စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Monday, February 24, 2014

သေမင်းစာအုပ်(၇.၂)

သေမင်းစာအုပ် ဥပဒေသ ကောက်နှုတ်ချက်

သေမင်းစာအုပ်ကို မည်ကဲ့သို့ သုံးစွဲရမည် (သို့) သေမင်းစာအုပ်နှင့် ပတ်သက်၍ မည်သည့်ဥပဒေသများ သတ်မှတ်ထားသည် ဆိုသည်ကို သေမင်းတဦးအနေဖြင့် လက်ရှိစာအုပ်ပိုင်ရှင် လူသားအား အလုံးစုံ ရှင်းပြရန် တာဝန်မရှိပေ။

ပြောပြောဆိုဆိုနှင့် ထွက်သွားသည့် မိန်းကလေးနောက်သို့ Light ဆက်လိုက်လာရင်း
........ ၃ မိနစ်လောက်ပဲ လျှောက်ရတော့မယ်။ တခုခု လုပ်ကို လုပ်မှ ........

Light အပြေးလေးလှမ်းရင်း မိန်းကလေးကို လှမ်းခေါ်လိုက်သည်။
"ဒီမှာ..ဒီမှာဗျာ"

"ရှင်.. ဘာများလဲ"

"ဒီလိုပါ။ ကျနော် ခင်ဗျားကို မပြောဘဲ ထားတာတခုရှိနေလို့ပါ"

"အင်း..ပြောပါဦး"

"ခင်ဗျား ဘယ်လိုနည်းနဲ့မှ သူတို့နဲ့ တိုက်ရိုက်စကားပြောခွင့်ရမှာ မဟုတ်ဘူး"

"ဘာဖြစ်လို့လဲ"

.....လောလောဆယ်တော့ သူလည်းစိတ်ဝင်စားအောင်၊ ယုတ္တိလည်းရှိအောင် လျှောက်ပြောနေရမှာပဲ။ ပြောရင်းနဲ့ အခွင့်ပေါ်လာတာနဲ့ နာမည်မေးမှ ......

"ဌာနချုပ်မှာ တယောက်မှ မရှိတာ ခင်ဗျားအသိပဲလေ။ အဲဒါ ထူးဆန်းတယ်လို့ ခင်ဗျား မထင်မိဘူးလား"

"အင်း..ထင်တော့ ထင်ပါတယ်"

"Kira စုံစမ်းရေး ဌာနဟာ အခုဆို အရမ်းကို လျှို့လျှို့ဝှက်ဝှက် အလုပ်လုပ်နေတာ။ အဲဒီထဲမှာ ဘယ်သူတွေ ပါလို့ ပါနေမှန်းတောင် မသိကြရလောက်အောင်ပဲ။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်ဗျာ၊ စိတ်တော့မရှိနဲ့နော်၊ သူတို့တွေကို ခင်ဗျား ချစ်သူလို ကံကြမ္မာလို မကြုံရအောင်လို့ ဒီလို စီစဉ်ထားရတာပဲ"

"သြော်..အင်းပေါ့လေ၊ ကျမ နားလည်ပါတယ်"

"ဒါ့ကြောင့် ရဲဌာနက ခင်ဗျားကို ဘယ်သူမှ မရှိဘူးလို့ ငြင်းလွှတ်လိုက်တာပေါ့ဗျာ။ ကျနော် အဲဒါကို ပြောပြချင်တာပါ"

"ထားပါတော့၊ ရှင် ဘာကြောင့် ဒါတွေကို သိနေရတာလဲ"
သိပ်မယုံကြည်သလိုနှင့် မိန်းကလေးကမေးတော့

Ryuk ပင် မနေနိုင်မထိုင်နိုင် မှတ်ချက်ပေးမိသည်။
"Light မင်းကလည်သလောက် သူကလည်း လျင်သဟေ့"

"မတတ်နိုင်တော့ဘူး၊ ကျနော် အမှန်အတိုင်းပြောမှဖြစ်တော့မယ်။ ကျနော်ဟာ Kira စုံစမ်းရေးထဲက တယောက်ဖြစ်နေလို့ သိနေတာပဲ"

မိန်းကလေး အံ့သြသွားသည်။
"ရှင်က.."

Light က မိန်းကလေးကို စကားပြောခွင့်မပေး
"ဟုတ်တယ်။ ခု ဒီစုံစမ်းရေးကို L ကဦးဆောင်နေတယ်။ Kira ရန်ကို ကြောက်လို့ လူတွေအများကြီး နှုတ်ထွက်သွားတဲ့အတွက် ကျနော်တို့မှာ လူအင်အားနည်းနေတယ်။ L လည်းဒီကိစ္စနဲ့ ခေါင်းခြောက်နေတယ်။ Kira လိုကောင်ကို ယှဉ်ဖို့ဆိုတာ လူအင်အားလိုတယ် မဟုတ်လား။ ကျနော်က အထက်တန်းကျောင်းသားပဲ ရှိပါသေးတယ်။ ဒါပေမယ့် ဟိုအရင်ကလည်း ရဲတွေကို လူသတ်မှု ၂ ခုနဲ့ ပတ်သက်ပြီး ကျနော် အကြံပေးပြီး ကူညီ ဖြေရှင်းပေးခဲ့ဖူးတယ်။ အဖေကလည်း ရဲချုပ်ဆိုတော့ အကြံပေးဖို့ အဆင်ပြေတယ်လေ။ အဲဒီတော့.."

"ရှင့်အစွမ်းအစကို သဘောကျတယ်ပေါ့"

"အင်း.. ကျနော့်အစွမ်းအစကို ယုံကြည်တာကြောင့် Kira စုံစမ်းရေးမှာ ခေါ်ထားပြီးတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ စုံစမ်းခွင့် ပေးထားတယ်။ စုံစမ်းရေး ဌာနကို ကျနော် အဆင်ပြေတဲ့အချိန်မှာ ၀င်နိုင် ထွက်နိုင်ခွင့်လည်း ရှိတယ်။ ခု အဖွဲ့ထဲမှာ ကျန်တဲ့လူတွေဟာ L လုံးဝ ယုံကြည်တဲ့လူတွေ၊ အရည်အချင်းရှိတဲ့လူတွေချည်းပဲ"

"ကျမ သဘောပေါက်ပါတယ်လေ။ ဒါပေမယ့် သေချာအောင်တော့ ရဲဌာနကို ကျမ သွားကြည့်ဦးမယ်။ ဒါတွေ ပြောပြတဲ့အတွက်တော့ ကျေးဇူးပါ"

"ဟင်"
လှည့်ထွက်သွားပြန်သည့် မိန်းကလေးနောက်သို့ Light အလျင်အမြန်လိုက်ပြန်သည်။

"နေပါဦးဗျ။ ခင်ဗျား စကားပြောခွင့် ရမှာ မဟုတ်ပါဘူးလို့ ကျနော် ပြောပြီးပြီဟာကို"

"ကိစ္စမရှိဘူး။ ကျမက L နဲ့ကို တိုက်ရိုက်စကားပြောချင်တာ"

L ၏ ဟိုတယ်ခန်း

"လောလောဆယ် ရဲဌာနမှာ ဘယ်သူမှ မရှိဘူးပေါ့"
L ကမေးတော့

"ဟုတ်ပါတယ်။ ဘယ်သူမှ မရှိဘူးလေ။ အားလုံး ဒီရောက်နေတာကို"

"အဲလိုတော့ မဖြစ်ဘူးဗျ။ တယောက်တလှည့်တော့ အဲဒီဘက်မှာ နေဗျာ။ လူတယောက်တော့ အမြဲတမ်းရှိနေသင့်တယ်"

"ကဲ Aizawa ဒီနေ့ မင်းသွားနေလိုက်ကွာ"
ရဲချုပ်က အမိန့်ပေးလိုက်လေ၏။

"ဟုတ်ကဲ့။ ခုပဲသွားပါမယ်။ ဝေးမှ မဝေးတာ၊ ခဏလေးနဲ့ ရောက်သွားမှာပါ"
ပြောရင်း Aizawa ထထွက်သွားလေပြီ။

Light နှင့် မိန်းကလေးမှာ

"ခင်ဗျား L နဲ့လည်း တွေ့ခွင့်ရမှာ မဟုတ်ပါဘူး"
ပြောပြောဆိုဆို မိန်းကလေးကို ကျော်တက်၍ ရှေ့မှ ပိတ်ရပ်လိုက်တော့သည်။

"တွေ့ခွင့် ရချင်ရမှာပါ။ လွန်ခဲ့တဲ့ ၂ နှစ်က အမေရိကားက အမှုတခုမှာ ကျမ L ရဲ့လက်အောက်မှာ အလုပ်လုပ်ဖူးတယ်။ အင်းလေ.. သူ့အသံကို ကွန်ပျူတာကတဆင့် နားထောင်ရင်း ဆိုပါတော့"

"ခင်ဗျားက L နဲ့တွဲ အလုပ်လုပ်ဖူးတယ်"
Light အကြီးအကျယ် အံ့သြသွား၏။

"မထူးဆန်းပါဘူး။ လွန်ခဲ့တဲ့ ၃ လအထိ ကျမလည်း FBI agent ပဲကိုး"

..... ဟား.. ဒါအကွက်ပဲ၊ ငါ ဒါကို အသုံးချရမယ် ..........

လွန်စွာ ၀မ်းမြောက် အားတက်သွားဟန်နှင့် Light က
"ဒါ့ကြောင့်ကိုး။ ဒါကြောင့် ခင်ဗျား တွေးတာ စဉ်းစားတာတွေက ထက်မြက်နေတာကိုး။ ကောက်ချက်တွေချရင်တောင်မှ ခင်ဗျားက ဂရုတစိုက်နဲ့ အချက်အလက်တွေကို ဆက်စပ်ထားတတ်တယ်။ ကျနော်တောင် တခါတခါ ခင်ဗျားဆီက ပညာယူချင်လာတာ။ "

Ryuk တဟားဟား ရယ်ပြီး ချီးကျူးသည်။
"Light တခါတလေ မင်းဟာ အံ့သြစရာ ကောင်းလောက်အောင်ကို ပိပိရိရိ လိမ်တတ်တာပဲ"

"ဒီအမှုနဲ့ ပတ်သက်လို့ ရဲတွေရော၊ Kira စုံစမ်းရေးအဖွဲ့ဝင်တွေကိုရော တယောက်မှ ယုံလို့မရဘူးလို့ ကျမ ဆုံးဖြတ်ထားတယ်။ L ကလွဲလို့ပေါ့။ ရဲဌာနကိုသွား၊ ကျမ နာမည်ပြောပြီး နောက်ကြောင်းလိုက်ခိုင်းလိုက်ရင် ကျမဘယ်သူဆိုတာ သိမှာပဲ။ အဲလိုဆို L ကို စကားပြောခွင့် ရလောက်တယ်လို့ ထင်တယ်လေ"

"ကျနော် နားလည်ပြီ။ ဒါပေမယ့် ခင်ဗျား L ကိုစကားပြောချင်တယ်လို့ ဘာလို့ ကျနော့်ကိုထုတ်ပြောရတာလဲ"

"ရှင်းရှင်းပဲ ကျမ ပြောပါမယ်။ ရှင်နဲ့ စကားပြောရတာ L နဲ့ စကားပြောရသလိုပဲ။ ရှင်တို့ ၂ ယောက်က ပုံစံတူတယ်လို့ ခံစားရလို့ ထုတ်ပြောနေမိတာ"
ပြောပြီး မိန်းကလေး ငြိမ်သွားသည်။

အတန်ငယ် စဉ်းစားပြီးမှ Light က
"ခင်ဗျား Kira ကိုကျနော်တို့နဲ့ လက်တွဲပြီး ရှာမလား"

"ရှင်"

"ခင်ဗျား စုံစမ်းရေးအဖွဲ့ထဲ ၀င်မလားလို့မေးနေတာ။ ကျနော်တို့က လူတိုင်းကို လိုက်ခေါ်နေတာမဟုတ်ဘူး။ ဒါပေမယ့် ခင်ဗျားလို အရည်အချင်းမျိုးနဲ့လူဟာ သတင်းပေးသာသာလောက်တော့ မဖြစ်နေသင့်ဘူး။ FBI agent လည်းဖြစ်ခဲ့ဖူးတယ်၊ ခင်ဗျားတွေးတာခေါ်တာတွေဟာ လက်ရှိ အဖွဲ့ဝင်တွေထက်လည်း သာတယ်၊ L နဲ့တွဲအလုပ်လုပ်ဖူးတဲ့အတွက် သူ့ရဲ့ ယုံကြည်မှုလည်းရတယ် "

မျှော်လင့်မထားသည့် အဖြစ်ကြောင့် အံ့သြ၀မ်းသာမှုက မိန်းကလေးကို လွန်စွာ စိတ်လှုပ်ရှားစေလေသည်။
"ကျမ စုံစမ်းရေးအဖွဲ့ထဲမှာ အလုပ်လုပ်ရမယ်.. ဟုတ်လား"

စိတ်အားတက်ကြွဟန်ဖြင့် Light ကဆက်ပြောသည်။
"ဟုတ်တယ်။ ကျနော်တို့နှစ်ယောက်ကို ကံကြမ္မာက တမင်ဆုံအောင် ဖန်တီးပေးလိုက်တာပဲ ဖြစ်ရမယ်။ ကျနော် ခင်ဗျားကို အဖွဲ့ထဲသွင်းဖို့ ထောက်ခံပြောပေးမယ်။"

ပြီးမှ တခုခုကို သတိရဟန်ဖြင့်
"ဟာ..စိတ်မရှိပါနဲ့ဗျာ။ ကျနော် စကားပြော သိပ်လောသွားတယ်။ ခင်ဗျားက ဒီစုံစမ်းရေးအတွက် အကူအညီပေးချင်တယ်ဆိုပေမယ့်လည်း တခြားလုပ်စရာတွေ ရှိဦးမှာပေါ့။ နေတာကလည်း အမေရိကားမှာဆိုတော့.."

"သူနဲ့ လက်ထပ်ပြီးရင် အမေရိကား အပြီးပြောင်းမလို့ပါပဲ။ ဒါပေမယ့် သူသေသွားပြီလေ။ ကျမ ဘာဆက်လုပ်ရမှန်းတောင် မသိတော့ပါဘူး"
ရုတ်တရက် ၀မ်းသာလိုက်၊ ရုတ်တရက် ၀မ်းနည်းသွားလိုက်နှင့် မိန်းကလေး၏ စိတ်အာရုံများ ထွေပြားနေလေပြီ။

...... စကားလုံးတွေတော့ တော်တော်သွင်းပြီးပြီ။ တလှမ်းတော့ ပြန်ဆုတ်ပြမှ .......
Light တွေးရင်း
"ခင်ဗျားက ငယ်လည်းငယ်သေး၊ ရုပ်ကလေးလည်း ချောသေးဆိုတော့ ဒီလောက် အန္တရာယ်ကြီးတဲ့ အမှုကို..."

"အို..ဟင့်အင်း..ကျမမှာ ဘာမှ ဆုံးရှုံးစရာ မရှိတော့ဘူး။ ကျမကိုယ်တိုင် Kira ကိုဖမ်းရပါစေဆိုတဲ့ မျှော်လင့်ချက်လေးပဲ ရှိတော့တယ်။ စုံစမ်းရေးအဖွဲ့ထဲ ကျမ၀င်မယ်"
အလောသုံးဆယ်ပင် မိန်းကလေးက ပြောချလိုက်သည်။

"၀မ်းသာလိုက်တာဗျာ။ ကဲ..အလုပ်သဘောအရတော့ ခင်ဗျား ဘယ်သူဆိုတဲ့ အထောက်အထားလေး တခုလောက် ပြလို့မဖြစ်ဘူးလား"

မိန်းကလေးက အားနာစွာဖြင့် ခေါင်းငုံ့ရင်း
"အာ...အမှန်အတိုင်းပြောရရင် ရှင့်ကို ပြောထားတဲ့ နာမည်က အမှန်မဟုတ်ဘူး။ အားနာလိုက်တာရှင်၊ ကျမ တောင်းပန်ပါတယ်"

"ဟာ ရပါတယ်ဗျာ။ ဒါကိုက ခင်ဗျား ဘယ်လောက် သတိရှိတယ်ဆိုတာ ပြတာပဲမဟုတ်လား။ ကိစ္စမရှိပါဘူး။ ကျနော်တော့ ခင်ဗျားကို ပိုတောင်လေးစားသွားသေးဗျာ"

"ဂျပန် ကားလိုင်စင်ဆို အဆင်ပြေမလားရှင်"

"ပြေတာပေါ့ဗျာ။ ကျနော်လည်း အလုပ်သဘောအရသာ တောင်းရတာပါ။ စိတ်မရှိပါနဲ့"

နှင်းများ စကျလာသည်။
ရဲဌာနသို့ လမ်းလျှောက်လာသော Aizawa လမ်းချိုးပေါ်မှ Light တို့ရပ်နေရာ လမ်းမပေါ်သို့ ကွေ့ဝင်ဝင်ချင်းမှာပင် တဖွဲဖွဲကျလာသော နှင်းဖတ်များကို ကာကွယ်ရန် ထီးကိုဖွင့်၍ ခပ်ငိုက်ငိုက်ဆောင်းလိုက်သည်။

........အချိန်မှီလေးပဲဟေ့..........
တွေးရင်း နာမည်ချရေးနေသော Light ဘေးမှ ထီးကိုဆောင်းရင်း Aizawa ဖြတ်လျှောက်သွားလေသည်။
သူ့မြင်ကွင်းထဲတွင် နှင်းများနှင့် မျက်နှာချင်းဆိုင် ရပ်နေသော စုံတွဲတတွဲ၏ ခြေထောက်များသာ။

စာရေးပြီး နာရီကြည့်နေသော Light ကိုမိန်းကလေးက မေးလေသည်။
"ရှင် ဘာလို့ နာရီတကြည့်ကြည့်လုပ်နေတာလဲ"

"ဒါလား....."

Light နာရီလက်တံများကို သေချာစွာရေတွက် စောင့်စားပြီး
"ကျုပ်ဟာ Kira မို့လို့ပေါ့"
ဟု ပြောချလိုက်လေတော့၏။

မျက်လုံးများ ရီဝေပြီး လှည့်ထွက်သွားသော မိန်းကလေးကို Light ကလှမ်းမေးလိုက်သည်။
"ဘာဖြစ်သွားတာလဲဟေ့"

"ကျမမှာ လုပ်စရာရှိနေတယ်"
ခံစားမှုကင်းမဲ့သော အသံကို Light ကြားရသည်။

"ဟေ့ ကျုပ်အဖေ ဖုန်းခေါ်နေတယ်"
သေချာအောင် ထပ်စမ်းလိုက်ပြန်သည်။

"ကျမမှာ ဘာမှ ပြောစရာ မရှိဘူး"
မိန်းကလေးကား နှင်းထုများကြားသို့ တလှမ်းချင်း ၀င်ရောက်ပျောက်ကွယ်သွားပေပြီ။

...... သွားပေဦးတော့ Misora Naomi ...........

No comments:

Post a Comment