လုံခြုံရေးကင်မရာများတွင် ဖမ်းယူရရှိခဲ့သည့် အချို့သော FBI agent တို့၏ နောက်ဆုံးပုံရိပ်များပါဝင်သော အခွေများကို L တို့တသိုက် ကြည့်နေကြသည်။ အကြိမ်ကြိမ် အခါခါ ကြည့်၍ မျက်စိများပင် ညောင်းလှချေပြီ။
"Ray Penbar ဘူတာရုံထဲဝင်သွားတဲ့အပိုင်း၊ ရထားပေါ်တက်သွားတဲ့အပိုင်း၊ ရထားထဲကနေထွက်ပြီး လဲကျသေဆုံးသွားတဲ့အပိုင်း အားလုံးကို တဆက်တည်းလုပ်ပြီး ကြည့်ရအောင်"
L ကတောင်းဆိုလိုက်သည်။
Matsuda ကအချက်အလက်များကို တခါတည်းရွတ်ပြလိုက်သည်။
"Ray Penbar ဟာ Shinjuku ဘူတာထဲကို ၃ နာရီ ၁၁ မိနစ်မှာဝင်တယ်၊ ၃ နာရီ ၁၃ မှာ Yamanote လိုင်းပေါ်တက်သွားတယ်၊ သူဟာ တယောက်ယောက်နောက်ကို လိုင်စုံစမ်းနေတာဖြစ်ပေမယ့် လူတွေအများကြီး ဖြစ်နေတာရယ်၊ ပုံရိပ်တွေ မပြတ်သားတာရယ်ကြောင့် ဘယ်သူ့ကို လိုက်နေတာလဲဆိုတာကိုတော့ ဘယ်လိုမှ ပြောလို့မရပါဘူး။ ပြီးတော့ ၄ နာရီ ၄၂ မိနစ်မှာ Tokyo (တိုကျို) ဘူတာမှာ ဆင်းဆင်းချင်း စင်္ကြန်မှာပဲ လဲကျသေဆုံးပါတယ်"
"အင်းထင်တဲ့အတိုင်းပဲ။ နည်းနည်းတော့ ထူးဆန်းနေပြီ"
L ပြောလိုက်သည်။
"ဘာများ ထူးခြားနေလဲ L"
ရဲချုပ် အမေးကို L မဖြေအားသေး။ လက်ထဲမှ ရေခဲမုန့်ကို စားလိုက်ပြီးမှ
"Ray Penbar ရထားပေါ်တက်သွားတဲ့အချိန်ကနေ ဆင်းတဲ့အချိန်အထိ တနာရီခွဲ ကြာနေတယ်။ ဒီလိုင်းဟာ တပတ်အပြည့် စီးရင်တောင် တနာရီပဲ ကြာတယ်။ အဲဒါတွေထက် ထူးဆန်းတာက သူကိုင်ထားတဲ့ စာအိတ်ပဲ"
"ဟေ..စာအိတ်"
ပြနေသော အခွေကို ရပ်လိုက်ရင်း L ကရှင်းပြသည်။
"ဟောဒါက သူ ဘူတာထဲ ၀င်သွားတာနဲ့ ရထားစောင့်နေတာ။ သူ့လက်ထဲမှာ စာအိတ်တခုခုကိုင်ထားတယ်။ တွေ့လား။ ပုံတွေက ၀ါးနေလို့ သတိမထားမိလိုက်ကြတာဖြစ်မှာပါ"
"ဟုတ်ပဟေ့။ ဟုတ်တယ်၊ ဟုတ်တယ်"
အခွေကို ရှေ့သို့ရစ်လိုက်ပြီးသော်
"ဒီမှာ သူလဲကျသွားပြီ"
"သိပြီ။ စာအိတ်မရှိတော့ဘူး"
ရဲချုပ်က ၀င်ပြောသည်။
"မှုခင်းမှတ်တမ်းတွေအရ သူ့ပစ္စည်းတွေထဲမှာ ဘာစာအိတ်မှ မပါဘူး"
"ဒါဆို စာအိတ်ကို ရထားပေါ်မှာ ထားခဲ့တာပေါ့။ ပြီးတော့ ဟောဒီနောက်ဆုံးမြင်ကွင်းကို ကြည့်ကြပါဦး။ ကျနော့်စိတ်ထင်တော့ ရထားတွဲထဲကို မရမက ပြန်လှည့်ကြည့်နေတယ်လိုပဲ"
"အဲလိုသာဆို ကျုပ်တို့ကို သဲလွန်စ ပေးခဲ့တာ ဖြစ်နိုင်တာပဲ"
ရဲချုပ်က ပြောတော့
"သူလှမ်းကြည့်နေတာ Kira ဆိုရင် ဘယ်လိုထင်လဲဗျ"
L ကမေးလိုက်သည်။
"မဖြစ်နိုင်ဘူးနဲ့ တူတယ်"
"ကျနော်လည်း မဖြစ်လောက်ဘူးလို့တော့ ထင်တယ်။ ဘာမှ မဆိုင်တဲ့ တခြားနေရာတခုကနေ သူသတ်ချင်တဲ့လူကို သတ်လို့ရနေတဲ့ Kira ဟာသူကိုယ်တိုင် လူသတ်မှု ဖြစ်တဲ့နေရာကို လာစရာ အကြောင်းတော့မရှိဘူး။ ဒါပေမယ့် ကျနော်တို့ ဒီလိုတွေးလိမ့်မယ်လို့ သူ တွက်ထားပြီးသား ဖြစ်နိုင်တယ်"
Light ၏အခန်းတွင်း
"ဟေ့ကောင် Light ရ.. မင်းမလဲ နာမည်တွေ တောက်လျှောက်ရေးနေလိုက်တာ ၄ ရက်တောင် ရှိနေပြီ။ ဘယ်လိုဖြစ်နေတာလဲ။ ဘယ့်နှယ်ကြောင့် ဒီလောက် လူတွေ အများကြီးကို လနဲ့ချီပြီး ကြိုသတ်ထားရတာတုန်း"
"ရှင်းပါတယ်ဗျာ။ ကျနော် ဆေးရုံတက်ရတယ်ဆိုပါတော့။ အဲဒီအချိန်မှာမှ လူသေတာတွေ ရပ်သွားရင် ရဲချုပ် Yagami ရဲ့သား ဆေးရုံတက်လိုက်တာနဲ့ လူတွေ မသေကြတော့ပါလားဆိုပြီး တယောက်မဟုတ် တယောက်ကတော့ ရိပ်မိတော့မှာပေါ့"
"အိုးဟိုး..ဒီလိုလား"
"နေဦး သေချာအောင် မေးရဦးမယ်။ ကျုပ်ဟာကျုပ် ဘယ်လောက် အချိန်တွေ ကြိုပြီးရေးရေး သူတို့တကယ်သေရမယ့်နေ့ထက် စောနေရင် ပြီးရောမဟုတ်လား"
"မင်းလို ပေါက်တီးပေါက်ရှာတွေ သေမင်းတွေ မလုပ်ဘူးကွ။ အဲတော့ ငါလည်း မသေချာဘူး။ ဒါပေမယ့် သေမင်းစာအုပ်သတ်မှတ်ချက်အတိုင်းဆိုရင်တော့ သူ့သက်တမ်းအတွင်း သတ်ရင် သေမှာပါပဲ။ မနက်ဖြန်သေမယ့်လူကို မင်းက သဘက်ခါ သေရမယ်လို့ ရေးရင်တော့ ဘယ်ဖြစ်မလဲကွာ"
L ၏ဟိုတယ်ခန်း
Ray Penbar ၏ချစ်သူ Misora Naomi ပျောက်ဆုံးနေကြောင်း သတင်းရလာသည်။
"ဘယ်သူမဆို သူ့ချစ်သူ သေသွားတယ်ဆိုရင် လွမ်းဆွေးပြီး ရင်ကွဲနာကျမှာပဲ။ သတ်သေသွားတာများ ဖြစ်မလား"
Matsuda ၏ အတွေးကို
L ကငြင်းလိုက်သည်။
"မဖြစ်နိုင်ဘူး။ သူ့ကို ကျနော်သိတယ်။ အရမ်းကို ထက်မြက်ပြီး စိတ်ဓာတ်ကြံ့ခိုင်တဲ့ FBI agent တယောက်ပဲ။ သတ်သေဖို့တော့ စဉ်းစားမှာ မဟုတ်ဘူး။ သူ့ချစ်သူကို သတ်သွားတဲ့ Kira ကိုပဲ ရအောင်ဖမ်းဖို့ ကြိုးစားလိမ့်မယ်။ သူ Ray နဲ့တူတူ လိုက်လာတယ်ဆိုတော့ ကျနော်တို့ မသိတာ တခုခုများ သူသိသွားသလား။ အဲလိုသိသွားလို့များ Kira ကသူ့ကိုရှင်းလိုက်သလား"
ပြောပြီး L ငြိမ်သက်စွာ စဉ်းစားနေလိုက်သည်။
Light ၏အခန်းတွင်း
Light ကွန်ပျူတာရှေ့တွင် အလုပ်ရှုပ်နေသည်။
......... တယောက်ယောက်များ ငါ့ကွန်ပျူတာကို စစ်ဆေးရင် ဘာမှ မသင်္ကာစရာ မတွေ့အောင် ငါလုပ်ထားရမယ်.......
....... သေမင်းစာအုပ် ကိုလည်း လိုအပ်တဲ့ အချိန်တိုင်းအသုံးချနိုင်အောင် လုပ်ထားရမယ် ...........
စာရွက်များကို ဖြဲ၊ ပိုက်ဆံအိတ်ထဲ ထည့်ချုပ်၊ သူ့နာရီ အံဝှက်ထဲ သေးသေးလေးထည့်၊ ဟိုထည့်သည်ထည့်နှင့် လုပ်နေတော့၏။
L ၏ဟိုတယ်ခန်း
..... ဒီတိုင်းပဲ ဖြစ်ရမယ် ......
L ဆုံးဖြတ်ချက်ချလိုက်ပြီ။
"ခုချိန်ကစပြီး Ray Penbar စုံစမ်းခဲ့တဲ့ လူတွေကိုပဲ ကျနော်တို့ ဆက်စုံစမ်းတော့မယ်။ အဲဒီလူတွေကတော့ လက်ထောက်ညွှန်ကြားရေးမှူး Kitamura (ကီတာမူရာ)နဲ့ မိသားစု ရယ်၊ ရဲချုပ် Yagami နဲ့မိသားစုရယ်ပဲ"
"ဘာရယ်!"
ရဲချုပ် မျက်လုံးပြူးသွားလေသည်။
L ကဆက်ပြောသည်။
"ပြီးတော့ ကင်မရာတွေ၊ အသံဖမ်းစက်တွေကို အဲဒီ ၂ အိမ်လုံးမှာ တပ်ချင်တယ်"
"ဟ.. Ryuzaki မင်း ဘာပြောပြော ကျုပ်ဂရုမစိုက်ဘူးကွ။ ဒီလိုလုပ်လို့ ဘယ်ဖြစ်မလဲ။ တယောက်ယောက်များ သိသွားလို့ကတော့ လူတွေရဲ့ လွတ်လပ်စွာနေထိုင်နိုင်ခွင့်ကို ချိုးဖောက်တယ်ဆိုပြီး ပြဿနာတွေတက်၊ နောက်ဆုံး ကျုပ်တို့အားလုံး အလုပ်ထုတ်ခံရမှာပေါ့"
Aizawa ကကန့်ကွက်၏။
"ကျနော်တို့ ဒီအမှုကို လိုက်နေတာဟာ အသက်ကိုတောင် ရင်းပြီးလိုက်နေရတာပဲ။ အလုပ်ကိုရင်းရတာကတော့ ပြဿနာ မဟုတ်ဘူးနဲ့တူတယ်"
L ကမလျှော့။
"အဲဒီလူတွေထဲမှာ Kira ရှိဖို့ ဘယ်လောက်လောက် သေချာသလဲ Ryuzaki"
ရဲချုပ်ကမေးတော့
"၁၀ ရာခိုင်နှုန်း.. ဟင့်အင်း ၅ ရာခိုင်နှုန်းလောက်တော့ သေချာတယ်"
L ပြန်ဖြေလိုက်သည်။
"ဟာ.. မင်းက ၅ ရာခိုင်နှုန်းလောက်ပဲ သေချာတဲ့ဟာကို ဒီလောက်တောင် လုပ်မလို့လား"
Matsuda ကအမေး
ရဲချုပ်က စိတ်မထိန်းနိုင်စွာဖြင့်
"ခုချိန်ထိ ငါတို့မှာ သံသယ ဖြစ်စရာ တယောက်မှ မရှိခဲ့ဘူး။ အဲဒီတော့ ဖြစ်နိုင်ခြေ ၁ ရာခိုင်နှုန်းပဲ ရှိတယ်ဆိုရင်တောင် ငါတို့ အသည်းအသန်လိုက်ရမှာပဲ။ ငါ့မိသားစုကို သံသယရှိနေတာကို ငါမခံနိုင်ဘူး။ Ryuzaki မင်းလုပ်ချင်တဲ့အတိုင်းလုပ်ပါ။ အေး.. လုပ်ပြီဆိုရင်လည်း သေချာအောင် ရှိသမျှ အခန်းအကုန်တပ်။ ရေချိုးခန်းနဲ့ အိမ်သာပါ မကျန်စေနဲ့"
"ကျေးဇူးတင်ပါတယ် ရဲချုပ်။ ကျနော် အဲဒီအတိုင်းလုပ်ဖို့ စိတ်ကူးထားပါတယ်"
L ကခပ်အေးအေး ဘဘောတူသော်လည်း
ကျန်သူများကား
"ဟာ .. ရဲချုပ် ဘယ်ဖြစ်မလဲ။ အဲလောက်ကြီး မလုပ်ပါနဲ့"
"ဟုတ်ပါတယ်။ ရဲချုပ်မှာ မိန်းမနဲ့ သမီးလည်း ရှိနေတာပဲ"
ရဲချုပ်ဒေါသတကြီးနှင့် လှည့်ကာ ငေါက်လိုက်သည်။
"မင်းတို့ကောင်တွေ ပါးစပ်ပိတ်ထားစမ်း။ ဒါတွေ ငါသိတယ်ကွ။ စေ့စေ့စပ်စပ် မလုပ်မှတော့ ဘာမှ မလုပ်တာနဲ့ ဘာမှမထူးဘူး။ ငါ့ကို ဆရာ မလုပ်စမ်းနဲ့"
အခြေအနေကို L မှဖြန်ဖြေပေးလေ၏။
"ရဲချုပ်လည်း စိတ်အနှောင့်အယှက် သိပ်မဖြစ်ရအောင်၊ စုံစမ်းရေးလည်း အဆင်ပြေအောင်၊ ရဲချုပ်အိမ်ကို စောင့်ကြည့်ဖို့ကို ကျနော်နဲ့ ရဲချုပ် ၂ ယောက်ပဲ တာဝန်ယူပါမယ်။ Watari ခင်ဗျာ၊ ဘယ်တော့လောက် ဒါတွေ တပ်လို့ရမလဲ"
"မနက်ဖြန်က စပြီး သူတို့အိမ်တွေမှာ လူမရှိတဲ့အချိန်၊ ကြိုက်တဲ့အချိန်တပ်လို့ရတယ်"
ရက်အနည်းငယ်အကြာ
ကျောင်းမှ ပြန်လာသော Light သူ့အခန်းတံခါး အဖွင့်တွင် တစုံတရာ ချို့ယွင်းနေပြီကို သတိထားလိုက်မိသည်။ တံခါးကြားတွင် သူညှပ်ခဲ့သော စက္ကူလေးကတော့ သူ့နေရာတွင်သူရှိနေဆဲ။
"Light ရေ.. အိမ်မှာ ဘယ်သူမှ မရှိဘူးဆိုတော့ မင်းနဲ့ငါ တခုခု ဆော့ရအောင်ကွာ"
Ryuk ကပြောသည်ကို Light ဘာမှပြန်မပြောဘဲ ကုတင်ပေါ် လှဲချလိုက်သည်။
"ဟေ့ကောင် ငါပြောတာကြားလား၊ Light"
Light ကားမသိသလိုပင်။ အ၀တ်အစားလဲပြီး အပြင်ပြန်အထွက် စက္ကူစကလေးကို တံခါးကြားပြန်ညှပ်လိုက်သည်။
TV မှကြည့်နေသည့် ရဲချုပ် မနေနိုင်မထိုင်နိုင် L ကိုပြောမိသည်။
"ဒီကောင် ဘယ့်နှယ် ဒီလို လုပ်နေရတာလဲ။ သူ့အခန်းထဲမှာ ငါတို့မမြင်စေချင်တာများရှိလို့လား"
"သူ့အသက် ၁၇ နှစ်ဆိုတော့ ဒီအပြုအမူဟာ ဘာမှတော့ မထူးဆန်းပါဘူး။ ကျနော်လည်း ဘာကြောင့်မှ မဟုတ်ဘဲ ဒါမျိုးလုပ်ခဲ့ဖူးတယ်။ ကျနော်တို့ အရွယ်က ဒီလိုပါပဲ။ ရဲချုပ်များ ကျနော်တို့ Kira စုံစမ်းရေး အကြောင်းတွေ သူနဲ့ ပြောဖြစ်သေးလား"
"မပြောပါဘူး။ အပြင်လူကို ပေးမသိတဲ့ကိစ္စတွေကို ကျုပ်လုံးဝ ကျုပ်မိသားစုကို မပြောဘူး"
လမ်းလျှောက်ထွက်လာသော Light ကို Ryuk ကမေးလာသည်။
"ဟေ့ Light၊ မင်း ဒီတိုင်းသာ ငါ့ကို အဖက်မလုပ်ဘဲ နေမယ်ဆိုရင် ငါ တော်တော်တင်းလာတော့မယ်နော်"
Ryuk ကို မဖြေအားသေး။ Light သူ့အင်္ကျီကို သူဟိုလှန် ဒီလှန်၊ ဟိုစမ်း ဒီစမ်းနှင့် လုပ်နေသည်။
........ သေချာပါတယ် ဒီအင်္ကျီထဲမှာတော့ ဘာအသံဖမ်းစက်မှ မတပ်ထားပါဘူး .........
"Light.. မင်း ငါ့ကို စကား ပြောမလား မပြောဘူးလား"
"Ryuk ကျုပ်အိမ်ထဲမှာ အသံဖမ်းစက်တွေ၊ ကင်မရာတွေ တပ်ထားဖို့ များတယ်"
"ဟုတ်ရဲ့လားကွ။ မင်း တံခါးမှာ ညှပ်ညှပ်ထားခဲ့တဲ့ စက္ကူစလေး ရှိနေသားပဲ"
"အဲဒီ စက္ကူစက အခန်းထဲ လူတွေဝင်ရင် သိအောင်ဆိုတဲ့ပုံစံ ယောင်ပြ ထားထားတာဗျ။ ကျနော် တကယ်စစ်တာက တံခါး လက်ကိုင်ဗျ"
"ဟေ.. လက်ကိုင်လား"
"တံခါးဖွင့်ရင် လက်ကိုင်ကို ဟိုးအောက်ကို ဖိပြီး ဖွင့်ရတယ်လေ။ တံခါး ပိတ်သွားရင် လက်ကိုင်က အလိုလို အပေါ်ပြန်တက်လာရော မဟုတ်လား။ ဒါပေမယ့် ကျနော်က အပြင်ရောက်တာနဲ့ လက်ကိုင်ကို ဖိချလို့ရသလောက် နည်းနည်းတော့ ပြန်ဖိချခဲ့တယ်ဗျ။ အဲဒီတော့ ကျနော် ပြန်ရောက်တဲ့အချိန် တံခါးလက်ကိုင်ဟာ ကျနော်ထားခဲ့သလို အောက်ကလေးစိုက်မနေဘဲ တန်းတန်းလေး ဖြစ်နေတယ်ဆိုရင် အထဲကို လူဝင်ထားဖို့ သေချာသလောက်ပေါ့"
"ဟိုက်ရှားဘား.."
"ဒါပေမယ့် ဒီတခုထဲနဲ့တော့ ကျိန်းသေပြောလို့ မဖြစ်ဘူးလေ။ အဲတော့ ခဲဆံဘောပင်ထဲက ခဲသားလေးတွေကို သုံးပြီး စစ်ထားသေးတယ်"
"သြော်..သိပြီ သိပြီ။ မင်း တံခါးကြားကနေ ပတ္တာပေါ်ကို တင်တင်ထားခဲ့တာလေးတွေပေါ့"
"အင်း..ဟုတ်တယ်။ အဲဒါတွေက တံခါးဖွင့်လိုက်ရင် ကလန့်လိုက်သလို ဖြစ်ပြီး ကျိုးကျသွားတာပေါ့။ နေ့တိုင်း တခါမှ မကျိုးသေးဘူး။ ဒီနေ့ကျမှ ကျိုးနေတာ တွေ့တော့တာပဲ"
"မင်း အဖေတို့ အမေတို့ မဖြစ်နိုင်ဘူးလားကွ"
"သူတို့သာဆိုရင် ဟိုစက္ကူစလေးကို သတိထားမိမှာ မဟုတ်ဘူးဗျ။ အဲဒီစက္ကူစကို ကျနော် ထားခဲ့တဲ့အတိုင်း ပြန်ညှပ်ထားခဲ့လို့သာ သံသယ ဖြစ်စရာ ဖြစ်သွားတာ"
စာအုပ်ဆိုင်တခုတွင်းသို့ဝင်၍ Light စာအုပ်များဝယ်လာလေသည်။
"ဒါနဲ့ Ryuk ကင်မရာတွေရှိတယ်ဆိုရင် ခင်ဗျား ပန်းသီးစားနေရင် ဘယ်လိုပေါ်မလဲ"
"ငါ့ကို သူတို့က မမြင်ရဘူးဆိုတော့ ပန်းသီးက လေထဲမှာပေါလောဖြစ်နေပြီး တဖြည်းဖြည်း ကိုက်ရာတွေပေါ်ပေါ်လာတာ တွေ့ရမှာပေါ့"
"အဲဒါပဲ ကျုပ်ပြောချင်တာ။ ခင်ဗျားက သေမင်းပဲ။ ငတ်သေမှာ မဟုတ်ဘူး။ အဲဒီတော့ အခုအချိန်ကစပြီး ခင်ဗျားကို ကျုပ် ပန်းသီးမကျွေးနိုင်တော့ဘူး"
ဤတကြိမ်တွင်ကား မျက်လုံးအကြီးအကျယ်ပြူးသွားသည်မှာ သေမင်း Ryuk ဖြစ်ပေတော့သည်။
"ဟဟ နေစမ်းပါဦး Light ရ။ ငါ့အတွက် ပန်းသီးဆိုတာ...ဘယ်လိုပြောရမလဲကွာ...မင်းတို့လူတွေ ဆေးလိပ်သောက်သလို၊ အရက်သောက်သလို စွဲနေတာကွ။ ပန်းသီးမစားရဘဲ နေရမယ်ဆိုရင် ကြာရင်ငါ ပန်းသီးနာကျလိမ့်မယ်"
"ကောင်းသဗျာ။ အဲဒီအခါကျ ခင်ဗျားမှာ ဘာတွေဖြစ်မှာလဲ"
"ငါ့ခန္ဓာကိုယ်ကြီး တွန့်လိမ်လာမယ်ကွ။ ပြီးတော့ ငါမတ်တပ်ရပ်လို့ မရတော့ဘူး၊ ဇောက်ထိုးကြီး ကင်းမြီးကောက်ထောင် နေရတော့မှာ"
"အင်း..ကြည့်ရ တော်တော်ရုပ်ဆိုးမှာပဲ။ ဒီမှာ Ryuk ရဲ့။ ကျုပ်ကလည်း L ကို သေမင်းတွေ ပန်းသီးပဲစားတယ်ဆိုပြီး အကျဉ်းသားတွေနဲ့ သဲလွန်စပေးထားဖူးတယ်။ မှတ်မိတယ်မဟုတ်လား။ အဲဒီတော့ ခင်ဗျား ပန်းသီး စားကို စားရမှဆိုရင် ရှိသမျှ ကင်မရာတွေနဲ့ အသံဖမ်းစက်တွေ ဘယ်နားမှာ တပ်ထားတယ်ဆိုတာ ရှာပေတော့။ ကံကောင်းရင် ခင်ဗျား ခိုးစားလို့ရတဲ့ ကင်မရာ မမိတဲ့ နေရာတနေရာလောက် တွေ့ရင် တွေ့မှာပေါ့ဗျာ"
"အေး..ရှာမယ်ကွ။ အားလုံးကို တွေ့အောင်ရှာပစ်မယ်"
Ryuk အားကြိုးမာန်တက်ဖြင့် Light ကိုပင်မစောင့်တော့ဘဲ အိမ်ထဲသို့ ပျံဝဲ၀င်သွားလေသည်။
No comments:
Post a Comment