စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Wednesday, February 26, 2014

သေမင်းစာအုပ် (၂၃)

L တို့အားလုံး ကားထဲမှ Higuchi ကို Wedy တတ်ထားသော လျှို့ဝှက်ကင်မရာများမှ တဆင့် စောင့်ကြည့်နေကြသည်။ Higuchi သည် ကားမောင်းရင်း TV ကို ဆက်တိုက်အကဲခတ်ကြည့်နေသည်။

Sakura TV တွင်လည်း Kira အထူးအစီအစဉ် ဆက်လက်ပြသလျက်။
"ဒါဖြင့် ခင်ဗျားက Kira ကိုအပြင်မှာ တွေ့ဖူးတယ်ပေါ့"

"တွေ့ဖူးရုံတင် ဘယ်က မလဲဗျာ ကျနော်က သူတို့နဲ့ အရက်တောင် အတူသောက်ခဲ့ဖူးသေးတာပဲ"

"ဟာ ဒီလိုဆို Kira ကလည်း ခင်ဗျားမျက်နှာကို ကောင်းကောင်းသိနေမှာပေါ့။ ခင်ဗျား ဒီအစီအစဉ် ဆက်လုပ်ဖို့ သေချာတယ်နော်"

"သေချာပါတယ်။ Kira ဟာ လူသတ်ဖို့ အချက် ၂ ချက် သိဖို့လိုတယ်ဆိုတာ ကျနော် သိပြီးပြီဗျ။ အဲဒီ ၂ ချက်မသိဘဲ သူကျနော့်ကို သတ်လို့ မရပါဘူး"

.... မျက်နှာ နဲ့ နာမည်.. ခွေးသား သိလှချည်လား .....
ကားမောင်းရင်း Higuchi ဒေါသတွေ ဆင့်လို့သာ ထွက်နေရလေသည်။

"ကျနော်နဲ့ ပတ်သက်လို့ သူ့မှာ အဲဒီ ၂ ချက်မရှိဘူးဗျ"
TV ပေါ်တွင် Matsuda ဆက်ပြောနေ၏။

.... သြော် မသာလေးက ငါ သူ့နာမည် မသိလို့ သူ့ကို သတ်လို့မရဘူးလို့ အပိုင်တွက်ထားတာကိုး။ ဒီကောင့် ရုံးဟောင်းကို သွားလို့ရော သူ့နာမည်အမှန် တကယ် သိရပါ့မလား....
Higuchi အတွေးခက်နေလေပြီ။ သူ ကြံရာမရ ဖြစ်ပြီး Rem ကိုမေးလိုက်တော့သည်။

"Rem မင်း ဘယ်လိုထင်သလဲ"

"ဟေ.. ဘာကိုလဲ"

ကင်မရာမှ ကြည့်နေသော Light အံ့သြသွားပြီး
"Rem ဆိုပဲ။ သူ ဘယ်သူ့ကို စကားပြောနေတာလဲ။ ကားထဲမှာ သူတယောက်ထဲပါ။ ဖုန်းလဲ ပြောမနေပါဘူး။ တခြား တခုခုများ သုံးနေလို့လား"

L ကတော့ ဘာမှရှိသည်မထင်။
"ဟေ့အေး.. တခြား ဘာတခုခုမှ သူ့ကားထဲမှာ မရှိဘူး။ Wedy ကင်မရာတွေ ခိုးတတ်တုန်းက သေချာစစ်ဆေးပြီးပြီ"

Higuchi ကလည်း Rem ကိုစကားဆက်ပြောနေသည်။
"ဟိုကောင့် နာမည်အမှန် သူတို့ ဖိုင်တွေထဲမှာ တကယ်ရှိပါ့မလား"

"ဟ ငါဘယ်လိုလုပ်သိပါ့မလဲ"

"ဒီကောင် TV ပေါ်မှာ ဒါမျိုးလုပ်မယ်ကြံကတည်းက သူ့နောက်ကြောင်းကို လုံးဝ ရှင်းထားမှာပေါ့။ နောက်ပြီး ညကြီးမင်းကြီး ငါ့ကို သူတို့ကုမ္ပဏီက ရုံးထဲပေးဝင်တာကရော မထူးဆန်းဘူးလား။ အဲဒီမှာ တခုခုဖြစ်လို့ကတော့ ငါ့ပဲ မသင်္ကာဖြစ်ကြတော့မှာပေါ့။ ရုံးရောက်လို့ ဟိုကောင့်နာမည်က အတုကြီးပဲဆိုရင်ကော ငါဘာဆက်လုပ်မလဲ။ သေချာတာတော့ အတုပဲ ဖြစ်မှာပါပဲ"

.... ခုကိစ္စက Light နဲ့ Misa တို့အကြံပဲနေမှာပဲ။ သူ Kira ဖြစ်တယ်ဆိုတာ ပေါ်ကိုပေါ်တော့မှာ။ Light ဖြစ်စေချင်တဲ့အတိုင်း ဖြစ်အောင် ငါလုပ်ပေးရမယ် ......
Rem တွေးပြီး

"ဘယ်လိုပဲ ဖြစ်ဖြစ် မင်း ရုံးကိုရောက်အောင် သွားသင့်တယ်ကွ။ တကယ်လို့ နာမည်အစစ်ဖြစ်နေပြီး မင်းက သေမင်းစာအုပ်သုံး သတ်လိုက်ရင် ဘယ်သူမှ မင်းကို သံသယ ၀င်မှာ မဟုတ်ဘူးလေ"

"သိတယ်။ ဒါပေမယ့် အဲလိုဆိုရင် ငါက သူဋ္ဌေးရော၊ Misa ရော၊ သူ့မန်နေဂျာကိုပါ သတ်မှ ဖြစ်မယ်။ ဒါမှ ငါ ဟိုကောင့်နာမည်လိုက်မေးထားတာတွေ မပေါ်မှာ"

"ဟ.. မင်းသူတို့ကို သတ်လိုက်လည်း မင်း သူတို့ကို ဖုန်းတွေခေါ်ထားတဲ့ record တွေကျန်နေဦးမှာပဲ။ ဒီတော့မှ မင်းကို သံသယ၀င်ကြတော့မှာ"
Misa အသတ်ခံရမည်စိုး၍ Rem ၀င်ကန့်ကွက်တော့

"အေး.. ဟုတ်သား။ ဒါဖြင့် သူတို့ကို မသတ်ခင်မှာ သူတို့ ဖုန်းတွေထဲက ငါခေါ်ထားတာတွေကို ဖျက်ခိုင်းလိုက်မယ်။ Rem မင်းမဆိုးဘူးကွ"

"ဖုန်းကုမ္ပဏီမှာတော့ ကျန်ဦးမှာပဲလေကွာ"
Rem အလျင်အမြန် သတိပေးပြန်သည်။

Light ကား လွန်စွာစိတ်လှုပ်ရှားနေလေပြီ။
"ဒီကောင်ကြီး Rem Rem နဲ့စကားပြောနေတာ ခဏခဏပဲ။ သူတယောက်တည်း မဟုတ်တာတော့ သေချာနေပြီကွ"

"ဘယ်သူမှ ငါတို့မတွေ့ရဘဲ သူစကားပြောနေတာဆိုတော့..... သေမင်းများလား"
L ရုပ်တည်နှင့် ပြောလိုက်တော့ Misa ဆတ်ကနဲတုန်ကာ လန့်သွားလေသည်။

Rem မှာလည်း ကြံရာမရ သူ့နည်းသူ့ဟန်နှင့်သူ ကြိုးစားနေလေသည်။
"မင်း သေမင်းစာအုပ် စွန့်လွှတ်ဖို့ စဉ်းစားရင် စဉ်းစားပါလား"

"ဘာထူးမှာလဲ။ ဒီကောင်က သူ့မှာ သက်သေရှိတယ်တွေ ဘာတွေပြောနေတာ။ ပြီးတော့ Yotsuba ခုတလော အောင်မြင်လာတာနဲ့ ပြိုင်ဘက်တွေ သေကုန်တာနဲ့ကို ဆက်စပ်မိရင်လည်း သူပြောတာတွေ အမှန်လို့ လက်ခံကြမှာပဲ။ သူက Kira ပါလို့ ပြောလိုက်တာနဲ့ သေမင်းစာအုပ် ပိုင်ပိုင်၊ မပိုင်ပိုင် ဘ၀က လုံးဝ သွားပြီပဲ"

..... ငါဒီကောင့်ကို မရ ရတဲ့နည်းနဲ့ သတ်မှဖြစ်မယ် .....
Higuchi ပြတ်သားစွာ ဆုံးဖြတ်လိုက်တော့၏။

Yoshida Productions ရုံးခန်းတွင်းသို့ ၀င်ရောက်ကာ Matsuda ၏ဖိုင်တွဲကို ရှာဖွေနေသော Higuchi ကို L တို့တသိုက် မျက်တောင်မခတ် ကင်မရာမှ စောင့်ကြည့်နေကြသည်။ ရုံးခန်းအပြင် မှောင်ရိပ်ထဲတွင်ကား Mogi နှင့် Aiber။ သူတို့ကား L ဆီမှ အမိန့်ရသည်နှင့် Higuchi ကိုဖမ်းရန် အသင့်။

ဖိုင်တွဲကို ဖွင့်ကာ ဖတ်ရှုနေသော Higuchi ကိုကြည့်ရင်း L စိတ်ထဲမှ ပြောနေမိသည်။
..... ကဲ မင်းဘယ်လို သတ်မလဲ။ ငါ့ကို သတ်ပြစမ်း .......

Higuchi စာအုပ်တအုပ်ထုတ်ကာ နာမည်ကို ကူးရေးပြီး အေးဆေးစွာ ပြန်ထွက်သွားသည်ကို သူတို့ တွေ့နေရသည်။

"ကျုပ်တို့ ဖမ်းရတော့မှာလား"
Mogi လှမ်းမေးတော့

"မဖြစ်သေးဘူး။ သူဘယ်လိုသတ်လဲ ကျုပ်တို့ မသိသေးဘူး။ ကားထဲမှာများ သတ်မလား စောင့်ကြည့်ရဦးမယ်"

Higuchi ကား အေးအေးဆေးဆေး ကားထဲဝင်ကာ TV ကြည့်နေလေသည်။

"နေစမ်းပါဦး၊ ခုနကတော့ သူ့မှာ အလောတကြီးနဲ့၊ ခုတော့လည်း အေးဆေးလှချည်လား"
Light မှတ်ချက်ချမိသည်။

"အေးကွ။ ဒီလောက်လောနေရင်လည်း နာမည်ပါတဲ့ ဖိုင်ကိုလည်း ယူသွားလို့ရသားနဲ့ ပြန်တောင်ထည့်ခဲ့သေးတယ်"
L ထောက်ခံလိုက်သည်။

Higuchi စက္ကန့် ၄၀ အထိရေအပြီးတွင် လွန်စွာ ပေါက်ကွဲသွားလေပြီ။
"ချီးထဲမှပဲ!! ဒီကောင် မသေပါလား!!!!!!"

"ဟင်.. မသေပါလားတဲ့။ ဘာလဲကွ"
Light အံ့သြသွားလေသည်။

"ဒါဖြင့် သူသတ်ဖို့ ကြိုးစားပြီးပြီပေါ့။ နာမည်ကို စာအုပ်ထဲ ရေးထည့်တာ သူ လူသတ်တဲ့နည်းလား"
L ခပ်တိုးတိုး ရွတ်နေမိတော့သည်။

"ကဲ ဘယ်လိုလုပ်ကြမလဲ"

Light ၏အမေးကို L မဖြေနိုင်။
.... ပြဿနာပဲ။ သူဘယ်လိုသတ်တယ်ဆိုတာ ဘယ်လိုမှ သေသေချာချာ မသိသေးဘူး။ ခုနေဖမ်းလိုက်ရင် ကြိုးစားခဲ့သမျှ သဲထဲရေသွန် ဖြစ်မှာပဲ .......

"နောက် မိနစ် ၅၀ အကြာ ကျနော်တို့ရဲ့ Kira အထူးအစီအစဉ် အပြီးမှာ Kira နာမည် ကြေငြာပါတော့မယ်ခင်ဗျား"
TV မှလည်း ဆက်လက် ထုတ်လွှင့်ဆဲ။

.... တောက် ငါ့မှာ အချိန် သိပ်မရှိတော့ဘူး .....
Higuchi ဖုန်းထုတ်၍ Misa ဆီဆက်ပြန်သည်။ မရ။ ဒေါသတကြီး ဖုန်းကိုပင် ပစ်ပေါက်မိသေးသည်။

.... ငါ သူ့မျက်နှာကို သိတယ်။ ရုံးက လုံခြုံရေး မှတ်တမ်းအခွေတွေမှာ ဒီကောင် ခိုးဝင်တုန်းက ပုံတွေ ရှိဦးမှာပဲ။ ခုနေ ငါ သေမင်းမျက်လုံး ယူလိုက်ရင် ငါ့သက်တမ်း တ၀က် တိုသွားမယ်။ မယူရင် ငါ့သက်တမ်း လုံးလုံး ကုန်တော့မယ်။ ခုမှတော့ သက်တမ်းတိုတာကို ရွေးရတော့မှာပေါ့ ......
ဇောချွေးတွေပြန်ကာ အံကြိတ်ရင်း သူဆုံးဖြတ်လိုက်သည်။

"Rem အလဲအလှယ် လုပ်ရအောင်"

"အလဲအလှယ်... သူ ဘာတွေ Rem ဆိုတဲ့ကောင်ကို ပြောနေတာလဲ။ အဲဒီ Rem ဆိုတဲ့ကောင်က ဘာကြီးလဲ"
Light ကပြောတော့

"သေမင်းနဲ့တူတယ်။ အတိအကျတော့ ပြောလို့မရသေးဘူး။ သူ တခုခုထပ်လုပ်ဦးမှာပဲ။ အဲဒီကျ သူ ဘယ်လို လူသတ်လဲ တွေ့ရမှာပါ"
L သူ့အထင်ကို ပြန်ပြောလေ၏။

သေမင်းမျက်လုံး ပိုင်ဆိုင်သွားပြီဖြစ်သော Higuchi သူ့ရုံးသို့ အလျင်အမြန် ကားမောင်းလာရာ ယာဉ်ထိန်းရဲ ဆိုင်ကယ်မှ သူ့နောက်လိုက်၍ ရပ်တန့်ခိုင်းခြင်းကို ခံရလေတော့၏။

သူတို့ နောက်တွင် Wedy က ဆိုင်ကယ်နှင့်၊ Mogi တို့နှစ်ယောက်က ကားနှင့် အမှီ လိုက်လာနေရာ ထိုအဖြစ်အပျက်ကို Wedy ကလှမ်းသတင်းပို့လေသည်။

"Higuchi တော့ ရဲဖမ်းခံနေရပြီ။ ကျမ ရှေ့ကကြိုစောင့်နေလိုက်မယ်။ သူတို့ ဘာဆက်ဖြစ်မလဲကို Mogi တို့ကြည့်ပစေ"
ပြောရင်း Wedy ကျော်မောင်းသွားတော့သည်။

"ခင်ဗျား သတ်မှတ်မိုင်နှုန်း ကျော်နေတယ်။ လိုင်စင် တချက်လောက်ဗျာ"
ယာဉ်ထိန်းရဲက ကားပြတင်းပေါက်မှ Higuchi ကိုကြည့်ရင်း ပြောလိုက်လေသည်။

"ရပါတယ်။ ခဏဗျာ ဘယ်နားထားမိမှန်းမသိဘူး"
ပြောကာ ဆိုကာ သူ့အိတ်ကို ဖွင့်၍ ယာဉ်ထိန်းရဲ နာမည်ကို လိုင်စင်ရှာဟန်ပြုကာ အိတ်တွင်းမှ စာအုပ်ထဲတွင် အလျင်အမြန် ရေးချပြီး ကားမောင်းထွက်သွားတော့သည်။
.... ဒီအချိန်မှာ မင်းအတွက် ငါအချိန်ကုန် မခံနိုင်ဘူးကွ .....

"Higuchi မောင်းပြေးသွားပြီ"
သတင်းပို့ရင်း ရဲဆိုင်ကယ်နှင့် အတူ Mogi တို့လည်း မောင်းထွက်လာသည်။

မကြာမီပင် ရှေ့မှမောင်းနေသည့် ဆိုင်ကယ်သည် ကားတစင်းကိုအရှိန်ပြင်းစွာ နောက်မှဝင်တိုက် တိမ်းမှောက်သွားကြောင်း Mogi တို့တွေ့လိုက်ရတော့သည်။

"ဟာ.. ဟိုရဲ ကားတိုက်သွားပြီ"
Mogi လှမ်းပြောသည်ကို ကြားအပြီးတွင်

"ကားတိုက်တာ...ဒါ မတော်တဆ ဟုတ်ပါ့မလား"
Light မယုံကြည်နိုင်။

... Higuchi အိတ်ထဲကို လက်နှိုက်တာ ငါတို့ တွေ့လိုက်တယ်။ သူဘာလုပ်တာလဲ။ သူ ခုနကလို နာမည်ရေးတာဆိုရင်ကော ဒီရဲရဲ့ နာမည်ကို ဘယ်လိုသိသွားလဲ။ သူ ဒုတိယ Kira လိုဖြစ်သွားပြီလား။ ဒါဆိုရင်တော့ ကွိုင်ပဲ .....
L တွေးပြီး

"အားလုံးပဲ နားထောင်။ Higuchi ကို ဆက်လွှတ်ထားလို့ မဖြစ်တော့ဘူး။ ခုချိန်ကစပြီး သူ့ကို ရအောင်ဖမ်းဖို့ လုပ်ကြတော့။ ဒါပေမယ့် သူဟာ ဒုတိယ Kira လိုပဲ မျက်နှာမြင်ယုံနဲ့ ခင်ဗျားတို့ကို သတ်နိုင်တယ်လို့ ယူဆပြီး ဖမ်းပါ။ ခင်ဗျားတို့ မျက်နှာတွေကို လုံးဝ အမြင်မခံပါနဲ့"

သေမင်းစာအုပ် လျှို့ဝှက်ချက်

သေမင်းမျက်လုံး ပိုင်ဆိုင်သော သေမင်းစာအုပ်ပိုင်ရှင် လူသားသည် အခြားလူသားများ၏ နာမည်နှင့် သက်တမ်းကို တွေ့မြင်ရမည် ဖြစ်သော်လည်း မိမိအပါအ၀င် အခြား သေမင်းစာအုပ်ပိုင်ရှင် လူသား၏ သက်တမ်းကို မတွေ့မြင်နိုင်၊ တွေ့မြင်ရန်လည်း မလိုအပ်။

လူသားလောကတွင် မလိုလားအပ်သော အရှုပ်အထွေးများ မဖြစ်ပေါ်စေရန် သေမင်းတို့သည် မိမိတို့ တွေ့မြင်နေရသော လူတို့၏ နာမည်နှင့် သက်တမ်းကို အခြား လူသားတဦးအား ပြောပြခြင်းကို တားမြစ်သည်

No comments:

Post a Comment