စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Tuesday, February 25, 2014

သရဲ အကြောင်းလေးများကို အသစ်တင်တိုင်း အချိန်နဲ့ တပြေးညီ ဖတ်နိုင်အောင် စီစဉ်ပေးထား
တာပါ။ ကျနော့်ရဲ့ သရဲတစ်ကယ်ရှိတယ်နော်ကြောက်ဘူးလား?
page မှာ အားပေးကြတဲ့ မန်ဘာများ f b ပေါ်မှာ
ရှာစရာမလိုဘဲ app ကနေတိုက်ရိုက်ဖတ်ရှုနိင်ပါတယ်။
မရှိသေးသူများ အောက်မှာ ဒေါင်းလိုက်ပါ။

>>>>>>>>

သေမင်းစာအုပ် (၁၇.၂)

Misa ကား ရဲချုပ်ကို မယုံကြည်နိုင်စွာ မျက်လုံးပြူး မျက်ဆံပြူးဖြင့်ကြည့်ရင်း အသံပင်မထွက်နိုင်၊ ကြက်သေသေနေသည်။

Light ကား မျက်စိစုံမှိတ်ထားရာမှ ဖြေးဖြေးချင်း မျက်လုံးပွင့်လာပြီး သူ့နဖူးကို တည့်တည့်ချိန်ထားဆဲ သေနတ်ပြောင်းကို မ၀ံ့မရဲ ကြည့်နေမိသည်။

ရဲချုပ်၏ 'ဟင်း' ခနဲ သက်ပြင်းချသံ ပထမဆုံးထွက်လာပြီး Light ထံမှ သေနတ်ဖယ်၊ ကိုယ်ကိုလှည့်ကာ ကားထိုင်ခုံပေါ် ပစ်မှီလိုက်ရင်း
"တော်သေးတာပေါ့ကွာ"
ဆိုကာ ယခုမှ စိတ်အေးသွားရဟန်ဖြင့် စတီယာရင်ပေါ် မှောက်ကာငြိမ်နေတော့သည်။

"ဘာကို တော်သေးတာလဲ ဖေဖေ၊ ဖေဖေ ဘာတွေလုပ်နေတာလဲ"
ဘာကိုမျှနားမလည်နိုင်တော့သော Light က စ မေးလိုက်တော့သည်။

"မင်းတို့ နှစ်ယောက်လုံး ငါ့ကို ခွင့်လွှတ်ကြပါကွာ။ မင်းတို့ကို လွှတ်ဖို့ဆိုတာ ဒီတနည်းပဲ ရှိလို့ပါ။ အေး..ငါ ဒီလိုလုပ်တယ်ဆိုတာလည်း မင်းတို့ Kira မဟုတ်ဘူးလို့ ငါတကယ်ယုံကြည်လို့သာ လုပ်တာဆိုတာကိုတော့ ယုံထားကြပါကွာ"
စတီယာရင်ပေါ်တွင် မှောက်ကာ ပြောနေရင်း ခေါင်းထောင်လာပြီး

"မင်းအကုန်မြင်ရဲ့လား Ryuzaki။ ငါ မင်းပြောတဲ့အတိုင်း အတိအကျလုပ်ခဲ့ပြီးပြီ၊ အသက်လည်း ရှင်နေသေးတယ်နော်"

ထိုအခါမှ ကားနောက်ကြည့်မှန် အပေါ်တွင် တပ်ထားသည့် သေးငယ်လှစွာသော ကင်မရာကို Light သတိထားလိုက်မိသည်။

"ဟုတ်ကဲ့။ ရဲချုပ်လုပ်သွားတာတွေအားလုံး သိပ်ကို ပိရိသေသပ်ပါတယ်။ တကယ်လို့ Misa ဟာ ဒုတိယKira သာဖြစ်ပြီး လူတွေကို မျက်စိကလေးနဲ့ ကြည့်ယုံနဲ့တင် သတ်နိုင်တယ်ဆိုရင် ရဲချုပ် Light ကိုသေနတ်နဲ့ ပစ်ခွင့်ရလိုက်မှာမဟုတ်ပါဘူး။ ခုလောက်ဆို ရဲချုပ်သေပြီးတာ ကြာပေါ့။ ဒါကြောင့် Misa ဟာ ဒုတိယ Kira မဟုတ်ဘူးလို့ ကောက်ချက်ချလို့ရတယ်။ နောက်ပြီး ကျနော် နားလည်ထားသလောက် Kira ဟာ မိဘကိုတောင် လိုအပ်ရင် ပြန်သတ်မယ့်ကောင်မို့လို့ Light သာ Kira ဆိုရင် သူလည်း ရဲချုပ်ကို ပြန်သတ်ဖို့ ကြိုးစားမှာပဲ။ ဒီလိုတော့ ငြိမ်ခံနေမယ် မထင်ဘူး။ ဒီတော့ Light ဟာလည်း Kira မဟုတ်နိုင်ပြန်ဘူးပေါ့။ အဲ..ဒါပေမယ့် Light ဟာ အင်မတန် ပါးနပ်တဲ့အတွက် အခုလုပ်ရပ်ဟာ ဟန်ဆောင်နေတာလို့ တနည်းနည်းနဲ့ သူသိသွားခဲ့နိုင်တယ်ဆိုတာကိုတော့ ထည့်စဉ်းစားရမယ်။ အေးလေ.. ဘယ်လိုပဲဖြစ်ဖြစ် ကျနော့်ကတိအတိုင်း သူတို့ကို ချုပ်ထားရာကနေ လွှတ်ပေးပါ့မယ်။ တခုတော့ ရှိတယ်။ Misa ဟာ ဒုတိယ Kira ကိစ္စကို ဘယ်လိုပဲငြင်းငြင်း၊ ဒီအခွေတွေကို မင်းကိုယ်တိုင် ပို့ခဲ့တယ်လို့ ၀န်ခံခဲ့တာကြောင့်ရယ်၊ တခြား သဲလွန်စ သက်သေတွေကြောင့်ရယ် Kira မိတဲ့အထိ၊ အားလုံးရှင်းသွားတဲ့အထိ မင်းကို စောင့်ကြည့်နေရဦးမယ်"

L ၏အသံ ကားထဲတွင် ရပ်သွားသောအခါ Misa က
"အေးလေ.. Misa က ဒုတိယ Kira မှမဟုတ်ဘဲ၊ သိပ်အရေးမကြီးပါဘူး။ ကိုယ်ရံတော် တပ်မှူးလေးတွေ ရတယ်လို့ပဲ သဘောထားရမှာပေါ့လေ။ ခစ်ခစ်"

"အေး..ထားပါတော့။ Light ကိုလည်း ငါပြောရဦးမယ်။ မင်းဟာ ငါ့နားမှာ ၂၄နာရီလုံးနေပြီး စုံစမ်းရေးကို ကူရမယ်"

Light ပထမ အံ့သြသွားသည်။ နောက်မှ
"ငါ သဘောပေါက်ပြီ Ryuzaki။ ငါတို့ နှစ်ယောက်ပေါင်းရင် Kira ကို မိကိုမိရမယ်"

"အင်း..မင်းအစွမ်းကို အားကိုးရမှာပဲ"
L ကပြောလိုက်လေသည်။

ထို့နောက်
L ၏ဟိုတယ်ခန်းထဲပြန်ရောက်သော် လက်ထိပ်ရှည်ရှည်တခုယူ၍ ရုပ်ရှင်များထဲကအတိုင်း Light ၏လက် နှင့် L ၏လက်တို့ကို တဖက်စီ ခတ်လိုက်လေတော့၏။

"ဟင်.. ၂၄ နာရီလုံး နေရမယ်ဆိုတာ ဒီလိုကြီးကို ပြောတာလား"
Misa ကမကျေမနပ်နှင့် နှုတ်ခမ်းလေးစူကာ ပြောလေသည်။

"လုပ်ချင်လွန်းလို့ လုပ်တာမဟုတ်ဘူးကွ။ လိုအပ်လို့ လုပ်ထားတာ"
L ကပြန်ပြောတော့

"ဟွန်.. ဒါပေမယ့် Light က Misa ရဲ့ ရည်းစားလေ၊ သူနဲ့ လျှောက်လည်ချင်ပါပြီတဲ့။ ဘယ်လိုလုပ်ကြမတုန်း"
Misa အထွန့်တက်ပြန်သည်။

"မခက်ပါဘူး။ တို့ ၃ ယောက်အတူတူ သွားကြတာပေါ့"

"ဟင်! ဒါဖြင့် ကျမတို့က ရှင့်မျက်စိရှေ့မှာတင် ဖက်လိုက်၊ နမ်းလိုက် လုပ်ရမယ်ပေါ့။ အောင်မယ်လေး"
Misa ကား လုံးဝ မကျေနပ်နိုင်။

"ငါ့ရှေ့မှာ လုပ်ရမယ်လို့ မပြောရပါလား။ ဒါပေမယ့် တာဝန်အရတော့ ငါက စောင့်ကြည့်နေရမှာပဲ"

"ဟယ်တော်!.. ညစ်ပတ်လိုက်တာ၊ ရှင် နှာဗူးပဲ!"
Misa အော်ဟစ်နေ၍

"Light မင်းဟာမလေးကို ကြည့်ထိန်းစမ်းပါကွာ"
L ကပြောမှ

"Misa ရယ်၊ ကလေးဆန်မနေပါနဲ့။ အခွေတွေပို့တဲ့လူဟာ မင်းမှန်းသိသိကြီးနဲ့ လွှတ်ပေးထားတာပဲ တော်လှပြီ။ ပြဿနာ ရှာမနေနဲ့တော့၊ သူတို့ကို ကျေးဇူးတောင် တင်ရဦးမယ်"
Light ၀င်ရှင်းလေသည်။

"ဟင်.. Light ကိုယ်တိုင်ကတောင် ဒါမျိုးပြောတယ်လား၊ Misa က Light ရဲ့ ရည်းစားပါ။ Light ကတောင် မယုံတော့ဘူးလား"
ဝမ်းပန်းတနည်းနှင့် Misa ပြောရှာသည်။

"အာ.. ရည်းစား ရည်းစားနဲ့ ပြောပြောမနေပါနဲ့ကွာ။ မင်းဟာမင်း ငါ့ကို မြင်မြင်ချင်း ချစ်သွားတာပါ ဆိုပြီး အတင်းလိုက်ကပ်နေတဲ့ဟာကို"
Light ပြောပြီးပြီးချင်းပင်

"ဟင် ဒါဖြင့် ကျမက ရှင့်ကို ချစ်တယ်လို့ ပြောမိတာကို အခွင့်အရေးယူပြီး ရှင်က ကျမကို နမ်းခဲ့တာပေါ့ ဟုတ်လား။ လူယုတ်မာ၊ အရိုင်း၊ အစိုင်း၊ အကျင့်မကောင်းတဲ့ကောင်"
ပြောပြောဆိုဆို ငိုယိုကာ Light ၏ရင်ကို တဒုံးဒုံး ပြေးထုလေတော့၏။

ထိုစဉ်မှာပင် L က၀င်ပြောလာ၏။
"နေစမ်းပါဦး Misa။ မင်းသူ့ကို မြင်မြင်ချင်း ချစ်မိတယ် ဆိုတာ မေ ၂၂ ရက်နေ့တုန်းက Aoyama မှာတွေ့လိုက်တုန်းက မဟုတ်လား"

"ဟုတ်ပါ့ရှင်"
ငိုသံပါလေးနှင့် Misa ဖြေလေသည်။

"အဲဒီနေ့က မင်းဘာလို့ Aoyama ကိုသွားတာလဲ။ ဘာအက်ႌ၀တ္သြားလဲ"

"အို ကျမ ဘယ်နှစ်ခါပြောရမလဲ။ ဒီလိုပဲ စိတ်ကူးပေါက်လို့ လျှောက်သွားတာပါဆိုနေ။ ဘာအင်္ကျီဝတ်သွားတယ်ဆိုတာတော့ ဘယ်မှတ်မိတော့မလဲ၊ ကြာလှရှိပြီဟာကို။ Aoyama လို နာမည်ကြီးနေရာကို ကိစ္စရှိမှ သွားရမှာလား"
Misa ရန်ထောင်လေတော့သည်။

L က ဘာမှ ပြန်မရှင်း၊ မေးစရာရှိသည်ကိုသာ ဆက်မေးပြန်သည်။
"ဒါဖြင့် မင်း Aoyama ကနေပြန်လာတဲ့အချိန်မှာ မြင်မြင်ချင်းချစ်မိပါတယ် ဆိုတဲ့ Light ရဲ့နာမည်ကို သိခဲ့ပြီပေါ့"

"သိပြီးပြီ"

"ဒါပေမယ့် ဘယ်လိုသိမှန်း မင်းမမှတ်မိပြန်ဘူး"
L က လေအေးအေးနှင့် Misa ကိုစိုက်ကြည့်ပြီး ပြောပြန်သည်။

"ဟုတ်တယ် မမှတ်မိဘူး။ ဘာဖြစ်လဲ"
Misa ကလည်း မလျှော့။

"ထားပါတော့။ Light က Kira ပါဆိုရင်ကော မင်း ဘာပြောမလဲ"

"ဟင်.. Light ဟာ Kira ဆိုရင်၊ ဟုတ်လား"

"အေး"

Misa ချက်ချင်း Light ၏လက်မောင်းကို ဖမ်းဆွဲကာ သူ့ခေါင်းလေးကို Light ပခုံးပေါ်မှီလိုက်ပြီး
"အဲလိုဆို သိပ်ကောင်းမှာပေါ့။ Misa အဖေနဲ့အမေကို သတ်သွားတဲ့လူကို တန်ပြန်သတ်ပေးတဲ့ Kira ကို ကျမက သိပ်ကျေးဇူးတင်နေတာ။ Light သာ Kira ဆိုလို့ကတော့ ကျမက သူ့ကို ပိုလို့တောင် ချစ်ဦးမှာ"
မျက်လုံးကလေးများ လက်ပြီး ကြည်နူးစွာ Misa ပြောလိုက်လေသည်။

"ငါတို့ ပြောနေတာ Kira အကြောင်းနော်။ 'ပိုလို့တောင် ချစ်ဦးမှာ' ဆိုတော့ မင်းအတွေးအခေါ်က နည်းနည်း ကြောက်စရာမကောင်းဘူးလား"

"ဟင်းဟင်း.. ကျမတို့ ပြောနေတာ Light သာ Kira ဆိုရင် ဆိုပြီး ပြောနေတာပါ။ တကယ့် Kira အကြောင်းမှမဟုတ်တာ။ ဘာမှ ကြောက်စရာ မကောင်းပါဘူး။ တကယ့် Kira ဆိုလည်း ကျမက Kira ထောက်ခံသူပဲဟာ၊ သူ့ကို ကြောက်မယ့်အစား သူ့ကို ဘယ်လို ကူရမလဲလို့ပဲ စဉ်းစားမှာပေါ့"
L ကအေးအေးဆေးဆေး ရှိနေပေမယ့် ကျန်စုံစမ်းရေး အဖွဲ့သားများကား Misa၏ ပြောပုံဆိုပုံကို ဒေါကန်နေကြလေပြီ။

.... မင်း သူ့ကို ကူနိုင်လိမ့်မယ်လို့ ငါမထင်ပါဘူး။ ၀င်ရှုပ်သလိုသာ ဖြစ်သွားမှာပါ .......
L ခေါင်းထဲ တွေးရင်း
"ဒီတိုင်းဆိုရင်တော့ Misa ဟာ ဒုတိယ Kira ဆိုတာ သိပ်သေချာနေပြီ။ ဒီယူဆချက်ဟာ ဘယ်လိုနည်းနဲ့မှ မမှားနိုင်ဘူး။ ဒါပေမယ့် ငါ ဒီယူဆချက်ကို မယုံချင်ဘူး"
ထုတ်ပြောလိုက်လေသည်။

Misa ဆတ်ကနဲ တုန်သွားပြီး
"အမယ်လေး.. မယုံတာ မှန်ပါတယ်။ ကျမမှ Kira မဟုတ်တာကို"

"ဘာပဲဖြစ်ဖြစ် မင်းကိုတော့ စောင့်ကြည့်ရမှာပဲ။ မင်း အပြင်ထွက်ချင်ရင် ငါတို့ကို ပြောပါ။ မင်းရဲ့ ကုမ္ပဏီကိုလည်း မင်းကိစ္စတွေအတွက် ပိုက်ဆံပေးထားပြီးပြီ။ Matsuda ကို မင်းရဲ့ မန်နေဂျာအဖြစ် ခန့်ထားလိုက်တယ်။ အဲဒီတော့ မင်းအလုပ်ကိစ္စပဲဖြစ်ဖြစ်၊ ကိုယ်ရေးကိုယ်တာ ကိစ္စပဲဖြစ်ဖြစ် လုပ်စရာရှိရင် Matsuda က မန်နေဂျာ Matsui (မတ်ဆူအီ) အနေနဲ့ အမြဲတမ်း လိုက်ပေးနေလိမ့်မယ်။ တခြား ရဲတွေလည်း ဒီကိစ္စကို မသိဘူး။ ဒါကြောင့် ဒီကိစ္စကို မင်း လျှောက်မပြောဖို့တော့ လိုလိမ့်မယ်"

Misa ကို သူ့အခန်းသို့ ပို့လိုက်ပြီးသောအခါ
"Light မင်း Misa ကို တကယ်ချစ်ရဲ့လားကွ"
L ကရုတ်တရက် မေးလိုက်တော့

"ငါခုနက ပြောသလိုပါပဲကွာ။ သူက တဖက်သတ်ဖြစ်နေတာပါ"

"ဒါဖြင့်လည်း အနည်းဆုံးတော့ တကယ်ချစ်ဟန်ဆောင်နေကွာ။ သူဟာ ဒုတိယ Kira နဲ့ တနည်းနည်းတော့ နွယ်နေတာ အသေအချာပဲ။ ပြီးတော့ မင်းကို အရမ်းချစ်တာလည်း အသေအချာပဲကွ"

"ဒါဖြင့် မင်းပြောချင်တာက ဒုတိယ Kira အကြောင်း သိရဖို့ ငါက သူ့ကို ချစ်ဟန်ဆောင်ရမယ်ဆိုပါတော့"
Light က မကျေမနပ်ဖြင့် မေးလိုက်သည်။

"အဟုတ်ပဲ။ အဲလောက်တော့ မင်းလုပ်နိုင်ပါတယ်။ သူ့ဆီကနေ ငါသိချင်တာတွေ နည်းနည်းချင်း စသိရတာကလည်း မင်းအကြောင်း ပြောတော့မှ သိရတာလေ။ အဲဒီအချက်ကလည်း မင်းတို့ နှစ်ယောက်ကို ပြန်လွှတ်ပေးတဲ့ အချက်တွေထဲက တချက်ပဲ"

"ဆောရီးပဲ Ryuzaki။ ဒီကိစ္စဟာ Kira စုံစမ်းရေးအတွက် ဆိုပေမယ့်လည်း မိန်းကလေးတယောက်ရဲ့ စိတ်ခံစားချက်ကိုတော့ ငါ မလှည့်ဖြားနိုင်ဘူး။ ဒါကိုတော့ မင်းနားလည်ပါ။ တခြားလူတယောက်ရဲ့ သဘောကောင်းမှု၊ သဘောထားကြီးမှုအပေါ်မှာ အခွင့်အရေးယူ အသုံးချတယ်ဆိုတာ ငါ့အတွက်တော့ ခွင့်မလွှတ်နိုင်လောက်အောင် သိပ်ကိုဆိုးရွားတဲ့အပြုအမူပဲ"
Light ကလေးလေးနက်နက် ပြောချလိုက်တော့

..... တခုခုတော့ အကြီးအကျယ် လွဲနေပြီ။ သူ့ အတွေးအခေါ်၊ အယူအဆတွေ ရုတ်တရက် ပြောင်းသွားတယ်လို့ပဲ ငါယူဆရမလား။ ဒါဟန်ဆောင်နေတာ ဖြစ်နိုင်သေးလား။ ဟန်ဆောင်တာ မဟုတ်ဘူးဆိုရင်တော့ Misa တင်မကပဲ Light ပါ Kira ရဲ့ လွှမ်းမိုးမှု ခံခဲ့ရတာလို့ ယူဆရတော့မှာပေါ့ .....
Light ၏စကားများကို နားထောင်ရင်း L ဝေခွဲမရဖြစ်နေသည်။

တွေဝေနေသည့် L ကိုကြည့်ရင်း Light မေးလိုက်သည်။
"မင်း ဘာဖြစ်သွားတာလဲ"

"ဘာမှ မဖြစ်ပါဘူး။ မင်းပြောတာ တွေးနေတာပါ။ မင်း မှန်ပါတယ်လေ။ တခုတော့ ကူညီကွာ။ ဒီစုံစမ်းရေးက တကယ့်ကို လျှို့လျှို့ဝှက်ဝှက် လုပ်ရတာဆိုတော့ သူ့ဆီကနေ သတင်းတွေ မပေါက်ကြားဖို့တော့ မင်း ဂရုစိုက်ပေး"

"ဖြစ်ပါတယ်။ ငါလည်း တခုပြောစရာရှိတယ်။ မင်း ခုလိုသာ ၃၊ ၄ ရက်တခါ ဟိုတယ်တွေ ပြောင်းနေရင်တော့ သိပ်မလွယ်ဘူး။ အတည်တကျ လုပ်နိုင်ရင်ကောင်းမယ်"

"အေး..မပူပါနဲ့။ ငါ့မှာ ဟိုးအစတည်းက ဒါကို စဉ်းစားမိလို့ ရဲချုပ်တို့နဲ့ တွေ့ကတည်းက ဌာနချုပ်အဆောက်အဦးကို စပြီး ဆောက်နေပါပြီလေ။ ပြီးဖို့ ရက်ပိုင်းပဲလိုပါတော့တယ်"
ပြောရင်း ကွန်ပျူတာဆီသို့ Light ကိုဆွဲခေါ်သွားကာ အဆောက်အဦးပုံကို ပြလိုက်လေသည်။

"ဟောဒီမှာ။ မြေအောက် ၂ ထပ်။ မြေပေါ် ၂၃ ထပ်။ အပေါ်ဆုံးထပ်ကို အပြင်ကနေ စောင့်ကြည့်လို့မရဘူး၊ အဲဒီမှာ ဟယ်လီကော့ပတာ ၂ စင်းအတွက် ဂိုဒေါင်ထားတယ်"
ရပ်ကြည့်နေကြသည့် စုံစမ်းရေးအဖွဲ့ဝင်များကို ကြည့်ရင်း

"အားလုံးကို ဒီထဲမှာပဲ နေစေချင်တယ်။ တကယ်လို့ အဖွဲ့ထဲကို လူထပ်တိုးမယ်ဆိုရင်လည်း လူ၆၀ အထိ ဒီထဲမှာ နေလို့ရပါတယ်။ Misa အတွက်တော့ အထပ် တထပ် သပ်သပ်ပေးထားမယ်"

"အာ.. Ryuzaki ဒီဟာကြီး ဆောက်ဖို့အတွက် မင်းပိုက်ဆံတော်တော် သုံးရမှာနော်"
Matsuda ကပြောတော့

"ဒီကောင့်ကို မိဖို့အတွက် ကျနော် ဘာလုပ်ရလုပ်ရ လုပ်မှာပါပဲ"

"အေး မင်းပြောတာကို ငါသဘောပေါက်တယ်။ ငါ့အဖေရော၊ ငါရောကို ဒုက္ခရောက်အောင် လုပ်တဲ့ကောင်ကို မမိမိအောင် ဖမ်းဖို့ ငါလည်း ဘာလုပ်ရလုပ်ရ လုပ်မှာပဲ"
Light က ၀င်ပြောလေသည်။

"မင်း ဘာလုပ်ရလုပ်ရ လုပ်မယ်ဆို Misa နား ပိုကပ်ဖို့ မကောင်းဘူးလား"
L ကပြောသည်နှင့်

"ဟေ့ အဲဒါ မပါဘူးကွ။ ငါ သိက္ခာတော့ အကျမခံနိုင်ဘူး"
Light ကချက်ချင်းပင်ငြင်းလေသည်။

"သြော်သြော်... ဒီလိုဆိုတော့လည်း စိတ်မကောင်းစရာပေါ့ကွာ"
L မကျေမနပ်နှင့် ရွဲ့လိုက်လေတော့သည်။

ညတည...
Yotsuba (ယိုစုဘာ) ကုမ္ပဏီ အဆောက်အဦးကြီး၏ အထပ်မြင့် အစည်းအဝေးခန်းထဲတွင် ဒါရိုက်တာ ၈ ဦးဝိုင်းထိုင်နေကြသည်။ ထိုကုမ္ပဏီ၏ အကျိုးစီးပွားသည် ဤရက်များအတွင်း တဟုန်ထိုး တိုးတက်လာလေသည်။ ထို့ကြောင့် ထို ၈ ယောက်သည်လည်း ၀င်ငွေများ များစွာရရှိလာခဲ့ကြသည်။ သူတို့ပြောနေသည့် စကားများကား ထိတ်လန့်ချောက်ခြားဖွယ်။

"ကဲ၊ လူစုံပြီ။ အစည်းအဝေး စကြရအောင်။ Yotsuba ကိုကမ္ဘာမှာ အကြီးဆုံး ကုမ္ပဏီကြီးဖြစ်လာအောင်၊ လုပ်ငန်းတွေ များများရအောင်၊ ကျုပ်တို့ ဘယ်သူ့ကို သတ်ဖို့ ဆုံးဖြတ်မလဲ"
အကြီးဆုံး ဖြစ်ဟန်တူသောသူတဦးက ပြောလိုက်သည်။

"အပတ်တိုင်း လူသတ်နေတာ တော့ဟုတ်ပါပြီ။ ဒါပေမယ့် Kira ဟာ ဘယ်လိုဖြစ်လို့ ဒုစရိုက်တရားခံတွေကို သတ်နေရာကနေ ကြေးစား လူသတ်သမား ဖြစ်သွားရလဲဆိုတာ နားမလည်ဘူးဖြစ်နေတယ်"

"Kira အတွက်လည်း အကျိုးရှိမှာ မို့လို့ပေါ့ကွ"

"Kira အတွက် အကျိုးရှိမယ်၊ အေးလေ သူကြေးစား လူသတ်သမား ဖြစ်သွားရင်တော့ သူ့အတွက် အကျိုးရှိမှာပေါ့။ အဲဒီလို ဖြစ်သွားပြီလို့ မင်းပြောချင်တာလား Higuchi (ဟီဂူချီ)"

"ငါသာ မင်းနေရာမှာ ဆိုရင်တော့ ဒီမေးခွန်း ဆက်မေးမှာ မဟုတ်ဘူး။ သိပ်လျှာရှည်ရင် သေကောင်းသေသွားနိုင်တယ်ကွ"

"Kira ဘာကြောင့် ဒီကုမ္ပဏီ တခုထဲကို အားပေးကူညီနေလဲဆိုတာ ငါလည်းအရင်က စဉ်းစားမရဘူး။ ခုတော့ သဘောပေါက်သွားပြီ။ ငါတို့ ၈ ယောက်ထဲက တယောက်ဟာ Kira ဖြစ်နေလို့ကိုး"

"ကဲကဲ လျှာရှည်မနေကြနဲ့။ ငါတို့ အကျိုးစီးပွားအတွက် ဘယ်သူ့ကို သတ်မလဲ။ ဆုံးဖြတ်ကြ"

ထို ၈ ယောက်ကို ကြည့်၍ Rem စိတ်ပျက်နေတော့သည်။
..... လူတွေဟာ တကယ်ကို စိတ်ဓာတ်ယုတ်ညံ့ပြီး အောက်တန်းကျတဲ့ကောင်တွေပဲ .....

သေမင်းစာအုပ် (၁၇)

လူတယောက် သေမင်းစာအုပ်ပေါ်တွင် အဖမ်းခံ တရားခံများနာမည်ကို တကုပ်ကုပ်နှင့် ရေးနေသည်။
သူ့နောက်မှ Rem ကကျေနပ်စွာကြည့်ရင်း
"မင်း အခုအတိုင်း တရားခံတွေကို ဆက်ပြီးသတ်သွားရမယ်။ အေး..ဒီကိစ္စပြီးရင်တော့ မင်းဟာမင်း ဒီစာအုပ်ကို သုံးချင်သလို သုံးခွင့်ရှိပြီ။ ဒါ မင်းလိုက်နာရမယ့် သဘောတူညီချက်ပဲ။ ဒီသဘောတူညီချက်က မင်းရော ငါရော နှစ်ယောက်လုံးအတွက် အဆင်ပြေပါတယ်ကွ။ ဟုတ်တယ် မဟုတ်လား"

ပြောရင်း Rem တွေးမိပြန်သည်။
..... Yagami Light ရဲ့ အစီအစဉ်အတိုင်း အားလုံးဖြစ်ရင်တော့ Misa ကို ကယ်နိုင်မှာပါ ......

အကျဉ်းခံ ရက်၅၀မြောက်
အကျဉ်းခန်းထဲတွင် ရဲချုပ် ခေါင်းငိုက်စိုက်ချလျက် နွမ်းနယ်စွာ ထိုင်နေသည်။

"ရဲချုပ် အဆင်ပြေရဲ့လားဗျာ။ ရဲချုပ် အချိန်မရွေး အဲဒီထဲက ထွက်လာလို့ရပါတယ်ဆိုတာ သိပါတယ်နော်"
L က လှမ်းပြောနေသည်။

"Kira လူတွေပြန်သတ်နေတာ တလကျော်တောင် ရှိနေပြီ။ ကျုပ်သား Kira မဟုတ်ဘူးလို့ ကျုပ်လုံးဝ ယုံတယ်။ အေး.. ကျုပ် လိုပဲ Ryuzaki ယုံကြည်ရင် ပြီးပြီ။ ကျုပ် ပြောပြီးသားပဲ။ ကျုပ် ဒီကထွက်တဲ့အချိန်ဟာ ကျုပ်သားနဲ့ပဲ တူတူဖြစ်ရမယ်"

Light အကျဉ်းခန်း ကြမ်းပြင်ပေါ်တွင် ခွေခွေလေး လှဲနေသည်။
"Light မင်း အဆင်ပြေရဲ့လား"

"အင်း..ပြေပါတယ်။ ဒါပေမယ့် ငါ့ကို ချုပ်ထားကတည်းက လူသတ်မှုတွေ မဖြစ်တော့ဘူးဆိုတော့ Kira ပဲဖြစ်ဖြစ်၊ သူတို့ထဲက တယောက်ယောက်ပဲဖြစ်ဖြစ် ငါဒီလို အချုပ်ခံနေရတာကို သိနေပုံ ပေါ်တယ်ကွ.."

Light ပြောနေသည်ကို ဖြတ်၍ L ပြောလိုက်သည်။
"မဟုတ်ဘူးကွ။ လူသတ်မှုတွေရပ်သွားတာ မင်းကိုယ်တိုင်က Kira ဖြစ်နေလို့ပဲ"

"ဟေ့ကောင် မဟုတ်ဘူးကွ!!! ငါမင်းကို ဘယ်နှစ်ခါ ပြောရမလဲ!! ငါ Kira မဟုတ်ဘူး!!!!"

.... မင်းသာ Kira ဆိုရင် ခုလူသတ်မှုတွေ ပြန်ဖြစ်နေတာ မင်းသိမှာပဲ။ ဒါပေမယ့် မင်းပုံစံက ဒါကို သိပုံ မပေါ်ဘူး ......

"Ryuzaki လုပ်ပုံက နည်းနည်းတော့ လွန်နေပြီကွာ။ တရားခံတွေ ပြန်အသတ်ခံနေရပြီဆိုတာကို Light ကိုပေးမသိဘဲ ဒီလိုကြီး စွတ်ဝန်ခံခိုင်းနေတာ ငါတော့ လက်မခံနိုင်အောင်ပဲ"
အမြဲလိုလို စိတ်ခက်ထန်သော Aizawa ပင်ပျော့ပြောင်းလာနေ၏။

L က Misa ထံသို့ စကားပြောပြန်သည်။
"Misa မင်းကြည့်ရတာ အခြေအနေ ဟန်ပုံ မပေါ်ဘူး။ အဆင်ပြေရဲ့လား"

Misa လည်း ထိုင်ခုံတွင် ချုပ်ခံရက်သား ခေါင်းငိုက်စိုက်ကျနေလေသည်။
"ရှင် ရူးများနေလား၊ ဒီလောက် ရက်တွေအကြာကြီး တုပ်တုပ်မလှုပ်နိုင်အောင် အချုပ်ခံထားရမှတော့ အဆင်ပြေတယ်ဆိုပြီး ဖြေရင် ငါ ဂေါက်သွားလို့ပဲ ဖြစ်လိမ့်မယ်"

"အေး..မင်းပြောတာ မှန်တယ်လို့တော့ ထင်သားကွ"

"ဒါဆိုလည်း ကျမကို မြန်မြန်လွှတ်တော့လေ။ ကျမ Light ကိုလည်း လွမ်းလှပြီ၊ Light ကိုတွေ့ချင်လှပြီ။ Light ရေ... Light ..."
Misa ကား တတွတ်တွတ် ရွတ်နေလေတော့သည်။

Aizawa နှင့် Matsuda တို့ သူတို့ရှေ့မြင်ကွင်းကိုကြည့်ရင်း
"သူတို့ သုံးယောက်လုံး ရှေ့ဆက် ခံနိုင်ရည် မရှိလောက်တော့ဘူးနဲ့တူတယ်"

"ဟုတ်တယ်။ Ryuzaki မင်းဘာလို့ Light ကိုဆက်ချုပ်ထားတာလဲ။ သူ့ကို လွှတ်လိုက်ရင် ရဲချုပ်လည်း ဒါမျိုး ၀ဋ်ခံနေစရာ မလိုတော့ဘူး။ Lightရော Misa ရော ဘာသတင်းမှ မမြင်ရ၊ မကြားရပေမယ့် တရားခံတွေ ဆက်အသတ်ခံနေရတာပဲဟာ။ ဒီလောက် သိသာနေတာ မင်းအတွက် မလုံလောက်သေးဘူးလား"

"ဟင့်အင်း။ ခုချိန်ထိ တကယ်သေသေချာချာ ပြောနိုင်တာဆိုလို့ Misa ဟာ Light ကို အသည်းအသန် အရူးအမူး ချစ်တယ်ဆိုတာပဲ"

Aizawa သူ့အမြင်ကို မြိုသိပ်မထားနိုင်တော့။
"Ryuzaki စိတ်ဆိုးမယ်ဆိုလည်း ဆောရီးကွာ။ ငါ့အထင်တော့ 'Light ဟာ Kira' ဆိုတဲ့ မင်းရဲ့ အယူအဆကြီး မှားသွားပြီဆိုတာကို လက်မခံနိုင်လို့ မင်းဒီလိုဆက်လုပ်နေတာပဲ"

"သြော်..ခင်ဗျား အဲလိုတကယ်ထင်သလား"

Aizawa ကား ဒေါဖောင်းလေပြီ။
"ဟေ့..Light ပြောဖူးတဲ့အတိုင်းပဲ ငါပြန်ပြောမယ်။ Kira ဟာ မင်း L အတုဟန်ဆောင်ခိုင်းခဲ့တဲ့ကောင် ကိုလည်း ချက်ချင်းသတ်ပစ်လိုက်တယ်၊ FBI agent တွေကိုလည်း သတ်ပစ်လိုက်တယ်။ သူတို့အတွက် ဘာအချက်အလက်မှ သိစရာ မလိုဘဲ လူတွေသတ်နိုင်တယ်ဆိုရင် ဒီလူတွေကို အပင်ပန်းခံပြီး သတ်နေစရာ မလိုဘူး။ သူတို့ကို ဘယ်လိုစုံစမ်းစုံစမ်း မိမှာမှ မဟုတ်ဘဲ။ ကုန်ကုန်ပြောရရင် မင်းကိုယ်တိုင်တောင် ပြောခဲ့သေးတာပဲ Kira ဟာ လိုတာထက် ပိုမသတ်ဘူးဆိုတာ"

"အင်း ဟုတ်သားပဲ။ ဘယ်မှ သွားစရာမလို၊ ဘယ်သူမှ မသိဘဲ လူသတ်နိုင်နေရင် FBI agent တွေကို ဘာလို့သတ်နေမှာလဲ။ သူ့ကို ဘယ်လိုနည်းနဲ့မှ အန္တရာယ် ပေးနိုင်မှာမှ မဟုတ်တာ"
Matsuda ကလည်းပြောလာသည်။

"ရက် ၅၀ တောင်ရှိနေပြီ။ ဒီလိုချုပ်ထားတာတွေ ဆက်လုပ်တာ ဘာမှ အဓိပ္ပာယ်မရှိဘူး။ ဒီလို လုပ်မယ့်အစား ငါတို့ တကယ့် Kira ကိုဖမ်းဖို့ ကြိုးစားသင့်တယ်"
Aizawa သူ့အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောလာတော့သည်။

"ခင်ဗျားတို့ အမြင်တွေကို ကျနော် နားလည်နိုင်ပါတယ်"
L ပြောပြီး ရဲချုပ်ကို စကားလှမ်းပြောလိုက်၏။

"ရဲချုပ်ခင်ဗျာ၊ ခုကိစ္စကြီးနဲ့ ပတ်သက်ပြီး ကျနော့်အမြင် ကျနော့်ဆုံးဖြတ်ချက်ကို အားလုံးရှေ့မှာ ပြောပြချင်ပါတယ်။ ရဲချုပ်က Light ရဲ့အဖေဖြစ်နေတဲ့အတွက် ဒီစကားတွေကို အရင်ဆုံး ကြားသင့်တယ်လို့ ကျနော်ထင်ပါတယ်။ ဒီအတွက် ရဲချုပ် ဌာနချုပ်ကို ပြန်လာနိုင်မလားခင်ဗျာ"

"ဟုတ်ပြီလေ။ လာရမှာပေါ့"

ရဲချုပ်ထံမှ သဘောတူညီချက်ရပြီးနောက်တွင် L က ရဲချုပ်အား တယောက်ချင်းစကားပြောသည့်အပြင် အားလုံးရှေ့တွင် သူ့ခံယူချက်၊ ယူဆချက်များကို ပွင့်လင်းစွာ ပြောပြလေသည်။ ရဲချုပ်ကား L ၏စကားများကို ယုံပင် မယုံကြည်နိုင်။ ပါးစပ်အဟောင်းသားနှင့် ဖြစ်နေတော့၏။

နောက် ၃ ရက်ကြာသော်
ရဲချုပ် မောင်းလာသောကားပေါ်တွင် Misa ပါလာ၏။

"ဟိဟိ.. ကျမကို လိုက်ချောင်းပြီး ဖမ်းခဲ့တဲ့ လူက ရှင်ကိုး။ ရှင့်ကို ဒီလောက် အသက်ကြီးကြီး လူကြီးဖြစ်လိမ့်မယ်လို့ မထင်ဘူးရှင့်"

"ဘာ! ငါက မင်းကို လိုက်ချောင်းတဲ့ကောင် မဟုတ်ဘူးကွ။ ငါက စုံထောက်ကွ။ နားလည်လား"

"စုံထောက်....ဟယ် ခုမှ မှတ်မိတယ်။ ကန်တော့ကန်တော့။ နေပါဦး ကျမကို ဖမ်းတုန်းက 'ဒုတိယ Kira အဖြစ် သံသယဖြစ်မှု' ဆိုလား သူတို့ပြောတယ်။ အဲဒါ တကယ်ပြောတာလား။ ဟုတ်သေးပါဘူးနော်။ ရဲတွေဟာ ဒီလောက်တော့ အကြမ်းပတမ်း မဖမ်းလောက်ပါဘူး။ နောက်ပြီး ရှင်က ကျမကို လွှတ်ပေးမယ်သာဆိုတယ် လက်ထိပ်ခတ်ထားတုန်းပဲဆိုတော့ နည်းနည်း မဟုတ်သေးဘူးထင်တယ်"

"တိတ်တိတ်နေစမ်းကွာ"

ကားသည် အဆောက်အဦတခု၏ မြေအောက်ထပ်ထဲသို့ ၀င်ရောက်လာပြီး အမှောင်ချထားသည့် ထောင့်တခုတွင် ရပ်လိုက်သောအခါ ကားမီးရှေ့တွင် Light နှင့် Aizawa။

"Light ရေ... Light....ခုမှပဲ တွေ့ရတော့တယ် Light ရယ်"
ရဲချုပ် တံခါးဖွင့်ပေးလိုက်သည်နှင့် Misa အော်ဟစ်ပြီး Light အနားပြေးသွားလေ၏။

"ဖေဖေ.. ဒါ ဘာသဘောလဲ။ ဘာတွေဖြစ်နေတာလဲ"
Light ကမေးလေပြီ။

"အဲတော့..အဲဒါ Light ဖေဖေလား။ Misa မဟုတ်တရုတ်တွေ အများကြီး ပြောလိုက်မိတယ်။ အို..ဒုက္ခပါပဲ။ တွေ့ရတာ ၀မ်းသာပါတယ်ရှင့်။ ကျမ Amane Misa ပါ.."
Misa ပြာပြာသလဲလဲနှင့် တောင်းလည်း တောင်းပန် မိတ်လည်းဆက် ပြောမိပြောရာ ပြောနေမိသည်။

"သူတို့ကို ခေါ်သွားလို့ရပါပြီ ရဲချုပ်"
Aizawa က ရဲချုပ်ကို ပြောလိုက်သည်။

အသင့် ရပ်ထားသော နောက်ကားတစီးဆီသို့ ရဲချုပ်သွားရင်း
"ကဲ.. မင်းတို့ ကားပေါ်တက်ကြတော့"

ထိုသို့ဖြင့် Light နှင့် Misa တို့ ရဲချုပ်ကားပေါ်တွင် ပါလာကြလေသည်။

"ဖေဖေ ခုလိုဆိုတော့ သားတို့နှစ်ယောက်အပေါ် ရဲက သံသယမရှိတော့လို့ လွှတ်ပေးတော့မှာလို့ ယူဆလို့ရပြီနဲ့ တူတယ်နော်"
ကားနောက်ခန်းတွင် Misa နှင့်တူတူ လက်နောက်ပြန် လက်ထိပ်ခတ်ရက်သားရှိနေသေးသည့် Light ကမျှော်လင့်တကြီး မေးလေသည်။

"ပေါက်ကရတွေ။ မင်းတို့ နှစ်ကောင်ကို လူသတ်စခန်းဆီ ခေါ်သွားမလို့ကွ"

"ဗျာ!!"
"ရှင်!!"

"လျှို့ဝှက် မြေအောက်လူသတ်စခန်းတခုဆီ မင်းတို့ကို ခေါ်သွားဖို့ ငါ တာဝန်ယူထားတယ်"

"အဖေ ဘာတွေပြောနေတာလဲ!!"
"နောက်နေတာ မဟုတ်လား!!"
Light ရော Misa ပါ အလန့်တကြား ဖြစ်ကုန်ကြ၏။

"Light ဟာ Kira ဖြစ်ပြီး Misa ဟာ ဒုတိယ Kira ဖြစ်တယ်လို့ L ကလုံးဝ ဆုံးဖြတ်လိုက်တယ်။ ခုဖြစ်နေတဲ့ တရားခံတွေ အသတ်ခံနေရတာဟာလည်း မင်းတို့ နှစ်ယောက်ကို ရှင်းပစ်လိုက်ရင် ရပ်သွားလိမ့်မယ်လို့ သူယုံကြည်တယ်"
ရဲချုပ်က မာမာထန်ထန်ပင် ပြောလေသည်။

"အဖေ.. Kira လုပ်တဲ့လူသတ်မှုတွေ ရပ်ကုန်ပြီလေ။ ဘာတွေပြောနေတာလဲ"
Light ကနားမလည်။

"ဟင့်အင်း.. မရပ်သေးဘူး။ လူတွေ အသတ်ခံနေရတုန်းပဲ"

"ဗျာ! သားကို ပြောတော့ လူသတ်မှုတွေ မဖြစ်တော့ဘူးဆို"

"မင်း Kira ပါလို့ ၀န်ခံအောင် L က တမင်သက်သက် အသိမပေးတာဖြစ်လိမ့်မယ်။ စုံထောက်တွေ လုပ်နေကျ အထာပေါ့ကွာ။ ဒါပေမယ့် ဒါက အရေးမကြီးပါဘူး။ တကမ္ဘာလုံးက ခေါင်းဆောင်တွေရော၊ ကုလသမဂ္ဂ အကြီးအကဲတွေရောက L ရဲ့ အကြံပေးချက်ကို လက်ခံတယ်။ အဲဒါကတော့ မင်းတို့ နှစ်ယောက်ကို သတ်၊ Kira ကိုသတ်ပြီးသား ဖြစ်ရော ဆိုတဲ့ အကြံပေးချက်ပဲ။ အဲဒီတော့ အကြောင်းကြောင်းကြောင့် မဆိုင်သူတွေ အန္တရာယ် မဖြစ်ရအောင် Kira ကို လူမသိ၊ သူမသိ နေရာမှာ သတ်မယ်။ ဒါပဲ"

ရဲချုပ်၏ ပြတ်သားစွာ ပြောလိုက်သော စကားအဆုံးတွင် Light နှင့် Misa တို့နှစ်ယောက် အသည်းအသန် ကန့်ကွက်ကြပြန်သည်။
"ဟာ..ဖေဖေကလည်း အဓိပ္ပာယ်မရှိတာ။ သားမှ Kira မဟုတ်တာ"
"အင်းလေ..နောက်ပြီး သူက ဦးရဲ့သားပဲဟာကို"

"ဟေ့..ဒါ ငါ့ဆုံးဖြတ်ချက်မဟုတ်ဘူး။ L ရဲ့ ဆုံးဖြတ်ချက်။ ဘယ်သူမှ လိုက်လို့မရတဲ့ အမှုတွေကို သူရအောင် လိုက်ခဲ့တာ များပြီ၊ တခါမှ သူ့အမြင်၊ သူ့ဆုံးဖြတ်ချက် မမှားသေးဘူး။ ဒီတခါလည်း မှားမှာ မဟုတ်ဘူး"

"ဖေဖေ.. L ကို သားထက် ပိုယုံတယ်ပေါ့"
Light ရင်နာစွာနှင့် မေးလိုက်တော့

"L ကပြောထားသေးတယ်။ ဒီကိစ္စကို သူတာဝန်လုံးလုံးယူတယ်တဲ့။ တကယ်လို့ သူမှားသွားတယ်ဆိုရင်တောင် သူ့အသက်နဲ့လဲပြီး အလျော်ပေးမယ်တဲ့"

"ဗျာ!!"

"ရောက်ပြီကွ"
ပြောပြောဆိုဆို ရဲချုပ်က ကားကို လမ်းဘေးကုန်းအောက်သို့ထိုးဆင်းကာ တံတားတခုအောက်တွင် ရပ်လိုက်၏။ အနီးအနားတွင် လူသူ တဦးတယောက်မျှမရှိ။ အစာစားနေသည့် ငှက်တို့ လန့်ပျံကြကုန်၏။

.... ဘာလို့ ဒီလိုလူပြတ်တဲ့နေရာ ခေါ်လာရတာလဲ၊ အဖေ ဘာတွေ ကြံနေလဲ .....
Light တွေးနေစဉ်

"ဦး...အဲ..ဖေဖေ.. သမီးတို့ကို လွှတ်ပေးတော့မလို့လားဟင်"
Misa ကမျှော်လင့်တကြီးမေးလေသည်။

"အေး..ဒီနားမှာ ငါတို့ ဘာလုပ်လုပ် ဘယ်သူမှ မတွေ့နိုင်ဘူးလေ။ ငါ မင်းတို့ကို လူသတ်စခန်း ခေါ်သွားရမယ့်အစား တမင်တကာ ဒီ ခေါ်လာတာ"
ရဲချုပ်က ပြောရင်း အပြင်လောကကို ငေးကြည့်နေသည်။
နေ၀င်ဆည်းဆာတွင် လောကကြီးက ငြိမ်သက်နေ၏။ အိပ်တန်းတက်သော ငှက်တို့ အုပ်လိုက်ပျံသန်းသွားကြသည်။

ရဲချုပ် သက်ပြင်းတချက် လေးတွဲ့စွာချလိုက်ရင်း အေးစက်သော မျက်လုံးများနှင့် Light ကိုလှည့်ကြည့်ကာ
"Light.. မင်းကို ငါကိုယ်တိုင် ဒီမှာ သတ်မယ်၊ ပြီးတော့ ငါ့ကိုယ်ငါ သတ်သေမယ်"
အေးစက်စွာ ပြောချလိုက်တော့သည်။

"ဟာ အဖေ! ဘာတွေပြောနေတာလဲ။ မဟုတ်တာတွေ!!"
Light ကလည်း မျက်လုံးပြူး မျက်ဆန်ပြူးနှင့် အော်၊

"ဖေဖေ!! ရူးသွားပြီလား! ကိုယ့်သားကိုယ် မသတ်ပါနဲ့!!!"
Misa ကလည်း မျက်ရည်တွေတွေကျရင်း အော်။

"အဖေ သေချင်ရင် ကိုယ့်ဟာကိုယ် သေပေါ့။ အဖေ ဒီလို လုပ်လို့တော့ Kira နဲ့ဘာမှ မခြားဘူး"
Misa ကဆက်အော်ဟစ်နေလေသည်။

"မတူဘူးကွ! ငါ့မှာ တာဝန်ရှိတယ်။ အဖေတယောက်အနေနဲ့ရော ရဲချုပ်တယောက်အနေနဲ့ရောကွ"

"ဖေဖေ.. သားတို့ ဒီမှာ သေသွားလည်း တကယ့်အမှန်တရားကို သူတို့သိမှာ မဟုတ်ဘူး။ ဒီတာဝန်ကို မလုပ်မဖြစ်ဆိုရင်တော့ သားတို့တူတူထွက်ပြေးတာ ပိုကောင်းလိမ့်မယ်"
Light က သူ့အမြင်ကို တရစပ်ပြောချလေသည်။

"သိပ် နောက်ကျသွားပြီ Light"
ရဲချုပ်ကား ဆုံးဖြတ်ပြီးလေပြီ။ သူ့အိတ်ထဲမှ သေနတ်ကို ဆွဲထုတ်လိုက်သည်။
"မင်းကို သတ်ကို သတ်ကြတော့မှာပဲ။ အေး..မင်းအသတ်ခံရမယ့် အတူတူတော့ သတ်တဲ့လူဟာ ငါပဲ ဖြစ်ရမယ်ကွ။ ငါ့သားကို ငါကလွဲလို့ ဘယ်သူမှ ပေးမသတ်နိုင်ဘူး"
ပြောပြီးပြီးချင်းပင် Light ၏နဖူးသို့ သေနတ်ကိုထောက်လိုက်လေ၏။

"အဖေ..မလုပ်ပါနဲ့။ သား Kira မဟုတ်ဘူး!!! သားသာ သေသွားမယ်ဆိုရင် Kira ဖြစ်စေချင်တဲ့အတိုင်း ဖြစ်သွားတာနေမှာပဲ။ အဖေ သဘောမပေါက်သေးဘူးလား!!"
Light အသည်းအသန် အသံ တုန်တုန်ရင်ရင်နှင့် တောင်းပန်နေလေပြီ။ လက်ထိပ်ခတ်ခံထားရသည့် လက်နှစ်ဖက်ကား ရုန်းကန်ရလွန်း၍ သွေးပင်ထွက်မတတ်။

ရဲချုပ်ကား Light စကားများကို ဂရုမစိုက်။ Misa ဘက်သို့ အေးစက်သည့်မျက်လုံးများနှင့်ကြည့်ကာ
"Amane ငါ့သားနဲ့ငါ ဒီမှာ သေကြမယ်။ မင်းဟာ ငါ့သမီးမဟုတ်တဲ့အတွက် ငါသတ်စရာ မလိုဘူး။ ရဲတွေရောက်လာပြီးရင် မင်းကို လူသတ်စခန်းမှာပဲ သတ်ကြလိမ့်မယ်"

ပြောပြီးသည်နှင့် Light နဖူးတွင် ထောက်ထားသော သေနတ်ကို မောင်းတင်လိုက်ကာ
"Light.. ငါတို့ နှစ်ယောက်လုံး လူသတ်သမားတွေပဲ။ တို့သားအဖ ငရဲမှာ ပြန်တွေ့ကြမယ်"

ရဲချုပ်၏ မျက်လုံးများကား အရာရာကို အပြီးတိုင်ဆုံးဖြတ်စွန့်လွှတ်ထားသည့်မျက်လုံးများ။
Light ကားဘာမှ မတတ်နိုင်တော့
"အဖေ!!!!"
ဟုအော်လိုက်သည့် Light ၏အသံ

"မလုပ်ပါနဲ့!!!!!"
ဟုအော်လိုက်သည့် Misa ၏အသံ

ထိုအသံတို့မဆုံးမီ
"ဒိုင်း!!!!!!!"

တံတားအောက် အမှောင်ထဲတွင် ကားတစီးရပ်ထားသည်။
အရာအားလုံးသည် တိတ်ဆိတ်လျက်။

သေမင်းစာအုပ် အသုံးပြုပုံ ကောက်နှုတ်ချက်
သေမင်းစာအုပ် စွန့်လွှတ်လိုက်ပါက သေမင်းတို့နှင့် ပတ်သက်သည့် အကြောင်းအရာများအားလုံး မေ့ပျောက်သွားမည့်အပြင် သေမင်းမျက်လုံး လဲလှယ်ခဲ့ဖူးပါက ထိုအစွမ်းသတ္တိများလည်း ဆုံးရှုံးသွားမည်။ ထို့အပြင် အလဲအလှယ်ပြုထားသည့် လူ့သက်တမ်းတ၀က်ကိုလည်း ပြန်လည်ရရှိမည် မဟုတ်ပေ။

သေမင်းစာအုပ်ပိုင်ရှင်သည် သေမင်းစာအုပ်ပိုင်ဆိုင်ခွင့် မဆုံးရှုံးဘဲ အခြားလူတယောက်ကို စာအုပ် အငှားချထားနိုင်သည်။ ထိုသူမှလည်း နောက်တဦးသို့ ထပ်ဆင့် ငှားနိုင်ခွင့်ရှိသည်။