စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Monday, February 24, 2014

သေမင်းစာအုပ် (၄)

သေမင်းတိုင်းပြည်

"Ryuk ကို မတွေ့တာ ကြာပါပြီရောလားဟ"

"သူ့သေမင်းစာအုပ် လူ့ပြည်ကိုကျသွားတယ် ပြောတာပဲ။ တကယ်ဟုတ်ရဲ့လားတော့ မသိဘူးကွ"

"ဟ...သူ့စာအုပ် သူပြန်မတွေ့ခင် လူတယောက်ယောက် ရသွားတော့ ဘယ့်နှယ်လုပ်မတုန်း"

"ဒီကောင် ဒီလိုတော့ အဖြစ်ခံမယ်မထင်ဘူး ဟေ့ကောင်၊ သူ့မှာ ဟိုလူ မသေမချင်း၊ ဒါမှမဟုတ် စာအုပ် မကုန်မချင်း အဲဒီလူနောက် တကောက်ကောက် လိုက်နေရမှာပေါ့။ Ryuk ဆိုတဲ့ကောင်က ဒါမျိုး ဒုက္ခတွေ ခံချင်တဲ့ကောင်မှ မဟုတ်တာ"

"အေး..ဒါနဲ့ သူ့မှာ စာအုပ်က ၂ အုပ်လို့ ကြားတယ်"

"ဟုတ်လား..ဘာများလုပ်ဦးမလို့လဲ"

"အင်း..သူမှပဲ သိမှာပဲလေ"

လူ့ပြည်

"ကျန်တဲ့ ကျုပ်သက်တမ်းတ၀က်..ဟုတ်လား"

"အေးလေ...ဘယ်လိုလဲ မင်းသဘောက"

"Ryuk..စိတ်ကူးတွေ ယဉ်မနေပါနဲ့။ ခင်ဗျား အပေးအယူကြီးကို မေ့ပစ်လိုက်။ သေချာနားထောင်စမ်းပါ Ryuk။ ကျုပ်က လူဆိုးသူခိုးတွေ ကင်းတဲ့ ကမ္ဘာကြီးကို ဖန်တီးနေတာ။ အဲဒီကမ္ဘာကြီးမှာ ကျုပ် God လုပ်ဦးမှာ။ ဒါ့ကြောင့် ကျုပ်အတွက် ကမ္ဘာပေါ်မှာ နေရမယ့် အချိန်တွေ လျော့သွားမယ့် ကိစ္စကို လုံးလုံး မလုပ်နိုင်ဘူး။"

"အေးလေ...ငါသိပါတယ်။ ငါကလည်း ဒီလို အပေးအယူမျိုး လုပ်လို့ရတယ်လို့ မင်းသိအောင် ပြောပြယုံလေးပါ။ ရှင်းစရာ ရှိတာလေးတွေ အရင် ရှင်းထားမှလေ"

Ryuk က လေအေးကလေးနှင့် ပြောတော့ Light ပေါက်ကွဲသွားပြီး..

"ရှင်းစရာ ရှိတာလေးတွေ ရှင်းတာလား။ ဒါဖြင့် ခင်ဗျား ပြောတာ နည်းနည်း နောက်ကျနေတယ် မထင်ဘူးလားဗျ။ ကျုပ်နဲ့ ခင်ဗျား တွေ့တွေ့ခြင်း မပြောပြသင့်ဘူးလား။ ဒါမှမဟုတ်လည်း စာအုပ် 'သုံးစွဲနည်း' ဆိုတဲ့အထဲမှာ ထည့်မရေးထားသင့်ဘူးလား"

သေမင်း Ryuk တော်တော်အံ့သြသွားသည်။
........အကောင်လေးက မလွယ်ပါလား။ ငါ့ကို သေမင်းဆိုပြီးတော့လည်း နည်းနည်းမှ မကြောက်၊ နည်းနည်းမှလည်း မဖား။ ဟော...ခုကိစ္စကြတော့လည်း သူကတောင် ငါ့ပြန်ဟောက်လိုက်သေး၊ တကယ့် မလွယ်ကြောလေးပဲဟ..........

"ကဲ..ခင်ဗျားကြီး ဘာများ ထပ်ပြီး ရှင်းထားစရာရှိသေးလဲ။ ရှိသေးရင် တခါတည်း ပြောထားနော်"

"အေးပါ..မရှိတော့ဘူး ထင်ပါတယ်"

"မရှိတော့ဘူးဆိုတော့လည်း ကျုပ်မှာ စိတ်တောင်မကောင်းဘူး"

"ဟေ..ဘယ့်နှယ်ဖြစ်ရပြန်တာတုန်း"

"သြော်..ခင်ဗျား မျက်လုံးအစား ကျောကုန်းပေါ်က တောင်ပံကြီးနှစ်လက်သာ ရမယ်ဆိုရင် ကျုပ် အပေးအယူကို လုပ်ကောင်းလုပ်ဖြစ်လိမ့်ဦးမယ်။ ကောင်းကင်မှာ ပျံဝဲပြီး ကမ္ဘာကြီးကို အထက်စီးကနေ ကြည့်ရမယ်ဆိုတော့ ဘုရားသခင်လိုလို ဘာလိုလိုပေါ့ဗျာ။ ဒါမျိုး ဟိုးကမ္ဘာဦးထဲက လူတိုင်း လုပ်ချင်တာဗျ"

"ဟ...မင်းအဲ့လိုသာ ပျံနေရင် လူတွေမြင်ပြီး ရဲက တခါတည်း ဖမ်းမိတော့မှာပေါ့ကွ"

"ခင်ဗျားကလည်းဗျာ..ကျုပ် အလကား အပြောင်အပျက်ပြောနေတာပါဗျ။ အင်းလေ.. တကယ်လို့သာ ကျုပ်မှာ အတောင်လည်းပေါက်၊ သေမင်းမျက်စိလည်း ရှိဆိုရင်တော့ ကျုပ် တကယ့်သေမင်းဖြစ်ရောပေါ့နော.. အဲ့လိုဆိုလည်း မဆိုးဘူးပဲ"

"ခုလည်း မင်းက သေမင်းပါပဲကွာ။ ငါတို့ သေမင်းတိုင်းပြည်က စိတ်ပျက်စရာကြီးကွ။ အရိုးစုတွေ ဗလဗွနဲ့၊ ချောင်းမရှိ မြောင်းမရှိ၊ ကြည်နူးစရာမရှိ၊ ပျော်စရာမရှိ၊ ခြောက်ခြောက်သွေ့သွေ့ကြီး။ သေမင်းဆိုတဲ့ ကောင်တွေကလည်း လုံးဝ သေချင်ကြတဲ့ကောင်တွေ မဟုတ်ဘူး။ အဲဒီတော့ လူတွေဆီက အသက်တွေယူ၊ ဘာမှ အဓိပ္ပာယ်မရှိတဲ့ သေမင်းဘ၀ကို ဆက်ရှည်အောင် ဖန်တီးပြီး နေနေကြတာပေါ့။ ငါတို့ ဘာအဓိပ္ပာယ်နဲ့ အသက်ဆက်ရှင်နေကြတာလဲ ဘယ်သူမှ မသိကြတော့ဘူး။ အဓိပ္ပာယ်မရှိတဲ့ ရှင်သန်မှုပေါ့ကွာ။ အေး..သူတို့အားလုံးထက်စာရင် မင်းကမှ သေမင်းပီသသေးတယ်။ မင်းရှင်သန်မှု၊ မင်းသေမင်းစာအုပ် သုံးစွဲမှုမှာ အဓိပ္ပာယ်ရှိတယ်လေ"

"ခင်ဗျား ပြောပုံအရဆိုရင် ကျုပ်ကမှ သေမင်းတွေထက် ပို အလုပ်လုပ်သေးသလိုပေါ့။ ဒါပေမယ့် ကျုပ်ကို ခင်ဗျားတို့ သေမင်းတွေနဲ့ မနှိုင်းစမ်းပါနဲ့။ ကျုပ်က သေမင်းစာအုပ်ကို လူတယောက်အနေနဲ့ပဲ လူတွေအကျိုးအတွက် အသုံးချနေတာ။ အင်းလေ..ဒါပေမယ့် သေမင်းတိုင်းပြည် ရှိတယ်ဆိုတာကတော့ ကျုပ်တို့ လူတွေအတွက် အဓိပ္ပာယ် မမဲ့ပါဘူး"

"ဘာအဓိပ္ပာယ်လဲကွ။ ရှင်းပါဦး"

"စဉ်းစားကြည့်လေဗျာ။ ခင်ဗျားလို သေမင်းတယောက် လူ့ပြည်ဆင်းလာတယ်ဆိုတာ နှစ်တရာ..အဲ..နှစ်တထောင်လောက်မှ တခါဖြစ်ချင်ဖြစ်တာ။ အဲဒီတခါလေး ဖြစ်လိုက်တာနဲ့ လူ့လောကကြီး ပြောင်းလဲသွားနိုင်တာပဲ။ ခင်ဗျားလည်း သေမင်းတိုင်းပြည် ပြန်ရောက်ရင် ဒီက အတွေ့အကြုံတွေသုံးပြီး သေမင်းတိုင်းပြည်ကြီးကို ပြောင်းလဲပစ်လိုက်ပေါ့"

"Light..ငါ့အထင်တော့ မင်းက တော်တော့်ကို အရာရာကို အကောင်းမြင်တဲ့ကောင်ပဲ"

"ဒါပေါ့ဗျ။ အဲလိုမှ မဟုတ်ရင် သေမင်းစာအုပ်သုံးပြီး ကမ္ဘာကြီးကို ပြောင်းလဲပစ်ဖို့ ဘယ်စိတ်ကူးရပါ့မလဲ"

ပြောရင်းဆိုရင်း..သေမင်းစာအုပ်ကို လှန်ဖတ်နေရင်းမှ..

"သိပြီ။ ကျုပ်သိပြီ"

"ဟေ..ဘာများ အထူးအဆန်း သိသွားတာလဲ"

သေမင်းစာအုပ်ကို စားပွဲပေါ်တင် ရေးရန်ပြင်နေရင်းမှ..
"ကျုပ်နောက်လိုက်နေတဲ့လူရဲ့နာမည် ဘယ်လိုသိအောင် လုပ်ရမယ်ဆိုတာ ကျုပ်သိသွားပြီ"

"အမယ်..လုပ်စမ်းပါဦး။ မင်းဘယ်လိုလုပ်မှာလဲ"

"နေဦး ကျုပ်အရင်ဆုံးစမ်းသပ်ရဦးမယ်......သေဆုံးပုံ အသေးစိတ် ဆိုတဲ့ကိစ္စကို"

နောက်တနေ့

ရဲချုပ်ထံသို့ ယမန်နေ့ညက အကျဉ်းသား ၆ ဦး နှလုံးရပ်သေဆုံးကြောင်း သတင်းဝင်လာသည်။ ထူးခြားသည်မှာ သေဆုံးသူများထဲမှ ၃ ဦးသည် မသေဆုံးမီတွင် ထူးဆန်းသော အပြုအမူများ ပြုမူခဲ့ကြသည်ဆို၏။

ပထမတဦးသည် သူ၏ လက်ညှိုးကို ဖြတ်၍ ထောင်နံရံတွင် စက်ဝိုင်းအတွင်းကြယ်တလုံး တည်ရှိနေပုံကို ရေးဆွဲခဲ့သည်။

ဒုတိယတဦးသည် မိမိကိုယ်မိမိ သတ်သေသည့်သူများ ထားရစ်ခဲ့လေ့ရှိသည့် စာမျိုးရေးထားခဲ့သည်။ ထိုစာတွင် Kira ကိုကြောက်ရွံ့သည့်အဓိပ္ပာယ် ပါဝင်သည်။

တတိယတဦးသည် ထောင်မှ ထွက်ပြေးလွတ်မြောက်ပြီးကာမှ အများသုံး အိမ်သာထဲတွင် သေသည်။

L.. စဉ်းစားရပေပြီ။
.....Kira ဟာ သေရမယ့် အချိန်ကို ကြိုက်သလို ထိန်းချုပ်ဖန်တီးနိုင်တယ်။ ဒါဆို မသေခင် အချိန်မှာ လုပ်မယ့် အပြုအမူတွေကိုကော သူထိန်းချုပ်နိုင်သလား..........

"ရဲချုပ်ခင်ဗျား..ခုသေဆုံးခဲ့တဲ့ အကျဉ်းသားတွေဟာ နှလုံးရပ်ပြီး သေဆုံးတယ်လို့ပဲ သတင်းထုတ်ပြန်ပေးပါ။ ကျနော့်အထင် Kira ဟာ သူဘယ်လောက် လုပ်နိုင်သလဲဆိုတာ စမ်းသပ်နေတာဖြစ်ဖို့များပါတယ်။ ဒါ့ကြောင့် သူ့စမ်းသပ်ချက် အောင်မြင်တယ်၊ မအောင်မြင်ဘူး၊ သူ့ကို ပေးသိလို့ မဖြစ်ပါဘူး"

ထိုည Light အခန်းထဲတွင်

"ကြည့်ပါဦး Ryuk ကျုပ်စမ်းသပ်ချက်တွေတော့ အဖေ့ဆီရောက်လာပြီ။ ရလာတဲ့ အဖြေကလည်း ကျုပ်မှန်းထားတဲ့ အတိုင်းပဲ။ ခင်ဗျားရဲ့ သေမင်းစာအုပ်က တော်တော်ကို အသုံးဝင်သဗျို့"

"ပြောပါဦး မင်းရဲ့ စမ်းသပ်ချက် အဖြေတွေ"

"ကျုပ်ရေးထည့်လိုက်တဲ့အတိုင်း အတိအကျပဲ တယောက်က ထောင်ကနေ လွတ်အောင်ပြေးပြီး အနီးဆုံး အများသုံး အိမ်သာထဲမှာသေတယ်။ နောက်တယောက်က ဟောဒီမှာ ကျုပ်ဆွဲထားတဲ့ ပုံအတိုင်း ထောင်နံရံမှာ ဆွဲသွားတယ်။ နောက်တယောက်ကလည်း ကျုပ်ချရေးတဲ့စာအတိုင်း ရေးပြီး ထားခဲ့တယ်။ တခြား သုံးယောက်ကိုတော့ ကျုပ်က တမင်ကို မဖြစ်နိုင်တာတွေ ခိုင်းပြီး သေခိုင်းတာဗျ"

"ဟေ.."

"တယောက်ကို ပြင်သစ်က အီဖယ်တာဝါရှေ့မှာ သေပါလို့ ရေးလိုက်တယ်။ ဂျပန်ထောင်ထဲက လူက ရုတ်တရက်ကြီး ပြင်သစ်မှာ သွားသေဖို့ မဖြစ်နိုင်ဘူးလေ။ အဲဒီတော့ သူ နှလုံးရပ်ပြီးတော့ပဲ သေသွားတယ်။ နောက်တယောက်ကို L ရဲ့ မျက်နှာသွင်ပြင် အတိအကျကို ထောင်နံရံမှာ ဆွဲခဲ့လို့ ခိုင်းလိုက်တယ်။ သူမှ L ကို မမြင်ဘူးပဲ။ L ဆိုတာ ဘယ်သူမှန်းလည်း မသိဘူးလေ။ အဲဒီတော့ သူလည်းပဲ ဒီတိုင်း နှလုံးရပ်ပြီး သေတယ်။ နောက်ဆုံးတယောက်ကိုတော့ 'ဂျပန်ရဲအဖွဲ့ထဲက တယောက်ကို L မသင်္ကာဖြစ်နေတာ ငါသိတယ်' လို့ရေးခိုင်းလိုက်တယ်။ တကယ်က ဒီစာကို ရေးနိုင်လိမ့်မယ်လို့ ကျုပ်ထင်တာ။ မရေးနိုင်ရှာဘူးဗျို့။ ကြည့်ရတာ လူတယောက်ဟာ သူတကယ် မထင်၊ တကယ် မသိတဲ့ ကိစ္စကို ဒီလိုထင်ပါတယ်လို့ ချရေးခိုင်းလို့ ရပုံ မပေါ်ဘူးဗျ။ အဲဒီတော့ဗျာ..သေမင်းစာအုပ်ရှိပေမယ့်လည်း သိပ်ယုတ္တိမရှိတာတွေ လုပ်ခိုင်းလို့ မရဘူးပေါ့။ အဲ..ပုံမှန်လေးတွေတော့ မသေခင်လေးမှာ လုပ်ခိုင်းလို့ ရတယ်လို့ ဆိုလိုပြန်တာပေါ့"

"ဟုတ်ပါပြီလေ။ အဲတော့ ဘာဖြစ်လဲ"

"L ရော၊ ရဲတွေရော ဒီကိစ္စတွေဟာ ကျုပ်လက်ချက်လို့ ဘယ်လိုမှ ပြောလို့ရမှာမဟုတ်ဘူး။ နာမည်ကြီး စုံထောက်ကြီး L ခမျာမှာတော့ ကျုပ်ပေါက်ကရ ဆွဲလိုက်တဲ့ ပုံတွေ၊ ရေးလိုက်တဲ့ စာတွေကြည့်ပြီး ဘာကို ဆိုလိုချင်တာလဲ ဆိုပြီး ခေါင်းခြောက်နေလောက်ပြီ"

L..စဉ်းစားနေသည်။
.....Kira သာ ဒီလူတွေကို အသုံးချပြီး စမ်းသပ်တာဆိုရင် သူတခုခုလုပ်တော့မယ်။ ဘာကြံနေပြီလဲ။ သူသာ အခုနေ တခုခု လုပ်မယ်ဆိုရင် FBI ကလူတွေ သတိထားမိမှာပဲ။ တကယ်လို့ စမ်းသပ်မှု မဟုတ်ဘူးဆိုရင် သူ့မှာ တခြားရည်ရွယ်ချက်ရှိရမယ်။ ဒီပုံနဲ့ ဒီစာမှာ သူပြောချင်တာ ပါရလိမ့်မယ်..........

ထိုအချိန် Light မှာ..

"ကဲ ပွဲကြီးပွဲကောင်း စတော့မယ်"

"ပွဲကြီးပွဲကောင်း..."

"ဟုတ်တယ်။ မနေ့ညက သတင်းမှာ ပါတဲ့ ဟောဒီပုဂ္ဂိုလ်ကို သုံးရမှာပေါ့။ ဘဏ်ကို ဓါးပြတိုက်ဖို့ ကြိုးစားပြီး မအောင်မြင်တဲ့ ဆေးသမား တယောက်ပေါ့။ သူထွက်ပြေးလွတ်မြောက်သွားပေမယ့် အပြစ်မဲ့ပြည်သူတွေကို ထိုးလားနှက်လား လုပ်သွားသေးတယ်လေ"

Light ဖုန်းကိုထုတ်၍ နံပါတ်များ နှိပ်ရင်း

"မနက် စောတော့ စောသေးတယ်ဗျ။ ဒါပေမယ့် ဘယ်သူကိုင်ကိုင်ပေါ့ဗျာ"

"ဟာ..ဘယ်သူ ကိုင်ကိုင်"

"အင်း...ခင်ဗျား အံ့သြမလားတော့ မသိဘူး Ryuk။ ကျုပ်က ကောင်မလေးတွေကြားမှာ တော်တော် နာမည်ကြီးတာဗျ"

အိပ်ချင်မူးတူးနှင့် ကောင်မလေး တယောက် ဖုန်းကိုင်လေသည်......

Ryuk ၏စာအုပ်ထဲတွင် ဖော်ပြမထားသော သေမင်းစာအုပ် သုံးစွဲပုံ ကောက်နှုတ်ချက်

သေဆုံးရမည့် အခြေအနေကို နှလုံးရောဂါနှင့် သေရမည်ဟု ရေးထည့်ပါက နောက်စက္ကန့် ၄၀ အတွင်း မည်သည့်အချိန်တွင် သေဆုံးရမည်ကို ရေးထည့်နိုင်သည်။ ထိုရေးထည့်လိုက်သည့် အချိန်သည် နာမည်ရေးပြီး စက္ကန့် ၄၀ အကြာတွင် အတည်ဖြစ်သည်

No comments:

Post a Comment