Light စာအုပ်ဆိုင်မှ ၀ယ်လာသော စာအုပ်ကို ကုတင်ပေါ်တွင် မှောက်ရက်သား အသည်းအသန် ကြည့်နေသည်။ မပေါ့်တပေါ် မိန်းကလေးများ၊ မလုံ့တလုံ မိန်းကလေးများ၊ ဟိုပေါ်ဒီပေါ် မော်ဒယ်မကလေးများ ပါဝင်သော မဂ္ဂဇင်းတည်း။
TV မှတဆင့် စောင့်ကြည့်နေသော ရဲချုပ် Yagami ကား မျက်နှာပူလှချေပြီ။
"တောက်.. ငါ့သား တည်တည်ကြည်ကြည် ဖြောင့်ဖြောင့်မတ်မတ် နေတတ်တဲ့ကောင်လို့ ထင်ထားတာ။ ချီးထုပ်ပဲ! ဒီကောင် ဒါမျိုးစာအုပ်တွေ ၀ယ်ဖတ်လိမ့်မယ်လို့ တခါမှ ထင်မထားမိဘူးကွာ"
"၁၇ နှစ်သားတယောက် ဒီလိုစာအုပ်တွေဖတ်တာ မထူးဆန်းပါဘူး ရဲချုပ်။ ဒါပေမယ့် ကျနော့်အထင်တော့ သူဒီလို လုပ်ပြနေတာဟာ မရိုးသားဘူး။ စက္ကူစလေး တံခါးကြားမှာညှပ်ပြီး သူ့အခန်းထဲလူဝင်ရင် သိအောင်လုပ်ထားတာဟာ ဒီလိုစာအုပ်တွေ သူ့ဆီမှာ ရှိနေလို့ပါလို့ ပြောချင်တဲ့ပုံစံဖြစ်နေတယ်"
"မဖြစ်နိုင်တာကွာ။ ကင်မရာတွေတပ်ထားတာ သူမှမသိတာကွ။ မင်းက ငါ့သားကို သံသယ ရှိနေလို့လားကွ"
"ရှိတာပေါ့ ရဲချုပ်။ ကျနော် အသံဖမ်းစက်တွေ၊ ကင်မရာတွေ အလကားတပ်ထားတာမှ မဟုတ်တာ။ သံသယ ရှိလို့သာ တပ်ထားတာပေါ့"
ထိုအချိန်တွင် Light ၏အခန်းတွင် တခန်းလုံးကို ရှာဖွေရေးလုပ်နေသော Ryuk မှလှမ်းပြောလိုက်သည်။
"ဟ..ကင်မရာ တလုံး အဲကွန်းထဲမှာ ရှိတယ်ဟေ့"
..... ဟွန်း ထင်သားပဲ။ ကင်မရာရှိတယ်ဆိုရင် အသံဖမ်းစက်လည်း ရှိမှာပဲ။ Kira စုံစမ်းရေးအတွက် လုပ်တာဆိုရင်တောင် ဂျပန်ရဲတွေတော့ ဒီလောက် လုပ်ရဲမယ်မထင်ဘူး၊ L ရဲ့အကြံအစည်ပဲ ဖြစ်ရမယ်။ အဲလိုဆိုရင် သူ့စုံစမ်းရေး ဘယ်လောက်အထိ ခရီးရောက်နေပြီလဲ။ Ray Penbar လိုက်ခဲ့တဲ့ လူတွေအထိသာ စုံစမ်းရေးကို ချုံ့မပစ်နိုင်ရင် ဒီလောက်လုပ်စရာ အကြောင်းမရှိဘူး။ စိတ်အေးအေးထား...ငါဟာ သံသယရှိနေတဲ့လူတွေထဲက တယောက်ပဲ။ သူတို့ ငါပါလို့ မသိသေးဘူး...........
Light စာအုပ်ကို ဗီရိုအောက်ဆုံးသို့ သေချာသွားထည့်လိုက်သည်။ ထိုနေရာတွင်ကား အလားတူ မဂ္ဂဇင်းများ များစွာ။
ရဲချုပ် Yagami ကား သုန်မှုန်သော မျက်နှာနှင့် ဒေါသတွေသာ အလိပ်လိုက်ထွက်နေရလေသည်။
"အမယ်လေး... သရုပ်ဆောင်ကောင်းလိုက်တာ၊ ချောလိုက်တာ Ryuga Hideki (ယုဂါဟီဒဲကီ)ရယ်။ ကျမအတန်းထဲများ ရှင့်ခြေဖျားမှီတဲ့ ကောင်လေး တကောင်မှ မရှိဘူး"
Sayu တယောက် TV ဇာတ်လမ်းကြည့်ရင်း အော်ဟစ်နေတော့
"ဟဲ့ Sayu ထမင်းလာစားစမ်း"
Light နှင့်အတူ ထမင်းစားနေပြီဖြစ်သည့် သူတို့ အမေက လှမ်းခေါ်လိုက်သည်။
"နေပါဦးမေမေရာ၊ သူ့ကို ကြည့်ပါရစေဦး"
Sayu ကား TV မှမခွာနိုင်။
Light တို့ မိသားစု ၃ ယောက်လုံးကို TV တွင်မြင်နေရသည့် L က လက်ထောက်ညွှန်မှူးမိသားစုကို စောင့်ကြည့်နေသည့် Aizawa တို့ကို လှမ်းမေးသည်။
"Kitamura တို့မိသားစု ဘာလုပ်နေလဲ Aizawa။ TV ကြည့်နေကြလား"
"ကြည့်နေကြတယ်ဗျ။ တမိသားစုလုံးပဲ။ Channel 4 ကိုကြည့်နေတာ"
L လှမ်းပြီး Watari ကိုပြောလိုက်သည်။
"ဦးရေ၊ ဟိုစာတမ်းလေးကို သူတို့ မိသားစု ၂ စု ကြည့်နေတဲ့ channel ၂ ခုလုံးမှာ ထိုးခိုင်းလိုက်ပါဗျာ"
'အထူးကြားဖြတ်သတင်း။ ။ICPO မှသတင်းထုတ်ပြန်ချက်အရ Kira စုံစမ်းရေးအတွက် ကမ္ဘာ့နိုင်ငံကြီးများမှ စုံစမ်းရေးအဖွဲ့ဝင် စုစုပေါင်း ၁၅၀၀ ကို ဂျပန်နိုင်ငံသို့စေလွှတ်လိုက်ပြီဆိုသည်'
TV တွင် ပေါ်လာသည့် စာတမ်းကို ဖတ်ရင်း Light စဉ်းစားနေမိသည်။
...... ဟွန်း၊ ဒီဧည့်ခန်းထဲမှာလည်း ကင်မရာတွေရှိမှာပဲ။ ဒီသတင်းမှန်မှန် မမှန်မှန် သူတို့အဓိက သိချင်တာက သတင်းမြင်ရင် ငါတို့ ဘယ်လိုဖြစ်သွားမလဲဆိုတာသိချင်တာပဲ။ L ဒီလိုလုပ်ယုံနဲ့တော့ ဘယ်ရမလဲကွာ .............
"ICPO ကလူတွေဟာ အရူးတွေပဲ"
Light ကပြောချလိုက်သည်။
"ဟင်..ဘာလို့လဲ ကိုကိုရ"
"ဒီလို ကြေငြာလို့ ဘာထူးမှာမို့လို့လဲ။ ဒီလူတွေ လွှတ်မယ်ဆိုရင်လည်း လျှို့လျှို့ဝှက်ဝှက်လွှတ်ပြီး စုံစမ်းခိုင်းမှပေါ့။ ထိပ်တန်းလျှို့ဝှက်ဆိုပြီး လွှတ်လိုက်တဲ့ FBI agent တွေတောင် အသတ်ခံလိုက်ရတဲ့ဟာကို ဒါမျိုးလုပ်ရင် ဒီလူတွေ အကုန် သေကုန်မှာပေါ့။ ဖြစ်နိုင်တာကတော့ ဒါ ဂျပန်ရဲက အကြံအဖန်လုပ်တာပဲဖြစ်ဖို့များတယ်။ ဂဏန်းကြီးကြီးပြပြီး Kira လန့်ဖြန့်သွားအောင် လုပ်တာပေါ့။ ငါ့အထင်တော့ Kira လည်းဒီလောက်တော့ တွေးမိမှာပါ"
စောင့်ကြည့်နေသော L တော်တော် အကြပ်ရိုက်သွား၏။
"ရဲချုပ်သားက တော်တော် ဉာဏ်ပြေးတယ်နော်"
"အင်း...ဆိုပါတော့"
ညစာစားပြီးသွားသော Light မီးဖိုချောင် ဗီရိုကိုဖွင့်၍ သူဝယ်လာသော အားလူးကြော်ထုတ်ကို သွားယူလေသည်။
"ဟ..ကိုကို ခုပဲ ထမင်းစားပြီးတာ။ အားလူးကြော် စားဦးမလို့လား"
"စာလုပ်ရင်း အပျင်းပြေ စားမလို့ပါကွာ"
အခန်းထဲသို့ ၀င်လာသော Light ကို မောပြီး ဖလက်ပြနေသော Ryuk က
"ဟေ့ကောင် Light ငါရှိသမျှ ကင်မရာတွေ၊ အသံဖမ်းစက်တွေ တခန်းလုံး အနှံ့တနေရာမှ မကျန်အောင် ရှာပြီးပြီ။ လျှာကို ထွက်သွားတာပဲကွာ။ သေမင်းဆိုပေမယ့်လည်း အလုပ်တွေစွတ်လုပ်ရင်တော့ မောတာပဲကွ။ သေချာနားထောင်နော် ငါ့မှာ မင်းကို ၂ ခါပြန်ပြောပြနိုင်တဲ့အင်အားမရှိဘူး"
"အား...ဗိုက်တင်းပြီဟေ့။ စာလေးတော့ လုပ်ဦးမှ"
"ဒါတွေ လာဆင်သွားတဲ့ကောင်ကတော့ မွဲရင်မွဲပစေဆိုပြီး ချသွားတာပဲဟေ့။ တပ်ထားလိုက်တာ ပွထနေတာပဲ၊ နည်းတာမဟုတ်ဘူး။ တွေ့ကာမှ တွေ့ရောကွာဆိုပြီး တပ်တာနေမှာပဲ။ မင်းအခန်းကျဉ်းကျဉ်းလေးထဲမှာတင် ၆၄ ခုရှိတယ်မောင်"
Ryuk က ဘယ်ကင်မရာ ဘယ်နေရာမှာ ရှိနေသည် ဆိုသည်များကို အသေးစိတ် ပြောပြလိုက်၏။
..... ထင်တဲ့အတိုင်းပဲ L၊ ဒါမင်းလက်ချက်ပဲ ..........
"ဒီအတိုင်းဆိုရင် ငါ ပန်းသီးဘယ်မှာ သွားစားရမလဲကွ"
...... ခင်ဗျားကြီး ငတုံးကြီးပဲ။ စားလို့ ရမလားဗျ ...........
Light စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။
"သြော် ဟုတ်သားပဲ။ မင်းမှ ငါ့ကို စကားပြောလို့မရတာ။ မနက်ဖြန် အပြင်ထွက်မှ ပြောပေါ့ကွာ"
Light ကားအတွေးနက်လျက်
....... ဒီလောက် မီးကုန်ယမ်းကုန် ကျဲထားမှတော့ တရားခံ မြန်မြန်မိရမယ်လို့ မျှော်လင့်ထားပုံပဲ။ တခြားလူတယောက်ဆိုရင်တော့ မိရင်မိမှာပေါ့ကွာ။ ငါ့ကိုတော့ မင်းမမိနိုင်ဘူး L ............
Light အာလူးကြော်ထုပ်ကို ဖောက်ပြီး စာကြည့်စားပွဲပေါ်တင်လိုက်သည်။ အာလူးကြော်ထုပ်ထဲတွင်ကား ပါနေကျ အာလူးကြော်များအပြင် Light ကိုယ်တိုင်ဝယ်၍ ကြိုတင်ထည့်ထားသော စားပွဲတင် TV သေးသေးလေးတလုံး။
......သေမင်းစာအုပ်ထဲမှာ နောက်ထပ် ၃ ပတ်စာ လူဆိုးတွေကို ငါကြိုတင်သတ်ပြီးသား။ ဒါပေမယ့် ခုလောလောဆယ် TV သတင်းမှာ ပါလာတဲ့ကောင်တွေကို သတ်မှကောင်းမယ်။ L ရေ စောင့်သာကြည့်ပေတော့ ..........
ကင်မရာထဲတွင် သင်္ချာများတွက်ရင်း တခါတရံ အာလူးကြော်ထုပ်ကို နှိုက်နှိုက်စားနေသော Light။
တကယ်တမ်းတွင်ကား.. ညာလက်ဖြင့် သင်္ချာများတွက်နေသောလည်း Light သည် အာလူးကြော်ထုပ်တွင်းမှ TV သတင်းကို စောင့်ကြည့်နေခဲ့သည်။ အချိန်တန်လျင် အာလူးကြော်နှိုက်သော ဘယ်လက်သည် အာလူးကြော်ထုပ်အတွင်း အသင့်ထည့်ထားသော သေမင်းစာအုပ်မှ စာရွက်အပိုင်းသေးသေးလေးပေါ်တွင် ဘောပင်သေးသေးနှင့် သတင်းမှ လွှင့်သွားသော မှုခင်းတရားခံများ၏ နာမည်များကို ရေးနေလေသည်။ ကင်မရာများ၏ တည်နေရာကို သိနေသော Light အတွက် သူ၏ လှုပ်ရှားမှုများကို ပိရိစွာ ဆောင်ရွက်နိုင်နေလေသည်။
"ရဲချုပ်သားက တယ် စာကြိုးစားပါလား။ ထမင်းစားပြီးထဲက ထိုင်ရာက မထတော့ဘူး။ TV လည်းမဖွင့်၊ ကွန်ပျူတာလည်း မဖွင့်၊ နေနိုင်လှချည်လားဗျာ"
L ကပြောတော့
"စာမေးပွဲက ၁၀ ရက်ပဲလိုတော့တယ်လေ"
Light ကား အနားယူလေပြီ။
..... ကဲ.. နောက် စက္ကန့် ၄၀ ဆို သူတို့အမြင်မှာ ငါဘယ်လိုနည်းနဲ့မှ မသိနိုင်တဲ့ လူဆိုးတယောက်တော့ သေတော့မယ်။ မင်းကိုယ်တိုင် ငါ့အတွက် မျက်မြင်သက်သေ ဖြစ်သွားပါရောလား L .........
မကြာမီပင် L နှင့်ရဲချုပ်ရှိရာသို့ Watari ရောက်လာပြီး
"ခုလေးတင်ပဲ သတင်းဝင်လာပါတယ်။ ငွေလိမ်မှုနဲ့ ရဲက စစ်ဆေးခံနေရတဲ့ ဘဏ်ဝန်ထမ်းတယောက်နဲ့ ရဲကဖမ်းမိထားတဲ့ ခါးပိုက်နှိုက်တယောက် နှလုံးရောဂါနဲ့ သေသွားကြတယ်တဲ့။ ဒီနေ့ ည၉နာရီ သတင်းမှာမှ သူတို့ ၂ယောက်လုံးအကြောင်း ပထမဆုံးအကြိမ် ပါလာတာပါ"
"ဒီနေ့ည ရဲချုပ်ရဲ့ဇနီးနဲ့ သမီးဟာ TV ဇာတ်လမ်း ကြည့်နေကြတယ်။ ဇာတ်လမ်းပြီးတော့ TV ကိုပိတ်လိုက်ပြီး လုံးဝ ထပ်မဖွင့်တော့ဘူး။ ရဲချုပ်သားကတော့ ည ၇ နာရီခွဲကနေ အခု ၁၁ နာရီထိ စာကျက်နေခဲ့တယ်။ Kira ဟာ လူသတ်ဖို့ နာမည်နဲ့ မျက်နှာ တွေ့ဖို့လိုတယ်ဆိုတော့ ဒီသတင်းကို မကြည့်မိခဲ့တဲ့ လူဟာ Kira မဖြစ်နိုင်ဘူးပေါ့"
L တယောက် တွေးလည်းတွေး၊ ပြောလည်းပြောတော့
"ဒါဆို ကျုပ်မိသားစုကို မသင်္ကာတဲ့ စာရင်းထဲက ဖြုတ်လိုက်လို့ရပြီပေါ့"
ရဲချုပ်က အားတက်သရော ပြောလေသည်။
"ဒီနေ့ အမှု သေးသေးလေး ကျူးလွန်တဲ့ လူတွေကို သတင်းမှာ ပြပြချင်း Kira သတ်လိုက်တယ်။ ဘာလို့လဲ။ ဒီနေ့မှ ကျနော်တို့ ကင်မရာတွေတပ်ပြီး စောင့်ကြည့်တာဖြစ်ပေမယ့် ရဲချုပ်ရဲ့မိသားစုဟာ ကျနော်တို့ မြင်ရသလောက် ဒီနေ့အပြုအမူတွေဟာ အရမ်းကို ထူးထူးခြားခြား အပြစ်ကင်းနေတယ်။ ကျနော် ဆက်စောင့်ကြည့်ချင်သေးတယ်"
နောက်တနေ့မနက် အမှိုက်ကားအလာတွင် အာလူးကြော်ထုပ်နှင့်အတူ TV လေးကိုပါ Light လွှင့်ပစ်လိုက်လေ၏။
"ဟေ့ကောင် Light ရ၊ မင်းပိုက်ဆံတွေ သိပ်ပေါနေသလား။ အဲဒီ LCD mini TV က ၃၉၈၀၀ Yen တောင် ပေးထားရတယ် မဟုတ်လား"
Light ကား ထွက်ခွာသွားပြီဖြစ်သည့် အမှိုက်ကားသို့ ကျေနပ်စွာ ကြည့်လျက်.....
အပိုင်း ၉ ဆက်ရန်
No comments:
Post a Comment