စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Wednesday, February 26, 2014

သေမင်းစာအုပ် (၁၈.၂)

Yotsuba ကုမ္ပဏီ ဒါရိုက်တာများ အစည်းအဝေးလုပ်နေလေသည်။ ယခု အချိန်ထိ သူတို့ ကျူးလွန်ခဲ့ပြီးဖြစ်သော လူသတ်မှုများကို ရဲက သတိမထားမိသေးခြင်းအတွက် စိတ်အေးနေသော်လည်း ကုမ္ပဏီ stock ဈေးများ ထိုးတက်နေခြင်း၊ အမြတ်များ ထိုးတက်နေခြင်းသည် သတိပြုချင်စရာ ဖြစ်နေမှန်းတော့ သူတို့ နားလည်နေကြပြီ။ သို့သော် ဒုစရိုက်တရားခံများ ဆက်လက် သေဆုံးနေသည်ဖြစ်၍ သူတို့၏ ကျူးလွန်မှုများကို ရဲက သတိထားမိရန်မှာ မဖြစ်နိုင်သေးဟု ယူဆထားကြပြန်သည်။

"ခုနေများ တယောက်ယောက်က ကျုပ်တို့ လုပ်ရပ်တွေကို ဖော်ထုတ်လိုက်နိုင်တယ် ဆိုရင်၊ အဲဒီတယောက်ဟာ ဘုရားသခင်ပဲ ဖြစ်လိမ့်မယ်"

ရဲချုပ်နှင့် Mogi နှစ်ယောက် ပြည်ထဲရေးဝန်ကြီးရုံးမှ ပြန်လာကြသည်။
ရဲချုပ်က မျက်နှာထားတင်းတင်းနှင့် ပြောသည်။
"ပြည်ထဲရေး လက်ထောက်ညွှန်မှူးနဲ့ ခုပဲ တွေ့ပြီး ပြန်လာခဲ့တယ်။ Kira ဆီက စာရောက်နေတယ်၊ သူ့ကို ဖမ်းဖို့ မကြိုးစားရင် သူလည်း ရဲတွေကို အန္တရာယ်မပြုဘူး ဆိုပြီး အပေးအယူလုပ်ဖို့ စာကွ။ ပြည်ထဲရေးကတော့ Kira ဆီမှာ ဒူးထောက်ဖို့ ဆုံးဖြတ်လိုက်ပြီ။ Mogi ကတော့ ချက်ချင်းပဲ ထွက်စာတင်ခဲ့တယ်။ ငါလည်း ထွက်မယ်။ အဲဒါ မင်းတို့ နှစ်ယောက်လည်း Kira ကို မရမနေဖမ်းမယ်ဆိုတဲ့ စိတ်ရှိရင် ငါနဲ့အတူ ထွက်စာလိုက်တင်ဖို့ လာခေါ်တာ"
Aizawa နှင့် Matsuda ကိုကြည့်၍ ရဲချုပ်က ပြောလိုက်လေသည်။

"ဘယ်လို ဖြစ်တာလဲဗျာ"
Aizawa ကအံ့သြတကြီး မေးတော့

"ရှင်းရှင်းလေးပဲကွ။ မင်း L အောက်မှာ ဆက်လုပ်ပြီး Kira ကိုဖမ်းဖို့ ကြိုးစားရင် အလုပ်ထုပ်ပစ်မယ်တဲ့။ ငါ့ကို အဲဒီတိုင်းပဲ ပြောတယ်။ အေး တခုတော့ရှိတယ်။ မင်းတို့ ဘ၀ ရှေ့ရေးအတွက်တော့ သေချာစဉ်းစား"

L လှည့်မကြည့်ဘဲ ၀င်ပြောလာသည်။
"ခင်ဗျားတို့ အားလုံး ရဲစခန်းသာ ပြန်သွားကြပါဗျာ။ ခုလောက် ကျနော့်ကို ကူညီခဲ့တာပဲ ကျေးဇူးတင်လှပါပြီ။ ဟိုတုန်းကလည်း ကျနော် တယောက်တည်းပါ။ ခုလည်း တယောက်တည်း ဆက်လုပ်နိုင်ပါတယ်။ တနေ့ကျရင် Kira ကိုအမိဖမ်းပြီး ရဲစခန်းကို ကျနော် လာခဲ့ပါ့မယ်"

"ငါ ရှိနေသ၍ မင်းတယောက်တည်း မဖြစ်ပါဘူးကွာ။ ပြီးတော့ ငါတို့ရဲ့ ဟောဒီသဘောတူညီချက်လည်း ရှိသေးတယ်လေကွာ"
Light က လက်ထိပ်ကို မြှောက်ပြရင်း ပြောလိုက်သည်။

"အင်း..ဟုတ်တယ်။ Light ကတော့ Kira မိတဲ့အထိ ကျနော်နဲ့အတူ ရှိနေလိမ့်မယ်။ ကျန်တဲ့လူတွေတော့ ရဲစခန်း ပြန်သွားသင့်တယ် ထင်တယ်"

"မင်းပဲ ပြောခဲ့တာလေ၊ ဒီအမှု ဖြေရှင်းဖို့ ရဲအကူအညီလိုတယ်ဆိုတာ"
ရဲချုပ် ဒေါကန်ကာ ပြောလေသည်။

"ကျနော်က ရဲအဖွဲ့ရဲ့ အကူအညီကို လိုချင်တာပါ။ ရဲဘ၀ကနေ နှုတ်ထွက်လာတဲ့ သာမန် လူ ၃ယောက်ရဲ့ အကူအညီကိုတော့ ရဲအဖွဲ့ရဲ့ အကူအညီလို့ ပြောလို့မရဘူးလေ။ ဘာပဲဖြစ်ဖြစ်လေ.. ရဲအဖွဲ့အနေနဲ့လည်း Kira ကို ဖမ်းဖို့ မကြိုးစားတော့ဘူးလို့ ဆုံးဖြတ်ပြီးပြီဆိုတော့ ဘာမှတော့ မထူးပါဘူး။ သူတို့ အကူအညီ ယူလို့မှ မရတော့တာ"

"အေး ရဲမဟုတ်တော့တဲ့ ငါတို့ဟာ အရင်လောက်တော့ အသုံးဝင်မှာ မဟုတ်တော့ဘူးပေါ့လေ။ ဒါပေမယ့် ငါတို့ ရင်ထဲက ခံစားချက်ကိုတော့ မင်းထည့်မစဉ်းစားတော့ဘူးလား။ ခုချိန်ထိ ငါတို့ အသက်နဲ့ရင်းပြီး ဒီအမှုကို လိုက်ခဲ့ကြတာကွ။ ဆက်လိုက်မလား၊ မလိုက်ဘူးလား ဆိုတာ ငါတို့ဟာ ငါတို့ ဆုံးဖြတ်ပိုင်ခွင့်ရှိသင့်တယ်"
ရဲချုပ်ကလည်း လုံးဝ မလျှော့။

"အင်း...ဒီလိုတော့လည်း ဟုတ်ပါတယ်။ ကဲ.. ဆုံးဖြတ်ကြပေါ့ဗျာ"
L လိုက်လျောလိုက်တော့သည်။

"ရဲချုပ်၊ ကျနော်တို့ အလုပ်လက်မဲ့တွေ ဖြစ်ကုန်မှာပေါ့။ Kira ကိုမိပါပြီတဲ့။ ပြီးရင် ကျနော်တို့ ဘာလုပ်စားကြမတုန်း"
Aizawa စိုးရိမ်တကြီးနှင့် ပြောရှာသည်။

"ပြီးရင်လား....အင်း.... ငါလည်း မင်းပြောသလို မစဉ်းစားမိသေးဘူးကွ။ Kira မိပြီးရင် ငါအလုပ်သစ်ရှာတာပေါ့ကွာ"
ပြောရင်း၊ စဉ်းစားရင်း ရဲချုပ် ဖြေလိုက်သည်။

Matsuda ကလည်း ရဲတပ်ဖွဲ့မှ နှုတ်ထွက်ကာ Kira ကို အမိဖမ်းရန်ဆုံးဖြတ်လိုက်သည်။ မဆုံးဖြတ်နိုင်သူကား မိသားစု ရှိနေသည့် Aizawa။ သူ့အတွက် သားကျွေးမှု၊ မယားကျွေးမှု ရှိသေးသည်မဟုတ်လော။

"Ryuzaki၊ ကျုပ် ရဲဘ၀နဲ့ပဲ အားတဲ့ အချိန်တွေမှာ လာကူရင် ဖြစ်မလား"
Aizawa လှမ်းမေးလိုက်တော့
"မဖြစ်ဘူး။ ခင်ဗျား ပြန်သွားရင် ဒီကို ပြန်လာစရာ မလိုဘူး"
အေးစက်စွာ L ပြန်ပြောလိုက်သည်။

"မင်း ငါ့မယုံလို့လား။ ငါ့ဆီက ဘာသတင်းအချက်အလက်မှ မပေါက်ကြားစေရဘူးကွ"
Aizawa အော်လိုက်တော့
"ခင်ဗျားကိုလည်း ဘာသတင်းအချက်အလက်မှ ပေးသိမှာ မဟုတ်ဘူး"
L ခပ်တည်တည် ပြန်ပြောပြန်သည်။

"ခင်ဗျား ရဲတယောက်အနေနဲ့ Kira ကို လိုက်ဖမ်းချင်သပဆို ခင်ဗျားဟာ ခင်ဗျားတကိုယ်တော် ဖမ်းနိုင်တယ်။ ကျနော့်ကတော့ Kira ကိုဖမ်းဖို့လောက်နဲ့ အလုပ်လက်မဲ့ အဖြစ်ခံပြီး မိသားစုကို ဒုက္ခပေးဖို့ မသင့်ဘူးလို့ထင်တယ်"
L ၏စကားအဆုံးတွင်
"ဟုတ်ပါတယ်ကွာ။ မင်း ခုချိန်မှာ ငါတို့နဲ့ လက်တွဲဖြုတ်လိုက်လို့ အပြစ်မပြောပါဘူး။ မင်း မိသားစုကို ငဲ့ရဦးမယ်မဟုတ်လား"
ရဲချုပ်ကလည်း ၀င်ထောက်ခံလေ၏။

"ဟုတ်ပါတယ်။ ကျနော်တို့က ခင်ဗျားကို သစ္စာဖောက်တွေ ဘာတွေလဲ စွတ်စွဲမှာ မဟုတ်ပါဘူးဗျာ"
Matsuda ကလည်း နှစ်သိမ့်ရှာ၏။

Aizawa အတော်စိတ်မကောင်းဖြစ်သွားလေသည်။
"ရဲချုပ်မှာလည်း မိသားစုနဲ့ပဲကွာ"

ရဲချုပ် ထပ်မံဖြောင်းဖြရ ပြန်သည်။
"မင်းနဲ့ငါက အခြေအနေခြင်း တူမှ မတူတာကွာ။ ငါက ရဲချုပ်၊ ငါအလုပ်ထွက်သည်ဖြစ်စေ၊ မထွက်သည်ဖြစ်စေ၊ ဒီကောင့်ကို ဖမ်းမိဖို့ ငါ့မှာ တာဝန်ရှိတယ်။ ပြီးတော့ ငါ့သားကလည်း Kira မိသည်အထိ ဆက်လိုက်မှာလေ"

"မတရားဘူးဗျာ။ ကျနော်လည်း ဒီမှာ ဆက်နေချင်ပါတယ်။ အချိန်မရွေး သေသွားနိုင်တယ်ဆိုတာ သိသိကြီးနဲ့ ကျနော် ဒီထဲမှာ ပါခဲ့တာလေ။ ခုမှ ထွက်သွားမယ်ဆို ကျနော် Ukita အပေါ် သစ္စာဖောက်ရာကျပြီပေါ့"
ပြောရင်းပြောရင်း Aizawa အသံများပင်တုန်လာသည်။

ထိုအချိန်တွင် စပီကာမှ Watari အသံထွက်လာသည်။ သူ လုံခြုံရေး အခန်းတွင်းမှနေ၍ သူတို့ ပြောဆိုနေကြသည်ကို မြင်နေ၊ ကြားနေရသည် မဟုတ်လား။
"Ryuzaki သူတို့တွေ ရဲသားဘ၀နဲ့ပဲ ဖြစ်ဖြစ်၊ သာမန်အရပ်သားဘ၀နဲ့ပဲဖြစ်ဖြစ် ဒီအမှုလိုက်နေရင်းနဲ့ တခုခုဖြစ်သွားခဲ့ရင် သူတို့မိသားစုတွေ တသက်လုံး မပူမပင် မကြောင့်မကြနေရအောင် ငါ့ကို မင်းစီစဉ်ခိုင်းထားပြီးသားဆိုတာ ဘာလို့ပြောမပြသေးတာလဲ"

Aizawa ငုံ့နေသည့်ခေါင်း ဆတ်ကနဲထောင်လာ၏။

"ဦး ပြောရမယ့် အလှည့်မဟုတ်ဘဲ ၀င်မပြောပါနဲ့ဗျာ"
L ခပ်ဆတ်ဆတ် ပြောလိုက်မိသည်။

Aizawa တစုံတခုကို သဘောပေါက်လိုက်သလိုရှိ၏။
"Ryuzaki ငါ ဒီမှာ ဆက်နေမလား၊ ထွက်သွားမလားဆိုပြီး ငါ့စိတ်ကို စမ်းတာလား"

"ဟုတ်တယ်။ ခင်ဗျား ဘယ်လမ်းရွေးမလဲလို့ ကျနော်သိချင်တာ"

L ၏စကားအဆုံးတွင်
"အေး ဟုတ်ပြီ! ငါ ခုပဲ ရဲစခန်းကို ပြန်သွားတော့မယ်! ငါ မင်းကို ကြည့်မရဘူး၊ မင်းလုပ်ပုံ ကိုင်ပုံတွေကို တခုမှ သဘောမကျဘူးကွ!!"
Aizawa ဒေါသတကြီးဖြင့် ပြောကာ လှည့်ထွက်သွားလေသည်။

"ကျနော်ကတော့ ခင်ဗျားလို လူတွေကို သဘောကျတယ် Aizawa"
L တချက်လှည့်မကြည့်ဘဲ ရအောင် ပြောလိုက်သေးသည်။

အပေါက်ဝ ရောက်လုရောက်ခင် Aizawa အကြီးအကျယ်ဒေါသထွက်ကာ အော်ဟစ်ထွက်သွားတော့သည်။
"မင်းရဲ့ အဲလို အချိုးတွေကိုလည်း ငါ လုံးဝကြည့်မရဘူးကွ!!!"

တရက်
"ထပ်ရှာတွေ့ပြန်ပြီကွ"
Light အော်လိုက်၍ ဘေးတွင် ထိုင်ငိုက်နေသော L ခေါင်းထောင်လာသည်။

"စက်တင်ဘာ ၇ ရက်တုန်းက Yotsuba ရဲ့ အဓိကပြိုင်ဘက်ကုမ္ပဏီ မန်နေဂျာ လှေကားပေါ်က ပြုတ်ကျ သေသွားတယ်"

Light ၏စကားအဆုံးတွင် ရဲချုပ်က
"စက်တင်ဘာ ၇ ရက်က သောကြာနေ့ပဲကွ။ Yotsuba အတွက် အကျိုးရှိစေမယ့် လူသေမှုတွေဟာ စနေ၊ တနင်္ဂနွေတွေမှာ ဖြစ်တာများတယ်။ ငါ သေချာလေ့လာပြီးပြီ။ အစပိုင်းတုန်းက ဟိုတရက်၊ ဒီတရက်ပဲ။ နောက်ပိုင်းကျတော့ တဖြည်းဖြည်းနဲ့ သောကြာညနေကနေ စနေညနေ ကြားတွေမှာ ပိုများလာတယ်"

"ရဲချုပ် သေချာ လေ့လာထားတာပဲဗျ"
Matsuda ကပြောတော့
"ငါ့ကို ရဲချုပ်လို့ မခေါ်တော့ပါနဲ့လို့ မင်းကို ဘယ်နှစ်ခါပြောရမလဲကွ"

"ဟာဗျာ ကျနော့်အတွက်တော့ ရဲချုပ်က အမြဲတမ်း ရဲချုပ်ပါပဲ"

"ဒါ အသုံးဝင်မယ့် သဲလွန်စပဲ ဖေဖေရ"
Light ကအားတက်သရော ပြောလေသည်။

"ဒါပေါ့ကွ။ မင်းနဲ့ Ryuzaki နှစ်ယောက် ငါ့ကို ကြောတာ ငြိမ်ခံနေလို့ ဘယ်ဖြစ်မလဲ။ ဟားဟား။ ဒီမှာ နေပြီး လူပို တယောက်ဖြစ်နေလို့လည်း မဖြစ်ဘူးလေ"

"လူပို.."
Matsuda အသံထွက်၍ ရွတ်လိုက်မိသည်။

"Kira ဟာ Yotsuba ထဲက တယောက်လား၊ ဒါမှမဟုတ် သူတို့ကို အသုံးချနေတာလားဆိုတာကိုတော့ ကျနော်တို့ မသိသေးဘူးနော်။ ဒါပေမယ့် ဒါ Kira လက်ချက်ပဲဆိုတော့ Yotsuba ကိုကျနော်တို့ သေချာ စုံစမ်းရတော့မယ်"

L ၏စကားအဆုံးတွင် စာရွက်တထပ်ကြီးကိုင်ထားသော Mogi ရောက်လာပြီး
"ဟောဒီမှာ Yotsuba ရဲ့ဝန်ထမ်းစာရင်း။ နိုင်ငံခြားရောက်နေတဲ့ ၀န်ထမ်းတွေ စာရင်းပါပါတယ်"

"ကျေးဇူးပါဗျာ"

"ဟိုက်ရှားဘား။ ဒီလောက် လူ ၃သောင်းကျော်ကို သူဘယ်လိုများ ဒီလောက်မြန်မြန် စာရင်းပြုစုလိုက်ပါလိမ့်။ အံ့ဖွယ်သုတပါပဲ Mogi"
Light က တအံ့တသြမှတ်ချက်ချလေသည်။

"Mogi အတွက် ဒီလောက်က အသေးအဖွဲပါ။ ဒါမျိုးတွေ သူလုပ်နေကြပဲ"

L လည်းချီးကျူးရော Matsuda ရုတ်တရက် ထရပ်ကာ
"Ryuzaki ငါ ရော ဘာလုပ်ပေးရမလဲ"

"ဘာလဲ ခင်ဗျား လူပို မဖြစ်ချင်တာလား"

"ဟုတ်ပ"

"ဒါဆို ကျနော်တို့အတွက် ကော်ဖီ သွားယူပေးစမ်းပါ"
Matsuda မျက်နှာ ရှုံ့မဲ့သွားလေတော့သည်။

"တကယ်ပြောတာ။ ဟိုက ဧည့်သည်တွေအတွက်ပါ ယူခဲ့ပါဗျာ"
L ကပြောပြောဆိုဆို သူတို့ကျောဘက်ကို လက်ဝှေ့ယမ်းပြလိုက်တော့ ဘယ်အချိန်က ရောက်နေမှန်းမသိသော ယောက်ျားတဦးနှင့် မိန်းမတဦး ကုလားထိုင်များတွင် အခန့်သားထိုင်နေသည်ကို တွေ့ရလေသည်။

"ဟိုက်.. သူတို့ ဘယ်အချိန်က ရောက်လာကြတာလဲ၊ ဘယ်သူတွေလဲ"

"အဖွဲ့ဝင် အသစ်တွေလေ"
Light ပြန်ဖြေလိုက်သည်။

ထိုနှစ်ယောက် ထိုင်ခုံမှ ထလာကာ သူတို့ကိုယ်သူတို့ မိတ်ဆက်လေသည်။
"ကျုပ်နာမည် Aiber (အိုင်ဗာ)၊ အလုပ်က လူလိမ်။ တွေ့ရတာ ၀မ်းသာသဗျာ"

"ကျမက Wedy (၀ယ်ဒီ)။ အလုပ်အကိုင်ပြောပါဆိုရင်တော့ သူခိုးပေါ့"

ထိုနှစ်ယောက်ပုံစံကား ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ဖြင့်။

ရဲချုပ် မျက်လုံးတော်တော်ပြူးသွားသည်။
"လူလိမ် နဲ့ သူခိုး... ဟုတ်ရဲ့လား"

L က၀င်ဖြေသည်။
"ဟုတ်ပါတယ်။ Aiber က အလိမ်အညာ ဘုရင်ပဲ။ သူလိမ်ချင်တဲ့သူ ဘယ်သူ့ကိုမဆို လုံးဝရင်းနှီးသွားအောင် ပေါင်းပစ်နိုင်တယ်။ အယုံသွင်းပြီး လိမ်တာပေါ့။ Wedy ကတော့ စူပါသူခိုး။ ဘယ်လောက်ကောင်းတဲ့ လုံခြုံရေးစနစ်နဲ့ စောင့်ရှောက်ထားထား၊ သူအသာလေး ကျော်ဖြတ်ခိုးဝင်နိုင်တယ်။ သက်သေအနေနဲ့တော့ ကျနော်တို့ တယောက်မှ မသိလိုက်ဘဲ ဒီထဲရောက်လာတာသာ ကြည့်တော့"

ရဲချုပ် သိပ်တော့မကျေနပ်။
"ငါတို့က ဒီ ဒုစရိုက်ကောင်တွေနဲ့ အတူ အလုပ်တွဲလုပ်ရမှာလားကွ"

L ရှင်းရပြန်သည်။
"သူတို့ ဒုစရိုက်သမားတွေ ဆိုပေမယ့် Kira အသတ်ခံရတဲ့ လူတွေနဲ့ သူတို့နဲ့ကွာတယ်လေ။ သူတို့က Kira ကိုဖမ်းမိဖို့ ကူညီမှာ။ သူတို့ကို မြေအောက်ကမ္ဘာက ကျွမ်းကျင်သူတွေလို့ပဲ စိတ်ထဲမှာ ထားလိုက်ပေါ့"

ထိုအခါမှ Light ကထောက်ခံလိုက်သည်။
"အင်း ငါသိပြီ။ Yotsuba ထဲခိုးဝင်စုံစမ်းဖို့ဆိုရင် ဒီလို လူမျိုးတွေ လိုတာပေါ့။ အားလုံး အတူတွဲ လုပ်ကြတာပေါ့"

"လုပ်ကြမယ်"

"လုပ်ကြမယ်"

"အမ်..အေး.. လုပ်ကြတာပေါ့"
နောက်ဆုံးတော့ ရဲချုပ် မပြောချင်ပြောချင်နှင့် ပြောလိုက်တော့သည်

No comments:

Post a Comment