စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Monday, February 24, 2014

သေမင်းစာအုပ် (၇)

L ၏ဟိုတယ်ခန်းတွင်

"ခုလို တယောက်ချင်း စစ်မေးရတာကို ဘယ်လိုမှ မအောက်မေ့ပါနဲ့။ ကျနော်တို့ထဲမှာ Kira မရှိဘူးဆိုတာ သေချာပါတယ်။ Watari ခုပဲ လာပါလိမ့်မယ်"

မကြာမီပင် ဆံပင်ဖြူဖြူ အသက်ကြီးကြီး လူကြီးတယောက် ၀င်လာလေသည်။ သူကား ဟိုတယ် ပိုင်ရှင်ကြီးတည်း။

"ဟိုက်..ဟင်..အို.. ဒါ Watari လား"
အသီးသီး အလွန်အံ့အားသင့်သွားကြသည်။

"ဟုတ်ပါတယ်။ နဂိုတည်းက ကျုပ်ဟာ Watari ဆိုတာ လူတိုင်းသိနေရင် Ryuzaki ဒီမှာရှိနေမယ်ဆိုတာ အားလုံးသိသွားမှာစိုးလို့ မျက်နှာ မပြတာပါ။ အခု ကျုပ်တို့ ၂ ယောက်လုံး ခင်ဗျားတို့ကို အတွေ့ခံတယ်ဆိုတာ Ryuzaki ခင်ဗျားတို့ကို ဘယ်လောက် ယုံကြည်ကြောင်း ပြတာပဲ"

"ဦး ယူလာတဲ့ဟာတွေ သူတို့ အားလုံးကို ပေးလိုက်ပါခင်ဗျာ"
L ကပြောတော့ Watari ကသူယူလာသော သေတ္တာငယ်လေးကို ဖွင့်ပြီး စားပွဲပေါ်တင်ပေးလိုက်လေသည်။
"ကဲ ခင်ဗျားတို့အတွက် ရဲဝန်ထမ်းကတ်ပြား အသစ်တွေပါဗျာ။ ယူကြပါ"

ကတ်အသစ်များကို ကြည့်၍ ရဲချုပ်အံ့သြသွားသည်။
"ဟာ.. နာမည်တွေ ရာထူးတွေက အတုတွေပဲ"

"Kira ဟာ နာမည်နဲ့ မျက်နှာပဲ သိဖို့လိုတဲ့အတွက် ဒီလိုစီစဉ်ရတာပဲ"

"ဒါပေမယ့်ဗျာ..ရဲလုပ်ပြီး ကတ်အတု ကိုင်တယ်ဆိုတော့ "
တယောက်က ပြောတော့

ရဲချုပ်က ဆုံးဖြတ်ချက် ချပေးလိုက်သည်။
"ဟေ့.. ဒီကတ်ပြားအတုက ငါတို့ အသက်ကို ကယ်နိုင်တယ်ဆိုရင် ဒီကတ်ပြားကို သုံးရမှာပဲ"

"တခုတော့ သတိထားကြပေါ့ဗျာ။ ရဲစခန်းထဲတော့ ဒီအတုကို မသုံးမိစေနဲ့ပေါ့"

Watari ကနောက်ထပ် သေတ္တာတလုံးကို ဖွင့်၍
"ကဲ.ဒါဆို ခင်ဗျားတို့ကို နောက်တခုပေးဦးမယ်။ ဒီခါးပတ်တွေကို ခင်ဗျားတို့ ခါးပတ်တွေအစား လဲပတ်ထားကြပါ။ ခါးပတ်ခေါင်းကို ၂ ချက်နှိပ်လိုက်တာနဲ့ ကျုပ်ဖုန်းကို ခေါ်လိမ့်မယ်။ ကျုပ်က ခင်ဗျားတို့ကို ချက်ချင်းပြန်ခေါ်မယ်။ ပြီးတော့ ဒီခါးပတ် ပတ်ထားတဲ့အတွက် ခင်ဗျားတို့ ဘယ်နေရာမှာ ရောက်နေလဲဆိုတာလည်း ကျုပ်က တချိန်လုံးသိနေမယ်။ မနက်တိုင်း ရဲဌာနကို အရင်သွားပါ။ ဒီခါးပတ်ကို သုံးပြီးတော့ ကျုပ်တို့နဲ့ တွေ့ရမယ့် ဟိုတယ်နဲ့ အခန်းကို မေးပါ။ "

ထိုအချိန် Light တို့မှာ..

"ဘာဖြစ်လို့ ရပ်သွားပြန်တာလဲ"
အတွေးလွန်ပြီး ရပ်ကျန်ခဲ့သော Light ကို မိန်းကလေးက မေးပြန်သည်။

"သြော် .. ခင်ဗျားပြောတာတွေ ပြန်စဉ်းစားနေမိတာပါ။ သေချာစဉ်းစားတော့လည်း ခင်ဗျား တွေးတာ တော်တော်ဟုတ်လောက်တယ်ဗျ။ ကျနော်တို့ အဲဒီဘက်ကနေ လိုက်တွေးသင့်တယ် ထင်တယ်"

"ရှင် တကယ်ပြောတာလား"
မိန်းကလေး အတန်ငယ် ၀မ်းသာသွားသည်။

"တကယ်ပါ။ ဒါနဲ့ ခင်ဗျား ဒီလိုစဉ်းစားမိတာကို ဘယ်သူနဲ့မှ မပြောဘူးဖူးလား"
စကားစပ်မိသလိုနှင့် Light နည်းနည်း သေချာအောင် ထပ်မေးလိုက်သည်။

"မပြောရသေးပါဘူး။ ရှင်နဲ့မှ ပြောဖြစ်တာလေ"

Ryuk စိတ်ဝင်စားလာသည်။
"အဟားဟား...မင်းအတွက် ကောင်းတာပေါ့လေ။ ဒါပေမယ့် မင်းသူ့ကို ဘယ်လိုသတ်မလဲကွ"

Light အင်္ကျီအိတ်ထဲမှ စာရွက် နှင့် ဘောပင်ကို နှိုက်ထုတ်လိုက်သည်။ စာရွက်ကား သေမင်းစာအုပ်ထဲမှ ဖြဲလာသော စာရွက်ပင်။

"ဟ..နေ့ခင်းကြောင်တောင်ကြီး လူမြင်ကွင်းမှာ သတ်တော့မလို့လား"
Ryuk ပင်အံ့သြသွားသည်။

Light က ရဲအရာရှိတယောက် သက်သေကို မေးသည့် ပုံစံမျိုးဖြင့်
"ဘတ်စ်ကား ပြန်ပေးဆွဲတဲ့နေ့ဘယ်နေ့လည်းဆိုတာ ခင်ဗျား မှတ်မိလား"

"ဒီဇင်ဘာ ၂၀။ Spaceland သွားတဲ့ ဘတ်စ်ကား"

"ဟုတ်ပြီ ဒီဇင်ဘာ ၂၀၊ Spaceland သွားတဲ့ ဘတ်စ်ကား။ ဟုတ်တယ်နော်"
မိန်းကလေး ပြောသည်များကို ရေးမှတ်သည့်ပုံစံဖြင့် ပါးစပ်ကရွတ်၊ လက်ကရေးနေသော်လည်း Light တကယ်ရေးနေသည်မှာ..
'Maki Shouko ၂၀၀၇ ဇန်န၀ါရီ ၁ ရက် နေ့လည် ၁ နာရီ ၁၅ မိနစ် မှစ၍ မိမိကိုယ်ကို မည်ကဲ့သို့ သတ်သေရမည်ကို စဉ်းစားရမည်။ အခြားမည်သည့် အကြောင်းအရာမှ မစဉ်းစားရ။ သတ်သေရာတွင် အခြားလူများ မသိစေရ။ မိမိအလောင်းကို မည်သူမျှ ရှာဖွေမတွေ့ရှိနိုင်အောင် ကြံဆောင်၍ ၄၈ နာရီအတွင် ကိုယ့်ကိုယ်ကို သတ်သေရမည်'

Ryuk က သဘောကျစွာဖြင့် တဟားဟား ရယ်နေသည်။
..... ဒီလိုဆိုရင် သူ့အလောင်းကို ရှာတွေ့ကြမှာ မဟုတ်ဘူး။ တွေ့ရင်တောင် သူ့ချစ်သူမရှိတော့လို့ မခံစားနိုင်ဖြစ်ပြီး သတ်သေတယ်လို့ပဲ ကောက်ချက်ချရမှာပဲ.....

Ryuk ကား ရယ်ဆဲ။
...... ဒီသေမင်းကြီး ဘာကိစ္စ ဒီလောက်ရယ်နေရတာလဲ ........

"အဆင်ပြေရင် ကျနော် ခင်ဗျားပြောတာတွေကို ဖေဖေတို့ကို ပြန်ပြောပေးပါ့မယ်"

"ဟင့်အင်း ဖြစ်နိုင်ရင် ကျမ ကိုယ်တိုင် စကားပြောချင်ပါတယ်။ ခုဆို ရှင့်ကိုလည်း ပြောလိုက်မိပြီဆိုတော့ သူတို့ကို ခပ်မြန်မြန် ပြောပြနိုင်မှ ဖြစ်တော့မယ်"
ပြောပြီး မိန်းကလေးက ရှေ့မှ လျှောက်သွားသည်။

နာရီကို ကြည့်ရင်း Light နောက်မှ လိုက်သွား၏။
.... ၁ နာရီ ၁၅ ရောက်ဖို့ ၁၀ စက္ကန့်။ သူဘယ်လိုများ သေမလဲလို့ သိချင်လိုက်တာ။ ဒါပေမယ့် သူ့နောက် ရှောက်လိုက်နေဖို့လည်း မဖြစ်။ ကဲ..မင်းသေတွင်းကို ခပ်မြန်မြန် သွားစမ်းကွာ။ ၅...၄...၃...၂...၁ ။ ကဲ မင်းဘယ်ကို လျှောက်နေသလဲ ..........

အတန်ကြာ စကားမပြောဘဲ လမ်းလျှောက်နေကြပြီးမှ

"Kira ကို ဖမ်းမိမှာပါနော်"
ရုတ်တရက် မိန်းကလေးက မေးလိုက်တော့ Light ကြောင်သွားသည်။

"ဟင်"
နာရီကို ကြည့်လိုက်တော့ ၁ နာရီ ၂၀။
........ ဘယ်လိုလဲ၊ ဘာလို့ သူ သတ်သေဖို့ မစဉ်းစားသေးတာလဲ။ သေဖို့ အကြောင်းပဲ စဉ်းစားရတော့မယ်လေ။ ထောင်သားတွေကို သတ်သေခိုင်းကြည့်တုန်းက အလုပ်ဖြစ်တာပဲ။ တယောက်ပြီးတယောက် အချိန်မျိုးစုံ၊ နည်းမျိုးစုံ သတ်သေခိုင်းခဲ့တာ အားလုံး ဖြစ်ရဲ့သားနဲ့ ........

သူ အတွေးနက်နေသည်ကို ကြည့်ပြီး Ryuk ကရယ်ပြန်လေသည်။
သူ သိသွားပြီ။
.... Ryuk ခုနက ဒီမိန်းမ ကိုငါသတ်ဖို့ ရေးတုန်းကလည်း ရယ်နေတယ်။ နေဦး.. ငါတို့ နှစ်ယောက် မိတ်ဆက်ကြတုန်းကလည်း ရယ်သေးတယ် မဟုတ်လား။ သေချာပြီ။ Mika ဟာ သူ့နာမည် မဟုတ်ဘူး။ Ryuk ကသူ့နာမည် အရင်းကို မြင်နေရလို့ ရယ်နေတာကိုး။ တော်တော့်ကို စေ့စပ်သေချာပြီး ဂရုတစိုက်ရှိတဲ့ မိန်းမပဲ။ ကွိုင်ပဲ။ သူ့နာမည်အမှန်သိဖို့ တော်တော်ခက်တော့မယ်။ နာမည်အမှန်ပြောပါလို့ မေးလိုက်ရင် ငါ့ကို မသင်္ကာဖြစ်ဦးမယ်။ ပိုဆိုးတာက သူ့နာမည်ကြီးက အတုကြီးဆိုတာ ငါသိနေတယ်လို့ သူသိသွားရင် လုံးဝ သွားပြီ ..........

"ကျမတို့ ရဲဌာနကို တခေါက် ပြန်သွားကြည့်ကြရင်ကောင်းမယ်။ ထွက်လာတာ တော်တော်ကြာနေပြီဆိုတော့ တယောက်ယောက် ပြန်ရောက်ချင် ရောက်နေမှာ။ "

"ဟာ ဟုတ်တာပေါ့။ ပြန်ရောက်နေပါစေလို့ ဆုတောင်းရမှာပဲ"
ဟန်လုပ်ပြောလိုက်ရသော်လည်း Light ခေါင်းပူနေလေပြီ။

..... သေစမ်း။ မသွားနဲ့လို့ ပြောလို့လည်း မဖြစ်၊ သွားပြန်တော့လည်း ငါ့အတွက် မကောင်း။ ဘာလုပ်ရမလဲ။ အမြန်စဉ်းစားစမ်း။ သူ လုံးဝ ရဲစခန်းကို ရောက်သွားလို့ မဖြစ်ဘူး။ ဟိုက်.. ငါ့အဖေ ခုနေဖုန်းပြန်ခေါ်ရင် ဒုက္ခ။ သူ့ကို ပေးပြောမယ်လို့ ကတိပေးထားတာ။ ဟာ...Light မင်းခေါင်းတွေပူနေပြီ။ ဖုန်းပိတ်ထားလိုက် ပြီးတာပဲဟာ။ စိတ်အေးအေးထားစမ်း။ စိတ်အေးအေးထား။ တခုခုတော့ လုပ်လို့ရရမယ်။ နာမည်လေးပဲ သိဖို့လိုတာ။ သူ့ဆီမှာ လိုင်စင်တို့ မှတ်ပုံတင်တို့ တခုခုတော့ ပါမှာပဲ။ အို..နောက်ဆုံး ဘယ်လိုမှ မတတ်နိုင်ရင်တောင် သူက မိန်းကလေး၊ ကိုယ်က ယောက်ျားလေးပဲ။ ဟာ.. အရူး။ ဒီလိုလုပ်လို့ ဖြစ်မလား လူလယ်ခေါင်မှာ။ ငါသူ့ကို လူပြတ်တဲ့ တနေရာရာ ခေါ်သွားမှ ဖြစ်မယ်။ ဘယ်လို ခေါ်မလဲ။ ဘာ အကြောင်းပြမလဲ။ ဒီမိန်းမက လျင်က လျင်သနဲ့။ မဖြစ်သေးပါဘူး။ ငါတလွဲတွေ စဉ်းစားနေတာပဲ။ ပါးပါးနပ်နပ်နဲ့ နာမည်ထွက်လာအောင် လုပ်ရမယ်။ ငါလုပ်နိုင်တယ်........

Ryuk သဘောအကျကြီးကျပြီး Light ကိုပြောသည်က
"ဟေ့ကောင် Light။ သေမင်းမျက်စိ အပေးအယူကို အချိန်မရွေးလုပ်လို့ရတယ်နော်။ ဘာမှခက်တာမဟုတ်ဘူး။ စက္ကန့်ပိုင်းလေးပဲ ကြာမှာ.. ဟားဟားဟား"

..... သေမင်းစုတ်ကြီး၊ ကျုပ်သက်တမ်းရဲ့ တ၀က်ကို ဒီမိန်းမတယောက်နဲ့ လဲလိမ့်မယ်လို့ ခင်ဗျားထင်သလား၊ ဝေးသေး Ryuk။ ကျုပ်တသက်လုံး အဲဒီအပေးအယူမလုပ်ဘူး .....

ရှေ့မှ သွားနေသော မိန်းကလေးက ရပ်လိုက်ပြီး
"ရှင် ရဲဌာနမှာ ကိစ္စရှိသေးလို့လား။ ကျမ ကိုယ့်ဟာကိုယ် သွားလည်း ဖြစ်တယ်နော်။ ရှင့်ကို ကျေးဇူးလည်း တင်ပါတယ်။ ရှင်နဲ့ ပြောဖြစ်တော့ ကျမကောက်ချက်တွေကို ကျမ တော်တော်ယုံကြည်လာတယ်"

"ရပါတယ်ဗျာ"

....... ငါတခုခုမလုပ်လို့မဖြစ်ဘူး။ ဒီနေရာကနေ ၅ မိနစ်လောက်ဆို ရဲစခန်းရောက်ပြီ။ နောက် ၅ မိနစ်အတွင်း သူ့နာမည် ငါသိမှ ဖြစ်မယ်.......

No comments:

Post a Comment