စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Sunday, February 23, 2014

သေမင်းစာအုပ် (၃)

ညဥ့်နက်လှပြီ။ လူတော်တော်များများ အိပ်စက်ကုန်ကြပြီဖြစ်သော်လည်း ဂျပန်ရဲတပ်ဖွဲ့ အဆောက်အဦးအတွင်းတွင်မူ မီးများထိန်ထိန်ညီးလျက်။

'အထူးစုံစမ်းထောက်လှမ်းရေး ဌာနချုပ် (ဒုစရိုက်သမားများ အစုလိုက်အပြုံလိုက် အသတ်ခံရမှု)' အစည်းအဝေးခန်းတွင်း
ICPO အစည်းအဝေး တက်ရောက်ခဲ့သည့် ဂျပန်ရဲချုပ်က
"ကဲ..အမှုအခြေအနေ နောက်တခေါက် ပြန်ဆွေးနွေးကြဦးစို့"

တဦးက စတင် အစီရင်ခံသည်။
"လက်ရှိအချိန်ထိ ဒီအမှုနဲ့ပတ်သက်ပြီး လူထုဆီကနေ ဖုန်းခေါ်တဲ့အကြိမ်ပေါင်း ၃၀၂၉ ခေါက်ရှိပါပြီ။ အများအားဖြင့်တော့ စပ်စုတဲ့လူတွေများပါတယ်။ ဒါပေမယ့် Kira ကို သိတယ်၊ တွေ့ဖူးတယ်လို့ ပြောတဲ့လူ ၁၄ ယောက်ပါနေပါတယ်။ သူတို့ ပြောပြတဲ့ Kira ရဲ့ ရုပ်ရည်အသေးစိတ်ကျနော့် ဆီမှာရှိပါတယ်။ ဒါပေမယ့် ယုံကြည်စိတ်ချရတဲ့ သတင်းပေးချက် တခုမှ မပါဘူးဆိုတာတော့ အသေအချာပါပဲ။ ကိုယ့်ကိုယ်ကို Kira ပါဆိုပြီး ကျနော်တို့ဆီ ဖုန်းဆက်တဲ့ လူလည်း ၂၁ ယောက်တောင်ရှိပါတယ်။"

ရဲအရာရှိများကား ခေါင်းခြောက်နေကြလေပြီ။
"မဖြစ်နိုင်ဘူးလို့ ထင်ပေမယ့် ဘယ်လောက်ပဲ သေးတဲ့သဲလွန်စဖြစ်ဖြစ် ရလိုရငြား သူတို့ ထွက်ဆိုချက်တွေအားလုံးလဲ မှတ်တမ်းတင်ထားပါတယ်"

"အေး..ဟုတ်ပါပြီ။ အသတ်ခံရတဲ့ လူတွေအကြောင်း အစီရင်ခံကြပါဦး"

နောက်တယောက်က ထ၍
"အသတ်ခံရတယ်လို့ ကျနော်တို့ သံသယရှိတဲ့ လူအားလုံးနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေ ရထားပြီးပါပြီ။ L အဓိက သိချင်တဲ့ သေဆုံးချိန်နဲ့ ပတ်သက်ပြီး အစီရင်ခံပါရစေ။ သေဆုံးမှုတွေဟာ ကြားရက်တွေမှာဆိုရင် ဂျပန်စံတော်ချိန် ညနေ ၄ နာရီကနေ မနက် ၂ နာရီအတွင်းဖြစ်ပြီး ည ၈ နာရီနဲ့ သန်းခေါင် အချိန်အတွင်းမှာ ၆၈ % သေဆုံးပြီး အများသေဆုံးလေ့ရှိတဲ့အချိန်အဖြစ်တွေ့ရပါတယ်။ စနေ၊ တနင်္ဂနွေနဲ့ အစိုးရ ရုံးပိတ်ရက်တွေမှာ သေဆုံးချိန်ဟာ နေ့လည် ၁၁ နာရီကနေ သန်းခေါင်အချိန်ကြား ဖြစ်ပါတယ်။"

အစည်းအဝေးခန်းအတွင်း ထိုင်နေသည့် Watari ၏ရှေ့ တင်ထားသည့် Laptop မှတဆင့် L ၏အသံထွက်လာသည်။
"စိတ်ဝင်စားစရာပဲ။ သေဆုံးချိန်တွေအရဆိုရင်တော့ Kira ဟာ ကျောင်းသားတယောက်ဖြစ်ဖို့များတယ်"

ရဲချုပ် နည်းနည်း မျက်ခုံးမြင့်သွားသည်။

"ဒါက သီအိုရီ အရပြောတာပါ။ ဒုစရိုက်သမားတွေကိုချည်းပဲ သတ်နေတာ ကြည့်ခြင်းအားဖြင့်တော့ သူဟာ တရားမျှတမှုကို အလွန်လိုလားကိုးကွယ်တဲ့ လူတယောက်ဖြစ်မယ်လို့ ကောက်ချက်ချလို့ရတယ်။ တရားဥပဒေရဲ့ ဆုံးဖြတ်ချက်ကို မယုံကြည်ပဲ သူ့ဟာသူ ဆုံးဖြတ်လုပ်ကိုင်နေတာဖြစ်လို့ သူဟာ ဘယ်သူမှ အံမတုနိုင်တဲ့ လူတယောက် တနည်းအားဖြင့် God ဖြစ်ဖို့ ကြိုးစားနေတဲ့လူ ဖြစ်လိမ့်မယ်။ ရှင်းရှင်းပြောရရင်တော့ ကလေးကလား နိုင်တဲ့ စိတ်ဓာတ်ပဲ။ ကျနော်တို့ဟာ ဖြစ်နိုင်တဲ့ အခြေအနေအားလုံးကို စဉ်းစားရမှာ ဖြစ်လို့ ကျောင်းသားလူငယ်တယောက် မဖြစ်နိုင်ပါဘူးကွာ ဆိုပြီး လိုရာဆွဲ မတွေးကြဖို့ ပြောပါရစေ။"

"ကဲ..ဘယ်သူ ဘာတင်ပြစရာ ရှိသေးလဲဟေ့"

Matsuda ထလာသည်။
"ကျနော် တခုပြောပါရစေ။ Kira ကို အကောင်းပြောတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အခုတလော တကမ္ဘာလုံးမှာ အထူးသဖြင့် ဂျပန်မှာ ဒုစရိုက်မှုတွေ သိသိသာသာ ကျဆင်းလာတယ်ဆိုတာပါ"

ရဲချုပ်က
"အင်းလေ..ဒါမျှော်လင့်ပြီးသားပါ...."

L ဆက်ပြောသည်။
"ကျနော်တခုထပ် တောင်းဆိုပါရစေ။ အသတ်ခံလိုက်ရတဲ့ လူတွေရဲ့ သတင်းကို ဂျပန် သတင်းစာ TV အင်တာနက်သတင်းတွေမှာ ဘယ်လို ဖော်ပြခဲ့သလဲ၊ သူတို့ရဲ့ မျက်နှာတွေကို ထည့်သွင်းဖော်ပြခဲ့သလားဆိုတာ စစ်ဆေးပေးပါဦး။ ကျေးဇူးတင်ပါတယ်။"

Light သည် သူ၏ ညီမအား စာပြပေးနေစဉ်
"ဟော..ဖေဖေပြန်လာပြီ။ ထမင်းစားပြီးမှ စာဆက်လုပ်တော့မယ် ကိုကိုရာ"
ဟု ပြောပြောဆိုဆို ထထွက်သွားလေသည်။

Ryuk က
"တယ်ဟုတ်ပါလား Light။ မင်းက ဘာမှ လုပ်စရာ မရှိတဲ့ပုံနဲ့ မင်းညီမကို အေးအေးဆေးဆေး စာပြနေလိုက်တာ"

"ကျုပ်က ယုံကြည်မှုရှိတယ်လေ။ ရဲတပ်ဖွဲ့နဲ့တောင် ပြိုင်ချနိုင်တယ်လို့ ကျုပ်ကိုယ်ကျုပ် ယုံကြည်ပြီးသားဗျ"

ထမင်းစားနေသည့် ရဲချုပ် အနီးသို့ Light ရောက်လာကာ
"ပြန်ရောက်ပြီလား အဖေရ"
ဟု နှုတ်ခွန်းဆက်လိုက်သည်။

နောက်နေ့ မိသားစု မနက်စာ စားချိန်တွင် ရဲချုပ်က
"Light ကျောင်းမှာ ဘယ်လိုလဲကွ"

"ဟင်..အရင်အတိုင်းပဲပေါ့ ဖေဖေရာ"

Sayu ဖြတ်ပြောလိုက်သည်။
"ကိုကိုက ခုလည်း ထိပ်ဆုံးပဲလေ"

အမေကလည်း
"ဟုတ်ပ..ငါ့သားအတော်လေးပါတော်'

"ဖေဖေ့ ကြည့်ရတာ တော်တော်ကို ပင်ပန်းနေပုံပဲ"
Light ကပြောတော့

"အေးကွာ။ ဒီအမှုက တော်တော်ရှုပ်တာကလား"

Light အခန်းထဲတွင် ကွန်ပျူတာရှေ့ အလုပ်ရှုပ်နေသည်။

Ryuk က
"Light မင်းအဖေက ရဲချုပ်ဆိုတော့ မင်းတော်တော်အဆင်ပြေနေတာပေါ့။ ဘယ်သူမှ မင်းကို မသင်္ကာဖြစ်မှာ မဟုတ်လောက်ဘူး။"

"အမှန်ပဲ။ ကျုပ်က အဖေ့ ကွန်ပျူတာကိုလည်း hack လုပ်ထားတယ်။ အဲဒီတော့ ဒီအမှုနဲ့ ပတ်သက်လို့ ဘာတွေ ဆွေးနွေးထားတယ်၊ ဘာတွေဆက်လုပ်ဦးမယ်၊ အားလုံးကို ကြိုပြီး သိနေတော့တာပေါ့။ ကဲ..ဒီမှာကြည့်စမ်းပါဦး။ ရဲတွေက Kira ဟာ ကျောင်းသားတယောက်ဖြစ်မယ်လို့ သံသယတော့ ၀င်နေပြီဗျို့"

"ဟဲဟဲ..မင်းတော့ ကံဆိုးပြီနဲ့ တူတယ် Light"

အတန်ငယ် စဉ်းစားပြီးနောက်

"နေစမ်းပါဦး Ryuk ရ။ ဘယ်လို သေရမယ်လို့ မရေးရင် နှလုံးရောဂါနဲ့ စက္ကန့် ၄၀ အတွင်းသေမယ်။ တခြားနည်းနဲ့ သေခိုင်းရင် အသေးစိတ် အချက်အလက်ရေးဖို့ နောက်ထပ် ၆ မိနစ် စက္ကန့် ၄၀ ရမယ်နော်"

"အေးလေ..အဲဒါဘာဖြစ်တုံး"

"ဘာဖြစ်လဲဆိုတော့ ခင်ဗျားစာအုပ်က နှလုံးရောဂါမဟုတ်ဘဲ တခြားနည်းနဲ့ သေရမယ်ဆိုမှသာ ၆ မိနစ် စက္ကန့် ၄၀ ပိုပေးတာကိုး။ နှလုံးရောဂါနဲ့ သေရမယ်လို့ ရေးလိုက်ရင် ဘယ်လောက်ပိုပေးမယ် ဆိုတာမှ မရေးထားပဲ။ သဘောက ကျုပ်က နှလုံးရောဂါနဲ့ သေရမယ်လို့ ရေးထည့်လိုက်ရင် ဘယ်အချိန် သေရမယ်လို့ပါ ကြိုတင်သတ်မှတ်လို့ ရတယ်ဆိုတဲ့သဘောပေါ့သေမင်းရဲ့"

ရက်အနည်းငယ်ကြာသော်...
ရဲဌာနချုပ် အစည်းအဝေးခန်းတွင်း..
"ဘာ! မနေ့က တရက်တည်း ၂၃ ယောက်!"

"ဟုတ်ပါတယ် ရဲချုပ်"

"ဟ..တနေ့ကလည်း ၂၃ ယောက်ပဲ။ ဘယ်လိုဖြစ်တာလဲ။ သေတာကလည်း တယောက်နဲ့ တယောက် တနာရီ တိတိခြားပြီး သေနေကြတယ်"

"နှစ်ရက်ဆက်တိုက်။ ပြီးတော့ ကြားရက်တွေချည်းပဲ"

"ဒါဆို ကျောင်းသားမဖြစ်နိုင်ဘူးဆိုတဲ့ သဘောပေါ့"

"ဟာ.. ၂ ရက်လောက်ကတော့ ဘယ်သူမဆို ကျောင်းလစ်လို့ ရတာချည်းပဲပေါ့"

တယောက်တပေါက် ပြောဆို ငြင်းခုန်ကြလေပြီ။

"ကျောင်းသား မဖြစ်နိုင်ဘူးဆိုတာလည်း ဖြစ်နိုင်ပါတယ်"
L ၏အသံ။

"ဒါပေမယ့် Kira ပြောချင်တာ အဲဒါမဟုတ်ဘူး။ သူဘာလို့ လူတွေကို တနာရီခြား သတ်နေသလဲ။ သေတဲ့လူတွေအားလုံး ဘာဖြစ်လို့ ထောင်သားတွေချည်းဖြစ်ရတာလဲ။ ထောင်သားတွေသေတယ်ဆိုတာနဲ့ ဘယ်အချိန်သေတယ်ဆိုတာ ကျနော်တို့ ချက်ချင်းသိမယ်လေ။ သဘောကတော့ သူဟာ ဘယ်အချိန်မှာ သေရမယ်ဆိုတာလည်း သတ်မှတ်နိုင်စွမ်းရှိတယ်ဆိုတာ ကျနော်တို့ကို တမင်အသိပေးလိုက်တာပဲ "

အစည်းအဝေးခန်းတခုလုံး ပါးစပ်အဟောင်းသားနှင့် အံ့သြထိတ်လန့်ကုန်ကြ၏။

"တခုပဲ။ ကျနော်တို့က Kira ဟာ ကျောင်းသားတယောက်ဖြစ်နိုင်တယ်လို့ ယူဆလိုက်ပြီးပြီးချင်းမှာပဲ ဒီအယူအဆကို ဆန့်ကျင်မယ့် လူသတ်မှုတွေဖြစ်လာတယ်။ ဒါ တိုက်ဆိုင်မှုလား။ မဟုတ်ဘူး။ ရဲတွေချည်းပဲ သိမယ့် သတင်းအချက်အလက်တွေကို Kira တနည်းနည်းနဲ့ သိနိုင်စွမ်းရှိနေတယ်"
........ဒါ ငါ့ကို တိုက်ရိုက်စိန်ခေါ်လိုက်တာပဲ........

Light ၏ အိမ်အပြန်လမ်းတွင်
"ကျုပ်ပြောရဲတယ်၊ ခုလောက်ရှိ L တယောက် ရွာလည်နေလောက်ပြီ။ ကျုပ်မှာ ဒီလိုအခြေအနေတွေမှာ သုံးဖို့ နောက်ထပ် လူ၅၀ လောက်စာရင်းရှိနေသေးတယ်။ မပြောမရှိနဲ့၊ ခုဆို ရဲအဖွဲ့ထဲက လူတွေကို L စပြီး သံသယ ၀င်နေလောက်ပြီ။"

L စဉ်းစားနေသည်
........Kira ဟာ စုံစမ်းရေးအဖွဲ့ထဲက သတင်းတွေကို သိနေတယ်။ ဒီအချက်ကို မစဉ်းစားလို့ မဖြစ်ဘူး။ ဒီကောင် ငါ့ကို ဘာကိစ္စနဲ့ ဒီအကြောင်းပေးသိရတာလဲ။ သူ ဘာလုပ်မလို့ကြံစည်နေသလဲ...........

Ryuk ကနားမလည်
"ဟေ့ကောင်..ငါ့ မရှင်းဘူးကွ။ မင်းဟာ ရဲအဖွဲ့နဲ့ တနည်းနည်း ချိတ်ဆက်နေတယ်လို့ သံသယ ရှိတာက မင်းဟာ ကျောင်းသားတယောက် ဖြစ်မယ်လို့ သံသယ ရှိတာထက် ပိုမဆိုးဘူးလားကွ"

"ဆိုးတယ်လေ။ ဒါပေမယ့် ဒီလိုလုပ်မှ L ကို ကျုပ်ရှာလို့တွေ့မယ်၊ ရှင်းပစ်နိုင်မယ်"

"ရှင်းလေ ရှုပ်လေပဲဟ။ ရှင်းပါဦး"

"ခင်ဗျားဟာ လူတွေအကြောင်း ကောင်းကောင်းမသိပါလား Ryuk ရဲ့။ လူ့လောကကြီးမှာ တယောက်နဲ့ တယောက် တကယ့်ကို ယုံယုံကြည်ကြည် ရှိပါတယ်ဆိုတဲ့လူတွေ အင်မတန်ကို နည်းတယ်ဗျ။ အဲဒီထဲမှာ ရဲတွေလည်း ပါသပေါ့။ အထူးသဖြင့် ရဲတွေနဲ့ L ဟာ တဖက်နဲ့ တဖက် သေသေချာချာ မယုံကြည်ကြဘူးဆိုတာ သေချာတယ်။ ဘယ်တုန်းကမှ ယုံကြည်ခဲ့မှာ မဟုတ်ဘူးဗျာ။ စဉ်းစားကြည့်လေ၊ ရုပ်ရော၊ နာမည်ရော မသိရတဲ့ လူတယောက်ကို ခင်ဗျား ဘယ်လို ယုံကြည်မှာလဲ။"

"အခုဆို ရဲတပ်ဖွဲ့ထဲက သတင်းတွေ ကျုပ်ရနေတဲ့အကြောင်း L သိသွားပြီ။ ရဲတပ်ဖွဲ့ထဲက လူတွေထဲမှာ ကျုပ်ကို သူရှာတော့မယ်။ အေး..သူ အဲဒီလို ရဲအဖွဲ့ကို သံသယ ၀င်နေတဲ့အကြောင်း ရဲတွေသိသွားတဲ့ပြီဆိုတာနဲ့ ပွဲကောင်းပြီပဲ။ အပြင်ပန်းတော့ ရဲတွေနဲ့ L ဟာ ကျုပ်ကို ဖမ်းဖို့ ပူးပေါင်းဆောင်ရွက်နေကြပေမယ့် နောက်ကွယ်မှာတော့ L ဟာ ရဲတွေကို စုံစမ်းနေပြီး ရဲတွေဟာလည်း L ဘယ်သူလဲဆိုတာ လိုက်စုံစမ်းနေမှာပဲ။ L ဘယ်သူလဲဆိုတာ ကျုပ်ရှာစရာ လိုမှာမဟုတ်ဘူး။ ရဲတွေက ကျုပ်အစား ရှာပေးလိမ့်မယ်။ သူတို့ တွေ့သွားပြီဆိုတဲ့အချိန်ကျရင် ကျုပ် L ကို ရှင်းလိုက်ယုံပေါ့

No comments:

Post a Comment