စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Wednesday, February 26, 2014

သေမင်းစာအုပ် (၂၉.၂)

"Kira ပြောသွားတာသာ အမှန်ဆိုရင်တော့ ဒါဟာ ကျနော်တို့အတွက် တကယ့်ကို အခွင့်ကောင်းပဲ။ သူခိုင်းတာ လုပ်သလိုတော့ ဖြစ်သွားတာပေါ့၊ ဒါပေမယ့် ဒီလို အခွင့်အရေးကိုတော့ လက်လွှတ်ဖို့ မကောင်းဘူးထင်တယ်"
Light ခပ်တည်တည်နှင့် ပြောလိုက်သည်။

ကျန်သူများ ဘာမှ ပြန်မပြောမီ Ryuk က၀င်ပြောလိုက်သည်။
"မှန်လိုက်တာကွာ"

Ide ကတော့ သိပ်သဘောမကျ။
"မာဖီးယားကောင်တွေ သေမယ့် အချိန်ပဲပြောပြီး သွားခိုင်းတာ ကျုပ်တော့ သိပ်သဘောမကျလှဘူး။ တကယ်လို့ သူတို့တွေ တကယ်မသေဘဲ ကျုပ်တို့ကို တမင်ထောင်ချောက်ဆင်တာဆို ဘယ်လိုလုပ်မလဲ"

"ဟာ မင်းကလည်းကွာ၊ ငါတို့မှာ သေမင်းရှိနေတာပဲ။ သေမင်းမျက်လုံး အလဲအလှယ်လုပ်လိုက်ရင် ငါတို့ သူတို့ကို ကျိန်းသေ သတ်နိုင်မှာပဲ"
Matsuda ပြောပြီးပြီးချင်းပင်

"မျက်လုံး အလဲအလှယ်ကို ငါလုပ်မယ်"
ရဲချုပ် ပြောချလိုက်သည်။

"ဟာ မလုပ်ပါနဲ့။ လုပ်ချင်းလုပ်ရင် ကျနော် လုပ်ပါ့မယ်"
Matsuda ကမန်းကတန်း ပြန်ပြောလေသည်။

"သူတို့လက်ထဲကို သေမင်းစာအုပ် ထည့်ပေးလိုက်တာ ငါကွ။ ငါ့သမီးအတွက် မတတ်သာလို့ လုပ်လိုက်ရပေမယ့် အဲဒီအချိန်တည်းက ငါ့မှာ ဘယ်လိုမှ စိတ်မကောင်းနိုင်ဘူး။ သေချင်လောက်အောင်ကို စိတ်ဆင်းရဲနေခဲ့ရတာ။ အဲဒီတော့ ဒီ အလဲအလှယ်ကို ငါလုပ်မယ်။ ဒီသူတောင်းစားတွေကို ငါသတ်မယ်။ ပြီးတော့ နောက် ၁၃ရက်လည်း နေရော လူထပ်မသတ်မှုနဲ့ ငါပါသေရော။ ပြီးတာပဲ။ ဒါမှ ငါ စိတ်ရှင်းမယ်"
ရဲချုပ် ပြတ်ပြတ်သားသားပင် ပြောလိုက်တော့သည်။

.... အင်း သေမင်းစာအုပ် သုံးမယ့်လူဟာ အဖေ ဆိုတာတော့ သေချာသွားပြီ ........
Light တယောက် အတွေးတွေ များနေပြီ။

November ၁၀ ရက် ည ၁၁ နာရီ ၄၇ မိနစ်
ယာယီဌာနချုပ်မှ ထိုင်၍ ကြီးကြပ်နေသည့် Light မှလွဲ၍ ကျန်သူများအားလုံး မာဖီးယား စခန်းရှေ့ ရောက်နေကြလေပြီ။ သေနတ်များ၊ ကျည်ကာအင်္ကျီများအပြန် ဓာတ်ငွေ့ကာခေါင်းစွပ်များပါ ၀တ်ဆင်လျက်ရှိကြသည်။

ရဲချုပ် Ryuk နှင့် အလဲအလှယ် ပြုလုပ်လိုက်သည်။

"အဖေ မာဖီးယား ဂိုဏ်းသားတွေရဲ့ ဓာတ်ပုံတွေကို ကြည့်ပါ။ နာမည်နဲ့ သက်တမ်းကို တွေ့ရတယ် မဟုတ်လား"
Light ကလှမ်းပြောတော့

"အေး တွေ့တယ်ကွ"

"ဟုတ်ပြီ။ သူတို့ နာမည်တွေ၊ သက်တမ်းတွေ ပျောက်သွားတာနဲ့ အားလုံး စခန်းကို ၀င်စီးတော့"

၁၁ နာရီ ၅၉ မိနစ်။
ရဲချုပ် မျက်စိရှေ့မှ ဓာတ်ပုံများတွင် ပေါ်နေသည့် နာမည်နှင့် သက်တမ်းများ ရုတ်တရက် ပျောက်ကွယ်သွားပြီ။

"အားလုံး တက်!!!"
ရဲချုပ် အမိန့်ပေးသံနှင့်အတူ အဖွဲ့ဝင်များ စခန်းဆီ အပြေးထွက်သွားကြလေသည်။

တံခါးများကို သေနတ်များ၊ ဗုံးများဖြင့် ပစ်ဖေါက် ဖျက်ဆီးကာ ၀င်လာကြချိန်တွင် စခန်းအတွင်း အသက်ရှင် ကျန်ရစ်သူကား Melo နှင့် စာရင်းထဲမပါသူ အချို့သာ ရှိတော့၏။

..... သေချာပေါက် Kira လက်ချက်ပဲ။ ဒီလို အခြေအနေမျိုးမှာ ဒါမျိုးလုပ်နိုင်တယ်ဆိုတာတော့ ချီးကျူးဖို့ အကောင်းသား။ ဟို သေမင်းစုတ် Shidoh ကရော ဘယ်ပျောက်နေတာတုန်း ........

Melo အဖြေရှာမရသည့် Shidoh မှာကား
"မင်း ငြိမ်ငြိမ်လေးနေပြီး စောင့်နေလိုက်။ စာအုပ် ပြန်ရစေရမယ်လို့ ငါ အာမခံတယ်ကွာ"
Ryuk က Shidoh ကို အတင်းအဓမ္မ ပါးစပ်ပိတ်ထားရင်း ပြောနေသည်။

Melo ကား အခြေအနေ မဟန်မှန်းသိ၍ အော်ဟစ် အမိန့်ပေးရင်း အပေါ်ထပ်သို့ တက်ပြေးလေပြီ။ အောက်ထပ်တွင် သူနှင့် အတူ နှစ်ဦးသာ
"ဟို နှစ်ကောင်၊ မင်းတို့ ဆရာရဲ့ အောက်မှာ သေမင်းစာအုပ် ပိနေတယ်၊ ယူပြီး တက်လိုက်ခဲ့ကြ"

ကျန်နှစ်ယောက် စာအုပ်ယူ၍ အပေါ်အတက်တွင် အထဲရောက်လာပြီဖြစ်သော ရဲချုပ်တို့ အဖွဲ့က ပစ်ခတ်ဖမ်းဆီးလိုက်နိုင်သည်။

ရဲချုပ်က Light ကို လှမ်း၍ သတင်းပို့လိုက်သည်။
"စာအုပ်လည်း ရပြီ။ သူတို့ထဲက နှစ်ယောက်လည်း လက်ရဖမ်းမိတယ်။ ငါတို့ ပြန်ထွက်လာတော့မယ်"

Light ကသဘောမတူ။
"မထွက်နဲ့ဦး။ Melo ကို မမိသေးဘူးလေ။ ဒီလောက် လုပ်လာပြီးမှတော့ သူ့ကိုပါ အမိဖမ်းလိုက်တော့ပေါ့။ ဒီကောင် သေချာပေါက် အဲဒီထဲမှာပဲ ရှိမှာ"

ရဲချုပ်တို့ လူစုခွဲပြီး ရှာကြပြန်လေသည်။
Melo ရှိနေသည့် အခန်းတွင်းသို့ ရဲချုပ်တဦးတည်း ၀င်ရောက်သွားစဉ်

"၀ုန်း!!! ၀ုန်း!!!"
ပေါက်ကွဲသံကြီး နှစ်ခု ဆက်တိုက်ကြားလိုက်ရပြီး အားလုံး ကြက်သေ သေသွားကြသည်။

ရဲချုပ်ကား Melo ကိုမမြင်သေး။ သူ့ရှေ့ အမှောင်တွင်းမှ ထွက်လာသော အသံကိုကား ကြားရလေပြီ။
"အခု ဖေါက်ခွဲလိုက်တာ ထွက်ပေါက် နှစ်ပေါက်ပဲ ရှိသေးတယ်။ နောက်တခေါက် ခွဲစရာဆိုလို့တော့ ဒီစခန်းကြီးတခုလုံးပဲ ရှိတော့တယ်။ အဲတော့ ခင်ဗျားတို့ မသေချင်သေးရင် ကျုပ်ပြောတဲ့အတိုင်း ကောင်းကောင်းမွန်မွန်လေး လိုက်လုပ်ကြပါ။ ရောက်တဲ့နေရာမှာ ရပ်နေ၊ ခေါင်းစွပ်ကလေးတွေ ချွတ်"

ရဲချုပ် ခေါင်းစွပ်ချွတ်လိုက်တော့ မီးတွေပွင့်လာပြီး သူ့ကို သေနတ်နှင့် ချိန်ထားသည့် Melo ကိုမြင်ရလေသည်။
"အိုး ဟိုးဟိုး ရဲချုပ်ကြီး Yagami ကိုး။ ခင်ဗျားကို အရင်တခေါက်တည်းက မသတ်လိုက်တာ မှားတာပဲပေါ့။ ဒီလိုမျိုး ကျုပ်ဆီ နောက်တခေါက် လိုက်လာလိမ့်မယ်လို့ မထင်ခဲ့ဖူးဗျာ"
Melo က ရိသဲ့သဲ့ ပြောနေသည်။

ရဲချုပ်ကတော့ ဘာမှ မပြော။ Melo ၏ နာမည်ကို တလုံးခြင်း ရွတ်ဖတ်နေလေသည်။
"M i h a e l K e e h l.. မင်းနာမည်အရင်းက Mihael Keehl ( မီဟိုင်းကဲလ်) ကိုး"
Melo လန့်သွားသည်။
.... ဟ သူဘယ်လို သိရတာလဲ။ ပြဿနာပဲ ....

Light ၀မ်းသာသွားသည်။
.... ဒါပဲကွ .....

"စိတ်လျှော့လိုက်တော့ Melo။ မင်းကောင်းကောင်းလိုက်လာမယ်ဆို ငါမင်းကို မသတ်ဘူး"
ရဲချုပ် စကားသံကို ကြားလိုက်ရသော Light အားမလို အားမရဖြစ်သွားသည်။
.... ဟာ ဘာတွေ လုပ်နေတာတုန်း။ တခါတည်း စာအုပ်ထဲ ရေးထည့်ပြီး သတ်လိုက်ပါတော့လား ........

ရဲချုပ် သေမင်းစာအုပ်ကို ထုတ်လိုက်ပြီး ရေးရန်အသင့်ပြင်လိုက်သည်။
"မင်း သေနတ်ကို ချပြီး လက်တွေမြှောက်ထားလိုက်စမ်း။ ငါ မင်းနာမည် ရေးထည့်လိုက်တာနဲ့ မင်းသေမှာ သိတယ်မဟုတ်လား"

Melo ကား ရဲချုပ်ကို အေးစက်စက် ကြည့်နေရင်း
"Yagami"

သူစကားဆက်ခွင့်မရ။
"တိတ်စမ်း မင်းနာမည် နောက်ဆုံးတလုံးပဲ ငါရေးစရာ လိုတော့တယ်။ မင်း အဖမ်းခံမလား မခံဘူးလား"

Light ကား အကြီးအကျယ် ဒေါသထွက်နေလေပြီ။
.... အရူး အရူး!! ရေးစရာရှိတာ ရေးပါတော့လား .....

Melo ကတော့ မတုန်လှုပ်။
"ခင်ဗျား ဘ၀မှာ တခါမှ လူမသတ်ဖူးဘူး မဟုတ်လား ရဲချုပ်ကြီး။ စိတ်မကောင်းဘူးဗျာ.. ခင်ဗျားကို ကျုပ် မသတ်ချင်ပါဘူး"
Melo စကားအဆုံးတွင် ရဲချုပ်၏ ကျောဘက် အခန်းထောင့်ကြမ်းပြင်ပေါ်လဲကျနေဟန်ဆောင်ထားသည့် မာဖီးယား တဦးမှ ရဲချုပ်အား တရစပ်ပစ်ခတ်လိုက်လေတော့သည်။

Light ကား ကြားရသည့် သေနတ်သံများကြောင့် ပါးစပ်အဟောင်းသား။
ကျန်သူများလည်း သေနတ်သံ ကြားရာ အခန်းဆီသို့ အပြေးအလွှား။

"ဟေ့ကောင် စာအုပ်ကိုယူ"
Melo ကအမိန့်ပေးလိုက်ပြီး ရဲချုပ်ထံမှ ခေါင်းစွပ်ကို ယူစွပ်လိုက်သည်။

စာအုပ်ကား လဲကျနေသည့် ရဲချုပ်ခန္ဓာကိုယ်ကြောင့် အလွယ်တကူ ယူမရ။

အခန်းတွင်းသို့ ၀င်ရောက်လာသည့် ခြေသံများကြောင့် ရဲချုပ်ထံမှ စာအုပ်ယူနေသူက သေနတ်နှင့် လှမ်းချိန်လိုက်သည်။

"ဒိုင်း"
သေနတ်သံနှင့်အတူ ထိုသူ လဲကျငြိမ်သက်သွားတော့သည်။

Melo ကို သူတို့ ၀ိုင်းထားလိုက်ကြလေပြီ။

သို့သော် Melo ကမြန်သည်။ သူ့လက်ထဲမှ ခလုတ်ကို နှိပ်ချလိုက်တော့သည်။
ပေါက်ကွဲသံများ၊ မီးခိုးငွေ့များ၊ ဖုန်မှုန့်များနှင့်အတူ အဆောက်အဦးကြီးတခုလုံး ပြိုကျသွားတော့သည်။

အတန်ငယ်ကြာမှ Light ထံသို့ သတင်းပေးချက် ၀င်လာသည်။
"အားကျွတ်ကျွတ်.. Light ငါတို့ Melo ကိုရှာလို့မတွေ့တော့ဘူး"

.... တောက်! လွတ်သွားပြန်ပြီ။ ခုနထဲက သတ်ရမှာကို မသတ်ဘူး ....
Light မကျေမနပ် ဖြစ်လျက်။

အပျက်အစီးများကြားတွင်ကား ဒဏ်ရာကိုယ်စီရလျက် ရဲချုပ်ကို သယ်ထုတ်လာကြသည့် အဖွဲ့ဝင်များ။

ဆေးရုံတွင်
ကျည်ကာအင်္ကျီကြောင့် ကျည်ဆန်အမြောက်အမြား ခန္ဓာကိုယ်ထဲ ၀င်ရောက်နိုင်ခြင်း မရှိသော်လည်း ရဲချုပ်မှာ အခြေအနေမကောင်းခြေ။

Light အပါအ၀င် ဒဏ်ရာအသီးသီးရလျက်က စုံစမ်းရေးအဖွဲ့ဝင်အားလုံး ရဲချုပ်နားတွင် ရှိနေကြသည်။ ရဲချုပ်၏ နောက်ဆုံးအချိန်ကို ငြိမ်သက်စွာ စောင့်စားလျက်။

"Light .. အဖေ ခုမှ စိတ်အေးရတော့တယ်"
ရဲချုပ်ထံမှ စကားသံ သဲ့သဲ့ ထွက်လာသည်။

"အဖေ ဘာတွေ ပြောနေတာလဲ။ အဖေ ပြန်ကောင်းမှာပါ"

"အဖေ့မှာ သေမင်းမျက်စိ ရှိနေတုန်းပဲ။ ဒီလို မျက်စိရှိနေလည်း တခြားသေမင်းစာအုပ် ပိုင်ရှင်ရဲ့ သက်တမ်းကိုတော့ မမြင်နိုင်ဘူးလို့ Ryuk ကပြောပြထားတယ်။ အခု အဖေ သားရဲ့ သက်တမ်းကို မြင်နေရတယ်။ သားဟာ Kira မဟုတ်ဘူး။ အဖေ အရမ်းပျော်ပါတယ်"

"ဟာ..ဒါ အသိသာကြီးပဲဟာ၊ အဖေ စကားတွေ လျှောက်ပြောမနေပါနဲ့။ သက်သာအောင်နေ"
Light စိုးရိမ်ဟန်ဖြင့် ပြောလိုက်သော်လည်း စိတ်ထဲတွင်မူ
.... ဟွန်းဟွန်း၊ ဒီတချက်တည်းနဲ့ ငါ့အတွက် သိပ်အဆင်ပြေသွားပြီ။ ဒါပေမယ့် ဒိထက် အရေးကြီးတာတွေ ရှိနေသေးတယ်၊ မေးရဦးမယ် ....

"အဖေ Melo နာမည်ကို ရေးနိုင်ခဲ့လား"

"အေးကွာ အဖေ့ကို ခွင့်လွှတ်ပါတော့။ အဖေ သူ့ကို မသတ်နိုင်ခဲ့ဘူး"

.... ငါ ပြောပုံဆိုပုံ သတိထားမှ ဖြစ်မယ်။ ဒီလို အခြေအနေမျိုးမှာ စိတ်တွေရှုပ်ပြီး ပြောချင်ရာတွေ ပြောတတ်တာ သဘာဝပဲ။ ဒီတော့ ...
Light တွေးလိုက်ရင်း သေမင်းစာအုပ်ကို ထုတ်၊ ဘောပင်ကို ရဲချုပ်လက်ထဲထည့်ကာ

"အဖေ... သူ့နာမည် ရေးဖို့ အချိန်ရသေးတယ်။ အဖေ မသေခင်တော့ ရေးသွားပါဦး။ ဒီကောင့်ကို ရအောင် သတ်သွားပါ။ အဖေ သူ့ကို အနိုင်ပေးလိုက်တော့မလို့လား"
သွေးရူးသွေးတန်း ပြောတော့သည်။

သို့သော် ရဲချုပ်ကား လက်ပင် မလှုပ်လိုက်နိုင်ဘဲ သေဆုံးသွားခဲ့လေပြီ။

"အဖေ!!! မသေရဘူး!! အဖေ မသေရဘူး!!!"
Light အော်ဟစ်ကာ ရဲချုပ် ခန္ဓာကိုယ်ပေါ်မှောက်လျက် ငိုကြွေးလေတော့သည်။
ကျန်သူများမှာလည်း မလှုပ်မယှက် ခေါင်းငိုက်စိုက်ကျကာ တိတ်တဆိတ် မျက်ရည်များ ကျလျက်။

ဆေးရုံ ခေါင်မိုးထပ်တွင် Ryuk ခေါ်လာသဖြင့် Shidoh စောင့်နေသည်။
အားလုံးကို ရှင်းပြအပြီး

"ဒါဖြင့် ခင်ဗျားက စာအုပ် ပြန်လာယူတဲ့ သေမင်းပေါ့"

"ဟုတ်တယ်"

"အင်းလေ။ ကျနော်တို့ စုံစမ်းရေးအတွက်လည်း သေမင်းစာအုပ်က တအုပ်ရှိရင် လုံလောက်ပါပြီ။ အဲဒီတော့ ဒီတအုပ်ကို ခင်ဗျားကို ပြန်ပေးလိုက်ပါ့မယ်"
Light ပြောပြောဆိုဆို စာအုပ်ကို Shidoh လက်ထဲထည့်ပေးလိုက်တော့သည်။

Shidoh ကား စာအုပ်ရသည်နှင့် သေမင်းတိုင်းပြည်သို့ ပျံတက်ထွက်ခွာသွားတော့သည်။

Ryuk ကား ၀မ်းနည်းကြေကွဲနေသည့် လူသားများကို ကြည့်ရင်းတွေးနေမိသည်။
.... သေမင်းစာအုပ် သုံးတဲ့လူဟာ ၀မ်းနည်းစရာတွေပဲ ကြုံရမယ်တဲ့။ ရဲချုပ်ကတော့ သေမင်းစာအုပ်ကို တကယ်တမ်း သုံးမသွားဘဲနဲ့ သေသွားရတယ်။ သူ့သားကို Kira မဟုတ်ဘူးလို့ ယုံကြည်ပြီးသေသွားတာဆိုတော့ သူကတော့ ပျော်ပျော်ပဲ သေသွားပုံပါပဲလေ ....

သေမင်းစာအုပ် (၂၉)

Light ၏ဟိုတယ်ခန်းထဲတွင် တယောက်တည်းပျင်းနေသည့် Ryuk ဆီသို့ ဧည့်သည်ရောက်လာသည်။
"Ryuk"
ရုတ်တရက် ထွက်လာသည့် အသံကြောင့် သေမင်း Ryuk လန့်သွားသေးသည်။

"ဟာ Shidoh (ရှီးဒို) ပါလား။ ဘယ်လိုကဘယ်လို ဒီရောက်လာတာလဲကွ"
ပြုံးပြုံး ပြုံးပြုံးဖြင့် Ryuk ကနှုတ်ဆက်လိုက်သည်။

"ငါ ဘာကိစ္စနဲ့လာတယ်ဆိုတာ မင်းသိပါတယ်"
အေးတိအေးစက် Shidoh ကပြန်ပြောသည်။

"အာ.. မသိပါဘူး။ ဘယ်လိုလုပ် သိရမှာလဲကွ"
Ryuk ပြောပြောဆိုဆို အူသလိုကြောင်သလိုနှင့် အပြင်သို့ ပျံဝဲထွက်သွားသည်။

Shidoh ကလည်း Ryuk နောက်သို့ ချက်ချင်းလိုက်လာသည်။
"ဟေ့ကောင်.. ငါ့နောက် လိုက်မနေနဲ့ကွာ"
Ryuk ပျံရင်း လှည့်အော်လိုက်တော့မှ

"စာအုပ်ပြန်ပေးလေ"
Shidoh အေးအေး ပြန်ပြောလိုက်သည်။

.... ကွိုင်ပဲ။ ထင်တဲ့ အတိုင်းပါပဲဟ ....
Ryuk ခေါင်းခဲသွားပြီး
"အဲ.. အမှန်အတိုင်းပြောရရင်ကွာ။ အဲဒီစာအုပ် ဘယ်ရောက်နေမှန်း ငါလဲ တကယ်ကို မသိဘူးကွ"

"မင်းတော်တော် တာဝန်မဲ့တဲ့ကောင်ပဲ"
Shidoh ရေရွတ်လိုက်လေသည်။

Ryuk မဲ့လိုက်ကာ ပုခုံးတချက်တွန့်ပြီး မြေပေါ်ဆင်းလိုက်သည်။
Shidoh ကလည်း လိုက်ဆင်းလာသည်။

"ဟ လိုက်လာပြန်ပလားကွ"
Ryuk မကျေမနပ် ပြောတော့

"စာအုပ်ပေးလေ"
Shidoh အရင်အတိုင်း အေးအေးပင်ပြန်ပြောသည်။

"ပြောပြီးပြီလေကွာ။ ဘယ်ရောက်နေမှန်းမသိဘူးဆိုနေ"
Ryuk ပြောပြန်သည်။

Shidoh က သူ့ကို မယုံသင်္ကာနှင့် ဘာမှမပြောဘဲ စိုက်ကြည့်နေလိုက်သည်။

"တကယ်ပါကွာ။ ဘယ်ရောက်နေလဲ ငါတကယ်မသိတာပါ။ မင်းဟာမင်း လိုက်ရှာလိုက်ကွာနော်။ ငါက ငါ့စာအုပ်ပိုင်ရှင် ကောင်လေးနား နေရမှာမို့ပါ"
Ryuk တောင်းတောင်းပန်ပန်နှင့် အချိုသတ်လိုက်လေတော့သည်။

Light တို့ကား Wammy's House ဟုခေါ်သော မိဘမဲ့ကလေးကျောင်းသည် L ကဲ့သို့သော ထူးချွန်ထက်မြက်သည့် ကလေးများကို ပြုစုပျိုးထောင်ရန် တည်ထောင်ထားခြင်းဖြစ်ကြောင်း၊ တချိန်တွင် လိုအပ်ပါက L ၏နေရာကို ဆက်ခံနိုင်မည့်သူမွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ကြောင်း စုံစမ်းရရှိခဲ့လေပြီ။ ထို့အပြင် ထိုကလေးများထဲတွင်မှ Near ဟူသောကလေးသည် အထူးချွန်ဆုံးဖြစ်ကြောင်း၊ Melo ဟူသောကလေးသည် Near ပြီးလျင် ဒုတိယလိုက်ကြောင်းများလည်း သိရှိခဲ့ကြသည်။

.... Near ဆိုပဲ။ ဒီကောင်ဟာ N များလား။ သေချာပါတယ် Near ဟာ L ကိုဆက်ခံတဲ့ကောင်။ N ဟာ SPK ခေါင်းဆောင်။ အဲဒီတော့ Near ဟာ N ပဲပေါ့။ ပြီးတော့ Melo ဆိုတဲ့ကောင်။ Melo ဟာလည်း L ကိုဆက်ခံနိုင်တဲ့ အရည်အချင်းရှိတယ်၊ အဲဒီတော့ သူသာ L နေရာ ရသင့်တယ်ဆိုတာကို N ထက်အရင် စာအုပ်ကို ရအောင်ယူပြီး သူ့အရည်အချင်းကို ပြလိုက်တာပဲ။ ဒီ Melo ဟာ N က ဒီကိစ္စတွေအတွက် သံသယရှိနေတယ်လို့ ပြောတဲ့ Melo ပဲဖြစ်ရမယ်။ L ကိုဆက်ခံမယ့်ကောင်တွေနဲ့ ငါ ထိပ်တိုက်တိုးနေတာပေါ့။ L နဲ့ ဆက် ပြိုင်နေရသလိုပါပဲလား .....
Light ခေါင်းထဲ အတွေးတွေ တပြုံကြီး တိုးဝင်လာလေသည်။

သို့ဖြင့် Light သည် Melo မည်သည့် မာဖီးယားအဖွဲ့နှင့်ရှိနေသည်ကို သိနိုင်ရန် Misa အား သူတို့သိသမျှ မာဖီးယားအဖွဲ့ဝင်များ၏ ပုံများကို ကြည့်ခိုင်းလေတော့သည်။

"တွေ့ပြီ။ တွေ့ပြီ။ နံပါတ် ၁၀၅။ Kal Snydar(ကားလ်စနိုက်ဒါ) တဲ့။ ဒီတယောက်ရဲ့ သက်တမ်းကို ကျမ မမြင်ရဘူး။ သေမင်းစာအုပ် သူ့ဆီမှာပဲ"
Misa ၀မ်းပန်းတသာနှင့် Light ကိုပြောလိုက်သည်။

... အင်း ဒီကောင် သူတော်ကြောင်း ပြချင်တာဆိုတော့ သူဘယ်မှာ ရှိနေတယ်ဆိုတာ ငါ့ကို ကျိန်းသေ စာပို့မှာပဲ .....

စာကား ရောက်လာလေပြီ။ နေရာကား LosAngeles ပင်။
... ဟင်းဟင်း ဟို ၂ ကောင်ထက် ငါ သာသွားပြီ။ သေမင်းစာအုပ်ရယ်၊ Misa ရယ်မျက်လုံးတွေရယ် ပေါင်းလိုက်ရင် ဘယ်သူ ငါ့ကို ယှဉ်နိုင်မလဲလေ ....
Light ကျေနပ်စွာ တွေးရင်း Misa ကိုထွေးပွေ့ကာ စာကို မီးထဲပစ်ထည့်လိုက်တော့သည်။

သို့သော် သူတို့ မမြင်သည့် သေမင်း Shidoh က စာထဲမှ လိပ်စာကို ဖတ်ကာ ပျံထွက်သွားသည်ကိုတော့ မသိနိုင်တော့ချေ။

သေမင်းစာအုပ်၏ စွမ်းရည်ကို စမ်းသပ်ရန် Melo ကြံစည်နေချိန်တွင် Shidoh ရောက်ရှိသွားသည်။
... ငါ့ကို ဒီကောင်တွေအားလုံး မြင်နိုင်အောင်၊ ငါပြောတာတွေ ကြားနိုင်အောင် လုပ်မှဖြစ်မယ်။ လက်ရှိစာအုပ်ပိုင်ရှင်က Snydar ဆိုတော့ စာအုပ်ကို သူအရင်ဆုံး ထိမှရမယ်။ ပါဝါတွေ ပြရတော့မှာပဲ။ မတတ်နိုင်ဘူးလေ ...
Shidoh တွေးရင်း Melo လက်ထဲမှ သေမင်းစာအုပ်ကို ဆွဲယူလိုက်ပြီး Snydar ခေါင်းပေါ်တင်လိုက်သည်။

ရုတ်တရက် လေထဲမြောက်တက်သွားသည့် စာအုပ်ကို ကြည့်ရင်း Melo လန့်သွားလေသည်။
"ဟ ဘယ်လိုဖြစ်တာလဲ။ စာအုပ်က သူ့ဟာသူ လေထဲပျံတက်သွားပါလား"

ထိုစဉ်မှာပင် Snydar ထံမှ ကြောက်လန့်တကြားအသံထွက်လာတော့သည်။
"အား.. ဆရာ ဆရာ.. ဒါ ဘာကောင်ကြီးလဲ"

"ဘာကောင်ကြီးမှ မဟုတ်ဘူး။ ငါ သေမင်းပဲ"
Shidoh က ခပ်အေးအေး ပြန်ပြောလိုက်သည်။

"အာ... အာ.. သေမင်းတဲ့... အင်းဟင်းဟင်း.."
Snydar အသံရော လူပါ တုန်နေပေပြီ။

ကျန်သူများကား Snydar အား ရူးသွားလေပြီလော ဟူသည့် အကြည့်များဖြင့် ၀ိုင်းကြည့်နေကြလေသည်။

"မင်းနှယ်ကွာ။ မာဖီးယားလုပ်ပြီး ဒီလောက်ကြောက်ဒူးတုန်ရသလား။ ကဲကဲ ကျန်တဲ့လူတွေကိုလည်း စာအုပ် ပေးကိုင်လိုက်။ သူတို့လည်း ငါ့ကို မြင်ရလိမ့်မယ်"
Shidoh ပြောလိုက်တော့

"ဟေ့ကောင်တွေ လာကြစမ်း။ ဒီစာအုပ်ကို လာကိုင်ကြ။ မင်းတို့လည်း မြင်ရမယ်တဲ့။ လာကြစမ်းပါ။ ငါ ရူးနေတာ မဟုတ်ဘူး။ မြန်မြန်လာကိုင်ကြ"
Shidoh တရစပ်ကို ပြောတော့သည်။

သူတို့ ခေါင်းဆောင်ကား စိတ်မရှည်တော့။
"ကဲ.. အားလုံး စာအုပ်ကို ကိုင်ကြစမ်းကွာ"

"ဟာ! .. ဟင်! ... ကယ်ကြပါဦး!... သတ်ကြစမ်း!"
အသံပေါင်းစုံထွက်လာပြီး သေနတ်ကိုယ်စီ ဆွဲထုတ်ကာ တဒိုင်းဒိုင်း သေမင်း Shidoh အား ၀ိုင်းပစ်ကြလေတော့သည်။

သေနတ်သံများ စဲသွားသော်လည်း Shidoh ကား ယခင်နေရာတွင်ပင် နဂိုအတိုင်း ရပ်နေမြဲ။
"လုပ်မနေကြနဲ့။ မင်းတို့ ငါ့ကို သတ်လို့မရဘူး"

သိပ်မကြာမီပင် Shidoh က သေမင်းစာအုပ်ထဲမှ ၁၃ ရက် ဥပဒေ နှင့် စာအုပ်ကို မီးရှို့ပါက ကိုင်ထားမိသူများသေမည်ဆိုသည့် ဥပဒေ နှစ်ခုသည် လုပ်ကြံရေးသားထားခြင်းများဖြစ်ကြောင်း ပြောပြလိုက်သည်။

Melo အတွက် စဉ်းစားစရာ ဖြစ်သွားသည်။
.... ၁၃ ရက်ဥပဒေ ဟာ အတုဆိုရင် ဒီစာအုပ်ကို သုံးခဲ့တဲ့လူဟာ ဒီအချက်ကို ထောက်ပြပြီး သူ မသုံးခဲ့ပါဘူးလို့ ငြင်းလို့ရတာပေါ့။ ဒီစာအုပ်ဟာ Kira အစစ်ရဲ့ စာအုပ်ဖြစ်ခဲ့လား။ ဖြစ်ခဲ့ရင် ဒီ ဥပဒေတွေဟာ အတုတွေလို့ သူသိခဲ့သလား။ သိခဲ့တယ်ဆိုရင်တော့ ဒီ ၁၃ ရက်ဥပဒေကို ဗန်းပြပြီး သူ အပြစ်ကင်းတဲ့လူပါလို့ သက်သေပြလို့ရတာပေါ့။

ထိုအချိန်တွင် Light ကလည်း တမျိုး ကြံစည်ပြန်လေပြီ။
"Ryuk ကျုပ် ဒီသေမင်းစာအုပ်ကို စွန့်လွှတ်မယ်။ ခင်ဗျား ပိုင်ရှင်အသစ်ရှာပြီးနေပါ"

"ဟေ.. ဘယ့်နှယ် မင်းက စွန့်လွှတ်ပြန်တာတုန်း"
Ryuk က စွန့်လွှတ်မှုကို လက်မခံသေးဘဲ တအံ့တသြမေးလေသည်။

"အင်းလေ။ ရှင် စွန့်လွှတ်လိုက်ရင် အကုန်မေ့သွားမှာ မဟုတ်လား"
Misa ကလည်း စိုးရိမ်စွာ ပြောသည်။

"ငါ့ကို မင်းစာအုပ် ငှားစမ်းပါ Misa"
Light က Misa ကိုပြောတော့ Misa ကလည်း လွယ်လွယ်ကူကူပင် ပေးလိုက်လေသည်။

Misa ၏ သေမင်းစာအုပ်ကို သူ့ခါးကြားထဲ ညှပ်ရင်း Light က
"ကဲ.. ခုတိုင်းဆို ငါ့စာအုပ်ကို စွန့်လွှတ်လိုက်ပေမယ့်လည်း ဘာမှ မေ့သွားမှာ မဟုတ်တော့ဘူး။ မင်းက Kira ဆက်လုပ်၊ စာရွက်လိုတိုင်း ငါ ဒီထဲက ဖြဲပေးမယ်။ ဖြစ်တယ် မဟုတ်လား"

"ဖြစ်ပါတယ်။ ဒါပေမယ့် ရှင် ဘာတွေကြံနေတာလဲ ပြောပြပါလား"

"ပြောပြမယ်။ တချက်လွဲတာနဲ့ အကုန်လုံး ဒုက္ခရောက်နိုင်တာဆိုတော့ ခုထဲက သေချာ ရှင်းပြထားမယ်"


Light ခိုင်းခဲ့သည့်အတိုင်း Misa ရဲချုပ်ဆီသို့ ဖုန်းခေါ်လေပြီ။ အသံကိုကား ဖျက်ထားလေ၏။
"Kira ပဲ"
ရဲချုပ်တို့ အားလုံး မျက်လုံးပြူးသွားသည်။

"ဂျပန် ရဲဌာနချုပ်မှာ ရှိခဲ့တဲ့ စာအုပ်ဟာ ခုဆို လူဆိုးတွေလက်ထဲ ရောက်နေပြီ မဟုတ်လား"

"မင်း Kira ဆိုရင် Kira ဖြစ်ကြောင်း ဘာနဲ့သက်သေပြမလဲ"
ရဲချုပ်က ဖြတ်မေးလိုက်သည်။

"သက်သေလား.. ကျုပ်ရဲ့ စာအုပ်ကို ခင်ဗျားတို့ဆီ ပို့လိုက်မယ်လေ။ အဲဒီစာအုပ်နဲ့ဆို လူတယောက်နာမည်သိချင်ရင် မျက်နှာကို ကြည့်လိုက်ယုံပဲ။ သဘောပေါက်တယ်နော်။ ဆက်ပြောဦးမယ်။ သေချာနားထောင်။ November ၁၀ ရက် ည ၁၁ နာရီ ၅၉ မိနစ်ကြရင် FBI ဆီမှာ ရှိသမျှ မာဖီးယားတွေအကုန်လုံး သေမယ်"

အားလုံး လန့်သွားကြလေပြီ။
အသံကား ဆက်ထွက်နေသည်။
"မသေအောင်လည်း ခင်ဗျားတို့ တားလို့ရမှာ မဟုတ်ဘူး။ ကျုပ်က စာအုပ်ထဲမှာ ရေးထားပြီးသား။ သူတို့ရှိတဲ့ နေရာလည်း ကျုပ်က ရှာထားပြီးသား။ စာအုပ်နဲ့အတူ ခင်ဗျားတို့ဆီ ပို့လိုက်မယ်။ အဲဒီတော့ သေမင်းစာအုပ်ပြန်လိုချင်တယ်ဆိုရင် November ၁၀ရက် ည ၁၁နာရီ ၅၉ ဟာ ခင်ဗျားတို့အတွက် အခွင့်အရေးကောင်းပဲ"

သေမင်းစာအုပ် ဥပဒေသ ကောက်နှုတ်ချက်

သေမင်းစာအုပ် ပိုင်ဆိုင်မှု ဆုံးရှုံးသွားပါက ထိုသူသည် သေမင်းကို အမြင်ဖြင့်သော်လည်းကောင်း၊ အကြားဖြင့်သော်လည်းကောင်း မှတ်မိနိုင်စွမ်း မရှိတော့။

သို့သော် သေမင်းစာအုပ်ပိုင်ရှင်တဦးသည် အခြားတဦးအား သူ၏ သေမင်းစာအုပ်ကို ပေးကိုင်ခဲ့ပါက ထိုအခြားတဦးသည် ထိုသေမင်းကို သိနိုင်၊ မှတ်မိနိုင်သည်။

ထိုသို့ ပိုင်ရှင်မဟုတ်ဘဲ သေမင်းကို မြင်နိုင်၊ သိနိုင်သော လူသားသည် သူကိုယ်တိုင် သေမင်းစာအုပ်ပိုင်ရှင် ဖြစ်သည်မှ စာအုပ်ဆုံးရှုံးသွားသည့်အချိန်ထိ ထိုသေမင်းကို မြင်နိုင်၊ မှတ်မိနိုင်သည်

သေမင်းစာအုပ် (၂၈.၂)

လေယာဉ်ပျံသည် သဲကန္တာရတခုအတွင်းသို့ ဆင်းသက်လာသည်။

N သည် satellite မှ ပေးပို့လာသောပုံများကို ကြည့်ရင်း Light ဆီသို့ ဖုန်းခေါ်လိုက်သည်။
"L ငါတို့ လေယာဉ်ဆင်းတဲ့နေရာက ပုံတွေရပြီ။ မင်းဆီ ပုံတွေ ဆက်တိုက် ပို့ပေးနေမယ်"

Light ကွန်ပျူတာပေါ်မှ N ပို့လာသော ပုံများကို ထိုင်ကြည့်နေသည်။

ရဲချုပ်ကား လေယာဉ်ပေါ်မှ ဆင်းကာ တယောက်တည်း ကန္တာရအလည်တွင် လမ်းလျှောက်လာစဉ် သူ့ရှေ့တည့်တည့်မှ မြေပြင်သည် ကြွတက်လာကာ မြေကြီးထဲ စိုက်ဆင်းသွားသော လှေကားတခု ပေါ်လာသည်ကို တွေ့ရလေသည်။

"မြင်တဲ့ အတိုင်းပါပဲ Yagami။ အထဲကို ၀င်ခဲ့လိုက်ပါ"
သူ့နားကြပ်မှ တဆင့် အမိန့်သံ ကြားရပြန်သည်။

မြင်ကွင်းကို ကြည့်နေသော N ရော Light ပါ မျက်လုံးပြူးသွားကြသည်။
.... အကျိုးနဲ ဒီလောက် ကန္တာရထဲမှာ မြေအောက် စခန်း ဆောက်ထားပါလား။ satellite နဲ့ ကြည့်လို့ရမယ်ဆိုတာ သိလို့ ဒီလို စီစဉ်ထားတာ ဖြစ်ရမယ်။ ငါတို့ ဘာမှ ဆက်တွေ့ရမှာ မဟုတ်တော့ဘူး .......

ရဲချုပ်ကား မြေအောက်ထဲသို့ ရောက်ရှိသွားလေပြီ။
သူ စစချင်း မြင်ရသည်က သူ့ရှေ့ မလှမ်းမကမ်း ဆုံလည်မှန်လုံတံခါးထဲ ပိတ်ကာ အချုပ်ခံထားရသည့် သူ့သမီး Sayu။
သူ့ရှေ့တည့်တည့်တွင်လည်း မှန်ချပ်ကြီး တခုကာလျက်။
Sayu သူ့ကို အော်ဟစ် စကားပြောနေသည်မှာ သိသာသော်လည်း သူ ဘာသံမှ မကြားရပေ။

ထိုအချိန်တွင် မှန်၏ အခြားတဖက်မှ မျက်နှာဖုံးစွပ် လူတဦး သေနတ်ကိုင်၍ ထွက်လာကာ မပြောမဆို Sayu ကိုတည့်တည့်ချိန်၍ အချက်ပေါင်းများစွာ ပစ်လိုက်တော့သည်။

"အား!!!"
ရဲချုပ် စိုးရိမ်တကြီးနှင့် အော်လေ၏။

သေနတ်သံများ ရပ်သွားသည်။
Sayu ကား မှန်တံခါးထဲတွင် မျက်လုံးလေး အ၀ိုင်းသားနှင့် ကြက်သေသေလျက်။
မှန်ကား ဘာမှ မဖြစ်။

ထိုအခါမှ မျက်နှာဖုံးစွပ်က စကားစပြောသည်။
"တွေ့လား ဒါတွေက ကျည်ကာမှန်တွေ။ ဟိုတုန်းက မာဖီးယားအဖွဲ့တွေ ဒီလို အလဲအလှယ်တွေ လုပ်ရင် ဒီနေရာ သုံးခဲ့တာပေါ့။ ကျုပ်တို့ကတော့ ပိုကောင်းအောင် ပြင်ထားပါတယ်။ ကဲ စာအုပ်ကို ဟောဟိုက အပေါက်လေးထဲ ထည့်လိုက်ပါ"
ပြောပြောဆိုဆို မှန်တံခါးတချပ်တွင် ဖေါက်ထားသည့် အပေါက်ကို ပြလိုက်သည်။

"ခင်ဗျား စာအုပ်ကို ထည့်လိုက်တာနဲ့ မှန်တံခါးချပ်ကို Lock လုပ်ထားတာ ပြုတ်သွားမယ်။ တချက်လည်မယ်။ အဲဒီတော့ ကျုပ်က စာအုပ်ကို ယူလို့ရမယ်။ ခင်ဗျားက ခင်ဗျားသမီးကို ပြန်ရမယ်။ ပြောတဲ့အတိုင်း မလုပ်ရင်တော့ ခင်ဗျားသမီးကို ကျုပ်က ဟောဒီအပေါက်ထဲကနေ တကယ်ပစ်ရလိမ့်မယ်"
Sayu အားချုပ်ထားသည့် သူ့ဘက်အခြမ်းမှန်ချပ်တွင် ဖေါက်ထားပြန်သည့် အပေါက်မှနေ၍ သေနတ်ထည့်ပြကာ ပြောလိုက်လေသည်။

"စာအုပ် အစစ် ဟုတ်မဟုတ်ဆိုတာလဲ ကျုပ်စစ်ဆေးရဦးမယ်။ ခင်ဗျား မြန်မြန်လေး စာအုပ်ကို ထည့်လိုက်ပါ"
မျက်နှာဖုံးစွပ်က ဆက်ပြောလာသည်။

ရဲချုပ် မတတ်သာသည့်အဆုံး စာအုပ်ကို ဖြန့်လျက် ထည့်ပေးလိုက်ရသော်လည်း လက်ကိုမလွှတ်။
"စစ်မယ် ဟုတ်လား။ ဘယ်လို စစ်မှာလဲ။ လူသတ်ကြည့်မယ်ဆိုရင်တော့ ခွင့်မပြုနိုင်ဘူးကွ"
သူ့ထုံးစံအတိုင်း ဥပဒေဘက်တော်သားတို့၏ စကားများ ပြောမိပြန်သည်။

"အလို.. ခင်ဗျား ပေးမစစ်ဘူးဆိုရင် ကျုပ်က ခင်ဗျားသမီးကို သတ်ရလိမ့်မယ်"

N နှင့် Light တို့မှာ

"L မင်း ဘာကြံထားလဲ။ အခုလို ဘယ်သူမှန်းမသိတဲ့ ကောင်တွေလက်ထဲ စာအုပ်ထည့်ပေးလိုက်လို့ ပြဿနာမရှိဘူးလို့တော့ မင်းတွေးမထားလောက်ပါဘူးနော်"
N က ဖုန်းမှတဆင့် Light ကိုမေးလေပြီ။

.... ချီးမှပဲ။ ငါခုမှ ဒီကို ရောက်လာတာ၊ ငါက ဘာတွေလုပ်ထားနိုင်မှာလဲ။ ပြဿနာတော့ တက်ပြီ ....
Light ကြံရာမရ ဖြစ်ကာ အကြပ်ရိုက်နေလေပြီ။

Misa ကား Light ကိုကြည့်ရင်း စိတ်ပူလာသည်။
"Light ရှင့်ကြည့်ရတာ အရမ်းကို စိတ်ရှုပ်နေတဲ့ပုံပဲ။ အဆင်ပြေရဲ့လားဟင်"

"Misa မင်းပါးစပ်ကို ပိတ်ပြီးတော့ ငါခိုင်းထားတာပဲ လုပ်စမ်း!!"
Light ဒေါကန်ကာ Misa ကို ပိတ်ဟောက်လိုက်တော့သည်။

"မင်းကို ဂျပန်က လူတွေ ဆက်သတ်ခိုင်းထားတယ်မဟုတ်လား။ လုပ်စရာရှိတာကို လုပ်။ စကားမများနဲ့။ မင်းရော ငါရော ဒီရောက်နေတဲ့ အချိန်မှာ လူတွေ မသေတော့ဘူးဆိုရင် ဘယ်လောက် ရှုပ်ကုန်မယ်ဆိုတာ နားလည်ရဲ့လား"

"ဟုတ်ဟုတ်... ဟုတ်ကဲ့။ ဟို.. ဒါနဲ့ သူတို့က ဘယ်သူတွေလဲဟင်"
Misa မနေနိုင်မထိုင်နိုင် မေးလိုက်မိပြန်သည်။

"တယ် ဒီမိန်းမ၊ ကိုယ့်အလုပ် ကိုယ်လုပ်စမ်း!!! အလိုကမ်းဆိုးကို မသိဘူး။ စိတ်ပျက်ဖို့ကို ကောင်းတယ်"
Light အော်လိုက်၊ ရေရွတ်လိုက်လုပ်ရင်း သူ့နာရီမှ ခလုပ်ကို နှိပ်ကာ သေမင်းစာအုပ်ထဲမှ ဖြဲယူထားသည့် စာရွက်ပိုင်းကလေးကို ကြည့်လိုက်ပြန်သည်။

..... အချိန်ရှိသေးတယ်။ ငါ Sayu ကိုတကယ်ပဲ သတ်ရတော့မလား .......
Light အသည့်အသန် စဉ်းစားနေရပြီ။

သူ စာရွက်လေးပေါ် ဘောပင်တင်ပြီးမှ
.... မဖြစ်သေးပါဘူး။ ခု ဘာတွေဖြစ်နေလဲဆိုတာ ရဲတွေတောင်သိမှ မသိတာ ........

မြေအောက်စခန်းတွင်
မျက်နှာဖုံးစွပ်က နာမည်တခု ရေးခြစ်လိုက်၏။

မရှေးမနှောင်းပင် Melo အနားတွင် ရပ်နေသည့်သူတဦး လဲကျသေဆုံးသွားလေ၏။
"အေး ငါတို့ မာဖီးယားတွေဆီက ခိုးတာဝှက်တာလုပ်ရင် ဒီလိုပဲ သေရမယ်"
ဂျပန် မာဖီးယားခေါင်းဆောင်က အံ့အားတကြီးဖြစ်နေကြသော သူ့တပည့်များကို ပြောလိုက်လေသည်။

"သေသွားရှာပြီဟေ့"
မြေအောက်စခန်းထဲမှ မျက်နှာဖုံးစွပ် သူ့ဆီရောက်လာသော သတင်းကို နားထောင်ယင်း ပြုံးလိုက်သည်။

"အစစ်ဆိုပဲ။ ကဲ စာအုပ်ကို လွှတ်လိုက်တော့၊ ပြီးရင် ခင်ဗျားသမီးကို ခေါ်သွားလို့ရပြီ"
မျက်နှာဖုံးစွပ် စကားအဆုံးတွင် ရဲချုပ် သက်ပြင်းချလျက် စာအုပ်ကို လွှတ်လိုက်လေတော့သည်။

မကြာမီ Light ရော N တို့ပါ မြေအောက်ထဲမှ ပြန်ထွက်လာသည့် ရဲချုပ်နှင့် Sayu တို့ပုံကို တွေ့ကြရလေပြီ။
သူတို့ကို Helicopter တစင်းက စောင့်နေလေ၏။

မြေပြင်အပေါက်ဝနှင့် မလှမ်းမကမ်းတွင် မြေကြီးထဲမှ Helicopter တစင်းပေါ်လာပြန်သည်။

"ဒီကောင်တွေ ဘယ်သူတွေမှန်း မသိသေးဘူး။ ဆက်ပြီး စောင့်ကြည့်နေမှ ဖြစ်မယ်"
FBI ဒါရိုက်တာက ပြောသည်။

"သေချာတာတော့ စာအုပ် အလဲအလှယ် ဖြစ်သွားပြီပဲ"
N ကပြောသည်။

"ဒီကောင်တွေ ဘာဆက်ကြံမလဲ မပြောနိုင်ဘူး။ Helicopter ကို လိုက်ကြည့်နေဖို့က မလွယ်ပေမယ့် Satellite နဲ့လိုက်ကြည့်ရမှာပဲ"
Light က ပြောတော့

"မင်း ပါးစပ်လေးနဲ့ ပြောတာတော့ လွယ်သားပဲ။ ဒါပေမယ့် ငါတို့ ကြိုးစားပြီး လိုက်ကြည့်ပါ့မယ်လေ"
N ပြန်ပြောလိုက်သည်။

သို့သော် သူတို့ မထင်ထားသည့် အဖြစ်အပျက်ကို မြင်ရတော့၏။
ထိုအရာကား ကန္တာရအလယ်မှ ထွက်ပေါ်လာသည့် ဒုံးပျံပင်တည်း။

"L ဟိုကောင်တွေ မင်းကို တကွက်ကြောသွားပြန်ပြီ"
N လှမ်းပြောလိုက်သည်။

"ဟိုက် ဒုံးပျံကြီး"
Light အလန့်တကြားပင် ရေရွတ်လိုက်မိသည်။

"အေး.. အဲဒါကိုတော့ Satellite နဲ့ လိုက်ကြည့်လို့ မရဘူးကွ"
N အေးအေးပင် ပြန်ပြောလိုက်သည်။

... ကွိုင်ပြီ။ စာအုပ်က ဒုံးပျံထဲမှာလား။ Helicopter ပေါ်မှာလား။ ဘယ်ဟာကို လိုက်ကြည့်ရမှာလဲ .....
Light အတွေးများ ယောက်ယက်ခတ်ကာ ခေါင်းရှုတ်နေလေပြီ။

သို့သော် ဆက်လက်ဖြစ်ပေါ်လာသည့် အဖြစ်အပျက်များက စာအုပ် ဘယ်ထဲပါသွားကြောင်း သိသာသွားစေသည်။

မာဖီးယားအဖွဲ့မှ Helicopter ကို ဖောက်ခွဲဖျက်ဆီးလိုက်သောကြောင့် ဖြစ်ပေသည်။

စာအုပ်ကား ဒုံးပျံနှင့်အတူ ပါသွားချေပြီ။ ထို့အပြင် ဒုံးပျံ၏တည်နေရာကိုလည်း ရေဒါတွင် ဖမ်း၍မရတော့ချေ။

Light ကား စိတ်ပျက်လက်ပျက် ငေးငိုင်လျက်။

.... စာအုပ်ရပြီးရင် သူတို့ ဘာဆက်လုပ်မလဲ။ တွေးစရာတောင်မလိုပါဘူးလေ။ ငါ့အဖွဲ့ကို ရှင်းမှာပေါ့ ......
N လည်း စိတ်မကောင်းစွာ တွေးနေမိသည်။

သူထင်ထားသည့်အတိုင်းပင် နောက်ရက်များတွင် SPK အဖွဲ့ဝင်ဖြစ်နေသော FBI, CIA တို့မှ လူအများသိနေပြီးသား အကြီးအကဲများ၊ ၀န်ထမ်းများ ပုံစံမျိုးစုံဖြင့် သေဆုံးကုန်ကြလေသည်။

Light ဆီသို့ N ဆက်သွယ်လိုက်သည်။
"L သူတို့ အကြံအောင်မြင်သွားပြီ"

"ဘာကို အောင်မြင်တာလဲ"

"ငါ့အဖွဲ့ထဲက လူတွေ တော်တော်များများ သေကုန်ပြီလေ။ မင်းနဲ့ မင်းလူတွေ အသုံးမကျလို့ပဲ။ စာအုပ်ကို နည်းနည်းလေးမှ ကာကွယ်ဖို့ မကြိုးစားပဲ ပေးပစ်လိုက်တယ်"

"မင်း ခေါင်းဆောင်ရင်ကော အဖြေနောက်တမျိုးထွက်မှာမို့လား"

"မထွက်ပါဘူး။ ဒီကောင်တွေ ဒီလောက်ပြင်ဆင်ထားတာ၊ ဘယ်သူ ခေါင်းဆောင် ခေါင်းဆောင် အဖြေပြောင်းမှာ မဟုတ်ဘူး။ ဒါပေမယ့် မင်းနဲ့ငါ တယောက်နဲ့တယောက် မကူတာကလည်း သူတို့အတွက် ကောင်းသွားတာပါပါတယ်။ ငါတို့ ၂ ယောက် အတူပေါင်းလုပ်မှ အဆင်ပြေလိမ့်မယ်။ ရှင်းရှင်းပြောရရင် ဒီကိစ္စတွေအားလုံးရဲ့ နောက်ကွယ်က ကြိုးကိုင်နေတဲ့လူကို ငါ မသိဘူးတော့ မဟုတ်ဘူးကွ"

"ဟေ!"
Light အံ့သြသွားသည်။

"ငါ သံသယရှိတဲ့ကောင်ရဲ့ နာမည်ပြောင်က Melo ပဲ။ သူ့ဓါတ်ပုံ ဘယ်သူ့ဆီမှာမှ မရှိဘူး၊ သူ့နာမည်ရင်းလည်း ဘယ်သူမှ မသိဘူး။ ငါတို့ သိတဲ့ဟာ တခုပဲရှိတယ်။ လွန်ခဲ့တဲ့ ၄ နှစ်ကျော်က အင်္ဂလန်နိုင်ငံ Winchester က Wammy's House ဆိုတဲ့ မိဘမဲ့ကလေးကျောင်းမှာ သူရှိနေခဲ့တယ် ဆိုတာပဲ"

.... Wammy's House တဲ့လား။ Watari ထောင်ခဲ့တဲ့ ကျောင်းပေါ့ ....
Light ဆက်စပ်တွေးမိသွားသည်။

"Melo ဟာ ဒီကိစ္စကို ကစားပွဲတခုလို လုပ်နေတာ။ Kira ကို အရင်ဖမ်းနိုင်တဲ့လူဟာ အနိုင် ဆိုပြီးတော့ပေါ့"
N သူ့စကားကို အဆုံးသတ်လိုက်တော့သည်။

သေမင်းတိုင်းပြည်

သေမင်းစာအုပ်များ ထိန်းသိမ်းရန်တာဝန်ယူထားသော သေမင်းတယောက် သေမင်းဘုရင်ရှေ့ အခစားဝင်လာသည်။

"ဘုရင်ကြီး Alamo Jastin (အာလာမို ဂျပ်စတင်) ခင်ဗျား"

"Alamonia Jastin (အာလာမိုးနီးယား ဂျပ်စတင်) ကွ"

"ဟုတ်ကဲ့။ ကျနော် သေမင်းစာအုပ် တအုပ် ပျောက်သွားတဲ့အကြောင်း အဖိုးကြီးကို ပြောပြလိုက်တယ်။ သူပြောတာတော့ အဲဒီတအုပ်က Ryuk လွတ်ကျသွားတယ်ဆိုတဲ့ စာအုပ်တဲ့။ အဲဒါ ဘာများဆက်လုပ်ရမလဲလို့"

"အဲလိုဆိုလည်း Ryuk အဲဒီစာအုပ် မင်းကို ပြန်ပေးအောင် လုပ်ပေါ့ကွ"

"ဒါဆို ကျနော် သေမင်းတိုင်းပြည်ကနေ ခဏခွာရဦးမယ်ပေါ့"

"အခုပဲ သွားရင်ကောင်းလိမ့်မယ်"
သေမင်းဘုရင် အေးစက်စက်ပြောလိုက်တော့သည်။