စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Monday, February 24, 2014

သေမင်းစာအုပ် (၉.၂)

သေမင်းတို့၏ လျှို့ဝှက်ချက်

နှလုံးသားကိုပင် ဓါးဖြင့်ထိုးထိုး၊ ဦးခေါင်းကိုပင် သေနတ်ဖြင့် ပစ်ပစ်၊ သေမင်းတို့အား မသတ်နိုင်သော်လည်း သူတို့အား သေအောင် သတ်နိုင်သည့်နည်းများ ရှိသည်ဆိုသည်ကို အချို့သော သေမင်းတို့ပင်မသိပေ။

သေမင်းတိုင်းပြည်

သေမင်းအချို့ လောင်းကစားရင်း ငုံ့ငုံ့ကြည့်နေကြသည်။

"ခုတလော မင်းတို့ကောင်တွေ လူ့ပြည်ကို ကြည့်လှချည်လား။ ဘာတွေများ ဒီလောက် စိတ်ဝင်စားနေကြတာလဲ"

"Ryuk တကောင် လူ့ပြည်မှာ ဒုက္ခများနေတယ်ဆိုလို့ကွ။ ချာတိတ်တယောက်နောက် တကောက်ကောက် လိုက်နေရသတဲ့။ ချာတိတ်ကလည်း သူနဲ့ တော်တော် အစီးကပ်နေတယ်ဆိုပဲ"

"ဟေ..ဒီကောင် စိတ်မှ မှန်သေးရဲ့လား"

"အေးလကွာ.. သေမင်းသိက္ခာကျတယ်"

"ဟာ..မဟုတ်သေးပါဘူး။ ငါပြောတာက ဟိုချာတိတ်ကို ပြောတာပါ။ Ryuk လို ရုပ်ရည်မလှမပနဲ့ ချစ်စရာလည်း တစက်မှ မကောင်းတဲ့ကောင်ကို အဲဒီချာတိတ်က ဘယ်လိုလုပ် သဘောကျနေရတာလဲလို့ တွေးမရတာပါကွ"

"ဟားဟားဟား...ဟေးဟေးဟေး... ဒီတချက်တော့ မင်းပြောတာ မှန်တယ်ဟေ့။ ဟုတ်ပကွာ ဒီကျက်သရေ မရှိတဲ့ ရုပ်နဲ့ ကောင်ကိုများ.. ဟားဟားဟား"

"နေစမ်းပါဦး၊ အဲဒီချာတိတ်က အထီးလား၊ အမလား"

"ဘယ်သိမလဲဟ။ ငါတို့လည်း အဲဒါတွေ သိချင်လို့ လူ့ပြည်လှမ်းလှမ်းကြည့်နေတာပေါ့။ ခက်တာက ဒီကောင် ဘယ်တိုင်းပြည် ဆင်းသွားမှန်းမသိလိုက်ဘူးဟ။ ခုထိ မတွေ့သေးဘူး"

"အင်း... ငါလိုက်သွားပြီး ရှာဦးမှပဲ"

လူ့ပြည်

'တက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ' ဟူသည့် စာတမ်းကြီးက လေမှာ လွင့်လို့နေသည်။
သေသပ်ကျနစွာ ၀တ်ဆင်လာသော Light ထိုစာတမ်းကြီးကို ဂုဏ်ယူစွာဖြင့် မော့ကြည့်လိုက်သည်။

"မင်းတက္ကသိုလ်ကျောင်းသားကြီး ဖြစ်ပြီပေါ့ Light။ ဂုဏ်ယူပါတယ်ကွာ"
Ryuk က လှိုက်လှိုက်လှဲလှဲ ချီးကျူးလိုက်၏။

"အစီအစဉ်အရ ကျောင်းသားသစ်နှုတ်ဆက်စကား ပြောဖို့ဖြစ်ပါတယ်။ ဒီနှစ်အတွက် ကျောင်းသားသစ်များကိုယ်စား နှုတ်ဆက်စကား ပြောကြားမယ့်သူကတော့ Yagami Light နဲ့ Ryuda Hideki တို့ဖြစ်ပါတယ်။ စင်မြင့်ပေါ်သို့ ကြွကြရန် ဖိတ်ခေါ်ပါတယ် "
ခန်းမ စင်မြင့်မှ အစီအစဉ်ကြေငြာသူက ကြေငြာလိုက်သော် ခန်းမတခုလုံး အံ့အားသင့်သွားကြလေ၏။

"Ryuda Hideki တဲ့။ ငါတို့သိပ်ကြိုက်တဲ့ အဆိုတော် မင်းသားလား"

"ပေါက်ပေါက်ရှာရှာကွာ။ ဖြစ်နိုင်မလားဟ"

"ဒီလို မိန့်ခွန်းက အမှတ်အများဆုံးရတဲ့ ကျောင်းသားပဲ ပြောရတာ မဟုတ်ဘူးလား"

"အေးလေ.. သူတို့ နှစ်ယောက်လုံး အမှတ်တူနေလို့ ဖြစ်မှာပေါ့"

စင်မြင့်ပေါ်သို့ သူတို့ နှစ်ယောက် တဖက်တချက်စီမှ တက်လာကြသည်။

...... သြော်... စာမေးပွဲရက်တွေတုန်းက ငါ့နောက်နားမှာ ခုံပေါ်ဆောင့်ကြောင့်ထိုင်တဲ့ကောင်ကိုး.....
စင်ပေါ်သို့ တက်လာရင်း Light အနည်းငယ် အံ့သြသွား၏။

သူတို့ မိန့်ခွန်းပြောပြီး၍ စင်ပေါ်မှ ဆင်းအလာတွင်
"Yagami၊ မင်းဟာ ရဲချုပ် Yagami Soichiro ရဲ့ သားဖြစ်တယ်။ ပြီးတော့ တရားဥပဒေနဲ့ အမှန်တရားကို အဆုံးစွန် ချစ်မြတ်နိုးတယ်.."

..... ဒီကောင် ဘာကောင်လဲ ..........
Light တွေဝေသွားသည်။ သို့သော် သူတို့နှစ်ယောက်လုံး သတ်မှတ်ထားသည့် နေရာများတွင် ယှဉ်တွဲထိုင်လိုက်သည်အထိ သူဘာမှ ပြန်မပြောသေး။

"တချိန်မှာ မင်းဟာ ရဲအဖွဲ့ထဲမှာ ခေါင်းဆောင်ပိုင်းရောက်ရမယ်လို့ ဆုံးဖြတ်ထားတဲ့အပြင် တချို့အမှုတွေကိုလည်း ကူညီဖြေရှင်းပေးဖူးတယ်။ လောလောဆယ် Kira အမှုကိုလည်း တော်တော်လေး စိတ်ဝင်စားနေတယ်။ တကယ်လို့ မင်းကသာ ဘယ်သူ့ကိုမှ ဘယ်တော့မှ ပြန်မပြောပါဘူးလို့ ကတိပေးနိုင်မယ်ဆိုရင် Kira အမှုနဲ့ပတ်သက်ပြီး သိပ်အရေးကြီးတဲ့ အချက်တချက် မင်းကိုငါပြောပြမယ်။"

...... ဒီကောင်ဘယ်လိုကောင်လဲ။ ဘာကိစ္စ ဒါတွေ ဒီမှာလာပြောနေတာလဲ၊ Kira အမှုနဲ့ ပတ်သက်တဲ့ အချက်တချက်တဲ့။ ဒါစိတ်ဝင်စားဖို့ကောင်းတယ် .........

"ကဲ ငါဘယ်သူ့မှ မပြောဘူးကွာ။ မင်းဘာပြောမလို့လဲ"
Light ပြောအပြီးတွင်

"ငါ L ဆိုတာ ပြောပြမလို့ပဲ"

ကြားလိုက်ရသည့် စကားလုံးများက Light ကိုတုန်လှုပ်သွားစေသည်။
.... ဘာ! မဖြစ်နိုင်ဘူး။ L ဟာ ဘယ်တော့မှ သူ့ကိုယ်သူ L ပါလို့ လူလုံးထွက်ပြမှာ မဟုတ်ဘူး။ ဒီကောင်ဟာ အူကြောင်ကြောင်ပါလို့တော့ ငါထင်သား။ ဒါမှမဟုတ် သူတကယ်များ ရူးနေတာလား .....

"ပွဲကောင်းပြီဟေ့"
Ryuk တော်တော်ကို ကျေနပ်နေလေသည်။

Light မျက်လုံးများ မှိတ်လိုက်၏။
.... စိတ်ထိန်းစမ်း၊ စိတ်ထိန်းစမ်း။ ငါ အိနြေ္ဒပျက်လို့ မဖြစ်ဘူး။ သူသာ တကယ် L ဖြစ်နေရင်.... ငါ့ကို Yagami Soichiro ရဲ့သား Yagami Light အနေနဲ့ပဲ သူဆက်မြင်နေမှ ဖြစ်မယ် .....

"မင်းသာ L ဆိုရင်တော့ ငါသိပ်အထင်ကြီး လေးစားရတဲ့ လူတယောက်ပဲ"

"ကျေးဇူးတင်ပါတယ် ခုလို ချီးကျူးတဲ့အတွက်။ ငါဘယ်သူလဲဆိုတာ မင်းကို ပေးသိတယ်ဆိုတာကလည်း ဒီ Kira အမှုကို မင်းကူညီ ဖြေရှင်းပေးနိုင်မယ်လို့ ယူဆထားလို့ပါ"

L ပြောပြီး တွေးနေမိသည်။
........ Yagami Light မင်းဟာ Kira ဖြစ်ဖို့ ၅ ရာခိုင်နှုန်းလောက်ပဲ ဖြစ်နိုင်ခြေရှိတယ်။ ဒါပေမယ့် ငါတို့ စောင့်ကြည့်ခဲ့သမျှ လူတွေအားလုံးထဲမှာ မင်းတယောက်ပဲ နည်းနည်းဆန်းနေတယ်။ မင်းသိပ်ကို အပြစ်ကင်းလွန်းနေတာကိုက ထူးခြားနေတာပဲ။ တကယ်လို့ မင်းသာ Kira ဆိုရင် ခုအဖြစ်အပျက်ထက်ပိုပြီး စိတ်ဒုက္ခရောက်စေမယ့်ဟာ မရှိတော့ဘူး။ မင်းဘယ်လို တုံ့ပြန်မလဲ Light......

Light မှာလည်း အမှန်ပင် အကြီးအကျယ် ခေါင်းစားနေလေပြီ။
..... သူ L ဟုတ်ဟုတ် မဟုတ်ဟုတ် ငါ သူ့ကို ဘာမှ လုပ်လို့ မရဘူး။ သူသာ L အစစ်ဆိုရင် အဖေလည်း သူ့ကို တွေ့ပြီးလောက်ပြီ။ ငါနဲ့သူနဲ့ တွေ့ပြီးပြီးချင်း သူသေသွားတယ်ဆိုရင် ချက်ချင်းပဲ ရဲက ငါ့ကို သံသယရှိတော့မှာပဲ။ အေးလေ နာမည်ကလည်း အစစ်မဟုတ်လောက်ပါဘူး။ တကယ်လို့ အစစ်ဆိုရင်တောင် သူ့နာမည်ကို ငါသေမင်းစာအုပ်ထဲ ရေးနေတုန်း ဟိုမင်းသားမျက်နှာ သွားမြင်ယောင်မိနေရင် ဟိုတယောက်က အချောင်သေဦးမယ်။ အဲလိုဆိုလို့ကတော့ ငါဟာ Kira ပါလို့ ကြေငြာလိုက်သလို ဖြစ်ပြီပဲ။ သူ L လို့ပဲ ထားပါတော့။ ဒါဆို ငါ့ကို သံသယ ရှိနေလို့ပေါ့။ စိတ်လျှော့၊ စိတ်လျှော့။ ငါ့မျက်နှာမှာ ဘာမှ စိတ်လှုပ်ရှားမှု မပြမှ ဖြစ်မယ်။ ဒီကောင် ငါ့ကို ကျိန်းသေကို သေချာ ကြည့်နေမှာ......

"ဟေး Yagami"
အစီအစဉ်ပြီး၍ ခန်းမထဲမှ ပြန်ထွက်လာသော Light ကို L ကလှမ်းခေါ်လိုက်၏။

"တွေ့ရတာ ၀မ်းသာပါတယ်လို့ ပြောမလို့ပါ။ ခုနက နှုတ်မဆက်လိုက်ရလို့"
ပြောပြောဆိုဆို စောင့်ကြိုနေသော ဇိမ်ခံကားကြီးပေါ်သို့ တက်၍ ထွက်သွားလေတော့၏။

Light စိတ်ကို အစွမ်းကုန်ချုပ်တည်း၍ အိမ်သို့ ပြန်ခဲ့၏။ စောင့်ကြိုနေသည့် ညီမငယ်ကိုပင် စကားတခွန်းမပြောနိုင်ဘဲ သူ့အခန်းသို့သာ ချက်ချင်းတက်သွားခဲ့သည်။ တံခါးသော့ချ၊ စာကြည့်စားပွဲရှေ့ထိုင်ချပြီးကာမှ စိတ်ကိုဖွင့်ပေးလိုက်နိုင်တော့သည်။

"ခွေးသူတောင်းစား L .. သေချင်းဆိုးကောင်။ ငါ့ဘ၀မှာ တခါမှ ဒီလောက် အစော်ကား မခံခဲ့ရဖူးဘူး"
တယောက်တည်း ပေါက်ကွဲနေတော့ Ryuk က၀င်ရှုပ်ပြန်သည်။

"မင်းဒီလောက်ဖြစ်နေလည်း သေမင်းမျက်လုံး အပေးအယူလေး လုပ်ပြီး သူ့ သတ်လိုက်လေကွာ"

Light ပိုဒေါကန်သွားသည်။
"လာပြန်ပြီ ခင်ဗျားကြီး။ ကဲ ကျုပ်က သူ့ကို သတ်လိုက်နိုင်ပါပြီတဲ့။ သူက တကယ့် L မဟုတ်နေပြန်ရင် ဘယ်လိုလုပ်မတုန်း။ ကျုပ်ကိုကျုပ် Kira ပါလို့ L အစစ်ကို ပြောလိုက်သလို ဖြစ်နေတော့မှာပေါ့ဗျ"

အကြိမ်းခံလိုက်ရ၍ Ryuk ပင်လန့်သွားသည်။

"သူ့ကို ကျုပ်သတ်ချင်တာကတော့ ဖြစ်တဲ့နည်းနဲ့ သတ်ချင်တာပဲ။ ဒါပေမယ့် သေမင်းစာအုပ်ထဲ နာမည်ရေးထည့်မှပဲ သတ်လို့ရမယ်။ တခြားတယောက်ယောက်ကို ဒီလူ့ကို သတ်လိုက်လို့ ခင်ဗျားစာအုပ်ထဲမှာ ခိုင်းလို့မရဘူး။ ခင်ဗျားတို့ သေမင်းစာအုပ်က အသုံးကို မကျဘူး"

..... Light ဒီလောက် ဒေါခီးနေတာ ငါတခါမှ မတွေ့ဖူးသေးဘူး။ ဒီကောင် တော်တော့်ကို ပြာနေလို့ပဲ ဖြစ်ရမယ်.....

"သူ့ကိုယ်သူ L ပါလို့ ကျုပ်ကို လာပြောလိုက်တာ တကယ့်ကို ဒုက္ခရောက်သွားတာပဲ။ ကျုပ် သူ့ကို သတ်ဖို့မပြောနဲ့၊ ခုနေများ မတော်တဆ L သေသွားရင်တောင် ရဲက ကျုပ်ကို သံသယ၀င်တော့မှာ။ ဒီကောင့်ကို လျှော့တွက်လိုက်မိတယ်။ 'ငါ L ကွ' ဆိုပြီးလာပြောလိမ့်မယ်လို့ အိပ်မက်တောင် မမက်ဖူးဘူး။ သူကိုယ်တိုင်ဖြစ်ဖြစ်၊ အယောင်ဆောင်တွေဖြစ်ဖြစ် Kira လို့ သံသယရှိနေတဲ့လူတွေကို ဒါမျိုးလိုက်လုပ်မယ်ထင်တယ်။ တော်တော်ကို ပါးတဲ့ကောင်။ ခုဆို နေ့တိုင်း ကျောင်းမှာ သူနဲ့ တွေ့ရတော့မယ်။ ကျုပ်ကို အမျိုးမျိုး စိတ်ဒုက္ခရောက်အောင် လုပ်တော့မယ်"
Light ပြောပြီး စိတ်ပျက်ပျက်နှင့် ငြိမ်စဉ်းစားနေရာမှ

"ဟားဟားဟား...ဟားဟားဟား"
ရုတ်တရက် ထရယ်တော့ Ryuk ပင်ကြောင်သွား၏။

"ငါတော်တော် အဆိုးမြင်နေတာပဲ။ ဒါကောင်းတဲ့လက္ခဏာပဲ ဟာကို။ ဒီလို သူလုပ်နေရတယ် ဆိုတာကိုက သူ့မှာ ငါ Kira ပါဆိုတဲ့ သက်သေ ဘာမှ မရှိဘူးဆိုတာ ပြနေတာပဲ။ ငါတို့ နှစ်ယောက် သူငယ်ချင်းတွေလုပ်ကြမယ်။ ပြီးရင် တယောက်နဲ့တယောက် ဘယ်သူက ဘာလဲဆိုတာ သိအောင်လုပ်ကြတာပေါ့။ ကောင်းသားပဲကွ။ မင်းက ငါနဲ့ ရင်းနှီးချင်တယ်၊ ငါကလည်း မင်းနဲ့ ရင်းနှီးချင်ရမှာပေါ့။ မင်း ငါ့ကို ယုံကြည်လာအောင်လုပ်မယ်။ အေး..ငါသိစရာတွေအားလုံး မင်းဆီက သိပြီးတဲ့တနေ့မှာတော့ မင်းကို ငါ သတ်မှာပေါ့ကွာ"
Light တယောက် တတွတ်တွတ်နှင့် ကျေနပ်စွာ ရွတ်နေလေတော့သည်...

No comments:

Post a Comment