စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Tuesday, February 25, 2014

သေမင်းစာအုပ် (၁၃.၂)

ကွန်ပျူတာ တဒေါက်ဒေါက်ခေါက်ရင်း Misa အလုပ်ရှုပ်နေသည်။
"အမယ် ဒီ Yagami Light က ခေသူမဟုတ်တော့။ အထက်တန်းကျောင်းမှာတုန်းက တင်းနစ် အငယ်တန်းချန်ပီယံ ၂ နှစ်ဆက်တိုက်ဖြစ်ဖူးတာပဲ။ ဟော တက္ကသိုလ်မောင်မယ်သစ်လွင်ကြိုဆိုပွဲမှာလည်း နှုတ်ဆက်မိန့်ခွန်း ပြောခဲ့ရသေးတယ်။ ဓာတ်ပုံတော့ မပါဘူး။ ဒါပေမယ့် ဒီလိုနာမည်မျိုး သူကလွဲလို့ ဘယ်သူမှ မဖြစ်နိုင်ပါဘူးလေ။ Kira ဟာ ဒီလို ငယ်ငယ် ချောချောလေး ဖြစ်မယ်လို့ ကျမ တခါမှ မထင်ခဲ့မိဘူး သိလား။ အို ကျမ ထင်ထားတာထက်ကို အရာရာဟာ ပိုကောင်းနေတော့တာပါပဲ။ ခုဆို သူ့လိပ်စာပါ ကျမ သိနေပြီ"

L ၏ဟိုတယ်ခန်းတွင် စုံစမ်းရေးအဖွဲ့ ဆွေးနွေးနေကြသည်။ သူတို့ အနေနှင့် ၂၂ ရက်နေ့ Aoyama တွင်ရော၊ ၂၄ ရက်နေ့ Shibuya တွင်ရော၊ မည်သူတဦးတယောက်ကိုမျှ သံသယဖြစ်စရာ မတွေ့မြင်ခဲ့ချေ။ ထို့ကြောင့် ၃၀ ရက်နေ့သာ အာရုံစိုက်ရန် ကျန်တော့ပေသည်။

...... Note Blue ကိုလည်း ဘယ်သူမှ သတိမထားလိုက်မိကြဘူးပဲ။ ကောင်းပါ့။ Tokyo Dome မှာ တကယ့်ကို တခုခု ဖြစ်တော့မှာလား ......
Light မှာလည်း ကိုယ့်အတွေးနဲ့ကိုယ်။

ထိုစဉ်မှာပင် Watari ထံမှ သတင်းပေးချက် ၀င်လာသည်။ Sakura-TV ထံသို့ ဒုတိယ Kira ထံမှ အခွေထပ်ရောက်လာကြောင်း၊ ၂၃ ရက်နေ့စွဲ တပ်ထားကြောင်း သိရသည်။ အခွေကို ဖွင့်လိုက်တော့
'ကျုပ် Kira ကိုတွေ့ပြီ။ TV ရုံးနဲ့ ရဲတပ်ဖွဲ့က လူအားလုံးကို ဒိအတွက် ကျေးဇူးတင်ပါတယ်'

Light ကားကြက်သေ သေလျက်။
.... မဖြစ်နိုင်တာ။ ဘယ်မှာတွေ့တာလဲ။ Aoyama မှာလား။ သူ့သေမင်းက Ryuk ကိုတွေ့ပြီး ပြောပြလိုက်တာလား။ ငါက လူအုပ်ကြားထဲမှာ အမြဲရှိနေတာပဲ။ ဘယ်လိုလုပ် တိတိကျကျ သိနိုင်မှာလဲ။ ငါဒီလောက် ဂရုတစိုက်လုပ်ခဲ့တဲ့ကြားက ........

L မှာလည်း သူ့အတွေးနှင့်သူ။
.... ဒါဟာ ဒိုင်ယာရီနဲ့ တကယ်ဆက်စပ်နေပြီး တကယ်ပဲ ၂၃ ရက်နေ့မှာ ထည့်လိုက်တဲ့အထုပ်ဆိုရင် ၂၂ ရက်နေ့ Aoyama မှာပဲ ဖြစ်ရမယ်။ ငါတို့ဆီကနေ အဲဒီကို သွားခဲ့တာလည်း Matsuda နဲ့ Light နှစ်ယောက်တည်းပဲ။ ဒါဆို Light ဟာ ငါထင်တဲ့အတိုင်း တကယ့်ကို Kira ဖြစ်နေတာလား။ ဒါပေမယ့် Aoyama မှာတွေ့ခဲ့တယ်လို့လည်း သေချာပေါက် မပြောနိုင်ပြန်ဘူး ......

"ဒုက္ခပဲ။ သူတို့ချင်း တွေ့သွားကြပြီ"

"သူတို့ချင်း ပူးပေါင်းသွားကြပြီလို့ ယူဆရတော့မှာလား"
အားလုံး ခေါင်းရှုပ်ကုန်ကြလေပြီ။

"သူတို့ ပေါင်းသွားကြပြီလို့တော့ သေချာ မပြောနိုင်သေးပါဘူး။ ဘာလို့လဲဆိုတော့ သူပြောတာက Kira ကိုတွေ့ပြီလို့ပဲ ပြောတာလေ။ သူတို့ချင်း အဆက်အသွယ် လုပ်ချင်မှ လုပ်ရဦးမှာပါ။ ဒီလောက်တောင် ကျနော်တို့ လုပ်ခဲ့ပြီးမှတော့ တခုပဲ လုပ်စရာရှိတော့တယ်။ အဲဒါကတော့ ရဲတွေအနေနဲ့ ဒုတိယ Kira ကို မေတ္တာရပ်ခံဖို့ပဲ"
L ပြောလိုက်တော့ လန့်သွားကြသည်။

"မေတ္တာရပ်ခံရမယ်!"

"ဟုတ်တယ်။ Kira ဘယ်သူလဲဆိုတာ ပြောပြရင် သူ့ကို ဘယ်လို အခွင့်အရေးတွေပေးမယ်ဆိုပြီး ကူညီပေးဖို့ မေတ္တာရပ်ခံရမယ်။"

L ပြောတာကို နားထောင်ပြီး Ryuk ကဟားလေသည်။
"မင်းအတွက် ဒိထက်တော့ အခြေအနေ မဆိုးနိုင်တော့ဘူးနဲ့ တူတယ်ကွ ဟေ့ကောင်"
.... ကွိုင်တော့တက်ပြီ။ သူပြောသလိုသာ ရဲကလုပ်ရင် ဒီကောင် ဘာလုပ်မယ်ဆိုတာ ငါလည်း မမှန်းတတ်တော့ဘူး။ ပြဿနာက ငါ့မှာ သူတို့ အစီအစဉ်ကို တားလို့လည်းမရ။ ကွိုင်ပဲ..တကယ့်ကွိုင်ပဲ ....

ရဲတို့၏ ဒုတိယ Kira ထံသို့ မေတ္တာရပ်ခံချက်ကား စလေပြီ။
'Kira ဟာ မင်းဘယ်သူလဲဆိုတာ မသိရသေးဘူးဆိုရင် မင်းအတွက် နောက်မကျသေးပါဘူး။ အပျော်သက်သက်တော့ Kira နားမကပ်သင့်ဘူး။ သူနဲ့ မင်းအဆက်အသွယ် ရပြီးရင် Kira ဟာ မင်းကို သတ်မှာ အသေအချာပဲ။ မင်းဟာ အသုံးချခံလေးပဲ ဖြစ်သွားမှာ။ မင်း အခုစဉ်းစားဖို့က မင်းအသက်တချောင်း၊ လူ့အသက်တချောင်း ဟာ တန်ဖိုးဘယ်လောက်ရှိလဲဆိုတာပဲ။ Kira အကြောင်း မင်းသိသမျှ ငါတို့ကိုပြောပြီးတော့ ဥပဒေဘောင်ထဲ ၀င်လာခဲ့ပါ။ ကမ္ဘာကြီးပေါ်က လူတွေကို Kira ကိုကြောက်ကြောက်လန့်လန့်နဲ့ အသက်ရှင်နေရတဲ့ ဘ၀က ကယ်တင်ပါ'

ပါးစပ်အဟောင်းသားနှင့် TV ကြည့်နေခဲ့သည့် Misa တယောက် ထုတ်လွှင့်ချက်ပြီးပြီးချင်း ငေါက်ကနဲ အိမ်မှ ထထွက်လာလေသည်။

"ဒီလောက် မိုးချုပ်နေပြီ၊ မင်း ဘယ်သွားမလို့လဲ"
Rem ကမေးသည်ကို

"ကျမ ၀န်သွားခံမလို့"

Light ၏ အိမ်ရှေ့သို့ရောက်ပြီး လူခေါ်ခေါင်းလောင်း တီးလိုက်မှ Rem သဘောပေါက်သွားသည်။
"သြော်.. မင်းက သူ့ဆီမှာ ၀န်ခံမှာကိုး"

ဖခင်အမှတ်နှင့် အိမ်တံခါးလာဖွင့်ပေးသော Sayu အံ့သြသွား၏။
"ဟင်"

Misa ကသွက်သည်။
"ကောင်းတဲ့ ညနေခင်းပါရှင်။ ကျမ Amane Misa (အာမာနေ မီစာ) ပါ။ ကျောင်းမှာ Light မေ့ကျန်ခဲ့တဲ့ အရေးကြီးတဲ့ စာအုပ်လာပေးတာပါရှင်"

"ဟုတ်ကဲ့ ဟုတ်ကဲ့ ခဏလေးစောင့်ပါနော်"
Sayu ပြောပြောဆိုဆို အပြေးကလေး ထွက်သွားသည်။

အိမ်ထဲမှ အသံစူးစူးနှင့် အော်ခေါ်သံလေးကြားရသည်။
"ကိုကိုရေ.."

မကြာမီပင် Light ဆင်းလာပြီး အိမ်ပြင်ထွက်ကာ တံခါးမကြီးကို ပြန်ပိတ်လိုက်သည်။
ညမှောင်မှောင်တွင် သူတို့ နှစ်ယောက်တည်း။

"တွေ့ရတာ ၀မ်းသာပါတယ်ရှင်။ ကျမ Amane Misa ပါ။ ကျမ TV ကြည့်နေရင်းနဲ့ ရှင်တော့ ကျမ ဘာလုပ်မလဲလို့ စိတ်ပူနေတော့မှာပဲဆိုတာ တွေးမိလို့ ခုလို ထွက်လာခဲ့တာပါ။ ဟောဒီမှာ စာအုပ်ပါရှင့်"
Light ဘာမှ မပြောမီမှာပင် Misa ကဆက်တိုက်ပြောချသွားကာ သေမင်းစာအုပ်ကို ထုပ်ပေးလိုက်လေသည်။

.... သေမင်းစာအုပ် ....
မြင်လိုက်ရသည့် စာအုပ်ကြောင့် Light အံ့သြသွား၏။ သူ စာအုပ်ကို ရဲရဲပင် လှမ်းကိုင်လိုက်သော်
... သေမင်း ...
Misa နောက်တွင် ရပ်နေသည့် သေမင်း Rem ကို မြင်ရပေပြီ။
..... သူ Kira အတုကိုး ......

ချက်ချင်းပင် Light အိမ်တံခါးပြန်ဖွင့်ကာ အတွင်းသို့ ဖိတ်ခေါ်လိုက်၏။
"ကဲလာ..၀င်ပါဦး"

"အို တကယ်ပြောတာလား။ ၀မ်းသာလိုက်တာရှင်"

"မေမေ သူ တကူးတက လာရတာ ပင်ပန်းလာလို့ လက်ဖက်ရည်လေး ဘာလေးများ ရမလားဟင်"
Light က ပြောရင်း သူ့အခန်းဆီသို့ Misa ကိုခေါ်သွားလေသည်။

မျက်လုံးလေးပြူးကြည့်နေသည့် Sayu ကို ခပ်တည်တည်ပင် ရှင်းပြလိုက်သေး၏။
"ဟိုတနေ့က ငါပြောဖူးတယ့် ရည်းစားလေ"

Misa ကခါးလေးကိုင်းကာ နှုတ်ဆက်ရင်း Light နောက်သို့လိုက်သွားလေတော့သည်။

အခန်းထဲရောက်သော်
"ကဲ ပြောစမ်းပါဦး။ မင်းက ငါ့ကို ဘယ်လိုလုပ် သိရတာလဲ"

"သြော်..ရှင် မျက်လုံး အပေးအယူ မလုပ်ထားဘူးနဲ့တူတယ်။ သေမင်းမျက်စိနဲ့ဆိုရင် လူတိုင်းရဲ့ နာမည်နဲ့ သက်တမ်းကို မြင်ရပေမယ့် သေမင်းစာအုပ်ပိုင်ရှင် အချင်းချင်းကြတော့ သက်တမ်းမမြင်ရဘူးရှင့်"

Misa စကားဆုံးဆုံးချင်း Light မီးဝင်းဝင်းတောက်သော မျက်လုံးများဖြင့် Ryuk ကိုလှည့်ကြည့်တော့
"ဟ.ဟ.. ငါလည်း အဲဒီလောက် မသိဘူးကွ"
အလန့်တကြားဖြင့် Ryuk ကဖြေရှင်း၏။

"ထားပါတော့။ ခုတော့ ရှင်းသွားပြီ။ တခုရှိတယ်။ မင်းကိုသာ ရဲဖမ်းမိသွားရင် Kira ရဲ့ လျှို့ဝှက်ချက်တွေ ပေါ်ကုန်တော့မှာပေါ့"

"အို.. စိတ်မပူပါနဲ့။ ခုထက်ထိတော့ မမိသေးဘူးလေ။ နောက်ပြီး ခု ရှင်နဲ့ တွေ့ပြီဆိုတော့ ရှင်ပြောသလို ကျမအကုန်လိုက်လုပ်မယ်လေ။ ဒါဆို ကျမကို မမိနိုင်တော့ဘူးပေါ့။ ပြီးတော့ ကျမက L ရဲ့ နာမည်အမှန်ကို မြင်နိုင်တယ်။ ကျမမျက်လုံးဟာ ရှင့်မျက်လုံးပေါ့။ အဲဒီတော့.."
Misa က စကားဆက်မပြောဘဲ ခေါင်းငုံ့ကာ ရပ်ထားလိုက်သည်။

Light မနေနိုင်။
"အဲဒီတော့ ဘာဖြစ်လဲကွ"

Misa ဖျတ်ကနဲ ခေါင်းလေးမော့ကာ ရှက်ရှက်နှင့် ပြောချလိုက်တော့သည်။
"ကျမကို ရှင်ရည်းစားလုပ်လိုက်ပေါ့လို့"

Light ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
"ရည်းစား လုပ်ရမယ်"

"အင်းလေလို့"

Light သေချာ စဉ်းစားရပြီ။
.... ငါအကိုင်အတွယ် မတတ်ရင် သူဒေါခီးပြီး ငါပါ ရှောသွားနိုင်တယ်။ ဒါပေမယ့် ကိုင်တွယ်တတ်မယ်ဆိုရင်တော့ .. အဟင်း ....

"မဖြစ်နိုင်ဘူးကွ။ ငါတို့ Aoyama သွားတဲ့နေ့တုန်းက အဲဒီနေရာနဲ့ အနီးတ၀ိုက်မှာ ပုံမှန်ထက် ၃ ဆများတဲ့ လုံခြုံရေးကင်မရာတွေ တပ်ထားခဲ့ကြတယ်။ မင်း အဲဒီကိုသွားတယ်ဆိုရင် ကင်မရာ တလုံးမဟုတ် တလုံးမှာတော့ မင်းပုံပါနေမှာပဲ။ အဲဒီသွားပြီးမှ ငါတို့နှစ်ယောက် ရင်းနှီးသွားကြတယ်ဆိုရင် သံသယဖြစ်စရာကြီး ဖြစ်နေမှာပေါ့။ ငါတို့တွေ ချိန်းတွေ့မယ်ဆိုရင်တောင် တော်တော် အန္တရာယ်ကြီးနေပြီ။ အဲလောက်တော့ မင်းနားလည်မယ် ထင်ပါတယ်"

Misa သူ့လက်ကိုင်အိတ်ထဲမှ ဓာတ်ပုံတချို့ထုတ်လိုက်ပြီး Light ကို လှမ်းပေးရင်း
"Aoyama သွားတဲ့နေ့တုန်းက ကျမပုံတွေပါ"

ပုံများထဲတွင်ကား မျက်မှန်ကြီးတလက်နှင့် ဆံပင်တုတပ်ထားသည့် မိန်းကလေးတယောက်။
Ryuk ပင်မနေနိုင် မထိုင်နိုင် ၀င်ထောက်ခံလေ၏။
"ဟာ ဒီပုံတွေနဲ့တော့ သူ့ကို ဘယ်သူမှ မှတ်မိနိုင်မှာ မဟုတ်ဘူးဆိုတာ အသေအချာပါပဲကွ"

Light ကတော့ မလျှော့။ သူ သိပ်သေချာမှ ဖြစ်မည်လေ။
"လက်ဗွေရာတွေရောကွ။ TV ရုံးကို ပို့သမျှ အခွေတွေမှာ လက်ဗွေရာတွေ ပါနေတာရော"

"အို.. အဲဒါ ကျမ လက်ဗွေရာတွေ မဟုတ်ဘူး။ အဲဒီလောက်လေးတော့ ကျမလည်း စဉ်းစားမိပါတယ်။ ကျမမှာ ထူးထူးဆန်းဆန်းတွေ၊ စုန်းတွေ၊ မှော်တွေ၊ ၀ိညာဉ်တွေ စိတ်ဝင်စားတဲ့ သူငယ်ချင်းတယောက်ရှိတယ်။ ဒါနဲ့ ကျမလည်း ၀ိညာဉ်တွေပါတဲ့ video ဆိုပြီး အခွေတခွေ လုပ်ကြံရိုက်ပြီး သူ့ကို ပြလိုက်တယ်။ ပြီးတော့ TV လိုင်း တခုခုဆီပို့ရင်ဘယ်လိုနေမလဲလို့ မေးလိုက်တယ်လေ။ သူက ဒီအကြံကို သဘောကျတယ်ဆိုတော့ ၁၀ ခွေလောက်ကူးပေးပါလို့ အကူအညီတောင်းလိုက်တာပေါ့။ သူအခွေတွေကူးပြီး ကျမကို ပေးတော့မှ ကျမက လက်ဗွေရာတွေမပေါ်အောင် ဂရုတစိုက် Kira video ကိုအဲဒီအခွေတွေထဲ ထပ်သွင်းလိုက်တာ"

"ဒါဆို အဲဒီသူငယ်ချင်း ခု ဘာလုပ်နေလဲ"

"ရှင်က သူ့ကို ရှင်းပစ်ချင်လို့လား။ ရှင်ကသတ်လိုက်လို့ပြောရင်တော့ ကျမ သတ်လိုက်ပါ့မယ်။ ဒါတောင်မှ ရှင်ကျမကို မယုံကြည်သေးဘူးဆိုရင်တော့ ဒီစာအုပ်ကိုပါ ရှင်သိမ်းထားလိုက်ပါ။ ရှင် သိမ်းယုံပဲ သိမ်းထားသရွေ့တော့ ကျမဟာ ဒီစာအုပ်ပိုင်ရှင် ဖြစ်နေမှာဆိုတော့ ကျမမျက်လုံးကိုလည်း ဆက်သုံးလို့ ရနေမှာပါပဲ။ ပြီးတော့ ကျမကလည်း စာအုပ်မရှိတော့ ရှင့်ကို သတ်လို့မရတော့ဘူးပေါ့။ ဒါပေမယ့် ကျမဟာ ရှင့်အတွက် အသုံးမ၀င်တော့ဘူးထင်ရင် ရှင်ကတော့ ကျမကို ကြိုက်တဲ့အချိန် သတ်လိုက်လို့ရပါတယ်"

Light သူ့နားပင် သူမယုံနိုင်။
.... သူဘာလို့ ဒီလောက်တောင် ငါ့ကို အလျှော့ပေးနေတာလဲ .......

"မင်း စာရွက်တွေဖြဲပြီး သိမ်းထားနိုင်တာပဲ"
Light ထပ်မေးလိုက်သေးသည်။

Misa ဆတ်ကနဲ ထရပ်ရင်း
"ရှင်ဘာလို့ ဒီလောက်တောင် မယုံသင်္ကာ ဖြစ်နေရတာလဲ။ ကျမဟာ ရှင့်အတွက် အသုံးချခံ သက်သက်ပဲ ဖြစ်သွားရင်တောင် ကျမ ကျေနပ်တယ် သိရဲ့လား။ ကျမကို ယုံစမ်းပါ"

သူပြောလေ Light စဉ်းစားရကျပ်လေ။
.... ဘယ်လိုဖြစ်လို့ ဒီလောက်ဖြစ်နေရတာလဲ .....

Light ရှေ့သို့ Misa ဒူးထောက်ချလိုက်၏။
"လွန်ခဲ့တဲ့နှစ်က ကျမမျက်စိရှေ့မှာတင် ဖေဖေရော မေမေရော အိမ်ထဲဝင်လာတဲ့ သူခိုးရဲ့ အသတ်ခံလိုက်ရတယ်။ အဲဒီ အဖြစ်အပျက်ကို ကျမ လုံးဝ မေ့လို့မရဘူး။ သူခိုးကို ရဲကမိပြီး တရားရုံးမှာ ရုံးတင် တရားစွဲ အချိန်တွေအများကြီးလည်း ကုန်ပြီးရော သူဟာ မတရားစွပ်စွဲခံရတာပါလို့ တရားရုံးက ဆုံးဖြတ်လိုက်တယ်။ ကျမ ယူကြုံးမရဖြစ်နေတုန်း Kira ဟာ သူ့အတွက် ထိုက်သင့်တဲ့ ပြစ်ဒဏ် ပေးပစ်လိုက်တယ်။ ကျမအတွက် Kira ဟာ တကယ့် ကိုးကွယ်ရာပါပဲ။ ဒါ့ကြောင့်လည်း ဘယ်နည်းနဲ့ဖြစ်ဖြစ် ကျမ ရှင့်ကို တွေ့ချင်နေခဲ့တာပါ။ ရှင့်ကို ကျေးဇူးအရမ်းတင်တယ်ဆိုတာလည်း ပြောချင်လို့ပါ"
ပြောကာ ကြမ်းပေါ်တွင် ကြုံ့ကြုံ့လေးထိုင်ရင်း တရှုံ့ရှုံ့နှင့် ငိုနေတော့၏။

..... အင်း အနည်းဆုံးတော့ လက်ဗွေရာ မကျန်အောင်တို့၊ ကင်မရာမှာ ရုပ်မပေါ်အောင်တို့ လုပ်နိုင်သားပဲ။ ငါထင်သလောက်တော့ သူမတုံးရှာပါဘူး။ ပြီးတော့ ခုချိန်ကစပြီး ငါခိုင်းတဲ့အတိုင်း လုပ်မယ်ဆိုပဲ .....
တွေးရင်း Light သူ့အတွက် အကျိုးရှိမည့် ဆုံးဖြတ်ချက်ကို ပိုင်ပိုင်နိုင်နိုင်ချလိုက်လေသည်။

ကြမ်းပေါ်တွင် ခေါင်းငုံ့ထိုင်နေသည့် Misa ကိုမပြောမဆို ရင်ခွင်ထဲ ဆွဲသွင်းလိုက်လေတော့၏။

"ငါနားလည်ပါပြီ။ လောလောဆယ်တော့ ငါ မင်းရဲ့ ရည်းစားမဖြစ်နိုင်သေးဘူး။ ဒါပေမယ့် ရည်းစားအဖြစ်တော့ ဟန်ဆောင်နိုင်ပါတယ်။ မင်းသက်တမ်းရဲ့ တ၀က်ကို ပေးပြီး လဲထားရတဲ့ မင်းမျက်လုံးတွေဟာ ငါ့အတွက် သိပ်အသုံးဝင်တဲ့ လက်နက် ဖြစ်လာတော့မှာပါကွာ"

"၀မ်းသာလိုက်တာရှင်။ ရှင် ကျမကို တကယ်ချစ်လာအောင် ကျမ အစွမ်းကုန် ကြိုးစားပါ့မယ်"
Misa ကရင်တွင်းမှ လှိုက်လှိုက်လှဲလှဲ ပြောနေသော်လည်း Light ကမူ ရင်တွင်း၌ ကြိတ်ရယ်နေလေတော့သည်

No comments:

Post a Comment