စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Wednesday, February 26, 2014

သေမင်းစာအုပ် (၂၅.၂)

L သိတတ်စအရွယ် ကလေးဘဝ
မိဘ နှစ်ပါးလုံး ဆုံးပါးသွားသည့် L ကို Watari ကနှစ်သိမ့်နေခဲ့သည်။
L ၏သေးငယ်သော လက်ကလေးကို Watari ဆွဲ၍နှင်းတဖွဲဖွဲအောက်တွင် သူတို့ရပ်နေခဲ့ကြသည်။ ရှေ့တည့်တည့် ဘုရားရှိခိုးကျောင်းမှ ခေါင်းလောင်းသံသည် အချက်ကျကျ မြည်နေခဲ့သည်။
Watari ကိုယ်တိုင် တည်ထောင်ထားသည့် မိဘမဲ့ ကလေးကျောင်းသို့ L ကိုလက်ဆွဲလျက် ပို့ခဲ့သည့်နေ့ကလည်း နှင်းတဖွဲဖွဲကျနေခဲ့သည်။ ခေါင်းလောင်းသံ အချက်ကျကျ မြည်နေခဲ့သည်။

စုံစမ်းရေးဌာနချုပ် အပေါ်ဆုံးထပ်
တဖွဲဖွဲကျနေသည့် မိုးစက်များ အောက်တွင် L ငြိမ်သက်စွာ ရပ်နေသည်။

"မင်း ဘာလုပ်နေတာလဲ"
အနားရောက်လာသော Light ကမေးလိုက်သည်။

"ဘာမှ မဟုတ်ပါဘူး။ ခေါင်းလောင်းသံတွေ ကြားနေရလို့"
L ပြန်ဖြေလိုက်သည်။

"ဘာရယ်.. ခေါင်းလောင်းသံ"
တအံ့တသြနှင့် Light ပြန်မေးလိုက်တော့

"အေး.. ဒီနေ့ ခေါင်းလောင်းသံတွေ တော်တော်ကျယ်တယ်ကွ"

Light ငြိမ်ပြီး သေချာ နားထောင်ကြည့်သည်။
"ငါ ဘာသံမှလည်း မကြားရပါလား"

"ဟုတ်ရဲ့လား။ ဒီနေ့ရာသီဥတုက ခေါင်းလောင်းသံကြားနိုင်လောက်အောင်ကို ဖြစ်နေတာကွ။ ဘုရားရှိခိုးကျောင်းက အသံကွ။ မင်္ဂလာဆောင်များလား.."
L တတွတ်တွတ်ပြောနေစဉ်

"မင်းဘာတွေ ပြောနေတာလဲ။ ပေါက်ကရတွေ ပြောမနေစမ်းနဲ့ကွာ။ အထဲပြန်ဝင်ကြစို့"
Light ဖြတ်ပြောလိုက်သည်။

"မင်း မွေးကတည်းက ခုချိန်ထိ အလိမ်အညာ မပါဘဲ စကားတခွန်း ပြောဖူးရဲ့လား"
L ရုတ်တရက် ပြောလိုက်တော့

"မင်း ဘာပြောချင်တာလဲ။ ငါ တခါတလေ လိမ်ပြောတတ်တာတော့ မှန်တယ်။ ဒါပေမယ့် ဒီကမ္ဘာကြီးပေါ်မှာ မလိမ်ဘူးတဲ့ လူဆိုတာလည်း မရှိပါဘူး။ လူဆိုတာ အမြဲတော့ အပြစ်မကင်းနိုင်ဘူးလေ၊ လူတိုင်း လိမ်ကြတာပဲ။ ဒါပေမယ့် ငါချစ်တဲ့လူတွေ ဒုက္ခရောက်အောင်တော့ ငါမလိမ်ဘူး။ အဲဒါ ငါ့အဖြေပဲ"
Light ပြန်ပြောလိုက်လေသည်။

"အင်း ဒီလိုအပြောတွေကြောင့်လဲ မင်း ကျောင်းမှာ ပေါ်ပြူလာဖြစ်တာနေမှာ။ ကဲပါလေ.. လူတွေလည်း စိုရွှဲနေပြီ။ အထဲပြန်ဝင်ကြစို့"
L ပြောပြီးအဆောက်အဦထဲ ပြန်ဝင်သွားလေသည်။

နှစ်ဦးသား ရေသုတ်နေရင်းမှ L က
"ငါ စိတ်တော့မကောင်းဘူးကွာ"

Light အူကြောင်ကြောင် ဖြစ်သွားသည်။
"ဘာဖြစ်လို့တုန်း"

"သိပ်မကြာခင် မင်းသိရမှာပါ"

"မင်းတို့ နှစ်ကောင် ဘယ်ပျောက်နေကြတာလဲ။ ဘာတွေဖြစ်နေလည်း စိတ်မ၀င်စားတော့ဘူးလား။ မင်းအစီအစဉ်ကို ကျန်တဲ့နိုင်ငံတွေ သဘောတူဖို့ ငါတို့မှာ ကြိုးစားနေရတာ"
အခန်းထဲဝင်လာသော သူတို့နှစ်ယောက်ကို ကြည့်ရင်း Matsuda အပြစ်တင်လိုက်သည်။

"Watari အခြေအနေ ဘယ်လိုရှိသလဲဗျ"
L က လှမ်းမေးလိုက်သည်။

"ဟေ့အေး.. အဆင်မပြေဘူးကွ"

"ထင်တဲ့ အတိုင်းပါပဲ။ ဒါဖြင့်လည်း ဒီစာအုပ်ကို အသုံးပြုခွင့်တော့ ရအောင်တောင်းဗျာ"
L ပြောလိုက်တော့ အားလုံး လန့်သွားသည်။

"ဟေ့ကောင် ဘာတွေဖြစ်ကုန်ပြီလဲ"
Light က အရင်ဆုံးမေးသည်။

ကော်ဖီခွက်ကို မော့လိုက်ပြီးမှ L အေးတိအေးစက်ဖြေလိုက်လေသည်။
"ငါ ဒီစာအုပ် အလုပ်လုပ်ပုံကို စမ်းကြည့်မလို့"

"ဟ မကြံကောင်းမစည်ရာ။ ဒီစာအုပ်ရဲ့ ပါဝါကို ငါတို့ မြင်ပြီးပြီပဲ။ ဘာစမ်းစရာလိုလဲ"
Aizawa ထကန့်ကွက်လေသည်။

"အေးလေ။ ပြီးတော့ ဘယ်သူက ဒီစာအုပ်ထဲ နာမည်ရေးမှာတုန်း။ ရေးထည့်တဲ့လူဟာ နောက် ၁၃ရက်အတွင်း နောက်နာမည်တခု ရေးထည့်ရမယ့်ဟာကို"
Matsuda ကလည်း ပြောသည်။

L ကတော့ မလျှော့။
"နာမည် ရေးထည့်မယ့်လူဟာ မကြာခင် အသတ်ခံရတော့မယ့် သေဒဏ်ချခံထားရတဲ့ လူတယောက်ပဲ။ နာမည်ရေးပြီး ၁၃ ရက်နေလို့မှ သူမသေဘူးဆိုရင် သူ့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်လို့ ကျနော်တို့ သဘောတူညီချက်ယူမယ်"

"ဒါပေမယ့်ကွာ လူတယောက် အသက်နဲ့ အလဲအလှယ်လုပ်ရမှာဆိုတော့..."
ရဲချုပ် စကားပင်မဆုံးလိုက်

"ကျနော်တို့ ဒီအမှုကို အဆုံးသတ်နိုင်ဖို့ သိပ်ကို နီးစပ်နေပြီ။ ဒီအချက်ကို ရှင်းလိုက်နိုင်ပြီဆိုရင် တချက်နည်းနဲ့ ကိစ္စတွေအားလုံး ရှင်းလိုက်နိုင်တယ်လို့ ကျနော် အာမခံနိုင်တယ်။ ဘာဖြစ်ဖြစ် ဒါကို ရအောင် ရှင်းရမယ်"
L ပြတ်သားစွာ ပြောလိုက်တော့သည်။

ထိုခဏတွင် ရုတ်တရက် အဆောက်အဦတခုလုံး မီးများမှိတ်သွားသည်။
"ဟ ဘယ်လိုဖြစ်တာလဲ"

အားလုံး အံ့အားသင့်နေကြချိန်တွင် သူတို့ရှေ့ ကွန်ပျူတာများမှ စာတန်းထွက်ပေါ်လာလေသည်။
စာတန်းကား 'All data deletion'
"data deletion တဲ့။ ဘာတွေဖြစ်ကုန်ကြပြီလဲ"
Aizawa မစဉ်းစားတတ်အောင် ဖြစ်နေ၏။

"မမျှော်လင့်ဘဲ သူတခုခု ဖြစ်ခဲ့ရင် ရှိသမျှ data တွေဖျက်ပစ်လိုက်ဖို့ ကျနော် Watari ကို ပြောထားခဲ့တယ်"
L ရှင်းပြလိုက်၏။

"မမျှော်လင့်ဘဲ တခုခု ဖြစ်ရင်"

"သေမင်းနဲ့တူတယ်"
L ပြောလိုက်ပြန်သည်။

ထိုအခါမှ သူတို့ Rem မရှိတော့သည်ကို သတိထားလိုက်မိသည်။
"ဟုတ်မယ်ကွ။ သူမရှိတော့ဘူး"

ထိုအချိန်တွင် Rem ကား Watari ရှိနေခဲ့သည့် အခန်းတွင်းတွင် L ၏နာမည်ကို ရေးထည့်နေခဲ့လေပြီ။

"အားလုံးပဲ ကျနော်ပြောမယ်။ သေမင်း...."
L စကားဆုံးအောင် မပြောလိုက်ရတော့ချေ။ ထိုင်ခုံပေါ်မှ L ကြမ်းပေါ်ပြုတ်ကျသွားတော့သည်။ သူ့နားထဲတွင် ခေါင်းလောင်းသံများ အချက်ကျကျ မြည်ဟိန်းလျက်။

Light ပြေး၍ L ကိုပွေ့လိုက်သည်။
"Ryuzaki !! Ryuzaki!! အားတင်းထားစမ်း ဟေ့ကောင်!"

"ဘာဖြစ်သွားပြီလဲ... ဘာတွေလဲ"
ကျန်သူများကား စိုးရိမ်စိတ်များဖြင့် ယောက်ယက်ခတ်ကုန်လေပြီ။

"သေမင်း.. သေမင်း.. သူ ကျနော်တို့ကို သတ်တော့မယ်။ အားလုံးသေရတော့မယ်။ အား!!!"
Light ကျန်သူများ ပို၍ စိုးရိမ်ကာ စဉ်းစားဆင်ခြင်ခြင်း မပြုနိုင်ရန် လျှောက်အော်လေတော့သည်။

အားလုံးကား လန့်ဖြန့်ကာ လဲသူလဲ၊ ထိုင်သူထိုင်၊ ဖရိုမရဲ ဖြစ်လျက်။

အတန်ကြာသည် အထိ ဘာမှ မဖြစ်မှ
"သေမင်းကြီး မင်းဘယ်မှာလဲ။ ထွက်ခဲ့စမ်း"
ခပ်တည်တည်နှင့် Light အော်ပြန်လေသည်။

"Light စိတ်ထိန်းစမ်း"
ရဲချုပ်က သားကို စိုးရိမ်စိတ်ဖြင့် ပြောသည်။

"ဟေ့ကောင် မင်းတခုခု ကြံစည်နေတာတော့ သေချာတယ်ကွ။ မင်းထွက်ခဲ့စမ်းပါ"
Light အော်ဟစ်ကာ ပြေးထွက်သွားတော့သည်။

ထိုအခါမှ ရဲချုပ်က
"ကဲ ငါတို့လည်း လိုက်ရှာကြရအောင်"

Mogi ကို L ၏အလောင်းနှင့်အတူ ထားခဲ့ပြီး ကျန်သူများ Light နောက် လိုက်သွားကြလေသည်။

Light ကား Rem သေဆုံးသွားသည့်နေရာသို့ ဦးစွာ ရောက်ရှိပြီး ကျန်နေခဲ့သည့် သေမင်းစာအုပ်ကို ခါးကြားတွင်းထိုးသွင်းလိုက်လေသည်။ Rem ကား သဲမှုန်များကဲ့သို့ အပုံကလေးအဖြစ်သာ ရှိတော့သည်။

နောက်မှ ရောက်လာကြသည့် သူများကား Rem ၏အမှုန်များကို ကြည့်ရင်း
"ဒါကရော ဘယ်လိုဖြစ်တာလဲ"

"ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ ဘယ်လိုပဲဖြစ်ခဲ့ဖြစ်ခဲ့ ကျနော် L အတွက် လက်စားခြေမယ်။ Watari အတွက်၊ တခြား သေခဲ့ကြရတဲ့ လူတွေအတွက်၊ လူတိုင်းလူတိုင်းအတွက် ကျနော် လက်စားခြေမယ်"
မတ်မတ်ရပ်ရင်း Light ပြောလိုက်လေသည်။

"သားရယ်"
ရဲချုပ်ကား သားအတွက် ဂုဏ်ယူလျက်။

"ဟုတ်တယ် Light။ ငါတို့ လက်စားခြေရမယ်"
Aizawa ကလည်း ထောက်ခံသည်။

"ဒါပေမယ့် ကျနော်တို့ အားလုံး ခုလို အသတ်ခံရမှာပေါ့"
Matsuda က မ၀ံ့မရဲ ပြောတော့

"ခင်ဗျား သိပ်ကြောက်နေရင် ဒီအဖွဲ့ထဲက ထွက်သွားလို့ရတယ် Matsuda။ ကိုယ့်အသက်ကို ဂရုမစိုက်ဘဲ လူအများကောင်းကျိုးအတွက် လုပ်ရဲတဲ့လူတွေပဲ ဒီမှာလိုတယ်"
Light ခပ်မာမာ ပြန်ပြောလိုက်ပြီး လှည့်ထွက်သွားလေသည်။

..... ငါ့အတွက် အတားအဆီးတွေ တခုမှ မရှိတော့ဘူး။ ငါ ကမ္ဘာသစ်ရဲ့ အရှင်သခင် ဖြစ်ပြီ ....

No comments:

Post a Comment