတွေကြောင့်ပဲ ကျနော်တို့ကို အလုပ်ထွက်ခွင့်ပေးဖို့၊ ဒါမှမဟုတ် တခြား အမှုတခုမှာ တာဝန်ပေးဖို့ တောင်းဆိုရတာပါ ဆရာ"
အခြားတဖက်တွင်ကား FBI စုံထောက်များ L ၏ တောင်းဆိုမှုဖြင့် ဂျပန်နိုင်ငံတွင်းသို့ တိတ်တဆိတ် ရောက်ရှိလာခဲ့ပြီးဖြစ်၏။ သူတို့၏ တာဝန်ကား Kira အမှုနှင့်ပတ်သက်၍ တာဝန်ထမ်းဆောင်နေသော ၁၄၁ ယောက်သော ဂျပန်ရဲတပ်ဖွဲ့ဝင်တို့နှင့် သူတို့နှင့် နီးစပ်သူများအား စောင့်ကြည့်လေ့လာရန်ဖြစ်တော့သည်။
L ၏အတွေးထဲတွင်ကား..
....ဒီလူ ၁၄၁ ယောက်ထဲက တယောက်၊ ဒါမှမဟုတ် သူတို့နဲ့ သိပ်ကို ရင်းနှီးနီးစပ်တဲ့ တယောက်ယောက်ဟာ ကျိန်းသေ Kira ပဲ......
Light ၏ အိမ်အပြန်လမ်းတွင်..
"Light ငါ စကားနည်းနည်းတော့ ပြောမှဖြစ်မယ်"
"ကျုပ်အခန်းထဲက လွဲလို့ အပြင်မှာ ကျုပ်ကို စကားလာလာမပြောပါနဲ့လို့ ကျုပ် ခင်ဗျားကို ဘယ်နှစ်ခါ ပြောရမလဲဗျ"
"အေး..ငါကတော့ ပြောကို ပြောမှာပဲ။ မင်း နားမထောင်ချင်ရင် နားပိတ်ထားလိုက်။ မင်းအပေါ်ငါ မကြိုက်တဲ့အချက် ဘာမှမရှိဘူး Light။ ငါ့သေမင်းစာအုပ်ကို မင်း ကောက်ရတာကိုလည်း ငါကျေနပ်တယ်ကွ။ ဘာလို့လဲဆိုတော့ အဲဒီကောက်ရတဲ့လူနား ငါက တချိန်လုံး လိုက်နေရတော့မှာကိုး။ အေး..တချိန်လုံးဆိုတာ စာအုပ်ကုန်သွားတဲ့အချိန်၊ ဒါမှမဟုတ် မင်းသေသွားတဲ့ အချိန်ထိပေါ့ကွာ။ ဒါပေမယ့် L နဲ့ မင်းနဲ့ ကိစ္စမှာတော့ ငါက ဘယ်ဘက်မှာမှ နေမှာမဟုတ်ဘူးနော်"
"ခင်ဗျား ဘက်လိုက်မှာ မဟုတ်ဘူးဆိုတာ ကျုပ်သိပါတယ် Ryuk"
"ဟုတ်ပြီ။ ဒါ့ကြောင့် မင်းလုပ်နေတာတွေ မှန်သလား မှားသလားလဲ ငါဘာမှ ပြောမှာ မဟုတ်ဘူး။ အဲ..တခါတလေမှာတော့ မင်းရဲ့ အခန်းဖော်တယောက်အနေနဲ့ ငါ့မှာ ပြောစရာလေးတွေ ရှိလာတယ်ကွာ"
"ဘယ်လိုဖြစ်နေတာလဲ Ryuk ရဲ့။ ဘာလို့ ဒါတွေ လာပြောနေတာတုန်း။ ခင်ဗျား ဒီလောက် စကားတွေ အများကြီး ပြောလေ့မရှိပါဘူး"
"မင်း နားလည်မှု လွဲမှာစိုးလို့ အကုန်လိုက်ရှင်းနေရတာကွ။ ငါအခုပြောမှာက Kira ရဲ့ မိတ်ဆွေ၊ သူငယ်ချင်း၊ မဟာမိတ်တယောက်မို့လို့ ပြောတယ်လို့ ထင်မှာစိုးလို့။ ပြဿနာက ငါ့ပြဿနာပေမယ့် မင်းနဲ့ဆိုင်နေတယ်လေ"
"ကဲ..ခပ်မြန်မြန် လိုရင်းကို ပြောစမ်းပါဗျာ။ လေရှည်လိုက်တာ"
"ဟဲဟဲ.. မင်းနောက်ကို လူတယောက် လိုက်ချောင်းနေတာ ကြာပြီကွ"
Light ခြေလှမ်းတုန့်ကနဲဖြစ်သွားပြီးမှ ဟန်မပျက်ဆက်လျှောက်သွားသည်။
Ryuk ကဆက်ပြောလာသည်။
"သူကတော့ ငါ့မမြင်ဘူးပေါ့ကွာ။ ဒါပေမယ့် ငါက မင်းနောက် တကောက်ကောက် လိုက်နေရတဲ့ကောင်ဆိုတော့ ငါ့ကိုပဲ စောင့်ကြည့်နေသလိုလိုနဲ့ ငါ့မှာ နောက်ကျောမလုံဘူးလိုလိုကြီးကွ။ ငါမကြိုက်ဘူး"
"အင်း..ဖင်ကြားခဲခုနေသလိုပေါ့ Ryuk။ စိတ်မပူပါနဲ့ ခင်ဗျား စိတ်သက်သာအောင် ကျုပ် ရှင်းပေးပါ့မယ်လေ"
Light စဉ်းစားရပြီ။
....ဒီကောင် ဘယ်ကကောင်လဲ။ L ကပဲ ဂျပန်ရဲတွေကို စောင့်ကြည့်နေပြီလား။ စောင့်ကြည့်ပြီဆိုရင်လည်း လူတွေ တပုံကြီးကို ကြည့်ရမှာ။ ဒီလောက် လူတွေ အများကြီးထဲမှာ ငါ့ကို သံသယရှိဖို့ဆိုတာ လုံးဝ မဖြစ်နိုင်သလောက်ပဲ။ ငါ့ကို သာမန်ကျောင်းသားတယောက်လို့ပဲ မြင်မှာပဲ။ ဒါပေမယ့် ဒီလို စောင့်ကြည့်တဲ့ကိစ္စ လနဲ့ချီပြီး ကြာမယ်ဆိုရင်တော့ ပြဿနာရှိလာနိုင်တယ်။ အရင်ဆုံးတော့ ဒီလူ ဘယ်သူလဲဆိုတာ ငါသိအောင်လုပ်ရမယ်။ ပြီးရင် သူ့ကို ရှင်းလိုက်လို့ ရပြီ........
Light တွေးနေသည်ကို စောင့်ကြည့်နေသည့် Ryuk က စကားစသည်
"Light.. မင်းသဘောကျမှာလေးတခု ငါပြောပြမယ်။ ငါတို့ သေမင်းတွေနဲ့ မင်းလို သေမင်းစာအုပ် ရထားတဲ့ လူတယောက်နဲ့မှာ အဓိက ကွာခြားချက် နှစ်ခု ရှိတယ်ကွ။ ငါတို့တတွေ သေမင်းစာအုပ်ထဲ ဘာလို့ နာမည်တွေ ရေးထည့်သလဲ မင်းသိလား "
"အရူးလား..ကျုပ်က ဘယ့်နှယ်လုပ် သိရမလဲ။ ခင်ဗျား ဒီနေ့ တော်တော် စကားများတယ်ဗျာ"
"နာမည်ရေးထည့်တာက တခြားမဟုတ်ဘူးကွ။ လူတယောက်သတ်လိုက်တိုင်း ငါတို့တွေက သက်တမ်းပိုတိုးလာလို့ပဲ"
"ဟင်...သက်တမ်းတိုးလာတယ်"
"အေး..ဆိုပါစို့ကွာ။ ပုံမှန် အသက် ၆၀ နေရမယ့် လူတယောက်ကို အသက် ၄၀ မှာ သတ်လိုက်ရင် ကျန်တဲ့ လူ့သက်တမ်း ၂၀ ကို ငါတို့ သေမင်းသက်တမ်းအဖြစ် ပြောင်းပြီး ရတယ်ကွ။ ပြီးတော့ ငါတို့ သေမင်းတွေကို မင်းဟာမင်း ဓားနဲ့ပဲ ထိုးထိုး၊ သေနတ်နဲ့ပဲ ပစ်ပစ် သတ်လို့ မရဘူး။ အဲ..မင်းတို့ လူတွေကတော့ သေမင်းစာအုပ်ထဲ နာမည် ရေးပြီးသွားပြီဆိုရင် ဘယ်လိုမှ သက်တမ်းမတိုးနိုင်တော့ဘူး။ သေကိုသေရတော့မှာပဲ။ ဒါက ပထမ ကွာခြားချက်ပေါ့ကွာ။ "
"သြော်..မဆိုးပါဘူး။ သေမင်းအကြောင်း ကျုပ်မသိသေးတာလေးတွေ သိရတာပေါ့။ စိတ်ဝင်စားစရာ ကောင်းသားပဲ"
"နောက်တခုကို မင်းပိုတောင် စိတ်ဝင်စားလိမ့်ဦးမကွ။ ဒီတခုကတော့ သက်တမ်းတိုးတဲ့အကြောင်းမဟုတ်ဘူး။ သက်တမ်းတိုတဲ့အကြောင်းပဲ။ ငါတို့ သေမင်းတွေဆိုတာ လူတယောက်ကို ကြည့်လိုက်ယုံနဲ့ အဲဒီလူရဲ့ သက်တမ်းနဲ့ နာမည်ကို တမ်းသိတာပဲကွ။ ဘာလို့လဲသိလား။ သေမင်းမျက်လုံးကြောင့်ပဲ။ မင်းခေါင်းပေါ်မှာ နာမည်ရယ်၊ မင်းနေရမယ့် သက်တမ်းရယ် ငါတို့ မြင်နေရတယ်လေ"
Light တော်တော် အံ့သြသွားသည်
"နာမည်ရော သက်တမ်းရော မြင်ရတယ်.."
"အေး..မင်းဘယ်လောက် အသက်ရှည်မလဲ ဆိုတာလည်း ငါသိတယ်။ ဒါပေမယ့် Light၊ ငါ အခု စကားတွေ ဟောင်ဖွာဟောင်ဖွာ ပြောပေမယ့် မင်းသက်တမ်းကိုတော့ ငါဘယ်တော့မှ ပြောပြမှာမဟုတ်ဘူး။ ဒီမျက်လုံးတွေကြောင့်ပဲ ငါတို့သေမင်းတွေဟာ သတ်ချင်တဲ့လူကို သတ်လို့ရနေတာပေါ့ကွာ"
Ryuk ကမရပ်သေး။ ဆက်ပြောပြန်သည်။
"တခုတော့ ရှိတယ်ကွ။ သေမင်းစာအုပ် ပိုင်ရှင် သေမင်းနဲ့ အဲဒီစာအုပ် ကောက်ရတဲ့ လက်ရှိပိုင်ရှင်လူနဲ့ ကြားမှာ အပေးအယူ လုပ်လို့ရတာလေးရှိတယ်။ အဲဒါကတော့...... အဲဒီလူကို သေမင်းမျက်လုံး ပိုင်ဆိုင်ခွင့် ပေးဖို့ပဲ"
"အပေးအယူ လုပ်ရမယ်..."
"သေမင်းမျက်လုံးရဲ့ တန်ဖိုးကတော့ ................ မင်းရဲ့ လက်ကျန်အသက်ရဲ့ တ၀က်ပဲ။ ရှင်းပါတယ်နော်..မင်း နောက်ထပ် နှစ် ၅၀ နေရဦးမယ်ဆိုရင် ၂၅ နှစ်ပေါ့။ ၁ နှစ်ပဲ ကျန်တော့ရင် ၆ လပေါ့။ ငါတို့က နည်းတယ် များတယ် သဘောမထားပါဘူးလေ"
"သဘောကတော့ ခင်ဗျားဟာ ကျုပ် ဘက်ကလဲမဟုတ်၊ L ဘက်ကလဲ မဟုတ်တဲ့အတွက် ကျုပ်သတ်ချင်တဲ့ လူရဲ့ နာမည်ကို လုံးဝ ပြောပြမှာ မဟုတ်ဘူး။ အရှင်းဆုံးပြောရရင် ကျုပ်ကို လုံးဝ ကူညီမှာ မဟုတ်ဘူးပေါ့"
"မှန်တယ်။ ဒါကလည်း သေမင်းတိုင်းပြည်ရဲ့ ဥပဒေတခုပဲ။ အဲဒီတော့ မင်းငါ့ကို လက်ကျန် သက်တမ်းတ၀က်ပေးရင် သေမင်းမျက်လုံး မင်းရမယ်"
"ဒီမျက်လုံး ရရင် ကျုပ်သတ်ချင်တဲ့လူကို သတ်လို့ရပြီပေါ့..ဟားဟားဟား..