စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Monday, February 24, 2014

သေမင်းစာအုပ် (၁၁)

L တို့တသိုက် Kira ကိစ္စဆွေးနွေးနေကြစဉ်

"Ryuzaki၊ အရေးကြီးတယ် Sakura-TV ကိုခုဖွင့်ကြည့်ပါ"
Watari ၀င်လာပြီး ပြောလိုက်သည်။

Sakura-TV မှ LIVE လွှင့်နေသည်ကို တွေ့ရ၏။

'တနည်းအားဖြင့်တော့ ကျနော်တို့ဟာ Kira ရဲ့ ပြန်ပေးဆွဲခံထားရတဲ့လူတွေပါပဲ။ တခြားရွေးစရာလမ်းမရှိတဲ့အတွက် သူညွှန်ကြားထားတဲ့အတိုင်း video တွေထုတ်လွှင့်ရပါလိမ့်မယ်။ ဒီထုတ်လွှင့်မှုဟာ လုပ်ကြံဖန်တီးမှု မဟုတ်ဘူး၊ လူကြိုက်များအောင်လုပ်တာ မဟုတ်ဘူးဆိုတာကိုလည်း ကြိုတင်ပြောကြားလိုပါတယ်။ လွန်ခဲ့တဲ့ ၄ ရက်က video ၄ ခွေပါတဲ့ စာအိတ်တအိတ် ကျနော်တို့ရဲ့ ဒါရိုက်တာတယောက်ဆီကို ရောက်လာခဲ့ပါတယ်။ အဲဒီစာအိတ်ဟာ Kira ပို့လိုက်တာပါပဲ။ ပထမဆုံးအခွေမှာ တနေ့က အဖမ်းခံလိုက်ရတဲ့လူနှစ်ယောက် သေမယ့်နေ့နဲ့ အချိန်ကို ကြေငြာထားပါတယ်။ သူကြေငြာထားတဲ့အတိုင်း အဲဒီနှစ်ယောက်လုံး မနေ့က နှလုံးရောဂါနဲ့ သေဆုံးသွားကြတယ်လို့ သိရပါတယ်'

..... သူတို့ ပြောတာ အမှန်ဆိုရင်တော့ ဒါ Kira လက်ချက်ပဲ။ တခြားဘယ်သူမှ ဒါမျိုး မသတ်နိုင်ဘူး .......
TV ကြည့်ရင်း L တွေးနေမိသည်။

'ဒုတိယ အခွေကို ဒီနေ့ ၅ နာရီ ၅၉ မိနစ်မှာ ထုတ်လွှင့်ရမယ်လို့ ညွှန်ကြားချက်မှာ ပါနေပါတယ်။ ဒီအခွေထဲမှာ နောက်ထပ် ဘယ်သူတွေ သေဦးမယ်ဆိုတာ ကြိုတင်ပြောကြားချက်တွေပါဝင်ပြီး သူ Kira ပါဆိုတာ တကမ္ဘာလုံး လက်ခံအောင် လုပ်မယ် လို့ ကျနော်တို့ နားလည်ထားပါတယ်'

အချိန်ကား ၆ နာရီ ထိုးလုပေပြီ။ စုံစမ်းရေး အဖွဲ့ဝင်များ တယောက်တပေါက် ဖြစ်ကုန်ကြသည်။
"ဟာ..တလွဲကောင်တွေ။ ဒီကောင်တွေ လွှင့်လိုက်ရင် ပေါက်တပ်ကရတွေချည်းပဲ။ အရင်လိုပဲ ပေါက်ကရပဲ ဖြစ်မှာပဲ"

"မဟုတ်လောက်ဘူးနဲ့တူတယ်။ ဒီကိစ္စတော့ သူတို့လည်း လိမ်ရဲမှာ မဟုတ်ဘူး"

Sakura-TV မှဆက်လက် ထုတ်လွှင့်နေသည်။
'အခု အချိန်ကျပြီမို့ Kira ရဲ့ video ကိုထုတ်လွှင့်ပါတော့မယ်'

TV ပေါ်တွင် 'KIRA' ဆိုသော စာသားပေါ်လာပြီး ဗလုံးဗထွေး အသံတသံထွက်လာသည်။
'ကျုပ် Kira ပဲ။ ဒီ video ကို ညွှန်ကြားတဲ့အတိုင်းလွှင့်တယ်ဆိုရင် ဧပရယ် ၁၈ ရက် ညနေ ၅ နာရီ ၅၉ မိနစ် ၄၇၊ ၄၈၊ ၄၉ စက္ကန့်... Taiyo TV မှာသတင်းကြေငြာတဲ့လူ Kazuhiko Hibima ဟာ ၆ နာရီတိတိမှာ နှလုံးရောဂါနဲ့ သေလိမ့်မယ်။ လိုင်းပြောင်းကြည့်လိုက်ပါ'

Taiyo TV သို့လိုင်းပြောင်းကြည့်လိုက်သော L တို့တသိုက်မြင်နေရသည်မှာ ထိုင်ခုံတွင် နောက်သို့ဇက်လန်၍ သေဆုံးနေသော သတင်းကြေငြာသူ။

အားလုံး ကြက်သေ သေသွားတော့၏။
"လိုင်းပြန်ပြောင်းတော့။ တခြား TV တွေကို တခြားလိုင်းတွေကို ဖွင့်ထား"
L ပြောလိုက်မှ Sakura ကိုပြန်ပြောင်းတော့
'သေဆုံးသွားတဲ့ Mr Hibima ဟာ Kira ကို မကောင်းဆိုးဝါးကောင်လို့ မကြာခဏ သုံးစွဲ ခေါ်ဝေါ်ခဲ့သူဖြစ်တယ်။ ဒါဟာ သူ့အတွက် ထိုက်သင့်တဲ့အပြစ်ဒဏ်ပဲ။ ကျုပ်နောက်တယောက်ကို အပြစ်ပေးပြဦးမယ်။ သူကတော့ NHN က Kumaizumi Seiji ပဲ။ ဒီလူဟာလည်း တချိန်လုံး ကျုပ်ကို အပုပ်ချနေတဲ့ လူတယောက်ပဲ'

NHN လိုင်းတွင် လူတယောက် ဇက်ကျိုးသေဆုံးပြန်သည်။

'ကျုပ် Kira ဆိုတာ ခုလောက်ဆို ခင်ဗျားတို့ အားလုံး ယုံကြည်လောက်ပါပြီ'

L အလျင်အမြန် တွေးတောနေရသည်။
.... သူတို့ အပြောအရဆို ဒါ တကမ္ဘာလုံးကလူတွေကို ကြေငြာချက်ထုတ်မှာ ........

"ကျနော်တို့ ဒီထုတ်လွှင့်ချက်ကို ချက်ချင်း ရပ်ခိုင်းမှ ဖြစ်မယ်။ မဟုတ်ရင် အားလုံး အကြီးအကျယ် ဒုက္ခရောက်ကုန်လိမ့်မယ်"
L အော်ဟစ် အမိန့်ပေးလိုက်၏။

Matsuda က ချက်ချင်း Sakura-TV သို့ဖုန်းဆက်သလို Aizawa ကလည်း ထိုကုမ္ပဏီတွင် အလုပ်လုပ်နေသော သူ့မိတ်ဆွေထံ လှမ်းဆက်လေသည်။

သို့သော်
"မရဘူး။ ဟန်းဖုန်းတွေ ပိတ်ထားကြတယ်"
"ရှိသမျှ နံပါတ်တွေအားလုံး ခေါ်လို့မရဘူး။ လုံးဝ လိုင်းမ၀င်ဘူးဖြစ်နေတယ်"

ထိုအခါ Ukita ကအလျင်အမြန်ပြေးထွက်သွားရင်း
"ကျုပ် သူတို့ဆီ သွားပြီး ရပ်ခိုင်းလိုက်မယ်"
အော်ပြောသွားလေသည်။

TV မှာကား Kira ဆက်ပြီး စကားပြောဆဲ
'အားလုံးပဲ သေချာနားထောင်ကြပါ။ ကျုပ် အပြစ်မဲ့တဲ့လူတွေကို မသတ်ချင်ဘူး။ ကျုပ်ဟာ ယုတ်မာ ဆိုးသွမ်းမှုတွေကို မုန်းတီးတယ်၊ တရားမျှတမှုကို မြတ်နိုးတယ်။ ရဲတပ်ဖွဲ့ဟာ ကျုပ်ရဲ့ ရန်သူမဟုတ်ဘူး။ သူတို့ဟာ ဒီမတရားမှုတွေကို တိုက်ဖျက်နေတဲ့ ကျုပ်ရဲ့ မိတ်ဆွေတွေပဲဖြစ်တယ်။ ကျုပ်ရဲ့ ရည်ရွယ်ချက်ဟာ ယုတ်မာဆိုးသွမ်းမှုတွေ ကင်းရှင်းတဲ့ ငြိမ်းချမ်းတဲ့ကမ္ဘာကြီး ထူထောင်ဖို့ပဲ။ ခင်ဗျားတို့ အားလုံးသာ ကျုပ်နဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် အဲဒီ ငြိမ်းချမ်းတဲ့ကမ္ဘာကြီး အလွယ်တကူဖြစ်လာမှာပဲ။ ကျုပ်ကို ဖမ်းဖို့ မကြိုးစားသရွေ့ အပြစ်မဲ့ ပြည်သူ တယောက်မှ မသေစေရဘူး။ တကယ်လို့ ကျုပ်ရဲ့ လုပ်ရပ်တွေကို မနှစ်မြို့ဘူး၊ ကျုပ်နဲ့ သဘောထားချင်း မတိုက်ဆိုင်ဘူး ဆိုရင်တောင်မှ ကိုယ့်စိတ်ထဲမှာပဲ ထားပါ။ တလောကလုံး သိအောင် ကျုပ်ကို မပုတ်ခပ်သရွေ့ ဘယ်သူ့ကိုမှ အန္တရာယ်ပြုမှာ မဟုတ်ဘူး'

လမ်းမပေါ်တွင်၊ အိမ်များထဲတွင်၊ ရုံးများထဲတွင် လူအများ TV ကိုသာ မလှုပ်မရက် ကြည့်နေကြသည်။

'အချိန်နည်းနည်းပဲ စောင့်ပါ။ လူအများ လက်ခံနိုင်တဲ့ ကမ္ဘာကြီး ကျုပ်တည်ဆောက်ပေးမယ်။ အဲဒီကမ္ဘာကြီးပေါ်မှာ ကြင်နာသနားတတ်တဲ့ လူတွေကြီးပဲ ဖြစ်စေရမယ်'

ဆေးရုံပေါ်တွင်
ရဲချုပ်၏ ဇနီးက TV ကိုပိတ်လိုက်၏။
"ရှင် ဒါတွေကြည့်နေရင် စိတ်ဆင်းရဲ ရတာပဲရှိမှာ။ ရှင့်ကျန်းမာရေးနဲ့ မဖြစ်ပါဘူး။ အေးအေး နားနေပါနော်"

"မိန်းမရယ်..ငါက Kira စုံစမ်းရေးရဲ့ ခေါင်းဆောင်ပါ"
ကုတင်ပေါ်လှဲရင်း ရဲချုပ်က လှမ်းတောင်းပန်တော့လည်း သူ့ဇနီးက TV ပြန်ဖွင့်ပေးလိုက်လေသည်။

Sakura-TV အဆောက်အဦးရှေ့သို့ Ukita မောင်းလာသောကား ထိုးဆိုက်လာ၏။ သူကားထဲမှ အပြေးထွက်ပြီး ပင်မ မှန်တံခါးကို သွားဖွင့်သော်လည်း မရချေ။ တံခါးကား သော့ခတ်ထားလေသည်။

"ဟိတ်.. တံခါးဖွင့်စမ်း၊ ရဲတပ်ဖွဲ့ကကွ"
အားကုန် ကြုံးအော်သော်လည်း အတွင်းမှ လုံခြုံရေးဝန်ထမ်းက ခေါင်းသာ တွင်တွင်ခါပြ၏။

Ukita စိတ်တိုလေပြီ။ သူ့ခါးမှ သေနတ်ကို ဆွဲထုတ်ပြီး မှန်တံခါးကို ချိန်လိုက်သည်တွင် ရင်ထဲမှ အောင့်လာကာ အသက်ရှူကြပ်လာလေသည်။
... Kira ....
သူသိလိုက်သော်လည်း နောက်ကျသွားခဲ့ပြီ။ လက်ထဲမှ သေနတ်လွတ်ကျသွားချိန်တွင် သူ့ခါးပတ်မှ အရေးပေါ်ခလုတ်ကို နှိပ်ရန် ကြိုးစားသေးသော်လည်း မဖြစ်နိုင်တော့။ သူ လဲကျသေဆုံးသွားတော့၏။

စုံစမ်းရေးဌာနတွင်
'ကျမတို့ အစီအစဉ်ကို ကြားဖြတ်သတင်းတခုကြောင့် ခေတ္တရပ်နားပါမယ်ရှင်။ အခု မြင်နေရတဲ့ မြင်ကွင်းကတော့ Sakura-TV အဆောက်အဦးရှေ့ မြင်ကွင်းပါ။ ကျမတို့ တိုက်ရိုက်ထုတ်လွှင့်နေတာဖြစ်ပြီး လူတယောက် လဲကျ သေဆုံးနေဖွယ်ရှိတာတွေ့ရမှာပါ'
အခြား TV လိုင်းတခုမှ အသံထွက်လာ၍ သူတို့အားလုံး ကြည့်လိုက်တော့ လဲကျနေသည့် Ukita။

"တောက်.. ခွေးကောင် Kira"
Aizawa ဒေါသတကြီးဖြင့် တံခါးဝဘက် ထွက်အသွားတွင်

"ခင်ဗျား ဘယ်သွားမလို့လဲ Aizawa"
L က လှမ်းမေးလိုက်၏။

"Ukita ဆီကိုပေါ့ကွ။ တခြားဘယ်များ သွားစရာ ရှိလို့လဲ"
ဒေါသနှင့် Aizawa ကပြန်ဖြေလိုက်၏။

"မဖြစ်ဘူး။ ခင်ဗျား စိတ်အေးအေးထားပါ"

"မင်းက ငါ့ကို ဒီအချိန်မှာ ဘာမှမလုပ်ပဲ TV ပဲ ထိုင်ကြည့်ခိုင်းနေတာလား"

"ဒါသာ Kira လက်ချက်ဆိုရင် ခင်ဗျားသွားလည်း ဒီတိုင်းပဲ ဖြစ်မှာပဲ"

"ဟေ့..မင်းပဲ ပြောတော့ Kira က နာမည်နဲ့ မျက်နှာ တွဲသိမှ သတ်လို့ရတာဆိုကွ။ ခု ဘယ်လိုဖြစ်ရတာလဲ"

Matsuda ကလည်း ၀င်ပြောပြန်သည်။
"ဒါဖြင့် ရဲကတ်ပြား အတုတွေကလည်း အလကားပဲပေါ့။ ကျုပ်တို့ နာမည်တွေကို Kira သိထားပြီးသား ဖြစ်နေတာလား"

"ဟုတ်ချင်လည်း ဟုတ်မှာပေါ့။ ဒါပေမယ့် သူသာ ကျနော်တို့ နာမည်တွေ သိနေခဲ့ပြီးပြီဆိုရင် ဒီကိစ္စမလုပ်ခင် စုံစမ်းရေး တဖွဲ့လုံးကို ကြိုသတ်ထားတာ ပိုသဘာဝ ကျမယ်ထင်တယ်ဗျ။ ကျနော်တွေးခဲ့တာက Kira ဟာ လူသတ်ဖို့ နာမည်နဲ့ မျက်နှာ လိုတယ်။ ခုဖြစ်နေတဲ့ အတိုင်းဆိုရင်တော့ Kira ဟာ မျက်နှာလေးမြင်ရရုံနဲ့လည်း သတ်လို့ရတဲ့ပုံပဲ။ ကျနော့်အထင် မမှားရင် Kira ဟာ ဒီအဆောက်အဦးအတွင်းမှာ ရှိရင်ရှိ၊ မရှိရင် ၀င်ပေါက်ကို လှမ်းမြင်နေရတဲ့ အနီးဝန်းကျင် တနေရာမှာ ရှိလိမ့်မယ်"

"ဟ.. Kira အဲဒီနားမှာ ရှိတယ်ဆိုမှတော့ ငါတို့ အဲဒီကို သွားဖို့ ပိုလိုအပ်နေပြီပေါ့ကွ"
Aizawa ကား လွန်စွာ ဒေါသထွက်နေလေပြီ။

"သူ စုံစမ်းရေး ကင်မရာ ကြိုတပ်ထားတာလည်း ဖြစ်နိုင်တာပဲ။ သွားရင် သွားတဲ့လူ သေမှာပဲ"

"ဟေ့.. Kira ကိုဖမ်းဖို့ ငါတို့ အသက်နဲ့ ရင်းပြီး အလုပ်လုပ်နေတာ မဟုတ်ဘူးလားကွ"
ထိုင်နေသည့် L ကို Aizawa က ပခုံးမှ ဆွဲလှုပ်ရင်း မေးလိုက်သည်။

"အသက်နဲ့ ရင်းလုပ်တာနဲ့ ကျိန်းသေပေါက် သေမယ့်ကိစ္စလုပ်တာ နှစ်ခုဟာ မတူပါဘူး။ ခင်ဗျား စိတ်ကို ကြိုးစားထိန်းပါ။ Ukita ဟာ သေသွားပြီ။ ခင်ဗျားကိုပါ ကျုပ်တို့ အသေမခံနိုင်ဘူး Aizawa"

TV ကား လွှင့်ဆဲ
'ရဲတပ်ဖွဲ့အနေနဲ့ ငြိမ်းချမ်းတဲ့ကမ္ဘာကြီး တည်ဆောက်ဖို့ ကျုပ်နဲ့ ပူးပေါင်းဆောင်ရွက်မယ်၊ မဆောင်ရွက်ဘူးဆိုတာ နောက် ၄ ရက်အကြာ ည ၆ နာရီ သတင်းမှာ အဖြေပေးပါ။ အဖြေ ပေးတဲ့ပေါ်မှာ မူတည်ပြီး ထုတ်လွှင့်ဖို့ အခွေ နှစ်ခွေ ကျုပ်ပြင်ဆင်ထားပြီးပြီ'

ဆေးရုံတွင်ကား
အိမ်သာမှ ပြန်လာသည့် ရဲချုပ်၏ဇနီးကို လူမရှိတော့သည့် ကုတင်ကြီးကသာ ကြိုဆိုနေလေသည်။

မကြာမီပင် အဓိကရုဏ်းနှိမ်နင်းရေး ကားတစင်း Sakura-TV ပင်မ မှန်တံခါးကြီးကို တိုက်ခွဲကာ ၀င်ရောက်သွားကြောင်း TV တွင် တွေ့ရလေတော့၏။

"အင်း..ဘယ်သူမှ ကိုယ့်မျက်နှာကို မတွေ့ဘဲ ၀င်ဖို့ဆိုရင်တော့ ဒီနည်းက တော်တော်ကောင်းတာပဲ"
L မှတ်ချက်ချလိုက်သည်။

Sakura-TV လုံခြုံရေးဝန်ထမ်းတွေ့ရသည်က ခေါင်းမီးခြုံကာ ကားပေါ်မှ ဆင်းလာသည့် ရဲချုပ်။

"ဟိတ်..မင်းတို့ကောင်တွေ TV အစီအစဉ်ကို ရပ်လိုက်စမ်း"
အသံလွှင့်ခန်းမ တွင်းသို့ဝင်၍ ရဲချုပ် အမိန့်ပေးလိုက်လေသည်။

"နေပါဦး ခင်ဗျား။ ဒါကို ရပ်လိုက်ရင် ကျနော်တို့ အသတ်ခံရမှာပေါ့"
ဒါရိုက်တာကြီးက ကန့်ကွက်တော့

ရဲချုပ်က ခါးကြားမှ သေနတ်ကို ထုတ်ကာ
"ပါးစပ်ပိတ်စမ်း။ အနည်းဆုံးတော့ မင်း ခုချက်ချင်း မသေဘူးပေါ့"

သေမင်းစာအုပ် သုံးစွဲပုံ ကောက်နှုတ်ချက်
သေမင်းစာအုပ်တွင်းသို့ နာမည်ရေးထည့်ရာတွင် စာအုပ်မျက်နှာပြင်သို့ တိုက်ရိုက်ရေးထည့်သည်ဖြစ်ပြီး စာလုံးများ ပြတ်သားသည်ဆိုပါက မည်သည့်အရာနှင့်မဆို ရေးထည့်နိုင်သည်။ (ဥပမာ။ ။ နှုတ်ခမ်းနီတောင့်၊ လက်သည်းဆိုးဆေး၊ မျက်ခုံးမွှေးဆွဲခဲတံ၊ သွေး၊ စသည်ဖြင့်
......

သေမင်းစာအုပ် (၁၀.၂)

သေမင်းစာအုပ် ဥပဒေသ ကောက်နှုတ်ချက်
သေမင်းစာအုပ်မှ စာရွက်တရွက်ဖြဲယူအသုံးပြုသည် ဖြစ်စေ၊ စာရွက်၏ အပိုင်းကလေးတပိုင်းကိုပင် ဖြဲယူအသုံးပြုသည်ဖြစ်စေ၊ အကျိုးသက်ရောက်မှုသည် သေမင်းစာအုပ်နှင့် အတူတူပင်ဖြစ်၏။

ညကမည်းမှောင်လို့နေသည်။ ဆေးရုံတွင် Light ရော L ပါရောက်နေကြပြီ။ ရဲချုပ်ကား ဆေးရုံကုတင်ပေါ်တွင်။

"အဖေ့ နှလုံးရောဂါက အလုပ်များလို့ ဖြစ်တာပါဆိုတာ သေချာရဲ့လား"
Light က စိုးရိမ်တကြီးဖြင့် မေး၏။

"အမှန်အတိုင်းပြောရရင်တော့ ငါလည်း လဲကျကျချင်း Kira များလားလို့ ထင်လိုက်သေးတာကွ။ တော်သေးတာပေါ့။ ခုတော့ ကောင်းနေပါပြီ။ အလုပ်တွေ ဖိလုပ်လွန်းလို့ပါ"

"ရဲချုပ်သားကို သံသယ အ၀င်ခံနေရတာကလည်း စိတ်ဒုက္ခရောက်စေမှာပေါ့ဗျာ"
L က စာနာစွာဖြင့် ၀င်ပြောလေသည်။

Light အံ့သြသွားပြန်သည်။
"ဟေ... မင်းငါ့အဖေကို ပြောထားတယ်"

"အေး.. မင်းအဖေကို ငါ အကုန်ပြောပြထားတယ်။ ငါ L ပါဆိုတာ အပါအ၀င်ပေါ့"

Light သူ့အဖေကို လှမ်းကြည့်လိုက်တော့
"သူပြောတာ အမှန်ပဲ သား။ အဖွဲ့ဝင်အားလုံးကတော့ အပြင်လူတွေ မရိပ်မိအောင် သူ့ကို Ryuzaki လို့ပဲ ခေါ်ကြတယ်။ သူဟာ L ပဲ"

.... ဒါဖြင့် ဒီကောင် L အစစ်ပဲပေါ့။ ဒီကောင်ရော စုံစမ်းရေး တဖွဲ့လုံးရော ရှင်းလိုက်လို့ကတော့.. ဟာ ဒီလောက်တော့လည်း မလွယ်လောက်ဘူး။ အချိန်ယူစောင့်ကြည့်ပြီးမှ လုပ်သင့်တာ လုပ်ရမယ်။ လောလောဆယ်တော့ အဖေ့အတွက် စိတ်ပူတဲ့ သားလေး Yagami Light ပေါ့ .......

"Ryuzaki ကျုပ်သားနဲ့ စကားပြောပြီးပြီဆိုတော့ သူ့အပေါ် သံသယ ရှင်းသွားပြီလားကွ"
ရဲချုပ်က မျှော်လင့်တကြီးဖြင့် မေးလေသည်။

"သံသယက ပါးပါးလေးပါ။ ကျနော် သေချာပြန်ရှင်းပြမယ်နော်။ ဂျပန်ကို ၀င်လာတဲ့ FBI agent ၁၂ ယောက်ကို Kira သတ်လိုက်တယ်။ သူတို့ဟာ အသတ်မခံရခင်က ဂျပန်ရဲအဖွဲ့ဝင်တွေနဲ့ နီးစပ်ပတ်သက်တဲ့လူတွေကို နောက်ယောင်ခံ စုံစမ်းနေခဲ့ကြတယ်။ သေသွားတဲ့အထဲကမှ Ray Penbar ဆိုတဲ့ agent ရဲ့ အပြုအမူတွေဟာ ထူးဆန်းနေခဲ့တယ်"

L စကားမဆုံးမီပင်
"ဒါဖြင့် Ray Penbar လိုက်နေတဲ့အထဲမှာ ငါ ပါနေတယ်ဆိုပါတော့။ ဒီလိုဆိုတော့ ငါ့ကို သံသယရှိတာ အပြစ်မပြောလိုပါဘူး။ တကယ်တမ်းလည်း တခြား သံသယ၀င်စရာ လူမှ မရှိတာပဲ"
Light ဖြတ်ပြောလိုက်သည်။

"မင်းတွေးပုံခေါ်ပုံကတော့ လက်ဖျားခါလောက်တယ် Light။ မင်းဟာ ဒိုင်းကနဲ ဒိုင်းကနဲ ပြောနိုင်တဲ့အပြင် ပြောလိုက်ရင်လည်း အမြဲလိုလို တိတိကျကျမှန်နေတယ်"
L ကထုံးစံအတိုင်း Light ကိုသေချာ ကြည့်၍ ပြောလိုက်သည်။

"အေး။ ခုငါဆုံးဖြတ်လိုက်ပြီကွ။ ငါ့အဖေကလည်း မင်း L ဟုတ်ပါတယ်လို့ ပြောပြီးပြီဆိုတော့ Kira စုံစမ်းရေးမှာ မင်းကို ငါကူတော့မယ်။ နောက်ပြီး ငါ Kira မဟုတ်ပါဘူးဆိုတာကို Kira ကိုရအောင်ဖမ်းပြီး သက်သေပြမယ်ကွ"
ခပ်တည်တည်နှင့် Light ရွှီးနေတော့သည်။

ရဲချုပ်က မနေနိုင်
"Light.. မင်း အခုစာပဲကြိုးစားပါ။ နောင်တချိန် ရဲအဖွဲ့ထဲရောက်ရင် လူဆိုးတွေ ဖမ်းစရာ အများကြီး ကြုံဦးမှာပါကွ"

"ဟာ အဖေကလည်း..အဲလိုဖြစ်ဖို့က နှစ်တွေ အများကြီးလိုသေးတယ်လေ။ နောက်ပြီး သားပြောထားတာ မှတ်မိတယ်မဟုတ်လား။ အဖေ တခုခု ဖြစ်လို့ကတော့ Kira ကို သားကိုယ်တိုင် ကြိုးစင်ပို့ပစ်မယ်ဆိုတာ"

Light ၏ စကားလုံးများဖြင့် ရဲချုပ် ကျေနပ်သွားလေသည်။
..... အင်း..ဒီလောက် လိမ္မာတဲ့သား ဘယ်လိုလုပ်ပြီး Kira ဖြစ်နိုင်မှာလဲ ....

L မှာလည်း နည်းနည်းတော့ တွေဝေသွား၏။
.... ဒီကောင့်ပြောပုံက ဟန်ဆောင်နေတာပါလို့ သတ်မှတ်ဖို့တော့ ခပ်ခက်ခက်ဟ။ ဟန်ဆောင်တာ ဆိုရင်တော့ တော်တော်လေး အရှက်မရှိလို့ပဲ .........

"နားထောင်စမ်း Light။ Kira ဆိုတဲ့ကောင်ဟာ အယုတ်တမာကောင်။ ဒါကို ဘယ်သူမှ မငြင်းနိုင်ဘူး။ အေး ဒါပေမယ့် ခုတလော ငါနောက်တမျိုးတွေးမိတယ်။ တကယ့် တကယ် ဒုက္ခပေးနေတာက လူတွေကို သတ်ချင်သလို သတ်နိုင်တဲ့ စွမ်းရည်လို့။ အဲဒီ လူသတ်စွမ်းရည် ရထားတဲ့လူကတော့ ကျိန်စာသင့်ထားတဲ့လူလို့ ပြောရမှာပဲ။ ဒီစွမ်းရည်ကို ဘယ်လိုပဲသုံးသုံး လူသတ်ပြီးရလာတဲ့ ခံစားမှုဟာ ဘယ်လိုနည်းနဲ့မှ ပြောစရာ မကောင်းနိုင်ပါဘူး"

"ရဲချုပ်ပြောတာ အမှန်ပဲ။ တကယ်လို့ Kira ဟာ ရုတ်တရက် ဒီစွမ်းရည် ရသွားတဲ့ လူသာမန်တယောက်ဆိုရင်တော့ သူဟာ တော်တော်ကို ကံဆိုးတဲ့လူပဲ"

Light နှင့် L ဆေးရုံမှ ပြန်အထွက်တွင်
"ငါ Kira မဟုတ်ပါဘူးလို့ မင်းယုံအောင် ဘယ်လိုမှ လုပ်လို့မရဘူးလားကွာ"
Light ကမေးလိုက်တော့

"မင်း Kira မဟုတ်ဘူးဆိုမှတော့ ဘာမှ လုပ်စရာမှ မလိုဘဲလေ"

"ဟေ့ကောင်..တော်စမ်းကွာ။ Kira လို့ အထင်လွဲခံရတာ ဘယ်လောက်အခံရခက်မယ်ဆိုတာ မင်းမစဉ်းစားမိဘူးလား"
Light အော်လိုက်သည်။

"စိတ်မကောင်းပါဘူး Light"

"ဒါဖြင့် ငါ့ကို TV မရှိ၊ အင်တာနက်မရှိ၊ ဘာမှ မရှိတဲ့ တနေရာမှာ တလလောက်ချုပ်ထားပြီး တချိန်လုံး စောင့်ကြည့်နေပါလား"

....... ပုံမှန်လူတယောက်ဟာ ကိုယ့်ကိုယ်ကို အပြစ်မရှိဘူးဆိုတာ သက်သေပြဖို့ ဒီလောက်တောင် လုပ်ပါ့မလား ........
L စဉ်းစားပြီး ပြန်ဖြေလိုက်သည်။
"မဖြစ်ဘူးကွ။ ဒီလိုလုပ်ရင် မင်းရဲ့ ပုဂ္ဂလိက လွတ်လပ်ခွင့် (Rights to Privacy)ရယ်၊ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့် (Freedom of Movement)ရယ်ကို ချိုးဖောက်သလို ဖြစ်နေလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် သံသယ အ၀င်ခံနေရတဲ့ လူတယောက်ဆီက ကမ်းလှမ်းချက်ကို လက်ခံဖို့ဆိုတာ အဓိပ္ပာယ်မှ မရှိတာကွာ"

"အေးလေ..ဟုတ်ပါပြီ"

L ကားထဲသို့ ၀င်သွားပြီးမှ
"စိတ်မပူပါနဲ့။ မင်း Kira မဟုတ်ဘူးဆိုရင်လည်း အချိန်တန်တော့ သိသာလာမှာပေါ့။ ရိုးရိုးသားသားပြောရရင်တော့ကွာ မင်းအဖေနဲ့ မင်းနဲ့ ပြောနေတာတွေ ကြည့်ပြီးတော့ မင်းဟာ Kira မဖြစ်လောက်ဘူးလို့တော့ ထင်မိသားကွ။ ကဲ အဖေ့ကို ဂရုစိုက်လိုက်ဦးနော်။ ငါသွားတော့မယ်"

"နေဦးကွ။ မင်းကို ငါကူမယ်လို့ ပြောခဲ့ပေမယ့် ငါ့အဖေ နေကောင်းတဲ့အထိတော့ ကူနိုင်မှာ မဟုတ်ဘူးဆိုတာ ခေါင်းထဲ ထည့်ထားလိုက်နော်"

"ရပါတယ်။ ငါ နားလည်ပါတယ်"

L ၏ကား ထွက်သွားလေပြီ။ Light သည် ထွက်သွားသည့် ကားကို ငေးကြည့်ရင်း တွေးနေမိ၏။
...... Ryuga Hideki, Ryuzaki, ဒီကောင့်နာမည်အစစ်က ဘာလဲ .....

L သည်လည်း ကားပေါ်တွင် အတွေးထဲ နစ်မြောလျက်
..... Yagami Light ဟာ Kira မဟုတ်ဘူးလား ........

ဆေးရုံ ပေါက်ဝတွင် Light စကားပြောနေမိ၏။
"Ryuk"

"ဟေ"

"သူတို့ ပြောသလို သေမင်းစာအုပ်ကို ကောက်ရတာကို ကံဆိုးတယ်လို့ ကျုပ်တခါမှ မထင်ခဲ့ဘူး။ တကယ်တမ်းဆို ပျော်တောင်ပျော်သေးဗျ။ အပြစ်ကင်းတဲ့ ကမ္ဘာကြီးကို ဖန်တီးမယ်လေ"

"မင်းဟာမင်း သေမင်းစာအုပ်ကောက်ရတာ ပျော်ပျော် မပျော်ပျော် ငါစိတ်မ၀င်စားပါဘူး။ ဒါပေမယ့် ငါတို့ သေမင်း ဥပဒေအရတော့ သေမင်းတွေရဲ့ ပြုစားခံရတဲ့ လူတွေဟာ ကံကြမ္မာဆိုးနဲ့ပဲ ကြုံရတယ်လို့တော့ ပြောကြတာပဲကွ"

"ဒါဖြင့်လည်း အဲဒီဥပဒေမှာ ချွင်းချက်ရှိတယ်ဆိုတာ ခင်ဗျား တွေ့ရတော့မှာပေါ့ဗျာ"

"ဟဲဟဲ.. အဲလိုဆိုတော့လည်း ငါက ကံထူးရှင်ကြီးပေါ့"

Sakura-TV သတင်းဌာန ၏ အစည်းအဝေးခန်းတွင်
"ဘာတွေလဲကွ။ မင်းတို့ ဦးနှောက်က ဒီလောက်လေးပဲ သုံးလို့ရသလား။ Kira Special ဆိုပြီး နာမည်ပေးလိုက်တာနဲ့ ဒီအစီအစဉ်ကို လူတွေကြည့်ကြမယ်လို့ ထင်နေတာလား။ ဒီမှာ ငါတို့လိုင်းကို လူတွေကြည့်ကြတယ်ဆိုတာ သူများတွေ မထိရဲတာတွေ ပြလို့ကွ။ သဘောပေါက်ကြရဲ့လား။ အေး သူများနဲ့ မတူတာ ဘာမှ မရှိရင်လည်း လုပ်ကြံပြီး ပြရမယ်ကွ ငတုံးတွေရ"

ထိုစဉ်
"ဒါရိုက်တာကြီး Demegame (ဒဲမဲဂါးမဲ)ရှင့်၊ ဒါရိုက်တာ့နာမည်နဲ့ အထုပ်တထုပ်ရောက်လာလို့ပါ။"

အထုပ်ကို ဖွင့်လိုက်သော် စာရွက်များနှင့် တိတ်ခွေများ။
Demegame ကား စာများဖတ်ပြီး အကျေနပ်ကြီး ကျေနပ်နေချေပြီ။
"ငါလိုချင်တာ ဒါပေါ့ကွ။ မင်းတို့ကောင်တွေကို ပြောနေရတာ ဒါမျိုးကို ပြောတာကွ။ ဘာတဲ့ Kira ၏ကြေငြာချက်ကို တကမ္ဘာလုံးသို့ ထုတ်လွှင့်ရမည်။ ညွှန်ကြားသည့်အတိုင်း မထုတ်လွှင့်ပါက ကုမ္ပဏီ ဒါရိုက်တာအဖွဲ့ဝင်များ တယောက်ပြီးတယောက် သုတ်သင်ခြင်းခံရမည် တဲ့။ ဟေးဟေး..ဒါသာ အမှန်ဆိုလို့ကတော့ ရှယ်ပဲဟေ့"

စာသားအချို့ကောက်နှုတ်ချက်
Sakura-TV အုပ်ချုပ်မှုဒါရိုက်တာ Demegame သိစေရန်

ကျနုပ် Kira ဖြစ်သည်။
Kira ဖြစ်ကြောင်း သက်သေအထောက်အထား ပူးတွဲပါ video တွင်ပါရှိသည်။
ထို video ကိုကြည့်ရှုပြီး ကျနုပ် Kira ဖြစ်သည်ဟု လက်ခံပြီးလျင် အခွေနံပါတ် ၂ မှ ၄ ကို ပူးတွဲပါ စာမျက်နှာတွင် ကျနုပ်သတ်မှတ်ထားသည့် နေ့ရက်နှင့် အချိန်အတိုင်း ထုတ်လွှင့်ပြသရမည်။

ထိုအခွေများကို ထုတ်လွှင့်ပြသသည့်အချိန်တွင် ကြေငြာသည့်အတိုင်း လူသတ်မှုများ ကျူးလွန်ပြခြင်းဖြင့် ကျနုပ် Kira ဖြစ်ကြောင်း အများပြည်သူ သိစေမည်။

သေမင်းစာအုပ် (၁၀)

Light နှင့် L တို့ တက္ကသိုလ် တင်းနစ်ကွင်းအတွင်း ရောက်ရှိနေကြသည်။
"မိတ်ဖြစ်ဆွေဖြစ်ဆိုပြီးများ တင်းနစ်ရိုက်ဖို့ ခေါ်ရတယ်လို့ Ryuga ရာ"

"ဘာလဲ၊ မင်းက မရိုက်ချင်လို့လား"

"မဟုတ်ပါဘူး၊ ငါဘယ်လောက် တင်းနစ် ကောင်းတယ်ဆိုတာ မင်းမသိဘဲ ခေါ်မိမှာစိုးလို့ပါ။ ငါက ဂျပန် အငယ်တန်း ချန်ပီယံ နှစ်နှစ်ဆက်တိုက် ဖြစ်ခဲ့ဖူးတာနော်"
Light က ရိသဲ့သဲ့ ပြောလိုက်တော့

"စိတ်မပူပါနဲ့ Yagami ရာ၊ ငါကလည်း British(ဘရစ်တစ်ရှ်) အငယ်တန်း ချန်ပီယံ ဖြစ်ခဲ့တဲ့ကောင်ပါပဲ"

..... ခုနေများ သူဗြိတိန်နိုင်ငံသားလားလို့ မေးလိုက်ရင် ငါဟာ Kira မို့လို့သာ သူ့အကြောင်းလိုက်စုံစမ်းနေတာလို့ ရိပ်မိသွားမလား။ ဟယ်.. ထင်ရော ဘာအရေးလဲ၊ ခုလဲ ငါ့ကို သူယုံတာမှမဟုတ်တာ........
Light စဉ်းစားပြီး မေးချလိုက်သည်။
"ဒါဖြင့် မင်းက အင်္ဂလန်မှာ ကြီးခဲ့တာလား"

L ကလည်း အေးဆေးစွာပင် ပြန်ဖြေလိုက်သည်။
"၅ နှစ်လောက်တော့ နေခဲ့ဖူးတယ်ကွ။ ဒါပေမယ့် မင်းဒီအချက်ကလေး သိယုံနဲ့တော့ L ဘယ်သူလဲဆိုတာ မသိနိုင်သေးဘူးဆိုတာတော့ စိတ်ချထားလိုက်ကွ။ ကဲပါ.. ၆ ပွဲ အရင်နိုင်တဲ့လူ အနိုင်နော်"

ထို့နောက်တွင်တော့ သူတို့နှစ်ဦး၏ လက်ဖျားခါလောက်သည့် တင်းနစ်ပွဲစလေတော့သည်။

..... ဒီလို ပုံမှန် တင်းနစ်ပွဲလေးကစားယုံနဲ့တော့ သူ Kira ဟုတ်မဟုတ် မပြောနိုင်လောက်ဘူး။ ဒါပေမယ့် Kira ဟာ အရှုံးကို အင်မတန် မုန်းတီးတာတော့ သေချာတယ် .......
L တွေးရင်း တင်းနစ်ဘောကို အစွမ်းကုန် ရိုက်ချလိုက်၏။
.... နိုင်ဖို့ဆိုရင်တော့ တိုက်နိုင်မှ ရမှာကွ ........

Light မှာ လှုပ်တောင်မလှုပ်နိုင်လိုက်။

ထိုအချိန် ရဲဌာနချုပ်တွင်
ရဲချုပ် Yagami ပြည်ထဲရေးဝန်ကြီးရှေ့တွင် ရပ်နေသည်။

"ဘာ...မင်းက ငါ့ကိုတောင် မပြောပြနိုင်ဘူး"
ဝန်ကြီးက ဟောက်လိုက်သော်

"L က ကျနော်တို့ အဖွဲ့ထဲကလွဲလို့ ဘယ်သူ့ကိုမှ မပြောရဘူးလို့ အမိန့်ထုတ်ထားလို့ပါ ဆရာ။ ဆရာလည်း သိသားပဲ တကမ္ဘာလုံးလိုလိုက သူ့စကား နားထောင်နေရတာကို"
ရဲချုပ်က ရှင်းပြရလေ၏။

"မင်းတို့ ဘာတွေလုပ်နေတယ်၊ ဘယ်လောက် တိုးတက်မှု ရှိတယ်ဆိုတာလေးတောင် မပြောနိုင်ဘူးပေါ့"

"ဘယ်လိုမှ မပြောနိုင်ပါဘူး ဆရာ"

"ဒီမှာ Yagami၊ ပထမဆုံး အမှုစဖြစ်တဲ့အချိန်ကနေ အခုဆိုရင် ၄ လတောင်ရှိနေပြီ။ သတင်းစာတွေမှာ ရဲတွေဟာ အသုံးမကျတော့ဘူး၊ L ဟာ အသုံးမကျတော့ဘူးလို့ ပြောနေကြပြီကွ"

ရဲချုပ် Yagami ပေါက်ကွဲသွားလေပြီ။
"ဒီမှာ ဆရာ။ ရဲတွေဟာ Kira ကိုကြောက်လွန်းလို့ ခွေးတွေလို အမြီးကုပ်ပြေးကုန်ကြတာ။ ကျနော်တို့ စုံစမ်းရေးအဖွဲ့ထဲမှာ လူဘယ်နှစ်ယောက်ပဲ ကျန်တယ်ဆိုတာ ဆရာလည်း သိနေတာပဲ။ အဲဒီသတင်းစာတွေပြောတာကို ဂရုစိုက်ချင်တယ်ဆိုရင်တော့ ရဲဘယ်နှစ်ယောက် ဒီအမှုကနေ ထွက်ပြေးသွားတယ်ဆိုတာကိုသာ ရအောင် ဖုံးထားပါ။ ခွင့်ပြုပါဦးဆရာ"

ရဲချုပ်ပြောပြောဆိုဆိုနှင့် အခန်းထဲမှ ထွက်သွားရန်အပြင်တွင်

"Yagami.. L ကရောဘယ်လိုလဲ။ သူ့ကို စိတ်ချရရဲ့လား"

"ကျနော်တို့ထက်တော့ ပိုတော်တာအမှန်ပဲ။ ကျနော်တို့ ဒီမှာ စကားပြောနေချိန်မှာ သူကတော့ ဒီအမှုပေါ်ဖို့အတွက် အသက်ကိုရင်းပြီး ကြိုးစားနေတယ်ဆိုတာတော့ ကျနော်ပြောနိုင်တယ်"
လှည့်၍ပင်မကြည့်ဘဲ ရဲချုပ်ဖြေလိုက်၏။

တက္ကသိုလ်တင်းနစ်ကွင်းတွင်ကား
Light နှင့် L တို့နှစ်ယောက် အသည်းအသန် တင်းနစ်ရိုက်နေကြပြီး ပွဲကြည့်ပရိတ်သတ်ပင် တစထက်တစ များလာပေပြီ။

L စိတ်ထဲတွင်
.... မင်းစိတ်အေးအေးထားစမ်းပါ Yagami ရာ။ Kira ဟာ အရှုံးကို မုန်းတီးတဲ့လူဖြစ်တာကြောင့်တော့ ဒီပွဲကို မင်းနိုင်အောင် ရိုက်စရာမလိုပါဘူး ......

Light စိတ်ထဲတွင်
.... ငါ အတင်းနိုင်အောင် ရိုက်နေရင် သူငါ့ကို Kira လို့ ပိုထင်သွားမလား။ တမင်တကာ အရှုံးပေးလိုက်ပြန်ရင်လည်း အတင်းနိုင်အောင်လုပ်ရင် Kira လို့ထင်မှာစိုးလို့ အရှုံးပေးတယ်လို့ ထင်နေဦးမယ်။ ဟယ်..ဘယ်လိုဖြစ်ဖြစ် အတူတူကြီးပါပဲလား။ ဒီတင်းနစ်နဲ့တော့ ငါ့ကို Kira ဟုတ်မဟုတ် သူဆုံးဖြတ်လို့ ရစရာ အကြောင်းမရှိဘူး။ တခြားအကြောင်းတခု ရှိရမယ်။ အဲဒီတော့ ငါ အနိုင်ရိုက်မယ်ကွ......

ဆုံးဖြတ်ပြီး Light အသားကုန်ကို ရိုက်လေတော့၏။

L စိတ်ထဲတွင်
..... ကြည့်စမ်း၊ ဒီကောင် အနိုင်ကို ရိုက်နေတာပဲ။ မင်းစိတ်ထဲ ဘာတွေ တွေးနေလဲ ငါသိတယ် Yagami Light......

Light စိတ်ထဲတွင်
.... ဒီကောင် ဒီပွဲကို မိတ်ဖြစ်ဆွေဖြစ် အပျော်ရိုက်တာမဟုတ်ဘူး။ ဒီပွဲကြောင့် ပိုရင်းနှီးသွားတယ်ဆိုပြီး အကြောင်းပြလို့ရအောင် ရိုက်နေတာ။ မိတ်ဆွေဖြစ်ပြီးတာနဲ့ Kira အကြောင်းတွေပြောပြီး Kira တယောက်တည်းပဲ သိနိုင်တဲ့ ကိစ္စတွေ ငါပြောမိအောင် လုပ်မှာ။ ငါကလည်း Kira ကိစ္စပြန်ဆွေးနွေးပေးရမှာပဲ။ ဒါပေမယ့် ဒီကောင် L ဆိုတာ သေချာအောင် သက်သေတခုတော့ လိုမယ် ........

L စိတ်ထဲတွင်
..... ဒီပွဲကစားပြီးရင် မင်းနဲ့ ပိုရင်းနှီးအောင်လုပ်လို့ရပြီဆိုပြီး ငါလုပ်တာလို့ မင်းတွေးနေလိမ့်မယ်။ မင်းကိုငါ Kira အကြောင်းတွေပြောရင် ငါစုံစမ်းရေးအဖွဲ့ရဲ့ ခေါင်းဆောင်ပါဆိုတာ သေချာအောင် သက်သေတခုခုတော့ တောင်းမှာပဲ....

Light နှင့် L စိတ်ထဲတွင်
.... အဲဒီတော့ L ဘယ်သူပါဆိုတာ သိတဲ့ ကြားလူတယောက်တော့ လိုနေပြီ။ အဲဒီလူကလည်း ဌာနချုပ်မှာပဲရှိတာဆိုတော့ စုံစမ်းရေးဌာနကို အတူသွားကြရတော့မှာပေါ့ .......

Light တင်းနစ်ဘောကို လျင်မြန်စွာရိုက်ချပွဲသိမ်းလိုက်တော့သည်။
.... နိုင်ဖို့ဆိုရင်တော့ တိုက်နိုင်မှ ရမှာကွ ........

၆ ပွဲ ၄ ပွဲဖြင့် Light အနိုင်ရသွားခဲ့ပြီ။

တင်းနစ်ကွင်းမှ ပြန်ထွက်လာသည်တွင်
"ရေဆာတယ်ကွာ၊ လက်ဖက်ရည်ဆိုင်ထိုင်ရအောင်။ မင်းကိုလည်း မေးစရာလေးရှိလို့။ ဘယ်လိုလဲ"
Light ကမေးတော့

"ဖြစ်ပါတယ်။ မင်းကငါ့ကို နိုင်ထားတာပဲ၊ မင်းမေးသမျှ ငါဖြေရမှာပေါ့။ ဒါပေမယ့် မင်းကိုငါ တခုတော့ အရင်ပြောစရာရှိတယ်"
L က ဖြေသည်။

"ဘာများလဲကွ"

L က Light ကိုစိုက်ကြည့်ရင်း
"မင်းဟာ Kira ဖြစ်လိမ့်မယ်လို့ ငါထင်နေတယ်ကွ။ အဲဒီအချက်ကို သိသိကြီးနဲ့ မေးချင်တာရှိသေးရင်တော့ မေးပေါ့"

Light ခြေလှမ်းများရပ်သွားသည်။ သို့သော် L လှည့်မကြည့်မီပင် အလျင်အမြန်အိနြေ္ဒဆည်လိုက်နိုင်ပြီး
"ဟားဟားဟား..ငါက Kira.. ဟုတ်လား"

L က လှည့်ကြည့်ရင်း
"အေး။ ၁ ရာခိုင်နှုန်းလောက်တော့ ဖြစ်နိုင်ခြေရှိတယ်ကွ။ ဒါပေမယ့် မင်းမဟုတ်ပါစေနဲ့လို့တော့ ငါဆုတောင်းရတာပဲ။ ဒါမှ မင်းလို ဖြတ်ထိုးဉာဏ်ကောင်းပြီး သိပ်လျင်တဲ့ကောင်ကို ငါတို့ စုံစမ်းရေးအဖွဲ့ကို ကူညီဖို့ အကူအညီ တောင်းလို့ရမှာလေ"

..... ၁ ရာခိုင်နှုန်းတဲ့။ ပြောပုံကတော့ လှပါ့။ ဒါပေမယ့် ၁ ဆိုကတည်းက သုည မဟုတ်တဲ့အတွက် ငါ့ကို စုံစမ်းရေးအဖွဲ့နဲ့ ပေးတွေ့မှာ မဟုတ်ဘူး.......

လက်ဖက်ရည်ဆိုင်တွင်
"ဒီဆိုင်က ငါ့အကြိုက်ပဲကွ။ ဟောဒီချောင်မှာ ထိုင်ရင် ငါတို့ပြောနေတာတွေ ဘယ်သူမှ မကြားတော့ဘူး။ မင်းအဲလို အူကြောင်ကြောင်ထိုင်ပုံမျိုးကိုလည်း ဘယ်သူမှ မတွေ့တော့ဘူးပေါ့"

L ကဆောင့်ကြောင့်ထိုင်နေရင်းပင်
"မတတ်နိုင်ဘူးကွာ။ ဒီပုံစံက လွဲလို့ တခြားပုံစံ ငါထိုင်လို့ မရဘူးကွ။ မင်းတို့လို လိုက်ထိုင်လိုက်ရင် ငါ့ရဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းရည် ၄၀ ရာခိုင်နှုန်းလောက် လျော့သွားတယ်လေ။ ကဲ..ဆို..မင်းမေးမယ်ဆိုတဲ့ဟာ"

"သြော်ဒါလား..မမေးသေးပါဘူး။ ငါ Kira မဟုတ်ဘူးလို့ မင်းယုံတဲ့အချိန်မှပဲ မေးပါတော့မယ်။ မင်းပဲ ပြောစရာရှိရင် ပြောပါကွာ"

"ဒါဖြင့် မင်းရဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းကို ငါစမ်းကြည့်ချင်တယ်။ ဖြစ်မလား"

"လုပ်လိုက်လေ။ ပျော်စရာကောင်းသားပဲ"

Light စကားအဆုံးတွင် L က သူ့အိတ်ထဲမှ ဓာတ်ပုံလေး ၃ ပုံကို ထုတ်၍ စားပွဲပေါ်တင်လိုက်၏။
"အဲဒါလေးတွေကို ကြည့်စမ်းပါ။ အဲဒါတွေက Kira သတ်လိုက်တဲ့ ထောင်သားတွေ မသေခင် ရေးထားခဲ့တဲ့ဟာတွေကို မှတ်တမ်းတင်ထားတာ။ ဒါတွေကို Kira ရေးခိုင်းတာလို့ ငါတော့ထင်တယ်။ မင်းအမြင်လေးပြောစမ်းပါ"

ပုံများကို Light ယူကြည့်လိုက်ရင်း
"စိတ်ဝင်စားစရာပဲကွ"

.... ကလေးအထာတွေကွာ။ ပုံတွေနောက်မှာ Print No တွေပါနေတာကို ငါသတိမထားမိဘဲ 'L သေမင်း ပန်းသီးကြိုက်တာ မင်းသိလား' ဆိုတဲ့စာ ရေးထားတာပဲလို့ ပြောလိုက်ရင် ဒါတွေကို Kira ရေးခိုင်းခဲ့တဲ့စာတွေမို့လို့ ငါဟာ Kira ပါဆိုပြီး ထင်ချင်စရာ ဖြစ်တော့မှာပေါ့။ ဘာကြောင့် ဒီလို ပြောနိုင်တာလဲဆိုတာကို သေချာရှင်းပြမှ ဖြစ်မယ် ..

"ဒီအတိုင်းဆိုရင်တော့ Kira ဟာ လူတွေမသေခင် ဘာလုပ်ဘာကိုင်ရမယ်ဆိုပြီး ခိုင်းစေလို့ရနေတာပေါ့။ အံ့သြစရာပဲဟ။ ပြီးတော့ ဒီစာတွေထဲမှာ L ကို ရိထားတဲ့ ၀ှက်စာတွေ ပါနေတယ်ကွ။ စာကြောင်းတိုင်းရဲ့ ထိပ်ဆုံးစာလုံးတွေကို ယူလိုက်ရင် ၀ါကျတခုရတယ်ကွာ။ အဖြစ်နိုင်ဆုံးကတော့."

Light စားပွဲပေါ်တွင် ပုံများကို ဟိုရွှေ့သည်ရွှေ့လုပ်ပြီး
" 'L သေမင်း ပန်းသီးကြိုက်တာ မင်းသိလား' ဆိုပြီးရတယ်ကွ။ ဒါပေမယ့် ပုံတွေရဲ့ ကျောမှာ Print No တွေတွေ့တယ်။ အဲဒီနံပါတ်တွေအတိုင်း စီရင်ကြတော့ 'L မင်းသိလား ပန်းသီးကြိုက်တာ သေမင်း' ဆိုပြီး ရတယ်ကွ။ ဒီလိုကြီးက သိပ်သဘာဝမကျဘူးကွ။ မှန်တယ်မဟုတ်လား"

"မှားတယ်"

Light အံ့အားသင့်သွားသည်။
"ဟေ"

L သူ့အိတ်ထဲမှ နောက်တပုံထုတ်ရင်း
"နောက်တခုရှိသေးတယ်။ အဲဒီဟာပါ ထည့်လိုက်ရင်'L မင်းသိလား ပန်းသီးကြိုက်တာ သေမင်းမှာ လက်အနီတွေရှိတယ်' ဆိုပြီးဖြစ်သွားရော"

.... ဒါပုံအတုကြီး။ ဒီစာကို ငါ မရေးခိုင်းဖူးဘူး။ ဒီကောင် ရူးများနေလား .....

"မင်းက ငါ့ကို ၃ ခုပဲပြတာကိုကွ။ ဟို ၃ ခုထဲဆိုရင်တော့ ငါတွေးတာ မမှားလောက်ပါဘူး"

"အေးလေ..အခု ၄ ခုရှိပါတယ်လို့ ပြောနေမှပဲ။ ဒီ ၄ ခုကို မင်းရှင်းနိုင်တယ်ဆိုရင်တော့ ဟုတ်တာပေါ့။ ခက်တာက မင်းက ၃ ခုပဲရှိတယ်လို့ တရားသေ ယူဆထားတာကို။ အဲဒီတော့ ၄ ခုမြောက်ကို တွေ့လိုက်ရတဲ့အချိန်မှာ မင်းမစဉ်းစားနိုင်တော့ဘူး ဖြစ်သွားတာပေါ့"

Light ခုမှ သဘောပေါက်သွားသည်။
...... ခွေးမသား။ ငါတပတ်ရိုက်ခံလိုက်ရတယ်။ ငါ ဘယ်လိုစဉ်းစားတယ်ဆိုတာ သူသိချင်တာ မဟုတ်ဘူး။ ဒီ ၄ ခုမြောက်ပုံအတုကို ငါ ဘယ်လိုတုံ့ပြန်တယ်ဆိုတာ သူသိချင်တာ .....

"အေးကွာ ငါအဲလို မစဉ်းစားမိလိုက်ဘူး။ ဘာပဲဖြစ်ဖြစ် ဒီစာသားတွေ သိလို့လဲ Kira ကိုဖမ်းဖို့မှာ ဘာမှ အထောက်အကူဖြစ်မယ် မထင်ပါဘူးကွာ။ သေမင်းဆိုတာ တကယ်ရှိတာမှ မဟုတ်ပဲ"

"အေးလေ ထားပါတော့။ ကဲ.. ခုမင်းက L ဆိုပါတော့ကွာ။ Kira ဖြစ်နိုင်တဲ့လူ တယောက်နဲ့ မျက်နှာချင်းဆိုင် တွေ့ပါပြီတဲ့။ သူ Kira ဟုတ်မဟုတ် မင်းဘယ်လို စစ်မလဲ"

Light က ဒီတခါတော့ တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်၏။
"သတင်းထဲမှာ ထည့်မကြေငြာထားတဲ့၊ Kira ပဲသိမယ့် ကိစ္စတွေကို ထုတ်ပြောအောင် လုပ်ရမှာပေါ့။ မင်း အခုလုပ်နေတဲ့ အတိုင်းပေါ့ကွာ"

"ကောင်းလိုက်တဲ့အဖြေကွာ။ ဒီမေးခွန်းကိုပဲ စုံထောက်တော်တော်များများကို ငါမေးဖူးတယ်ကွ။ သူတို့အားလုံး မဖြေခင် အချိန်ယူပြီး စဉ်းစားကြရတယ်။ မင်းကတော့ ဒက်ကနဲကို ဖြေချလိုက်တာ။ ဒီလိုဖြေနိုင်ဖို့ဆိုတာ ကိုယ့်ကိုယ်ကို စုံထောက်နဲ့ စကားပြောနေတဲ့ Kira အနေနဲ့ ၀င်စဉ်းစားမှ ဖြေနိုင်တာကွ။ အေးလေ..မင်းတော်တော်ကြီးကို တော်တဲ့ကောင်လို့ ပြောရမှာပဲ"
L က သေသေချာချာ စိုက်ကြည့်ရင်း ပြောလိုက်တော့

"ဟားဟား..မင်းပြောပုံက ငါ ကောင်းကောင်းဖြေနိုင်လေ မင်း သံသယတိုးလေ ဖြစ်နေတော့တာပဲ"

"အေး..အမှန်ပဲကွ။ ခုဆို မင်းရဲ့ Kira ဖြစ်နိုင်ခြေကို ၃ ရာခိုင်နှုန်းလို့ ငါပြောင်းသတ်မှတ်လိုက်ပြီ"
Light လက်ဖက်ရည်ပင် ဆက်မသောက်နိုင်ပဲ L ကို ကြည့်လိုက်မိသည်။

"ဒါပေမယ့် ခုလို စကားပြောလိုက်ရတော့ ငါတို့ကို Kira စုံစမ်းရေးမှာ ကူပါလို့ မင်းကို ပိုပြီး အကူအညီတောင်းချင်လာတယ်ကွ။ ရှင်းရှင်းပြောရရင်ကွာ၊ မင်း Kira တကယ်ဖြစ်နေတဲ့တိုင်အောင် ငါတို့ကို ကူပါလို့ ပြောချင်တာပဲ။ ငါပြောတာ နားလည်လားတော့ မသိဘူး"

"ငါကူမယ်ဆိုရင် စုံစမ်းရေးမှာ တိုးတက်မှု ရှိလာနိုင်မယ်။ တချိန်တည်းမှာပဲ ငါသာ Kira ဖြစ်နေတယ်ဆိုရင် တချိန်ချိန်မှာ သတိမထားလိုက်မိဘဲ အမှားတခုခု လုပ်လိုက်မိတာနဲ့ တပြိုင်နက် မင်းတို့ ချက်ချင်းသိမယ်။ ခဲတလုံးနဲ့ ငှက်နှစ်ကောင် ပစ်တဲ့ ပုံစံပေါ့ကွာ။ မင်းအကြံကောင်းတယ်ကွ။ ဒါပေမယ့် တခုတော့ မင်းမှားနေတယ်ထင်တယ်ကွ။ ငါ Kira အမှုကို စိတ်ဝင်စားတယ်၊ ကူညီချင်တယ်ဆိုတာ မှန်ပေမယ့် ငါ Kira မဟုတ်ဘူးကွ။ ပြီးတော့ ငါ မသေချင်သေးဘူး။ နောက်ပြီးတော့ မင်းဟာလည်း Kira မဟုတ်ပါဘူးလို့ ငါ့ကို သက်သေမပြနိုင်ဘူး။ ငါတို့ နှစ်ယောက်လုံး တယောက်ကို တယောက် Kira ပါလို့ ကျိန်းသေ မပြောနိုင်သလို မဟုတ်ပါဘူးလို့လဲ ကျိန်းသေ သက်သေမပြနိုင်ဘူး။ ဒါပေမယ့် မင်းဟာ L ပါလို့ ငါ့ကို ပြောတယ်။ အဲဒါကတော့ သက်သေပြလို့ ရရမယ်ကွ။ အနည်းဆုံးကွာ ငါ့အဖေက မင်းဟာ L ပဲလို့ ပြောတာမျိုးပေါ့။ အဲဒီတော့ မင်းကိုယ်မင်း L လို့ သက်သေမပြနိုင်ရင် ငါ မင်းနဲ့ အလုပ်တွဲမလုပ်နိုင်ဘူး"
Light ပြောစရာရှိသည်များကို ဆက်တိုက် ပြောချလိုက်လေသည်။

...... ဒီကောင် ကြိုကန်ထားလိုက်တာများ လေကတော့ တကယ့်ကို အရှုံးမပေးချင်တဲ့လေပဲ။ ဖြစ်နိုင်ခြေ ၇ ရာခိုင်နှုန်းဖြစ်သွားပြီ ဟေ့ကောင် ......
"မင်းကို ငါ စုံစမ်းရေးအဖွဲ့ထဲက ဘယ်သူနဲ့မှ ပေးမတွေ့ဘူးလို့ မပြောခဲ့ပါဘူး။ ခုလောလောဆယ် မင်းအဖေနဲ့ရော စုံစမ်းရေး တဖွဲ့လုံးနဲ့ရော ငါတိုက်ရိုက်တွဲ အလုပ်လုပ်နေတာပဲ။ စုံစမ်းရေးအဖွဲ့ဆီကိုသာ မင်းကို ခေါ်သွားရင် ငါတို့ကို ကူမယ်လို့ ယူဆရင် ရမလား"

မျှော်လင့်မထားသည်မို့ Light ပင်အံ့သြသွားသည်။
..... ဒီကောင် ဘယ်လိုတွေများ စိတ်ကူးပေါက်နေသလဲ......

ထိုအခိုက်မှာပင် သူတို့ နှစ်ဦးစလုံး ဆီသို့ ဖုန်းဝင်လာသည်။
"Ryuzaki အရေးပေါ်နေပြီ..ရဲချုပ်..."
"Light နင့်အဖေလေ.."

ကြားလိုက်ရသည့် သတင်းကြောင့် Light ရော L ပါ အကြီးအကျယ် မျက်လုံးပြူးသွားသည်။
"..နှလုံးရောဂါတဲ့"