စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Wednesday, February 26, 2014

သေမင်းစာအုပ် (၂၁)

Yotsuba သို့ Coil ထံမှ သတင်းပေးချက် ရောက်လာလေပြီ။ Misa အနေနှင့် L ကိုသိနိုင်ကြောင်း၊ သို့သော် Misa သည် Kira ကို လွန်စွာယုံကြည်ကိုးကွယ်သူဖြစ်ကြောင်း၊ Yotsuba အနေနှင့် L ၏သတင်းများ ရရှိရန် Misa ကို ခေါ်ယူအသုံးပြုသင့်ကြောင်းများပါဝင်လေသည်။

သေမင်းစာအုပ်တွင် နာမည်များ ရေးထိုးရင်း Kira တယောက်တည်း ပြောနေမိသည်။
"ဒီတိုင်းဆို L ရဲ့ အဖမ်းခံခဲ့ရတဲ့ Amane Misa ဟာ ဒုတိယ Kira ဆိုတာ သေချာနေပြီ။ သူလွတ်လမ်း မရှိတော့လို့ သေမင်းစာအုပ် ပိုင်ဆိုင်မှု စွန့်လွှတ်လိုက်တာဖြစ်မယ်။ Misa ကို ငါ့မိန်းမ ဖြစ်အောင် လုပ်ရတော့မှာပဲ။ ပိုက်ဆံတွေလည်းရှိ၊ ပါဝါလည်းရှိ၊ မိန်းမချောချောလည်းရ။ ငါ့တော့ လူတွေ မနာလို ဖြစ်ကြတော့မှာပဲ။ အေးလေ မင်္ဂလာဆောင်ပြီးရင်တော့ Misa သေမှဖြစ်မှာပါ "

သူပြောသမျှ ကြားနေရသော သေမင်း Rem ဆတ်ကနဲဖြစ်သွား၏။
..... ခွေးမသား၊ တော်တော် အောက်တန်းကျတဲ့ကောင်။ ဒီလို လုပ်လို့ ဖြစ်မတဲ့လား ........

Kira အခန်းပြင်သို့ထွက်သွားပြီးမှ
"Rem.. မင်းသိမ်းနေကြအတိုင်း စာအုပ်ကလေး သိမ်းလိုက်ပါကွာ"

.... လောလောဆယ် Misa ကိုကူဖို့ ငါ့မှာ ဒီတနည်းပဲ ရှိတော့တယ် ......
Rem တွေးရင်း စာရွက်သေးသေးလေး ဖြဲယူလိုက်လေတော့သည်။

Misa ၏ မန်နေဂျာသစ်အဖြစ် Mogi ကိုတာဝန်ပေးလိုက်၍ Yotsuba နှင့်လူတွေ့ဆွေးနွေးရန် သူတို့နှစ်ယောက် ထွက်လာကြလေသည်။

"တွေ့ရတာဝမ်းသာပါတယ်ဗျာ။ ကျနော် Misa မန်နေဂျာ Kanichi(ကာနီချိ) ပါ"
Yotsuba ရုံးချုပ်သို့ရောက်၍ ဒါရိုက်တာများနှင့်တွေ့သော် Mogi ရွှင်ပြစွာ နှုတ်ဆက်လိုက်သည်။

သို့သော် Misa တယောက်တည်းကိုသာ အခန်းတွင်းသို့ ခေါ်သွားလေသည်။
အခန်းထဲတွင်ကား Coil တဖြစ်လည်း Aiber ပါရှိနေလေသည်။ Aiber နှင့် Misa ကား ယခင်နေ့တည်းက မည်သို့မေး မည်သို့ဖြေမည်ကို ဇာတ်တိုက်ထားပြီးသားတည်း။

"မင်း ရဲ့မိဘတွေကို သတ်လိုက်တဲ့လူကို Kira ကပြန်သတ်လိုက်တယ်။ ဒါ့ကြောင့် Kira ကိုရှာဖို့ မင်း Tokyo ကိုလာခဲ့တယ်။ ဟုတ်တယ်မဟုတ်လား"
Aiber မေးလိုက်လေသည်။

"အို.. ဘယ်သူက ပြောလို့လဲ"

"ငါ့မှာ အဆက်အသွယ်တွေရှိပါတယ်။ မင်းမျက်နှာကလည်း ငါပြောတာတွေ မှန်နေတယ်လို့ သိသာနေတယ်ကွ"

Misa ဘာမှပြန်မပြောဘဲ ခေါင်းငုံ့ထားလိုက်လေသည်။
ဒါရိုက်တာများကား Coil ကိုအထင်ကြီးသွားကြပြီ။
.... မဆိုးဘူးပဲ။ Coil တော်တော်လေး စုံစမ်းထားသားပဲ ......

"မင်း မပြောရသေးတဲ့ နောက်ထပ် လျှို့ဝှက်ချက်တခုရှိသေးတယ်။ ဘယ်လိုလဲ"

Misa မဖြေ။ ဒီတိုင်းပင် ထိုင်နေလိုက်သည်။

Aiber ကပင်ဆက်ပြောလေသည်။
"Amane Misa ဟာ L ရဲ့အဖမ်းခံခဲ့ရဖူးတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး နည်းနည်းရှင်းပြပါလား။ Yotsuba ကိုကိုယ်စားပြုမယ့် မိန်းကလေးဟာ Kira ဖြစ်နေတယ်ဆိုရင်တော့ ကုမ္ပဏီအတွက် မကောင်းလှပေဘူး"

ထိုအခါမှ မျက်နှာလေးငယ်ပြီး Misa ပြောလေသည်။
"ဟုတ်ပါပြီရှင်။ အမှန်အတိုင်း ပြောပြပါ့မယ်။ ကျမအဖမ်းခံရတာတော့ မှန်ပါတယ်။ ဒါပေမယ့် L ကဖမ်းတာရယ်လို့တော့ မသိပါဘူး။ ပြီးတော့ Kira အကြောင်းတွေမေးတယ်။ ဒါပေမယ့် ကျမမှ Kira မဟုတ်ဘဲ ဘယ်သိမှာလဲ။ ကျမ မဟုတ်တော့လည်း လွှတ်လိုက်ရတာပေါ့။ မဟုတ်ရင် ကျမ ဒီလို လွတ်လွတ်လပ်လပ် ဘယ်နေနိုင်မှာလဲ"

"ဒါဖြင့် မင်းကို ဖမ်းတဲ့သူရဲ့ မျက်နှာရော မြင်ခဲ့ရလား"
တယောက်က ၀င်မေးသည်။

"ကျမကို မျက်နှာ အ၀တ်စည်းပြီး ဖမ်းတာရှင့်"

"အသံလောက်တော့ မှတ်မိမှာပေါ့"

"ဟင့်အင်း။ သူက စကားပြောရင် စပီကာကနေ ပြောတာ။ သူ့အသံအစစ်ကို မသိဘူး"

"ကဲ မင်းတို့က တလွဲတွေ လျှောက်မေးနေပြီ။ ဘယ်လောက်တောင် ကြာကြဦးမှာလဲ။ ငါတော့ မနေနိုင်တော့ဘူး။ အိမ်သာ သွားမှ ဖြစ်တော့မယ်"
ဒါရိုက်တာတယောက် ထသွားတော့သည်။

Misa ကိုယ်တိုင်လည်း အန္တရာယ်ကို လွယ်မထားနိုင်တော့။
"ကျမကိုလည်း ခဏသွားခွင့်ပြုပါနော်"

စုံစမ်းရေးဌာနချုပ်တွင်
Light တယောက်တည်း Kira အကြောင်းများကို လေ့လာရင်း ထိုင်တွေးနေလေသည်။
...... ဒီ နှစ်ယောက်ဟာ မတူနိုင်ဘူး။ အရင်တယောက် လုပ်ပုံ ကိုင်ပုံနဲ့ အခုတယောက် လုပ်ပုံ ကိုင်ပုံတွေ တော်တော်လေးကို ကွာခြားနေတယ်။ ခု Kira က သတင်းထဲ ပါသမျှ တရားခံတွေကို သတ်နေတာပဲ၊ တကယ်ပြစ်မှုကျူးလွန်ချင်လို့ မဟုတ်ဘဲ မတော်တဆ အမှုဖြစ်သွားတဲ့လူတွေ၊ ကျူးလွန်ခဲ့တဲ့အပြစ်တွေအတွက် ၀န်ချတောင်းပန်ပြီး နောင်တရနေတဲ့လူတွေ၊ ဒီလိုလူတွေကို အရင် Kira ဆိုသတ်မှာ မဟုတ်ဘူး။ ငါသာ Kira ဖြစ်ခဲ့တယ်ဆိုရင် အရင်တယောက်အတိုင်းပဲ ဆုံးဖြတ်မှာပဲ။ ငါတွေးပုံခေါ်ပုံနဲ့ အရင် Kira တွေးပုံခေါ်ပုံတွေ ကြောက်စရာကောင်းလောက်အောင်ကို တူနေပါလား။ အာ.. ငါမှ Kira မဟုတ်ပဲ။ ဘာတွေတွေးနေတာလဲ ......

Yotsuba ရုံးချုပ်တွင်
အိမ်သာထဲတွင် Misa မှန်ကြည့်ရင်း ကိုယ့်ကိုယ်ကို အားပေးနေသည်။
.... စိတ်ပင်ပန်းလိုက်တာ။ ခုထက်ထိတော့ ငါ ကောင်းကောင်းမွန်မွန် ဖြေနေနိုင်တုန်းပါပဲ။ အားတင်းထား၊ အားတင်းထား။ အဆင်ပြေမှာပါ ........

ထိုအချိန်တွင် Rem ရောက်လာပြီး သူဖြဲယူခဲ့သော စက္ကူစကလေးဖြင့် Misa ကိုတို့ထိလိုက်လေသည်။
...... ဒီဟာနဲ့တော့ Misa အားလုံးကို ပြန်မှတ်မိမှာမဟုတ်ဘူး။ ဒါပေမယ့် အနည်းဆုံးတော့ ငါ့ကို သူမြင်မှဖြစ်မယ် ...

"ဟင်!!! အ...အု...အု.."
မှန်ထဲတွင် တွေ့လိုက်ရသည့် သဏ္ဍာန်ကြောင့် Misa လန့်အော်သော်လည်း Rem ကပါးစပ်ကို လက်နှင့်ပိတ်ထား၍ အသံထွက်ခွင့် မရလိုက်ပေ။

... ဘာကြီးလဲ။ မကောင်းဆိုးဝါးကောင်ကြီးလား ......
Misa သူ၏ Kira ဘ၀ကို လုံးလုံး သတိမရပေ။

"Misa မင်းကို Yotsuba ကကောင်တွေ တချိန်မှာ သတ်ဖို့ ကြံစည်ထားတယ်။ စိတ်အေးအေးထားပြီး ငါပြောတာ နားထောင်ပါ"
Rem ငြင်ငြင်သာသာ ပြောလိုက်၏။

.... စိတ်အေးအေးထားတဲ့။ ဘယ်လိုထားရမှာလဲ။ သူ ငါ့ကို သတ်တော့မယ့်ဟာ .......
Misa ကား ကြောက်လန့်နေဆဲ။

"ငါ မင်းရဲ့မိတ်ဆွေပါကွာ"
တိုးညင်းစွာ Rem ပြောလိုက်ပြန်သည်။

Misa ရုန်းကန်မှုများရပ်ပြီး ငြိမ်သွားမှ Rem ဆက်ပြောလိုက်သည်။
"Yagami Light ဟာ Kira အစစ်ပဲ။ သူ အခုဘာလုပ်နေလဲ"

Misa သူ့ပါးစပ်ကို ဖွင့်ပေးရန် လက်နှင့်ပုတ်ပြီးပြောမှ Rem လွှတ်ပေးရန် သတိရတော့သည်။
"ရှင်က ဘာကြီးလဲ၊ လူမဟုတ်တာတော့ အသေအချာပဲ"

"ဒါပေါ့။ ငါက သေမင်းကိုး။ တချိန်တုန်းက မင်းနဲ့ငါနဲ့ တူတူ အလုပ်လုပ်ခဲ့ကြဖူးတယ်"

"ရှင်နဲ့ ကျမ အလုပ်လုပ်ခဲ့ဖူးတယ်။ ရှင် ဘာတွေပြောနေတာလဲ။ ကျမ ဘာမှ နားမလည်တော့ဘူး။ ပြီးတော့ Light က Kira လို့လဲရှင်ပြောတယ်နော်"

Misa နားလည်အောင် Rem ရှင်းရလေပြီ။
"သေမင်းစာအုပ်ဆိုတာ ရှိတယ်။ အဲဒီထဲမှာ မင်းနာမည်ရေးလိုက်ရင် အဲဒီလူ သေရော။ အဲဒီ သေမင်းစာအုပ်ကို သုံးပြီးတော့ လူဆိုးတွေ၊ ထောင်သားတွေ အများကြီး Light သတ်ပြီး Kira ရယ်လို့ လူသိများလာခဲ့တယ်။ မင်းဟာလည်း သူ့လိုပဲပါဝါတွေရလာပြီး သူနဲ့ဆုံအောင် ဖန်တီးနိုင်ခဲ့တယ်"

"ဒါဆို Light က Kira။ ကျမက ဒုတိယ Kira ပေါ့"
အသံတိမ်တိမ်ဖြင့် Misa မေးလိုက်မိလေသည်။

"အဲဒီအတိုင်းပဲ။ အခု ဖြစ်နေတဲ့အခြေအနေတွေကလည်း Light ဖြစ်စေချင်တဲ့အတိုင်းပဲ။ ဒီတိုင်းပဲဖြစ်ရမယ်လို့ သူကြိုတွက်ထားခဲ့တယ်"

"Ryuzaki... သူ ထင်ထားတာတွေ မှန်နေတာပေါ့"
Misa စိတ်ပူနေလေပြီ။

"Misa မင်း Light ကို အသက်စွန့်ပြီး ချစ်နေတုန်းလား"

"ရှင် ကျမအကြောင်း အကုန်သိတာပဲ။ ရှင်ပြောတာတွေ ကျမ ယုံပါတယ် သေမင်းကြီးရယ်။ ဟုတ်ကဲ့ ကျမ Light ကို ချစ်တုန်းပါပဲ။ Light ရော ကျမရော Kira ဖြစ်ခဲ့တယ်ဆိုတာ အရမ်းကို ကျေနပ်စရာပါပဲ"

"မင်း မပြောင်းလဲပါလား Misa။ မင်းပျော်ဖို့အတွက် Light ကိုကူညီဖို့ ငါခေါင်းထဲထည့်ထားရဦးမှာပေါ့"
Rem ကြင်နာစွာနှင့် ပြောလိုက်လေသည်။

"ကျေးဇူးတင်ပါတယ် သေမင်းကြီးရှင့်"

"ငါ့ကို Rem လို့ခေါ်ပါ။ လက်ရှိ Kira ဟာ ငါတွေ့ဖူးသမျှတော့ အဆိုးဝါးဆုံးပဲ။ ဒီကောင် ဘာဆက်လုပ်မယ်ဆိုတာ ငါလည်း မသိဘူး။ သူရော တခြား Yotsuba ဒါရိုက်တာတွေကိုရော သတိထားပါ။ ပြီးတော့ Light ကိုယုံကြည်ထား။ သူ လုပ်ချင်ရာ လုပ်ပလေ့စေ"

"ကျမ သဘောပေါက်ပြီ။ အရင်အတိုင်း ဘာမှ မသိတဲ့ပုံနဲ့နေပါ့မယ်"

"အေး..အခု မင်းအခန်းထဲပြန်ရောက်ရင် Kira ဘယ်သူလဲဆိုတာ သိရမှာပဲ။ သူ့နောက်တည့်တည့်မှာ ငါရပ်နေမယ်။ အဲဒီကောင်ကို အထူးသဖြင့် သတိထားပါ"

Misa အခန်းထဲပြန်ရောက်ပြီး ဒါရိုက်တာများကို ဝေ့၀ိုက်ကြည့်လိုက်သော် သေမင်း Rem ကို Higuchi (ဟီဂူချီ) နောက်တွင် ရပ်လျက်သား တွေ့ရလေသည်။

သေမင်းစာအုပ်လျှို့ဝှက်ချက်
သေမင်းအချင်းချင်း သေမင်းစာအုပ်ကို လဲလှယ် အသုံးပြုနိုင်သည်။

မိမိသဘောကျသည့် လူတဦးတယောက်၏ အကျိုးငှာ ထိုသူကို သတ်မည့်သူအား သေမင်းမှ သတ်ခဲ့သည်ရှိသော် ထိုသေမင်း သေဆုံးမည်ဖြစ်ပြီး ကယ်ဆယ်ခံရသူသည် သေမင်း၏လက်ကျန်သက်တမ်းရရှိ၍ ဆက်လက် အသက်ရှင်မည်

No comments:

Post a Comment