စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Tuesday, February 25, 2014

သေမင်းစာအုပ် (၁၂)

L တို့စုံစမ်းရေးအဖွဲ့ Light ကို အကူအညီတောင်းရေး ဆွေးနွေးနေကြသည်။

"Light ကို ဒုတိယ Kira အကြောင်းအသိမပေးဘဲ အကူအညီတောင်းတာ စုံစမ်းရေးအတွက်မထိခိုက်ပေဘူးလား"

"မထိခိုက်ပါဘူး။ ဒီအချက်ကို မပြောဘဲထားမှာကလည်း ဒီvideo လေးပြပြီး သူ့အမြင်ကို မေးပြီးတဲ့အထိပါပဲ။ သူစဉ်းစားတွေးခေါ်တာ သိပ်ကောင်းတယ်။ ဒါကြည့်ပြီးရင် ဒုတိယ Kira ရှိတယ်လို့ သူသိမှာပဲ။ အဲဒီလို ဒုတိယ Kira ရှိတယ်လို့ သူထုတ်ပြောမယ်ဆိုရင် သူ့ကို Kira လို့သံသယဖြစ်နေတာတွေ တော်တော်လေးလျော့သွားမှာပါ"

"မင်းပြောတာ ဘာအဓိပ္ပာယ်လဲ Ryuzaki"
ရဲချုပ်က ၀င်မေးသည်။

"Kira ဟာ သူ့ကိုဖမ်းဖို့လုပ်နေတဲ့ L ကို ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် သတ်ချင်တာအမှန်ပဲ။ ခု အခြေအနေအရ နောက် ၃ ရက်ဆို ဒုတိယ Kira တောင်းဆိုတဲ့အတိုင်း TV မှာကျနော် မျက်နှာပြရတော့မယ်။ အဲဒီမှာ နာမည်သိစရာမလိုဘဲ သတ်နိုင်တဲ့ ဒုတိယ Kira ကကျနော့်ကို သတ်မယ်။ ဒီလောက်ကောင်းတဲ့ အခွင့်အရေးကို Kira အစစ် လက်လွှတ်ခံမယ်မထင်ဘူး"

"ဒါဖြင့် မင်းပြောတာက ငါ့သားသာ ဒုတိယ Kira ရှိပါတယ်လို့ ထုတ်မပြောရင် သူ့အပေါ် သံသယတွေ ပိုတိုးလာမယ်ပေါ့"

"ဟင့်အင်း၊ အဲဒီလိုဆိုလည်း သူ့ဖြစ်နိုင်ခြေက ၅ ရာနှုန်းအောက်မှာပဲရှိဦးမှာပါ။ ဒုတိယ Kira ရှိတယ်လို့ ထင်တယ်ဆိုတာ ကျနော်ကိုယ်တိုင် သူ့ကို ပြောပြပြီးတော့ ကျနော်တို့ကို ကူဖို့ ပြောဦးမှာပါပဲ"

Light ဆီသို့ ဖုန်းဝင်လာသည်။

"Light ရေ၊ Ryuzaki က မင်းကို စုံစမ်းရေးမှာ ၀င်ကူပါတဲ့။ အဲဒါ မင်းစိတ်ဝင်စားရင် လာခဲ့ပေတော့"
ရဲချုပ် Yagami သူ့သားထံသို့ ဖုန်းဆက်ပြောနေသည်။

"ဟုတ်ကဲ့ ဖေဖေ၊ သား လာခဲ့ပါမယ်"

...... ကံများ ကောင်းလိုက်ပုံ။ ငါက သူတို့ထဲ ဘယ်လိုဝင်ရမလဲ စဉ်းစားနေတုန်းရှိသေး၊ သူတို့ကိုယ်တိုင်က လာခဲ့ပါလို့ ခေါ်နေပြီ။ ဒီတိုင်းဆိုရင်တော့ Kira အတုအကြောင်း လွတ်လွတ်လပ်လပ် စုံစမ်းလို့လည်းရ၊ သူတို့ စုံစမ်းရေးအဖွဲ့ရဲ့ အတွင်းရေးတွေလည်း သိရ၊ ဟန်ကိုကျလို့။ အဲ..Kira အတုအကြောင်းကိုတော့ သူတို့ထက်အရင် သိရဖြစ်မယ်.........

L ၏ဟိုတယ်ခန်းတွင်
"ခုလို ကူညီဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် ကျေးဇူးပါ Yagami Light"
L က နှုတ်ဆက်၏။

"မလိုပါဘူးကွာ။ ငါကလည်း မင်းလိုပဲ Kira ကိုဖမ်းချင်နေတာပါ Ryuga ရ"

"ငါ့ကို သူများတွေခေါ်သလို Ryuzaki လို့ပဲခေါ်ပါ"

ထို့နောက် ကျန်သူများ အသီးသီး မိတ်ဆက်ကြပြီးသော်

"ကဲ Kira နဲ့ပတ်သက်တဲ့ ငါတို့မှာရှိတဲ့ ဟာတွေအားလုံး မင်းကြည့်ကြည့်ပါဦး။ ဟောဒီမှာ TV ကမလွှင့်ရသေးတဲ့ video လည်းရှိသေးတယ်။ ဒါပေမယ့် ရေးမှတ်တာတို့၊ ပစ္စည်းတွေ အပြင်သယ်သွားတာတို့တော့ ခွင့်မပြုဘူး"

"အေးပါ"

video ကြည့်ရင်းနှင့် Light တိတ်တဆိတ် တွေးတောနေသည်။
.... ဒီ video နဲ့ပတ်သက်လို့ ငါ့ကို ဘာလို့ ဘာမှကြို မရှင်းပြကြတာလဲ။ ငါ့ကိုဘာလို့ စောင့်ကြည့်နေကြတာလဲ။ တခုခုတော့ တခုခုပဲ။ ဒီ video နဲ့ပတ်သက်ပြီး ငါ စကားမှားလို့ မဖြစ်ဘူး။ အေးလေ၊ ငါဘာမှ မလုပ်လဲ L သေရတော့မှာပဲ .........

"ဘယ်လိုလဲကွ Light။ ဘာများထူးခြားတာတွေ့လဲ"
video ကြည့်ပြီးသွားသော Light ကို L ကမေးလာသည်။

"Kira လို လူသတ်နိုင်တဲ့ စွမ်းရည်ရှိတဲ့လူ တယောက်မက ရှိနေနိုင်တယ်။ ဒီတယောက်ဟာ အရင်က တယောက်မဟုတ်ဖို့များတယ်။ အရင် Kira သာဆို ဒီထဲက သူသတ်ခဲ့တဲ့ လူတွေကို ရွေးမှာမဟုတ်ဘူး။ ပြီးတော့ Kira ဟာလူသတ်ဖို့ နာမည်နဲ့ မျက်နှာ တွဲသိဖို့လိုတယ်ဆိုတဲ့အချက်ကို စဉ်းစားရင် TV ရုံရှေ့မှာ ရဲတွေကိုသတ်လိုက်နိုင်တာ အဓိပ္ပာယ်မရှိတော့ဘူး "

"ငါတို့လည်း မင်းလိုပဲထင်တယ် Light"
L က ပြောတော့

"ဒါဖြင့် မင်းသိသိကြီးနဲ့ ငါ့ကို စမ်းကြည့်တာပေါ့၊ ငါဘယ်လိုဖြေမလဲ မင်းစောင့်ကြည့်တာပေါ့"

"မဟုတ်ပါဘူးကွာ။ ငါတယောက်တည်းက ဒုတိယ Kira ရှိတယ်လို့ ယူဆတာထက်စာရင် မင်းရော ငါရော နှစ်ယောက်လုံးက ယူဆတော့ပိုလက်ခံနိုင်ခြေ ရှိသွားတာပေါ့။ မင်း အကူအညီယူရတာ သိပ်အကျိုးရှိတယ်ကွ"

L ကပင်ဆက်ပြောသည်။

"အရင်ဆုံး ဒုတိယ Kira ကိုအမိဖမ်းရမယ်။ သူက Kira ကိုအတော့်ကို အထင်ကြီးလေးစားတယ်၊ ဒါပေမယ့် တကယ့် Kira လောက်တော့ မပါးနပ်ဘူး။ Kira ပြောသမျှလည်း နားထောင်မယ့်ပုံပဲ။ အဲဒီတော့ ငါတို့က Kira အစစ်ဆီက ပုံစံမျိုးသူ့ကို ဆက်သွယ်လိုက်ရင် ငါတို့လှည့်ကွက်ထဲ ၀င်လာဖို့များတယ်"

"ဟာ..ငါလည်း ဒီတိုင်းစဉ်းစားနေတာကွ။ ဒါ အဖြစ်နိုင်ဆုံးပဲ"

"ဒါဖြင့် မင်းပဲ Kira အစစ်နေရာကနေပြီး လုပ်ကြမယ်ကွာ"

Light နည်းနည်းပြာသွားသည်။
"ဟေ..ငါ"

"အေး။ မင်းလို ပါးရည်နပ်ရည်ရှိပြီး တွေးတတ်ခေါ်တတ်တဲ့ လူတယောက်အနေနဲ့ ဒီလောက်တော့ လုပ်နိုင်မှာပါ။ သိပ်အချိန်မရှိဘူးကွ။ ဒီညနေသတင်းမှာလွှင့်ဖို့ Kira နေရာကနေ သတိပေးစာ တခုခုရေးတော့ကွာ"

Ryuk ကသဘောကျလွန်း၍ တဟားဟား ရယ်လေသည်။
...... ခွေးသူတောင်းစားကောင်။ ဒီခွေးသားက ငါ့ကို ဒါခိုင်းဖို့ ခေါ်ထားတာလား .......
Light ကား အတွင်းကျိတ် ဒေါသ ချောင်းချောင်းထွက်လေပြီ။

ညနေဘက် စာရေးပြီးသော်
"Ryuzaki မင်းဖတ်ကြည့်လိုက်ဦးကွ။ ငါတော့ Kira ရေးမယ်ထင်တဲ့အတိုင်း ရေးထားတာပဲ"

"အကျိုးနဲ ကောင်းတာပဲကွ။ ဒါပေမယ့်ကွာ 'မင်း L ကိုသတ်လိုက်လည်း ငါအရေးမလုပ်ဘူးကွ' ဆိုတဲ့စာသားလေး မဖြုတ်ဘဲ လွှင့်လိုက်ရင်တော့ ငါ သေမှာကွ"
L ကပြောတော့

"ဟားဟားဟားဟား၊ ငါက ငါ့ကိုငါ Kira ဆိုပြီး စဉ်းစားကြည့်တာကိုးကွ။ သူကတော့ L ကို သေကို သေစေချင်မှာပဲလေ။ အတည်ရေးထားတာ မဟုတ်ပါဘူးကွာ။ မင်းဟာမင်းသာ အဲဒါကို လိုသလို တည်းဖြတ်လိုက်ပေါ့"

"အေး..ဖြတ်ရမှာပေါ့ကွ"

ညနေသတင်းတွင်
'ကျုပ် Kira အစစ်ပဲ'

TV ကြည့်နေသည့် မိန်းကလေး Misa အလွန်ပျော်သွားသည်။
"အို Kira ကျမကို ပြန်ဆက်သွယ်ပြီ"

'တနေ့က Sakura-TV ကိုအခွေပို့ပြီး လွှင့်ခိုင်းတဲ့သူဟာ Kira မဟုတ်ဘူး။ ဒါပေမယ့် အဲဒီလူဟာ ကျုပ်ကို ထောက်ခံတယ်၊ ကျုပ်ကိုယ်စား ၀င်ပြောပေးတယ်လို့ ယူဆတယ်။ အဲဒီအတွက် ကျုပ်ကျေးဇူးတင်ကြောင်း ပြောလိုတယ်။ ဒါပေမယ့် အပြစ်မဲ့တဲ့သူတွေကို သတ်ဖြတ်တာဟာ ကျုပ်ရဲ့ ဆန္ဒနဲ့ မကိုက်ညီဘူး။ ကျုပ်ကို ထောက်ခံတယ်၊ ကျုပ်ပြောတာကို လက်ခံတယ် ဆိုရင် ဒီအဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်တွေကို ဆက်မလုပ်ဖို့၊ ကျုပ်ရဲ့ အဓိက ရည်ရွယ်ချက်ကို နားလည်အောင် ကြိုးစားဖို့ ပြောချင်တယ်။ ကျုပ်ပြောတာကို လက်မခံဘဲ ကိုယ်စိတ်ထင်ရာ ဆက်လုပ်နေမယ်ဆိုရင် ကျုပ်ကိုယ်တိုင် ပြစ်ဒဏ်ချရတဲ့ အခြေအနေရောက်လာလိမ့်မယ်'

Misa ကားတက်ကြွနေလေပြီ။
"အခွေ နောက်တခွေ လုပ်ရတော့မယ်"

ရက်အနည်းငယ်ကြာသော် ရဲဌာနသို့ စာအိတ်နှင့် အခွေတခွေ ရောက်ရှိလာလေသည်။
'Kira ရေ၊ အကြောင်းပြန်တဲ့အတွက် ကျေးဇူးတင်ကြောင်း အရင်ပြောပါရစေ။ ပြောတဲ့အတိုင်း လုပ်ပါမယ်ဆိုတာလည်း ပြောတာပါ '

..... ပြောတဲ့အတိုင်း လုပ်မတဲ့။ ဒီကောင် ငါ့အတွက် အသုံးဝင်မှာလား ........
Light တွေးနေရပြီ။
..... မင်းသာ Kira ဆန္ဒကို နားလည်မယ်ဆိုရင် L ကို TV ပေါ်မှာ ကိုယ်ထင်ပြဖို့ ဆက်ပြီး အကြပ်ကိုင်၊ ပြီးတော့ သတ်ပစ်သင့်တယ်။ ဒီ video ဟာလေးလောက်နဲ့တော့ အလှည့်စား မခံရသင့်ဘူး ငတုံးရဲ့ ........

'ကျုပ် Kira ကို လူချင်းတွေ့ချင်တယ်။ ခင်ဗျားမှာ မျက်လုံးမရှိလောက်ဘူးလို့ ကျုပ်ယူဆထားပေမယ့် ကျုပ် ခင်ဗျားကို မသတ်ဘူးဆိုတာ အာမခံပါတယ်။ စိတ်မပူပါနဲ့'

ကြားလိုက်ရသည့် စကားကြောင့် Light အကြီးအကျယ် မျက်လုံးပြူးသွားလေသည်။
..... ဒီကောင် ခေါင်းမှ ကောင်းရဲ့လား။ တလောကလုံး ကြည့်ရမယ့် video ထဲမှာမှ ဒီမျက်လုံးအကြောင်းကို ထည့်ပြောရတယ်လို့ ......

"နေစမ်းပါဦး.. ဘာတဲ့.. မျက်လုံးမရှိဘူး"

Light လိုပင် L လည်း မျက်လုံးပြူးနေလေပြီ။ သူ နားမလည်တော့။

'ရဲတွေ မမိနိုင်ဘဲ ကျုပ်တို့ချင်းတွေ့နိုင်မယ့်နည်းလေး စဉ်းစားပေးပါ။ ကျုပ်တို့ချင်း တွေ့တဲ့အချိန်ကြရင် သေမင်းတွေပြပြီး အတည်ပြုကြတာပေါ့'

..... ငါတခုခု အလျင်အမြန်လုပ်မှ ဖြစ်တော့မယ်။ ဒီကောင် ချီးဗရိန်းပဲ ......
Light အပြေးအလွှား အကြံထုတ်နေရလေ၏။

"သေမင်းတွေ!!!"
ကျန်သူများကား အလန့်တကြားနှင့် ထအော်ကြလေသည်။
တည်ငြိမ်လှသော L ပင် ဆောင့်ကြောင့်ထိုင် TV ကြည့်နေရာမှ လန့်ဖြန့်ပြီး ခုံပေါ်မှ ပြုတ်ကျသွား၏။

"သေမင်းတွေတဲ့... ဒီလိုဟာတွေ တကယ်ရှိတယ်လို့ ငါ လက်ခံရတော့မှာလား"
ကြမ်းပြင်ပေါ်မှ မထနိုင်ပဲ L တတွတ်တွတ် ရွတ်နေမိတော့သည်။

သေမင်းစာအုပ် သုံးစွဲပုံ ကောက်နှုတ်ချက်
သေဆုံးရမည့် အချိန်နှင့် သေဆုံးရမည့် အခြေအနေ၊ ပုံစံ အပြည့်အစုံ တို့ကို နာမည် မရေးဘဲ ကြိုတင်ရေးထားနိုင်သည်။ သို့သော် လူ့ပြည်နေ့ရက် ၁၉ ရက်အတွင်း နာမည်ကို ထည့်သွင်းရမည်။
ယင်းနာမည် ရေးထည့်ရာတွင် ရေးထည့်သူသည် သေမင်းစာအုပ်ပိုင်ရှင် မဟုတ်သည့်တိုင်အောင် နာမည်ပိုင်ရှင်၏ မျက်နှာကို မြင်ယောင် ရေးထည့်သည် ဆိုပါက သေမင်းစာအုပ်သည် ပုံမှန်အတိုင်း အလုပ်လုပ်မည်ဖြစ်၏

No comments:

Post a Comment