စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Tuesday, February 25, 2014

သေမင်းစာအုပ် (၁၂.၂)

စုံစမ်းရေးတဖွဲ့လုံး ဆူညံဆူညံ ဖြစ်ကုန်သည်။

"မဖြစ်နိုင်တာ"

"ဒါမျိုးတွေ တကယ်မရှိနိုင်ပါဘူး"

"အေးလေ Ryuzaki ရာ။ သေမင်းဆိုတာ တကယ်တမ်းတော့ မရှိနိုင်ပါဘူး"
Light ကခပ်တည်တည်နှင့် ၀င်ပြောလေသည်။

L က လှည့်ကြည့်ပြီး
"Kira ဟာ သေမင်းတွေရှိတယ်ဆိုတဲ့ ပုံစံမျိုး ထောင်သားတွေကို သုံးပြီး စာတွေရေးခိုင်းခဲ့ဖူးတယ်"

"ဒါဖြင့် ဒီတယောက်နဲ့ အရင်တယောက် တူတူပဲလို့ ကျုပ်တို့ မယူဆသင့်ဘူးလား။ တယောက်တည်းမို့လို့သာ ဒီလိုမျိုး စကားလုံး ဆင်တူတွေ သုံးတာဖြစ်နိုင်တာပဲ"
ရဲချုပ်က ပြော၏။

"မဖြစ်နိုင်ဘူး ဖေဖေရ။ Kira သာတယောက်တည်းဆိုရင် ကျနော်တို့ လွှင့်လိုက်တဲ့ video ကို ဘာမှ အဖက်လုပ် တုံ့ပြန်စရာ အကြောင်းမရှိဘူး။ L ကို TV ပေါ်မှာ တွေ့ပြီး သတ်ပစ်ခွင့်ရမယ့် အခွင့်အရေးကို ဘယ်လိုနည်းနဲ့မှ Kira လက်လွှတ်ခံမှာ မဟုတ်ဘူး"

"ဒါဆို ဒီ Kira နှစ်ယောက် အချင်းချင်း တွေ့ပြီးကြတာလဲ ဖြစ်နိုင်တာပဲ။ သူတို့ချင်း တိုင်ပင်ပြီး သေမင်းတွေ ရှိသယောင်ယောင် ပြောပြီး စုံစမ်းရေးကို ဒုက္ခရောက်အောင် လုပ်တာဖြစ်နိုင်တယ်လေ"
Aizawa ကလည်း ၀င်ဆွေးနွေးပြန်သည်။

"မဖြစ်နိုင်ဘူးဗျ။ Light ပြောသလိုပဲ၊ သူတို့ချင်းသာ တွေ့ပြီးလို့ကတော့ ကျနော် TV ပေါ်မှာ သေရမယ့်အရေးကို လုံးဝ လက်လွှတ်ခံမှာ မဟုတ်ဘူး။ Kira အစစ် တကယ်တမ်း ဘာလုပ်ချင်တယ်၊ ဘာဖြစ်ချင်တယ်ဆိုတာမသိဘဲ ဒုတိယ Kira ကသူ့စိတ်နဲ့သူ လျှောက်လုပ်ခဲ့တာ။ အဓိကကတော့ သူ Kira ကိုတွေ့ချင်တာပဲ"
စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်လိုက်နိုင်ပြီဖြစ်သည့် L စကားပြန်ပြောနိုင်လာသည်။

"ဟုတ်တယ်။ ဒီတယောက်က Kira ကို ကိုးကွယ်တဲ့စိတ်၊ တွေ့ချင်တဲ့စိတ်နဲ့ လုပ်နေတာ။ ဖြစ်နိုင်တာ တခုတော့ရှိတယ်။ သေမင်း ဆိုပြီး သုံးတာဟာ သူတို့ရဲ့ လူသတ်နိုင်စွမ်းရည်ကို ပြောတာများ ဖြစ်မလားပဲ။ သူတို့ ပြောခဲ့တယ် မဟုတ်လား 'သေမင်းတွေပြပြီး အတည်ပြုကြတာပေါ့' ဆိုတာ။ ဒါဟာ လူသတ်နိုင်စွမ်းရည်ပြပြီး အတည်ပြုကြတာပေါ့လို့ ကျနော်တို့ အဓိပ္ပာယ်ဖွင့်လို့ ရမယ်ထင်တယ်"
Light က ၀င်ရှုင်းပေးလိုက်သည်။

"အင်း..ဟုတ်လောက်တယ်။ အနည်းဆုံးတော့ 'သေမင်း' ဆိုတဲ့ စကားလုံးဟာ Kira ရော၊ ဒုတိယ Kira ရောမှာ ရှိတဲ့ဟာ တခုခုကို ပြောတယ်လို့တော့ ကျနော်တို့ လက်ခံလို့ရတာပေါ့။ ဒိထက်ပိုရှင်းလို့ရမလားလို့ နည်းနည်းထပ်ပြီး ကြိုးစားကြည့်ကြရအောင်"
L ကား နောက်ထပ် လှုပ်ရှားရန် ပြင်နေလေပြီ။

"နောက် video တခုထပ်လုပ်ပြီး သူ့ကို ပြန်ဆက်သွယ်ဦးမလို့လား။ အဲလို အတင်းကြီး သတင်းနှိုက်နေရင် ငါတို့ တကယ်တမ်း ဘာမှ မသိဘူး၊ Kira အစစ်လည်း မဟုတ်ဘူးဆိုတာ သူရိပ်မိသွားနိုင်တယ်နော်"

"ဟင့်အင်း၊ Kira နဲ့ ဒုတိယ Kira သူတို့ဟာ သူတို့ ဒီဇာတ်ကို ဆက်ကကြပစေတော့"

"ဟေ.. ဒီတိုင်း ထားလိုက်တော့မယ်လား"

"ဒုတိယ Kira ဟာ သူ့ကိုယ်သူ Kira နဲ့ အဆက်အသွယ်ရပြီး ကျေနပ်နေပြီလေ။ တကယ့် Kira ကလည်း ကျနော်တို့ အင်ထုပြီး လွှင့်လိုက်တဲ့ video ကို ဒုတိယ Kira ဘယ်လိုတုံ့ပြန်မလဲလို့ စိတ်ဝင်တစား စောင့်ကြည့်နေမှာပဲ။ သူ့အနေနဲ့ဆို ဒုတိယ Kira တယောက် ရဲတွေနဲ့ သွားတိုးမှာကို လိုလားမှာ မဟုတ်ဘူး။ အဲဒီတော့ Kira အစစ်ဟာ ဒီ video ကို တခုခုတော့ အကြောင်းပြန်ဖို့များတယ်"

"အကြောင်း မပြန်ရင်ရောဗျ"

"အဲဒီအခါကျရင် နောက်ထပ်လျှို့ဝှက်ချက် တခုကို ဒုတိယ Kira ကထပ် ထုတ်ပြောဖို့များတယ်။ ဒီအချက်ကလည်း Kira ကလူတွေမသိစေချင်တဲ့အချက်ပဲ ဖြစ်လိမ့်မယ်။ ဒါမှ Kira အစစ်ဟာ စိတ်တွေပူပြီး သူ့ကို ဆက်သွယ်ဖို့ ကြိုးစားမှာကိုးဗျ။ တကယ်လို့များ Kira ဟာ ပြာယာခတ်ပြီး ဒုတိယ Kira ဆီဆက်သွယ်ဖို့ အခုလိုမျိုး video လုပ်ပို့လာလို့ကတော့ ကျနော်တို့အတွက် အခွင့်ကောင်းပဲ။ သူနဲ့ပတ်သက်တဲ့ သဲလွန်စလေးဘာလေး ရနိုင်ခြေ ရှိသွားတာပေါ့။ ကဲ..လောလောဆယ်တော့ ဒုတိယ Kira ဘယ်သူလဲဆိုတာပဲ အာရုံစိုက်လိုက်ကြရအောင်"

ထိုအချိန်တွင် ဒုတိယ Kira တဖြစ်လဲ ဂျပန် နာမည်ကြီး မော်ဒယ်လေး Misa မှာ ပျော်ရွှင်စွာ ကိုယ်ဟန်ပြ ဓာတ်ပုံရိုက်ခံနေလေသည်။
"Misa ရယ်၊ နင်ဟာ သိပ်နေတတ်တာပဲ။ အားလုံးထဲမှာ အတော်ဆုံး၊ အချောဆုံး၊ အလှဆုံးပဲ"
ဓာတ်ပုံ ဆရာမက ထုတ်၍ပင် ချီးကျူးနေသေးသည်။

Misa အိမ်ပြန်ရောက်သော်
"Rem ရေ ကျမ တခုလောက် မေးစမ်းပါရစေဦး"

"ဘာလဲကွ"

"ရှင်ပြောတယ်မဟုတ်လား။ သေမင်းတိုင်း သေမင်းတိုင်းဟာ သေမင်းစာအုပ်တအုပ်တော့ ပိုင်ဆိုင်ရတယ်၊ အဲတော့ လူတယောက်ယောက်ကို သေမင်းစာအုပ်ပေးချင်ရင် ကိုယ့်ဆီမှာ နှစ်အုပ် ရှိမှ ဖြစ်တယ်ဆိုတာ"

"အေးလေ။ အဲတော့ ဘာဖြစ်လဲ"

"ခု Kira ကို သေမင်းစာအုပ် ပေးထားတဲ့ Ryuk က သေမင်းဘုရင်ဆီကနေ သေမင်းစာအုပ်တအုပ်ကို လိမ်ပြီး ထုတ်လာတာနော်"

"ဟုတ်တယ်လေ။ ငါပြောပြပြီးသားပဲ"

"ဒါဖြင့် ရှင်ကရော။ သေမင်းဘုရင်ကြီးကို သူ့လိုပဲ သွားလိမ်လာတာလား"

"ပေါက်ပေါက်ရှာရှာ။ သေမင်းဘုရင်ကို လိမ်ဖို့ဆိုတာ လွယ်တာမှတ်လို့။ ဟိုကောင်သာ လည်လွန်းအားကြီးလို့ ရသွားတာ"

"အဲ့လိုဆို ရှင်က ဘယ်လိုရလာတာလဲ"

"လွယ်လွယ်ပြောရရင်တော့ သေမင်းတိုင်းပြည်မှာ သေမင်းတွေကို ဘယ်လိုသတ်ရလဲဆိုတာ သိတဲ့ သေမင်းနည်းနည်းလေးထဲမှာ ငါပါနေလို့ပဲ"

"ဟင်၊ ဒါဆို ရှင်က နောက်သေမင်းတယောက်ကို သတ်ပြီး စာအုပ်ယူလာတာပေါ့"

"အဲဒီလိုလည်း မဟုတ်ပါဘူး။ ငါဘယ်သေမင်းမှ မသတ်ခဲ့ဘူး။ သေမင်း တယောက် သေသွားတဲ့အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် သူ့ဘေးမှာ ငါရှိနေခဲ့လို့ပါ"

"ဟယ်..ဒီလိုဆိုရင် ကျမကို သေမင်းတွေကို ဘယ်လိုသတ်ရလဲ ပြောပြပါလား"

Rem သက်ပြင်းကို ချ၍ ပြောလိုက်သည်။
"ဘယ်သူ့မှတော့ ပြောမပြနဲ့နော်။ သေမင်းတယောက်ကို သတ်ဖို့ဆိုတာ လူတယောက်ကို သူချစ်သွားအောင် လုပ်ဖို့လိုတယ်"

"အို.."

"သေမင်းတိုင်းပြည်ကနေ လူ့ပြည်ကို အမြဲပဲ ကြည့်ကြည့်နေတဲ့ သေမင်းတယောက် ရှိခဲ့ဖူးတယ်။ သူ့နာမည်က Jealous တဲ့။ သူကြည့်နေတာ ကောင်မလေး တယောက်ပေါ့။ တနေ့တော့ သူ့ဆီငါရောက်သွားတော့ ကောင်မလေး သေရမယ့်နေ့ဖြစ်နေတာ တွေ့ရတယ်။ ဘာလို့များ ဒီနေ့မှာ သေရမှာလဲကွာ လို့ သူရေရွတ်နေခဲ့တာပေါ့။ ဒီကောင်မလေး ဘယ်လိုများ သေမှာလဲလို့ ငါလည်း စိတ်ဝင်စားတာနဲ့ Jealous နဲ့အတူ စောင့်ကြည့်နေခဲ့မိတယ်။ အဲဒီညမှာ တယောက်တည်း လမ်းလျှောက်လာတဲ့ ကောင်မလေးကို လူခြေပြတ်တဲ့နေရာမှာ စောင့်နေတဲ့ လူတယောက်က သူသိပ်ချစ်တဲ့အကြောင်း၊ ကောင်မလေးကို စောင့်ရှောက်ချင်တဲ့အကြောင်း သွေးရူးသွေးတန်း ပြောတာတွေ့ရတယ်။ ကောင်မလေးဟာ ဒီလူကို မြင်တောင်မှ မမြင်ဖူးရှာဘူးပဲ။ အဲဒီတော့ သူပြောနေတာတွေကို လက်မခံဘူးပေါ့။ အဲဒီမှာ ဒီလူဟာ လက်ထဲမှာ ကိုင်လာတဲ့ သားလှီးဓားကြီးနဲ့ ၀င်ထိုးတော့တာပဲ။ မင်းကိုငါသတ်မယ်၊ ပြီးမှ ကိုယ့်ကိုယ်ကို သတ်သေမယ် ဆိုပြီး အော်ဟစ်လို့ပေါ့။ သူက ဓားနဲ့လိုက်ထိုး၊ ကောင်မလေးက ရှောင်ပြေးနေတဲ့ အချိန်မှာ Jealous ဟာ သူ့သေမင်းစာအုပ်ကို ဖွင့်ပြီး ဟိုလူ့နာမည်ကို ကမူးရှူးထိုး ရေးထည့်တော့တာ။ ငါ တားပေမယ့် သူ နားမထောင်ပါဘူး။ သေမင်းဆိုတာ လူတွေကို သတ်ဖို့ ရှင်သန်နေရတာလေ။ လူတွေကို ကယ်ဖို့မဟုတ်ဘူး။ ကောင်မလေးကို ကယ်လိုက်တဲ့အတွက် သူ သေသွားရရှာတယ်။ သူရှိနေခဲ့တဲ့ နေရာမှာ သဲလိုလို၊ ပြာလိုလို အပုံကလေးရယ် သူ့ သေမင်းစာအုပ်ရယ်ပဲ ကျန်ခဲ့တယ်။ Jealous ရဲ့ ကျန်တဲ့သက်တမ်းတွေကိုတော့ ကောင်မလေးရသွားခဲ့တယ်"

"အဲဒီကောင်မလေးကိုသာ Jealous ကချစ်မနေခဲ့ဘူးဆိုရင် သူ သေမှာမဟုတ်ဘူးဆိုတဲ့ သဘောလား"

"အမှန်ပဲ မိန်းကလေး"

"ဒါဖြင့် ကျမကို ကယ်လိုက်တဲ့ သေမင်းနာမည်က Jealous ပေါ့နော်"
သေမင်းစာအုပ်ကို ရင်ခွင်တွင် ပိုက်ရင်း Misa ကမေးလိုက်လေသည်။

"အေး။ Jealous ဟာ မင်းကို အတိုင်းထက်အလွန် ချစ်ခဲ့တယ်။ ဒါ့ကြောင့် သူ့သေမင်းစာအုပ်ဟာ မင်းစာအုပ်ပဲ"

"ဒါဆို သေမင်းကို သတ်ဖို့ဆိုတာ လူတယောက်ကို ချစ်အောင် လုပ်ရမယ်၊ ပြီးတော့ အဲဒီလူကို ကယ်ခိုင်းရမယ်ပေါ့။ ရှင်ရော Rem၊ ကျမကို မချစ်သေးပါဘူးနော်"

"တော်စမ်းပါ။ စိတ်ကူးယဉ်မနေပါနဲ့။ မင်းငါ့ကို သတ်လို့မရပါဘူး"

"အို..ရှင်က ကြိုတောင် သိနေပြီကိုး"
Misa က နောက်လိုက်သေးသည်။

"အင်းလေ အခုဆို ကျမ Kira ကိုသူမသိသေးတာ တခုသင်ပေးလို့ ရပြီပေါ့။ ကျမတို့ တွေ့ဖို့ ကြံပါဆိုတာကို ခုထက်ထိလည်း အကြောင်းမပြန်သေးဘူး။ တခုခု ထပ်ပြောလိုက်ရင် ကောင်းမလား"

Light လက်ဖက်ရည်ဆိုင်တွင် တယောက်ထဲ ထိုင်အတွေးလွန်နေမိ၏။
.... အခြေအနေကတော့ မကောင်းဘူး။ ဒီ တယောက်ကို ဒီတိုင်း လွှတ်ထားလို့တော့ မဖြစ်ဘူး။ တလွဲတွေလုပ်ပြီး ရဲမိသွားရင် သေမင်းစာအုပ် အကြောင်းပါ ပေါ်သွားနိုင်တယ်။ L မရိပ်မိဘဲ ဒုတိယ Kira ကို ဘယ်လို ဆက်သွယ်ရရင် ဖြစ်မလဲ....

Misa ဆိုင်ထဲဝင်လာပြီး Light ၏ ကျောဘက် မျက်စောင်းထိုးခုံတွင် ကျောပေး၍ ထိုင်ကာ ရေခဲမုန့် မှာစားနေရင်း အတွေးလွန်နေသည်။
...... ငါ့မှာ Kira ကို တွေ့ချင်လှပြီ။ Kira ဆိုတာ ဘယ်လိုလူ၊ ဘယ်လိုပုံမျိုးပါလိမ့် ........

Light တွေးနေမိသည်။
..... ဒီ Kira အတုကောင်ဟာ ဘယ်လိုလူ၊ ဘယ်လိုပုံမျိုးပါလိမ့် .......

No comments:

Post a Comment