ဘတ်စ်ကားအနား လူတွေ မရှိတော့။
Ray က Light ကို လှမ်းခေါ်လိုက်သည်။
"ကောင်လေး"
"ဟုတ်ကဲ့"
"တကယ်တမ်းတော့ လျှို့ဝှက်စုံစမ်းရေး ကိစ္စတခုနဲ့ ငါဂျပန်ကို ရောက်နေတာကွာ။ ရှင်းရှင်းပြောရရင် ဂျပန်ရဲတွေ ငါ့အကြောင်း သိလို့ မဖြစ်ဘူး၊ သိစရာမလိုဘူး။ အဲဒီတော့.."
"ကျနော် သဘောပေါက်ပြီ။ ခင်ဗျားနဲ့ ကျနော် ဆုံခဲ့ဖူးတဲ့အကြောင်း ဘယ်သူ့မှ မပြောဘူးစိတ်ချ"
"ကျေးဇူးပဲကွာ။ အဲဒါဆို ရဲတွေ ရောက်မလာခင် ငါသွားတော့မယ်"
ပြောပြောဆိုဆို Ray ကားများကြား ၀င်ရောက် ပျောက်ကွယ်သွားတော့သည်။
....ကျုပ်ထင်ထားတဲ့ အတိုင်းပါပဲလား Ray။ ကျုပ်ကလည်း ခင်ဗျားလို FBI agent (အေးဂျင့်) တယောက်နဲ့ကျုပ် ခုလိုတွေ့ဖြစ်ကြတာကို ရဲတွေ မသိစေချင်ပါဘူးလေ။ ဒီအကြောင်း ကျုပ်အဖေသာသိလို့ကတော့ L ကိုသူပြန်ပြောမှာပဲ။ L ကကျုပ်ကို ဘာမှ သံသယ ရှိသေးတာ မဟုတ်ဘူးလေ။ ခုကိစ္စကို ရဲတွေက ဖြစ်ရိုးဖြစ်စဉ် မတော်တဆ ယာဉ်တိုက်မှုလို့ပဲ ယူဆကြမှာပဲ။ ကျုပ်လက်ချက်လို့ ဘယ်သူမှ ထင်မှာမဟုတ်ဘူး.....
Ray အိမ်ပြန်အရောက် သက်ပြင်းကြီးချလိုက်မိတော့
"ဟိတ်..ဘာဖြစ်လာတာလဲ။ ဒီလောက်တောင် သက်ပြင်းကြီး ချရအောင်"
စောင့်ကြိုနေသည့် သူ့ချစ်သူကလေးက စိုးရိမ်တကြီး မေးရှာသည်။
"အင်း..ကို ခုလေးတင်ပဲ ဘတ်စ်ကား ပြန်ပေးမှုနဲ့ ကြုံလာရလို့ကွာ"
"ပြန်ပေးမှု..ဟုတ်လား"
"အေး..လွန်ခဲ့တဲ့ ၂ ရက်က ဘဏ်ဓါးပြတိုက်တဲ့ကောင်ပေါ့ ကိုတို့ ဘတ်စ်ကားကို ပြန်ပေးဆွဲတာ။ ဂျပန်ပြည်ကြီးက တော်တော်ကို စိတ်မချရတော့ဘူးကွ"
"ကို က အဲဒီဘတ်စ်ကားပေါ် လိုက်လာလို့လား"
"ဟုတ်တယ်။ ကို ဘာမှ မလုပ်လိုက်ရပါဘူး။ နောက်ဆုံးတော့ သူ့ဟာသူ ဘတ်စ်ကားပေါ်က အဆင်း နောက်ကားတစင်း တိုက်သွားရော"
"တခါတည်း သေရောလားဟင်"
"ထင်တာပဲလေ။ ကို အသေးစိတ် စစ်ဆေးနေဖို့ အချိန်မရပါဘူး။ ရဲတွေမလာခင် လစ်ထွက်လာရတာကိုး"
"သူ အဲလို ကားတိုက်သေတာ တိုက်ဆိုင်တာလို့ ကို တကယ်ပဲထင်သလားဟင်"
"ဘာဖြစ်လို့လဲကွ"
"ကို ကားပေါ်မှာ ပါတယ်ဆိုကတည်းက တခုခုကို စုံစမ်းဖို့ ပါလာတာ မဟုတ်လား။ ပြီးတော့ ကို ပါလာတဲ့ ကားပေါ်က လူဆိုး သေသွားတယ်။ ဒီလောက်တိုက်ဆိုင်တာ.."
"ဟိတ်..ချစ် သိပ်တော်တဲ့ FBI agent ဖြစ်ခဲ့မှန်း ကိုသိပါတယ်။ ဒါပေမယ့် ခုချိန်မှာ ချစ်ဟာ agent မဟုတ်တော့ဘူး။ ကိုနဲ့ စေ့စပ်ထားတဲ့ သာမန် မိန်းကလေးတယောက်ပဲ။ Kira အမှုနဲ့ ပတ်သက်ပြီး ကို့ကို ဘာမှ ၀င်မပြောဖို့ ဘာမှ ၀င်မလုပ်ဖို့ ချစ်ကတိ ပေးထားတယ်လေ။ ကို ချစ်ကို ဂျပန်ခေါ်လာတာကလည်း ချစ်ရဲ့ မိဘတွေကို မတွေ့ရတာကြာလို့ တွေ့လို့ရအောင် ခေါ်လာခဲ့တာမဟုတ်လား။ ချစ် အေးအေး နေပါကွာ"
"အကျင့်ပါနေလို့ပါ ကိုရာ။ နောက် မပြောတော့ပါဘူး"
"ကဲပါ ထားလိုက်ပါတော့၊ ခုတော့ ယောက္ခမကြီး ကို့ကို အမှတ်တွေပေးအောင် ဘယ်လို နေရ ထိုင်ရမယ်လေး ကြိုသင်ပေးစမ်းပါကွာ"
Light အခန်းထဲတွင် သေမင်းစာအုပ်နှင့် အလုပ်ရှုပ်နေပြန်သည်။
"ဟေ့ကောင် Light၊ မင်းက ချက်ချင်းပဲ ဒီနေ့တွေ့ခဲ့တဲ့ကောင်ရဲ့နာမည် ရေးတော့မလို့လားဟ"
"မရေးပါဘူးလေ။ နောက် တပတ်နေမှ ရေးမှာ။ ဒီနေ့ပဲ သူနဲ့တွေ့၊ ဒီနေ့ပဲ သူသေသွားရင် ကျုပ်ကို မသင်္ကာဖြစ်ကုန်မှာပေါ့ဗျ။ သူနဲ့တွေ့တာ ရဲတွေ မသိဘူး ဆိုပေမယ့် သူသေလို့ လိုက်စုံစမ်းရင်တော့ သိတော့မှာလေ။ ဒီတော့ ချက်ချင်းသတ်လို့ မဖြစ်ဘူးဗျ။ သူ့ကို ဆက်ပြီး အချိန်ပေးလိုက်မှ ရဲအဖွဲ့ထဲက တခြားလူတွေကိုလည်း သူစုံစမ်းဖြစ်မှာ မဟုတ်လား။ အဲဒီတော့မှ သတ်ရင် ရဲတွေ ပိုခေါင်းရှုပ်တာပေါ့ဗျ။ လောလောဆယ်တော့ L ခေါင်းရှုပ်အောင် ကျုပ်လုပ်လိုက်ဦးမယ်"
အကျဉ်းသား နောက်တဦး စာများရေးထားခဲ့ပြီး သေပြန်သည်။
ထိုစာထဲတွင်ကား
'L.. မင်း သိ လား သေ မင်း တွေ'
.....ဒီကောင် ဘာတွေပြောချင်နေတာလဲ၊ သေမင်းဆိုတာ တကယ်ရှိတယ်လို့ ငါ့ကို ပြောနေတာလား.....
L ခေါင်းစားနေတော့သည်။
တပတ်ကြာသော်..
လူများ ရှုပ်ရှက်ခတ်နေသည့် လမ်းဘေးတွင် Light အေးအေးဆေးဆေး ရပ်နေသည်။
"လူတွေ များလိုက်တာကွာ။ မင်း ဒီနေရာမှာ ချမလို့လားကွ Light"
Ryuk ကမေးသည်။
"ခင်ဗျားကို ကျုပ်သေချာ စူးစမ်းလေ့လာထားတာလေးတွေနဲ့ ဖျော်ဖြေမလို့ပါ။ သေမင်းစာအုပ်ကို သုံးပြီး နည်းပေါင်းစုံနဲ့ သတ်လို့ရတာ ကျုပ်တော်တော် သဘောပေါက်သွားပြီလေ"
"ဟေ"
"ဒီလိုလေ။ ခင်ဗျားစာအုပ်မှာ ကျုပ်က ဘယ်လိုဘယ်ပုံနဲ့ ဘယ်အချိန်သေရမယ်လို့ ကျုပ်က အရင်ရေးလိုက်တယ်ဆိုရင် နာမည်ကို နောက်မှ ဖြည့်လို့ရတယ်ဗျ။ သေတာပဲ"
"ဟေ.. ဟုတ်ရဲ့လား။ ငါတောင် ဒါကို မသိရပါလား"
"ခင်ဗျားက ငပျင်းပဲဗျ။ ကျုပ်လိုမှ မစမ်းကြည့်တာ။ တော်တော် ဟိုမှာ လာနေပြီ"
ပြောပြောဆိုဆို Light သူ့ခေါင်းကို အင်္ကျီခေါင်းစွပ်နဲ့ အုပ်လိုက်၏
Ray လမ်းလျှောက်လာနေပြီ။
....တကယ့်ကို အချိန်မှန်ပါပဲ Ray.....
Light ကျေနပ်ပြီး Ray နောက်မှ လိုက်သွားပြီး လေသံခပ်အုပ်အုပ်ဖြင့်ခေါ်လိုက်သည်
"Ray Penbar"
Ray ရပ်သွားသည်။ သူနောက်သို့ လှည့်မကြည့်မီမှာပင်
"ခင်ဗျား နောက်လှည့်ကြည့်တာနဲ့ သေပြီးသားပဲ။ ဘာလို့လဲဆိုတော့ ကျုပ် Kira ဖြစ်နေလို့ပဲ။ နောက်လှည့်ဖို့ပဲ ဖြစ်ဖြစ်၊ အင်္ကျီထဲလက်နှိုက်ပြီး သေနတ်ယူဖို့ပဲ ဖြစ်ဖြစ် စိတ်တောင်မကူးလေနဲ့နော်၊ ခင်ဗျား ဘယ်လိုသေသွားမှန်းမသိလိုက်ပဲနေမယ်"
Ray လုံးဝ တုန်လှုပ်သွားသည်။ သူ Kira ၏လုပ်နိုင်စွမ်းရည်များကို သိသည်။ ပြီးတော့ ဒီအသံကို သူကြားဖူးနေသည်လို့ ထင်သည်။
"ကဲပါ။ ကျုပ် Kira ဖြစ်ကြောင်း ခင်ဗျားကို အရင် သက်သေပြလိုက်ဦးမယ်။ ဟိုရှေ့က ကော်ဖီဆိုင်မှာ မျက်မှန်နဲ့လူတွေ့လား။ သန့်ရှင်းရေး အလုပ်သမားလေ။ သူ့ကို ကျုပ်သတ်ပြမယ်"
"ဟာ..မလုပ်ပါနဲ့"
Ray အလန့်တကြားတားသော်လည်း သူ့စကား ဆုံးဆုံးချင်းမှာပင် ထိုသူမှာ အရုပ်ကြိုးပြတ် လဲကျသေဆုံးသွားတော့သည်။
"စိတ်မကောင်း သိပ်မဖြစ်ပါနဲ့လေ။ ကျုပ်က ဒီလိုမှ သတ်မပြရင် ကျုပ် Kira ပါဆိုတာ ခင်ဗျား ဘယ်ယုံပါ့မလဲ။ ဒါပေမယ့် ဒီလူကလည်း မုဒိမ်းမှုတွေ ဆက်တိုက်ကျူးလွန်ခဲ့တဲ့လူပါပဲ။ တရားရုံးက သက်သေ မလုံလောက်လို့ဆိုပြီး လွှတ်ပစ်လိုက်လို့ ခုလို လွတ်နေတာပါ။ ဒီလိုလူဟာ သာမန်လူထုအတွက် အန္တရာယ်ရှိတယ်ဗျ။ အဲဒီတော့ ဒီလူ သေသင့်ပါတယ်နော်"
"ဆက်ပြောဦးမယ်။ ကျုပ်ဟာ လူတွေရဲ့ မျက်နှာကို မမြင်ရရင် မသတ်နိုင်ဘူးလို့ L ခင်ဗျားတို့ကို ပြောပြထားမှာပေါ့။ အဲဒါမှန်သလို ခု ဒီနေရာကနေ ကျုပ်မြင်နေရတဲ့လူမှန်သမျှကို သတ်နိုင်တယ်ဆိုတာလည်း မှန်တယ်လို့ ခင်ဗျား လက်ခံလောက်ရောပေါ့။ ကဲ..ခင်ဗျား သတ်စေချင်တဲ့လူလေးများ ရှိရင် ပြောစမ်းပါဗျာ။ သတ်ပေးပါ့မယ်"
"မလုပ်ပါနဲ့။ မင်း Kira ဆိုတာ ငါယုံပါတယ်"
"အင်း..ဒါဆိုလည်း ပြီးတာပဲ။ ခင်ဗျား သိပ်မြတ်နိုးတဲ့ လူတယောက် အသတ်ခံရမယ်ဆိုရင်တော့ ခင်ဗျား တော်တော်ခံစားရမှာဗျနော်။ အဲဒီလူဟာ ခုလောလောဆယ် ကျုပ်လက်ထဲမှာ ရှိနေတယ်ဆိုတာတော့ ခင်ဗျား သိစေချင်တယ်"
"မင်း...မင်း...ငါ့ကောင်မလေးကို ပြောတာတော့ မဟုတ်ပါဘူးနော်"
"တော်ပါ့ဗျာ။ သူပါပဲ။ ကျုပ်က ခင်ဗျားအကြောင်း အားလုံး လေ့လာထားပြီးပြီလေ။ ဒီတော့ ကျုပ်ခိုင်းတဲ့အတိုင်း သေချာလုပ်၊ နည်းနည်းလေးမှ မလွဲစေနဲ့နော်၊ လူတွေအားလုံး သေကုန်မယ်။ သေမယ့်အထဲမှာ ခင်ဗျား မိသားစုပါ ပါတယ်ဆိုတာ ခေါင်းထဲ ထည့်ထားလိုက်ဦး"
"အေး...အေးပါ။ ငါဘာလုပ်ရမှာလဲ"
"ခင်ဗျားမှာ laptop ပါတယ်မဟုတ်လား။ အဲဒီထဲမှာ ဂျပန်ရောက်နေတဲ့ ခင်ဗျားတို့ FBI agent တွေရဲ့ အချက်အလက်တွေ ပါတဲ့ file လေးဘာလေးများပါသလား"
"laptop တော့ပါတယ်။ ဒါပေမယ့် မင်းပြောတဲ့ file တော့မရှိဘူး"
"ဟုတ်ပြီလေ။ ဒါဆိုလည်း ဒီစာအိတ်ကလေးယူသွား။ အထဲမှာ Transceiver (ရေဒီယို အသံလွှင့်စက်)ကလေးပါတယ်။ နားကျပ်ကို နားမှာတပ်ထားလိုက်"
......ဟ..ကလေးကစားတဲ့ transceiver လေးပဲ။ ဒါပေမယ့် ငါနဲ့သူနဲ့ နီးနီး ရှိနေသရွေ့ စကားပြောလို့ရမယ်၊ မြေအောက်ရောက်နေတောင် ပြဿနာမရှိဘူး။ ပြီးတော့ ဒီကလေးကစားစရာနဲ့ ပြောတဲ့စကားတွေကို ရဲကလည်း ဘယ်လိုမှ ပြန်လိုက်လို့ မရနိုင်တော့ဘူး။ ဒီကောင် တော်တော့်ကို သေချာကြံစည်ထားတာပဲ....
နားကျပ်ကိုတပ်ရင်း Ray စဉ်းစားနေမိသည်။
"ကဲ..Yamanote (ယာမာနိုတယ်) ရထားလိုင်းကိုစီး။ ခင်ဗျားနားမှာ တချိန်လုံး ကျုပ်ရှိနေမယ်။ အဲဒီတော့ ရထားပေါ်ရောက်တာနဲ့ ခင်ဗျားရှေ့ တနေရာထဲကိုပဲ ကြည့်နေပါ။ ရထားပေါ်ရောက်ရင် တံခါးပေါက်နား ထောင့်က ခုံမှာထိုင်၊ မအားသေးရင် အားတဲ့အထိ ရပ်စောင့်"
ရထားပေါ်ရောက်၍ Ray ထိုင်ပြီးသော်..transceiver မှတဆင့်အသံထွက်လာသည်။
"အရင်ဆုံး ကျုပ်မေးဦးမယ်။ တလွဲဖြေလို့ကတော့ ခင်ဗျား ရည်းစား အသေပဲနော်။ ကဲ..ဂျပန်ကို ရောက်နေတဲ့ FBI agent ဘယ်နှစ်ယောက်ရှိလဲ။ ခင်ဗျားတို့ ဘယ်လိုတွေ ဖွဲ့စည်း လှုပ်ရှားကြလဲ။ ခပ်တိုးတိုးလေး အေးအေးဖြေပါ"
"လေးဖွဲ့။ စုစုပေါင်း ၁၂ ယောက်"
"ဟုတ်ပြီ။ ခု စာအိတ်ဖွင့်လို့ရပြီ"
Ray စာအိတ်ဖွင့်လိုက်တော့ အထဲတွင် နှစ်ရွက်တွဲ စာရွက်အတွဲများ။ တတွဲစီ၏ အပေါ်စာရွက်တွင် အပေါက် အပေါက်များ ဒေါင်လိုက် တန်းစီဖောက်ထားသည်ဖြစ်၍ အောက်ဖက်က စာရွက်ကိုအပေါက်များကြားမှ မြင်နေရသည်။
.....ဘာလဲဟ......
"ခင်ဗျားတို့ထဲက အကြီးဆုံးလူရဲ့နာမည်ကို ထိပ်ဆုံးအကွက်ထဲမှာရေး"
.....ဘာတုန်း။ ဒီကောင် ဘာလုပ်နေတာတုန်း။ ဘာပဲလုပ်လုပ်လည်း မတတ်နိုင်ဘူး။ နာမည်လေး သူသိယုံနဲ့ သတ်လို့ရတာမှ မဟုတ်ပဲ.....
Ray တွေးရင်း ရေးရင်း
"ခင်ဗျား laptop ကိုဖွင့်လိုက်ပါ။ ခဏနေရင် ခင်ဗျား ဆရာဆီကနေ file တခုလာလိမ့်မယ်။ ဂျပန်မှာရှိတဲ့ FBI agent တွေအကုန်လုံးရဲ့ နာမည်နဲ့ ပုံတွေပါတဲ့ file ပေါ့"
......ဟင်..ဘယ်လိုဖြစ်တာလဲ.......
Ray လန့်သွားသည်။ သူ file ကိုလက်ခံရရှိနေလေပြီ။
"ခုနကလိုပဲပေါ့ဗျာ။ ခင်ဗျားမြင်နေရတဲ့ agent တွေရဲ့ နာမည်ကို ကျန်တဲ့ အကွက်တွေမှာ ဖြည့်လိုက်ပါဦး။ လူမှားမယ်နော်။ ပုံနဲ့ နာမည် သေချာလေး ကြည့်ပြီးရေး"
....ငါတော့ ဘာမှ နားမလည်တော့ဘူး။ Kira မင်းဘာတွေ ကြံနေတာလဲ.........
Ray ရေးပြီးသွားသော်..
"ကြည့်ရတာ ခင်ဗျား ရေးပြီးပြီထင်တယ်။ Transceiver နဲ့ စာရွက်တွေကို စာအိတ်ထဲပြန်ထည့်၊ ခင်ဗျားခေါင်းပေါ်က လက်ဆွဲအိတ်တင်တဲ့ စင်ပေါ်မှာ အသာလေး တင်ထားလိုက်။ ရထားကို နောက်ထပ် နာရီဝက် အနည်းဆုံး မထတမ်း ဆက်စီး။ ခင်ဗျား စာအိတ်မေ့ကျန်ခဲ့တယ်လို့ ဘယ်သူမှ မထင်လောက်တော့တဲ့အချိန်ကျရင် ဆင်းပေတော့"
အချိန်စေ့၍ Ray ရထားပေါ်မှ ဆင်းသည်တွင် ရင်ထဲမှ စူးကနဲနာလာ၏၊ အသက်ရှူကျပ်လာ၏၊ သူ့ကံကြမ္မာကို သူသိလိုက်ပြီ။
သူယိုင်လဲပြိုကျသွားချိန်တွင် ရထားတံခါး ပြန်ပိတ်စပြုနေပြီ။ Kira ကိုသူမသေခင် ဘယ်သူလဲတော့သိသွားချင်သည်။ သူကြိုးစားအားတင်းပြီး ခေါင်းကိုလှည့်၍ ကြည့်သည်။ သူ့နောက်ဆုံး အမြင်အာရုံနှင့် အသိအာရုံတွင်ပေါ်လာသည်ကား ရထားတွဲထဲမှ သူ့ကို စိုက်ကြည့်နေသော 'Yagami Light'
Ray Penbar ရေးခဲ့သော စာရွက်အတွဲများ၏ အောက်မှစာရွက်များသည် သေမင်းစာအုပ်မှ စာရွက်များဖြစ်၏။ အပေါ်စာရွက်ပေါ်တွင် ဖောက်ထားသည့် အပေါက်မှရေးသည်ဖြစ်၍ အောက်ဖက်စာမျက်နှာတွင် မည်သည့် စာများရေးသားထားသည်ကို မသိနိုင်၊ မတွေ့နိုင်ခဲ့။ သို့ဖြစ်၍ FBI agent Ray Penbar သည် သူ၏ လုပ်ဖော်ကိုင်ဖက် အားလုံးအား ဘာမျှမသိလိုက်ဘဲ သူကိုယ်တိုင် သေတွင်းပို့ခဲ့မိပေပြီ။
ထိပ်ဆုံး FBI အကြီးအကဲ၏ နာမည်ရေးမည့်နေရာဘေးတွင် Light ကြိုတင်ရေးသားထားခဲ့သည်မှာ..
နှလုံးရောဂါနှင့် သေဆုံးမည်။ မသေမီ ဂျပန်ရောက် FBI agent အားလုံး၏ နာမည်၊ ဓာတ်ပုံ အချက်အလက် အပြည့်အစုံကို agent အားလုံးထံသို့ ကွန်ပျူတာ file တခုအဖြစ်ပို့ခဲ့ရမည်။
No comments:
Post a Comment