စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Wednesday, February 26, 2014

သေမင်းစာအုပ် (၂၁.၂)

Yotsuba မှ Misa ကိုငှားရမ်းရန် သဘောတူလိုက်လေပြီ။
စုံစမ်းရေးဌာနချုပ်သို့ ပြန်ရောက်လာသော Misa က သူ့အတွေ့အကြုံများကို ပြန်လည်ပြောပြနေသည်။
"ကျမရဲ့ ဖုန်းနံပါတ် သူတို့ကို ပေးထားလိုက်တယ်။ ခုဆို သူတို့ထဲက ၃ ယောက်က ကျမကို နှစ်ယောက်ချင်းတွေ့ဖို့တောင် တောင်းဆိုနေကြပြီ။ ဒီလိုဆိုတော့ သူတို့ကို တွေ့ပြီး သတင်းနှိက်လို့ရပြီပေါ့။ ကံကောင်းလိုက်ပုံများနော်"

"ဟေ့အေး.. အဲလို လုပ်လို့မဖြစ်ဘူး"
Light ပြတ်သားစွာ ၀င်ပြောလိုက်လေသည်။

"ဟင်..ဘာလို့လဲ။ ဒီလောက်တောင် အဆင်ပြေနေပြီဟာကို"
Misa အထွန့်တက်လိုက်တော့

"မဖြစ်ဘူးကွ။ ဒီလိုသာ ဆက်သွားရင် မင်းမှာ အန္တရာယ်ရှိလာလိမ့်မယ်။ ခုချိန်ကစပြီး မင်း ဒုတိယ Kira အကြောင်းရော၊ L အကြောင်းရော ဘာမှ မသိဘူးဆိုတဲ့ပုံစံမျိုးနဲ့ပဲ နေပါ။ သူတို့နဲ့ အလုပ်ဆက်လုပ်လို့ရတယ်။ ဒါပေမယ့် Mogi ကို မင်းဘေးမှာ bodyguard (ကိုယ်ရံတော်) အနေနဲ့တော့ ထားရလိမ့်မယ်"
Light ကခပ်ဆတ်ဆတ် ပြန်ပြောလိုက်လေသည်။

"အွန်..Light က အဲဒီလိုလုပ်ဆိုရင်လည်း အဲဒီလိုပေါ့။ ကျမ မောလာလို့ သွားအိပ်တော့မယ်နော်။ နက်ဖြန်လည်း အစောကြီး ထရဦးမှာ"
Misa ပြောရင်း ထွက်သွားလေ၏။

သို့သော် သူ့အတွေးမျှင်များကား မပြတ်သေး။
.... ကျမကို စိုးရိမ်တဲ့အတွက် ကျေးဇူးပါ Light ရယ်။ ဒါပေမယ့် ဒီလောက်ကောင်းတဲ့ အခွင့်အရေးကို လက်လွှတ်ဖို့ မဖြစ်နိုင်ဘူး။ ရှင် ကျမအတွက် ဂုဏ်ယူရမှာပါ ........

နောက်တရက် Misa ရိုက်ကွင်းပြီးသော်
"Mogi ရေ။ ကျမ ဟိုဆေးရုံက အိမ်သာ ခဏသွားမယ်နော်၊ ဖြစ်တယ် မဟုတ်လား"

"ဖြစ်ပါတယ်ကွ"

Misa ရိုက်ကွင်းမှ အင်္ကျီများကိုလဲကာ ဦးထုပ်နှင့်၊ နေကာမျက်မှန်နှင့် ဂျာကင်ကြီးဝတ်ကာ ထွက်သွားတော့သည်။
Mogi လည်း ဆေးရုံ အိမ်သာဝအထိ လိုက်လာလေသည်။
"ဒီနားမှာပဲ ခဏစောင့်နော်"

ဤသို့ဖြင့် အိမ်သာထဲ ၀င်သွားသည့် Misa ကိုကြည့်ရင်း Mogi ကျန်ခဲ့လေ၏။
.... အင်းပေါ့ နာမည်ကြီး မော်ဒယ် ဆိုတော့လည်း ရုတ်တရက် မမှတ်မိအောင် ရုပ်ဖျက်ထားရတာပေါ့ .....

အိမ်သာထဲတွင်ကား Misa ကြိုတင်ချိန်းထားသည့် သူ့သူငယ်ချင်းက သူနာပြုဝတ်စုံနှင့် စောင့်နေလေသည်။ သူတို့ နှစ်ယောက်ကား ဂိုက်တူ၊ ဆိုက်တူများတည်း။

ဆံပင်တုစွတ်ကာ သူနာပြုဝတ်စုံဝတ်ပြီး သူ့ဘေးနားမှ ခပ်တည်တည်နှင့် ဖြတ်သွားသည့် Misa ကို Mogi လုံးဝ သတိမထားလိုက်မိ။ သူ အိမ်သာဝကိုသာ မကြာမကြာကြည့်နေမိသည်။

Misa ဆေးရုံအပြင်ရောက်သွားသည်နှင့် ဖုန်းထုတ်ကာ Higuchi ကိုချိန်းလိုက်တော့သည်။

Higuchi ကားနှင့် Misa ပါသွားလောက်သည့် အချိန်မှ Misa သူငယ်ချင်းမက Misa ၏အ၀တ်အစားများဝတ်၍ အိမ်သာထဲမှ ထွက်လာသည်။
"မင်း တော်တော်ကြာတာပဲကွာ"
Mogi မကျေမနပ်နှင့် ရေရွတ်လိုက်သေးသည်။

"ဟိဟိ"

ကောင်မလေးရယ်လိုက်မှ Mogi တွန့်ကနဲ့ဖြစ်ပြီး မျက်နှာကို သေချာကြည့်လိုက်မိ၏။
"ဟာ!!!.. Misa ဘယ်ရောက်သွားလဲကွ!"
ပျာယာခတ်ပြီး မေးလေတော့သည်။

"စိတ်မပူပါနဲ့ရှင်။ တယောက်နဲ့ ချိန်းပြီး လျှောက်လည်မလို့တဲ့"

"သေစမ်းကွာ.. ပြဿနာပဲ"
ရေရွတ်ရင်း Mogi ဆေးရုံပြင်သို့ ပြေးထွက်ရှာမိသေးသည်။ Misa ၏ အရိပ်အယောင်ကား မတွေ့ရတော့။

Higuchi ၏ကားလေးကား တရိပ်ရိပ် ပြေးနေလေသည်။
..... Higuchi မိန်းကလေးတွေနဲ့ ဧည့်ခံပွဲတုန်းကလည်း သူပဲ နှာဘူးအထဆုံး၊ ငါ့ကိုလည်း သူပဲ အသည်းအသန် အကပ်ဆုံး။ ဒီလူမှ Kira ဖြစ်ရတယ်လို့ ......

"Misa၊ တို့တွေ တခုခုသွားစားရရင် မကောင်းဘူးလား"

"ကောင်းပါတယ်။ ဒါပေမယ့် သူများကို ပေါက်ကရနေရာတွေတော့ ခေါ်မသွားရဘူးနော်"
Misa ကနွဲ့ကလျလေးပြောလိုက်ပြီးမှ

"ခေါ်သွားလည်း ရပါတယ်လေ။ ကျမက ကြိုက်တဲ့အချိန် သတ်ချင်တဲ့လူ သတ်လို့ရတာပဲ"
ခပ်တည်တည် ပြောချလိုက်တော့သည်။

"ဟားဟားဟား.. ဟာသတွေကွာ Misa လေးရာ။ ဘာရယ် လူသတ်နိုင်တယ် ဟုတ်လား"
Higuchi ကား အမူအရာ မပျက်၊ လှောင်ပင် လှောင်လိုက်သေးသည်။

သေမင်း Rem ကား အတွေးများလျက်။
.... မင်းဘာတွေ လုပ်နေတာလဲ Misa။ ဒါ Light လုပ်ခိုင်းတဲ့ အတိုင်းဟုတ်ရဲ့လား။ မဟုတ်ဘူးနဲ့တူတယ်။ Higuchi တခုခု လုပ်ရင် သူ့ကို သတ်ပစ်လိုက်လို့ ငါ့ကို မင်းခိုင်းနေတာမဟုတ်လား .......

"အို.. ကျမက အမှန်ပြောတာနော်။ ဘာလို့လဲဆိုတော့"
Misa ခဏစောင့်လိုက်ပြီးမှ
"ကျမက ဒုတိယ Kira မို့လို့ပဲ"

ဒီတခါ ခေါင်းရှုပ်သွားရသူက Higuchi။
.... မဖြစ်နိုင်တာ။ သူ့ကို ဒုတိယ Kira ဖြစ်နိုင်မှုနဲ့ အဖမ်းခဲ့ရတဲ့အကြောင်း ပြောပြဖူးပေမယ့် မဟုတ်လို့ ပြန်လွှတ်လိုက်ရတာပဲ။ တကယ်ဖြစ်ခဲ့ဖူးရင်တောင် သေမင်းစာအုပ်ကို စွန့်လွှတ်လိုက်တဲ့အတွက် အနည်းဆုံး သူ့အသိဥာဏ်ထဲမှာ Kira နဲ့ပတ်သက်တာတွေ မရှိသင့်တော့ဘူး။ ဘာတွေ ဖြစ်ကုန်ပြီလဲ။ ဟန်ပျက်လို့တော့ မဖြစ်ဘူး .....

"ဟဲဟဲဟဲ.. Misa လေး၊ မင်း ကို့ကို အဲလိုမျိုးတွေ လျှောက်ညာနေဖို့ မလိုပါဘူးကွာ။ ကို ကလူကြီးလူကောင်းပါ။ စိတ်အေးအေးထား"

"အို ပြီးတာပဲလေ။ ယုံတာ မယုံတာတော့ ရှင့်အပိုင်းပေါ့။ သက်သေလည်း ပြစရာမရှိဘူးလေ။ ကျမက Kira ကလွဲလို့ ဘယ်သူ့ကိုမှ ကျမ ဒုတိယ Kira ဖြစ်မှန်း သက်သေမပြနိုင်ဘူးလို့ ဆုံးဖြတ်ထားတာကိုး"

Higuchi စိတ်ဝင်စားသွားလေပြီ။
"Kira ကိုမှလား။ ဘာဖြစ်လို့လဲကွ"

"ကျမက Kira ကိုလေးစားတယ်၊ သူ့ ရဲ့ မိန်းမအရမ်းဖြစ်ချင်တယ်။ Kira ဟာ ဒုတိယ Kira ရဲ့ အကူအညီလိုမှာအသေအချာပဲ။ အဲဒါတွေကြောင့်ပေါ့"

Higuchi ပြန်တိတ်သွားပြန်သည်။
.... သေမင်းမျက်စိပိုင်တဲ့ ဒုတိယ Kira။ သူပြောတာသာ အမှန်ဆိုရင်တော့ သူ့ကို ငါ ဘယ်လိုနည်းနဲ့ရရ ငါ့အတွက် လိုတာအမှန်ပဲ။ စမ်းကြည့်မှနဲ့တူတယ် ....

သူဆုံးဖြတ်လိုက်ပြီး
"ဟားဟား ကောင်းပါ့ကွာ။ ကဲ.. ငါ Kira ပဲ။ အဲဒီတော့ မင်းငါ့ကို လက်ထပ်ပေတော့"

Misa ပါးစပ်အဟောင်းသားနှင့် အလွန်အံ့သြသွားချင်ဟန်ဆောင်လိုက်ပြီး
"ရှင်... တကယ်ပြောတာလား"

"ဟ တကယ်ပေါ့ကွ"

"အမယ်လေး ၀မ်းသာလိုက်တာ။ ကျမကို သက်သေလေးတော့ ပြပါနော်"
ဝမ်းသာအားရဟန်ဖြင့် Misa ပြောလေတော့သည်။

"ဘယ်ဖြစ်မလဲကွ။ Kira လူသတ်တာကို တခြားလူတွေ တွေ့သွားလို့ မဖြစ်ဘူး"

"ရှင်က ဒီလိုလား။ ဒီတိုင်းဆိုရင်တော့ ကျမတို့ နှစ်ယောက်လုံး အမှန်ကို သိရမှာမဟုတ်ဘူး။ ဒီတော့ ကျမပဲ အရင်စပြီး ပါဝါပြရတာပေါ့"
Misa ခပ်တည်တည်နှင့် ပြောလျင်

"လုပ်လေ။ သတ်ပြပေါ့။ ငါကတော့ Kira ဖြစ်မှာအသေအချာနော်"

"ဟွန်း..ရပါတယ်။ ဒါပေမယ့် ကျမက အကျင့်မကောင်းတဲ့ လူဆိုးတွေမှ သတ်မှာနော်"

"အော်.. ဆိုးမှလား"

Higuchi ကားကို လမ်းဘေးသို့ ထိုးရပ်လိုက်၏။
ကွန်ပျူတာကို ထုတ်ပြီး Misa ဖက်လှည့်ကာ
"Kanehoushi Ginzou (ကာနဲဟိုးရှီး ဂင်းဇူ)။ ကုမ္ပဏီ အကြီးကြီးတခုရဲ့ CEO။ သူတို့အမြတ်ရဖို့ဆို ဘယ်သူတွေ သေသေ မသေသေ ဂရုမစိုက်တဲ့ကောင်တွေ။ ဘယ်လိုလဲ"
ကွန်ပျူတာပေါ်တွင် ထိုသူ၏ပုံ ပေါ်လျက်။

"ဖြစ်တယ်။ သူ သေမသေ ရှင် ဘယ်လိုသိမလဲ"

"ငါ ဖုန်းခေါ်လိုက်မှာပေါ့"

"ပြီးရော။ ရှင် ဟိုဘက် ခဏလှည့်နေပါ"

Misa တဖက်သို့လှည့်ပြီး တခုခု ရေးချင်ဟန်ဆောင်လိုက်သည်။ Rem သဘောပေါက်လိုက်လေပြီ။
...... Misa မင်းက သူယုံအောင်လို့ ငါ့ကို Kanehoushi ကိုသတ်ခိုင်းလိုက်တာပေါ့။ လုပ်ပေးရတာပေါ့ .......

Rem နာမည်ရေးပြီးချိန်တွင်
"ရပြီ။ ခုလောက်ဆို သေလောက်ရောပေါ့"
Misa လှည့်ပြောလိုက်သည်။

Higuchi ကလည်း မဆိုင်းမတွ ဖုန်းဆက်လေ၏။
"Yotsuba က Higuchi ခေါ်နေတာပါ"

"ဟာ၊ ကျနော်တို့ ဆရာ ခုလေးပဲ ရုတ်တရက် လဲကျသွားလို့ဗျာ၊ နောက်တော့ ပြန်ခေါ်ပါ့မယ်"
တဖက်မှ ကမန်းကတန်း ဖြေကာ ဖုန်းချသွားလေသည်။

"ငါ ပြောလိုက်တဲ့လူကို ချက်ချင်းပဲ သတ်လိုက်တယ်။ သူ့နာမည်ကို ဘယ်လိုပေါင်းရမယ်ဆိုတာ သေမင်းမျက်စိ မရှိဘဲ ဘယ်လိုမှ မသိနိုင်ဘူး။ သေချာပြီ"
Higuchi လုံးဝ ယုံကြည်သွားလေပြီ။

သူ Misa ကိုယ်ပေါ်ရုတ်တရက်အုပ်မိုးရင်း
"ငါ Kira ဆိုမင်းငါ့ကို တကယ်လက်ထပ်မှာလား"

"သက်သေပြလေ"
Misa ညင်သာစွာ ပြန်ပြောလေသည်။

"ငါ အိမ်ပြန်မရောက်မချင်း လူသတ်လို့မရဘူးကွ။ မင်းနားလည်တယ် မဟုတ်လား"

"ဟင့်အင်း၊ ဘယ်ဖြစ်မလဲ။ ကျမကို ရှင့်အိမ်ထဲခေါ်ဖို့ လာဖြီးနေတာမဟုတ်လား"

Higuchi ဘာပြန်ပြောရမှန်းမသိ တွေဝေသွားစဉ်
"သြော် ဒီလိုလုပ်၊ ခု လူဆိုးတွေကို Kira ကသတ်နေတယ်လေ။ အဲလို သတ်နေတာကို ရပ်လိုက်ပေါ့။ ရှင်သာ Kira ဆို ဒါလေးတော့ အသာလေး လုပ်နိုင်မှာပဲလေ။ ပြီးတော့ ကျမက ပြန်သတ်တော့ ဆိုရင် လူတွေ ပြန်သေရမယ်။ အဲလိုဆို ကျမ ရှင့်ကို ယုံနိုင်ပြီပေါ့"
Misa သူ့စကား ဆုံးဆုံးချင်း လက်ကိုင်ဖုန်းမှ အသံသွင်းခလုတ်ကို မသိမသာနှိပ်ကာ ဖွင့်လိုက်လေ၏။

"အင်း မဆိုးပါဘူး။ ငါက Kira ဖြစ်နေတော့လည်း မင်းပြောတဲ့အတိုင်း လူသတ်တာတွေ ရပ်ထားပေးရတာပေါ့။ ပြီးရင်တော့ မင်းငါ့ကို လက်ထပ်ရမှာနော်"

စုံစမ်းရေး ဌာနချုပ်ရောက်ရောက်ချင်း Misa သူ့ဖုန်းထဲမှ Higuchi အသံကို ဖွင့်ပြလိုက်တော့ အားလုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြလေသည်။
"ကဲတွေ့လား။ Higuchi ဟာ Kira ပဲ"

Matsuda က အားတက်စွာချီးကျူးသည်။
"Kira ဘယ်သူလဲဆိုတာသိပြီ။ ပြီးတော့ လူသတ်တာတွေလည်း ရပ်သွားတော့မယ်။ တော်လိုက်တာ Misa ရာ"

Misa ရင်ကော့ရပ်နေလေတော့၏...

No comments:

Post a Comment