စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Tuesday, February 25, 2014

သေမင်းစာအုပ် (၁၃)

ဒုတိယ Kira သည် နောက်ထပ် video တခုနှင့်အတူ ဒိုင်ယာရီတခုပါပို့လာလေသည်။ Light ကား စိတ်ပူရလေပြီ။

....... ဒီအရူးကောင် ပေါက်ကရတွေ လုပ်ပြန်ပြီနဲ့ တူတယ်။ ဘာကိစ္စ အေးအေးဆေးဆေး မနေနိုင်ရတာလဲ ....

"TV ပေါ်မှာ လွှင့်ခိုင်းပြန်ပြီလား အဖေ"
Light ကမေးလိုက်သည်။

"အေးကွ။ ရော့ ဒီမှာ ဒိုင်ယာရီ"

..... ဟင် ၂၀၀၆၊ မေလ ဆိုပါ့လား။ မနှစ်က ဒိုင်ယာရီကြီးပေါ့ .......
Light ဝေခွဲမရ ဖြစ်နေစဉ် L ကလှမ်းပြောလာသည်။

"၃၀ ရက်နေ့ဆိုတဲ့ အောက်မှာ ဘာရေးထားလဲ ဖတ်ကြည့်လိုက်စမ်းပါ"

ရေးထားသည်မှာကား
'၃၀ ရက်နေ့ - Giant ဘေ့စ်ဘော အသင်း၏ Tokyo Dome ကွင်းတွင် သေမင်းရှိကြောင်း အတည်ပြုရန်'

..... အခုလာမယ့် မေ ၃၀ ပွဲစဉ်ကို ပြောတာဆိုတာ တွေးနေစရာတောင်မလိုဘူး။ TV ပေါ်မှာ လွှင့်လိုက်လို့ကတော့ ရှိသမျှလူ အကုန် ဓာတ်ကုန်မှာ။ တခု တော်သေးတာက သေမင်းစာအုပ်ကို ထိဖူးမှ သေမင်းကို မြင်ရမှာလေးပဲ။ ရဲတွေ ဘယ်လိုတွေ့နိုင်မှာလဲ... ဟိုက်! .....
Light စိတ်သက်သာစွာ တွေးနေစဉ်ပင် ၂၂ ရက်နေ့ အောက်မှာ ရေးထားသည်ကို သွားဖတ်မိသည်။

'သူငယ်ချင်းတယောက်နဲ့ Aoyama(အာအိုယားမား) မှာတွေ့။ စာအုပ်ချင်း လဲကြည့်'
.... စာအုပ် ဆိုတာ သေမင်းစာအုပ်ကို ပြောတာပဲ။ ဒါဆို ဒီစာသားဟာ ငါတယောက်တည်း နားလည်နိုင်တဲ့ စာသားပေါ့။ ရဲတွေ ၃၀ ရက်နေ့ကိုပဲ အာရုံစိုက်နေအောင် လုပ်ထားပြီး ဒီ ၂၂ ရက်နေ့ကမှ သူတကယ်ပေးချင်တဲ့ အချက်ဖြစ်နေတာကိုး ........

"မင်း ဘယ်လိုထင်လဲ Light"
L ကမေးလာသည်။

.... ငါ သတိထားပြောမှ ဖြစ်မယ်။ အမှားပါလို့ မဖြစ်ဘူး။ ကောင်းတာတော့ သူ့ကို အရင် ပေးပြောတာ အကောင်းဆုံးပဲ .......

"ငါကတော့ ရူးကြောင်ကြောင်နိုင်တယ်လို့ ထင်တယ်"

"ဟုတ်ပ။ Giant ပွဲမှာ သူတို့ချင်းတွေ့ဖို့ ချိန်းထားတာ ဒီလောက်သိသာတဲ့ဟာကို"
Matsuda ကလည်း ၀င်ပြော၏။

"ဒါကို လွှင့်လိုက်လို့ကတော့ လူတွေကြောက်လန့်ကုန်မယ်။ အဲဒီပွဲလည်း ဖျက်လိုက်ရလိမ့်မယ်။ ဒီလောက်လေးတောင် ဒီကောင်တွေ မစဉ်းစားမိဘူးလား မသိဘူး"
ရဲချုပ်ကလည်း ဒေါသတကြီးဖြင့် ပြောပြန်သည်။

L မနေသာတော့။
"လုပ်ပုံကတော့ ခပ်တုံးတုံးပဲဗျ။ ပြဿနာက ဒါကို ကျနော်ဘယ်လို ကိုင်တွယ်ရမလဲ စဉ်းစားမရသေးဘူး။ ဒီဟာကို TV မှာလွှင့်လိုက်ရင် ၃၀ ရက်နေ့ပွဲကို ဖျက်လိုက်တယ်ဆိုတာပါ ကြေငြာရမယ်။ မလွှင့်ပြန်ရင်လည်း ဒုတိယ Kira ဟာ ဒီပွဲကို လာမှာ မဟုတ်တော့တဲ့အတွက် ဖမ်းဖို့ ခက်ပြန်ရော"

"အင်း..ပိုဆိုးတာက ဒါကို မလွှင့်ပြန်ရင် သူ ဒေါကန်ပြီး ဘာတွေလျှောက်လုပ်မယ် မသိနိုင်ဘူး"
Matsuda လည်း ၀င်စဉ်းစားပေးပြန်၏။

"ဒါတော့ စိတ်မပူပါနဲ့။ သူက Kira အစစ်ကို ကိုးကွယ်နေတဲ့ကောင်ပဲ။ ဟိုအခွေအတုမှာ ကတိပေးထားသလို အပြစ်မဲ့ပြည်သူတွေကို မသတ်ဘူးလို့တော့ ယုံကြည်လို့ရပါတယ်။ အခုတော့ ရွေးစရာလမ်းမရှိတော့ဘူး။ အခွေကို လွှင့်မယ်ဗျာ။ ပွဲကို ဖျက်ကြောင်းပါ ကြေငြာမယ်။ ပြီးတော့ ၃၀ ရက်နေ့မှာ Tokyo Dome နဲ့ အနီးဝန်းကျင်လမ်းတွေကို ကျနော်တို့ ရဲတွေ လုံခြုံရေး ယူထားမယ်ဆိုတာပါ ပြောရမယ်။ နောက်ဆုံးအနေနဲ့ Kira အစစ်ဟန်ဆောင်ပြီးတော့ တွေ့ဖို့ သဘောတူကြောင်း အကြောင်းပြန်ကြမယ်"
L ပြောပြီးတော့ ရဲချုပ်က ဘ၀င်မကျ။

"ဒီလောက် သိသိသာသာ လုံခြုံရေးတင်းကျပ်ထားတဲ့ နေရာမှာ သူတို့တွေ တကယ်လာတွေ့ကြမယ်လို့ မင်းထင်တယ်လား"

"Kira အစစ်ကတော့ လာမယ်မထင်ပါဘူး။ ဒုတိယ Kira တော့မပြောတတ်ဘူးဗျ။ သူတို့ ဘယ်လောက် ထုံတယ်ဆိုတာ ကျနော်တို့ မသိဘူးလေ။ ဒီဒိုင်ယာရီအရ သူတို့ တကယ်ပဲ ထုံတယ်ဆိုရင်တောင် ဘာဝှက်စာတွေ ပါဦးမလဲဆိုတာတော့ ကျနော် သေချာထပ်ကြည့်ရဦးမယ်။ တကယ်လို့ သူတို့ချင်းပဲ နားလည်မယ့် စကားလုံးတွေ ဆိုရင်တော့ ကျနော် မသိနိုင်ဘူးပေါ့လေ။ ဒါကြောင့် ဒီထဲမှာ ပါသမျှ နေရာတွေအကုန်လုံးကို ကျနော်တို့ ဂရုတစိုက် စောင့်ကြည့်ဖို့လိုလိမ့်မယ်။ ၂၂ ရက်နေ့ Aoyama၊ ၂၄ ရက်နေ့ Shibuya (ရှီဘူရာ) တို့ပေါ့။ ဒီနေရာတွေကနေ ဘာမှတော့ ကျနော်တို့အတွက် အဖြေရမယ် မထင်ဘူး။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ၂၂ ရက် Aoyama မှာ စာအုပ်ကိုင်လာတဲ့လူ မှန်သမျှကို ဂရုစိုက်ရမယ်၊ ၂၄ ရက်နေ့ Shibuya မှာ အင်္ကျီဈေးဝယ်ထွက်တဲ့ လူတိုင်းကို ဂရုစိုက်ရမယ်"

..... ဒီ Kira အတုကို မိလို့ကတော့ အနည်းဆုံး သေမင်းစာအုပ်တော့ ငါရအောင် ယူနိုင်မှ ဖြစ်တော့မယ်။ အခြေအနေ သိပ်ဆိုးသွားရင်တော့ အကုန်သတ်တော့ပေါ့ .....
Light ဆုံးဖြတ်ချက်ချလိုက်သည်။

L က Shibuya နှင့် Aoyama တွင် လုံခြုံရေး ကင်မရာများ တိုးမြှင့်ရန်နှင့် ဖော်ပြပါရက်များတွင် အရပ်ဝတ်ရဲများ အများအပြား တာဝန်ချထားရန်တို့ ဆက်လက်ပြောနေသည်။

"ငါသွားမယ်ကွ။ အဲဒီနေရာတွေ ငါသွားနေကြပဲ"
Matsuda ကအားတက်သရော ပြောတော့

"ကျနော်လည်း လိုက်မယ်။ ကျနော်လည်း သွားနေကြပဲ"
Light က၀င်ပြောသည်။

"ဟေ့ Light.. အန္တရာယ်များတယ်နော်"
ရဲချုပ်က စိုးရိမ်စွာဖြင့် ပြောသော်လည်း

"ဖြစ်ပါတယ် ဖေဖေရ။ သားနဲ့ Matsuda နှစ်ယောက်ဆို အဲဒီက လူတွေနဲ့ ရောနေရင် မသိသာပါဘူး။ သားတို့ နှစ်ယောက်လုံးက လူငယ်တွေပဲကို။ ပြီးတော့ ဒုတိယ Kira စိတ်ဝင်စားတာကလည်း Kira ကိုပါ။ ကျန်တဲ့လူတွေ သူစိတ်မ၀င်စားပါဘူး"

ညဖက် လူစုခွဲပြီး အသီးသီး အိမ်ပြန်ကြချိန်တွင် Matsuda ထံသို့ ဖုန်းဝင်လာသည်။
"Ryuzaki ပါ။ အဲဒီရက် နှစ်ရက်လုံးမှာ Light ကို သေချာ စောင့်ကြည့်ပေးပါလို့ ပြောမလို့ပါ။ ဒီစကားကို ခင်ဗျားနဲ့ ကျနော် နှစ်ယောက်ကြားမှာပဲ ထားပါ။ တခြားလူ မသိပါစေနဲ့"

Matsuda အံ့သြသွားသော်လည်း
"ဟုတ်ပါပြီ"
... ဘာတဲ့ လုံးလုံး သံသယ မကင်းသရွေ့ သံသယ ရှိစရာ ကောင်းနေမှာပဲဆိုလား သူပြောပြောနေတာ .....
စဉ်းစားရင်း အိမ်ပြန်သွားတော့သည်။

Light အိမ်ပြန်ရောက်တော့လည်း မိခင်က စိတ်ပူနေလေပြီ။
"နောက်ကျလိုက်တာ သားရယ်"

.... ငါ စုံစမ်းရေးမှာ ကူနေတာကို ဘယ်သူမှ မပြောပါနဲ့ဆိုပဲ ......
"ဟဲ.. သားကျောင်းမှာ ရည်းစားရှိနေပြီ မေရ"

"သြော်"
အမေက ဘာမှ မပြောတော့သော်လည်း ညီမက ခုန်ပေါက်ထွက်လာသည်။
"ဘာရယ်! ဘာရယ်! ကိုကို ရည်းစားရှိနေပြီ။ ဘယ်သူတုန်း ဘယ်ကတုန်း"

"ဟေ့ဟေ့.. ငါက တက္ကသိုလ်ကျောင်းသားကွ။ အသက်လည်း ၁၈ နှစ်ရှိပြီ။ ရည်းစားရှိတာ ဆန်းသလား"
ပြောပြောဆိုဆို အပေါ်ထပ် သူ့အခန်းသို့ တက်သွားသော Light ကို မိခင်က လှမ်းမေးလိုက်သည်။

"ထမင်း မစားတော့ဘူးလား သားရဲ့"

"ဟိုတယ်မှာ အခန်းထဲ မှာစားလိုက်တယ် မေမေ။ မစားတော့ဘူး"

ကြားလိုက်ရသည့် စကားကြောင့် Light အမေ မျက်လုံးပြူးသွားလေသည်။

"ဟိတ်.. ဟိုတယ်တဲ့လား။ ငါ့ အကို လက်သွက်လှချည်လား"
သူ့ညီမ ကတော့ အော်ဟစ် ကျန်ခဲ့လေသည်။

Light အခန်းထဲရောက်တော့
"Ryuk လူ့ပြည်ရောက်နေတဲ့ သေမင်း အချင်းချင်း စကားပြောခွင့်ရှိလားဗျ"

"ဟာ.. ငါလည်း မသိဘူးဟ။ ဒါပေမယ့် ငါ့အထင်တော့ သေမင်းစာအုပ်ပိုင်ရှင်လူသားရဲ့ ခွင့်ပြုချက်မရဘဲ ဘာမှလုပ်ခွင့် မရှိဘူး ထင်တာပဲ။ အဲ.. စကားမပြောရဘူးဆိုတဲ့ ဥပဒေ မရှိတော့ ဟိုတကောင်ကတော့ ငါ့ကို စကားလာပြောကောင်း ပြောနိုင်တယ်"

"ဒါဖြင့် ဒုတိယ Kira ရဲ့ သေမင်းက ငါ့ကိုမြင်တာနဲ့ Kira ပါလို့ သူ့စာအုပ်ပိုင်ရှင်ကို ပြန်ပြောပြနိုင်တယ်ပေါ့"

"ပုံမှန်ဆိုရင်တော့ မပြောလောက်ဘူးကွ။ ဒါပေမယ့် ဘယ်သေမင်းလဲနဲ့ ဆိုင်ပါတယ်။ သူ့ ရပ်တည်မှုနဲ့ သူပေါ့"

"ခင်ဗျား ရပ်တည်မှုကရော ကျနော်ထင်သလိုမှ ဟုတ်ရဲ့လား"

"ဟုတ်မှာပါ။ သေမင်းစာအုပ်ပိုင်ရှင် နောက်တယောက် ငါတွေ့လည်း မင်းကို ပြောမှာ မဟုတ်ဘူး။ စိတ်ချ"

"ကောင်းပါ့ဗျား။ ခင်ဗျား ရပ်တည်ချက်ကိုတော့ ကျနော် ကြိုက်သွားပြီ"

ပြောရင်း ကွန်ပျူတာ ကြည့်နေသည့် Light အံ့သြသွားရပြန်သည်။
"ဟင်..Kira အတုဟာ ဒီလောက်တောင် ကြိုတွေးထားနိုင်တယ်လား"

Ryuk ပင် မနေနိုင်။
"ဘာတုန်းကွ"

"Aoyama (Blue Mountain - တောင်တန်းပြာ ဟုလည်း အဓိပ္ပာယ်ရသည်) က အကျယ်ကြီးဗျ။ ဘယ်က ဘယ်လို သွားရမလဲနဲ့ လိုက်ရှာတာ ဒါကိုတွေ့တာပဲ။ တွေ့လား။ ၂၂ ရက်နေ့မှာ 'Note Blue (စာအုပ်ပြာ)' night club မှာ ပွဲရှိနေတယ်။ Aoyama (တောင်တန်းပြာ)၊ Note (စာအုပ်)၊ Blue (အပြာ).. ဒါတွေဟာ တိုက်ဆိုင်တာ မဟုတ်ဘူး။ ဒီ ဒုတိယ Kira ဟာ ကျုပ်ထင်တာထက် တော်နေဖို့ များနေပြီ။ အဲဒါဆိုရင်တော့ ကျုပ် ပိုပြီး သတိထားရတော့မယ်။ ဘာပဲဖြစ်ဖြစ် Note Blue ကိုသွားတာ အကျိုးမယုတ်လောက်ဘူးလို့ သတ်မှတ်ရမှာပဲ"

Misa ၏အခန်းတွင်
"Rem ရေ။ ကျမမှာ သေမင်းမျက်စိရှိနေပေမယ့် ကိုယ့်သက်တမ်းတော့ ကိုယ်ပြန်မတွေ့ရပါလား။ ဘာဖြစ်လို့လဲ"
မှန်တင်ခုံရှေ့ အလှပြင်နေသော Misa ကမေးတော့

"သေမင်းစာအုပ်ပိုင်ရှင်ဆိုတာ ကိုယ်သတ်မယ့်လူရဲ့ သက်တမ်းပဲ သိစရာလိုတယ်လေ။ ငါတို့ သေမင်းတွေဆိုလည်း သေမင်းအချင်းချင်း သက်တမ်းမမြင်ရဘူးကွ။ ဒီလိုပဲ ကန့်သတ်ချက်ကလေးတွေ ရှိတာပေါ့"

မေ ၂၂ ရက်၊ Aoyama
Light သည် ကျောင်းမှ သူငယ်ချင်းများကို ချိန်းထားလိုက်သည်။ Matsuda ကား သူတို့ သူငယ်ချင်းတသိုက်ကြားတွင် အူကြောင်ကြောင်နှင့် လိုက်ပါရတော့သည်။

.... Light ဟာ တော်တော်ကို လည်တာပဲ။ ဒီ လူငယ်အုပ်စုထဲမှာ ရဲတွေပါနေလိမ့်မယ်လို့ ဘယ်သူမှ ထင်မှာ မဟုတ်ဘူး ........

Light ၏ တကယ့်အကြံအစည်ကား ထိုသို့မဟုတ်။
...... Ryuk ကို သူတို့မြင်ရင်တောင်မှ သူဟာ ဟောဒီလူအုပ်ထဲက ဘယ်သူ့ရဲ့ သေမင်းလဲဆိုတာ ဘယ်လိုမှ မသိနိုင်ဘူး။ လူအုပ်နဲ့ဆိုတော့ L ရဲ့ လုံခြုံရေးကင်မရာတွေရန်ကလည်း ကာကွယ်ရာရောက်တယ်။ ဟိုလူ့ကွယ် ဒီလူ့ကွယ် အချိန်မရွေးလုပ်လို့ရတယ်။ စုံစမ်းရေးအတွက်လည်း အကျိုးရှိတယ်လို့ အကြောင်းပြလို့ရတယ်။ ဒီတော့ Note Blue ကို စောင့်ကြည့်ဖို့ပဲ ကျန်တော့တယ် ......

သို့သော် Light မသိလိုက်သည့် အချက်ကား
လက်ဖက်ရည်ဆိုင်ထဲမှ စောင့်ကြည့်နေသည့် Misa သူ့ကို တွေ့သွားပြီ ဆိုသည့်အချက်ပင်တည်း။
.... တွေ့ပြီ Kira။ ဘာရယ် Yagami Light ဆိုပဲ။ ရှင့် သက်တမ်းတခုပဲ ကျမ မမြင်ရတာ။ အို ဒီလောက်လွယ်လိမ့်မယ်လို့တောင် မထင်ထားဘူး .......

"ပြန်ကြစို့ Rem"

"ဟင်.. မင်း သူ့ကို တွေ့ရဖို့ ဒီလောက်ကြိုးစားလာပြီးတော့ ဒီလောက်လေးနဲ့ ပြန်တော့မှာလား"

"အို.. တော်ပြီလေ။ ကျမက အဲဒီလူအုပ်ထဲသွားပြီး 'တွေ့ရတာ အရမ်းဝမ်းသာတာပဲ Kira ရယ်' လို့ သွားပြောလို့ ဖြစ်ပါ့မလား။ ခု ကျမက သူ့နာမည်လည်း သိသွားပြီဆိုတော့ နောက်တခါ ပြန်ရှာရင် သိပ်မခက်တော့ပါဘူး"

သေမင်းစာအုပ် လျှို့ဝှက်ချက်

သေမင်းစာအုပ်သည် ရက် ၇၈၀ အောက် ကလေးငယ်များအတွက် မည်သည့်အကျိုးသက်ရောက်မှုမှ မရှိ။
လူတဦးတယောက်၏ နာမည်ကို ၄ ကြိမ်အထိ မှားပေါင်းပါက သေမင်းစာအုပ်အား ထပ်မံအသုံးပြု၍ မရတော့ (တနည်းအားဖြင့်) သေမင်းစာအုပ် အစွမ်းသတ္တိများ ပျက်ပြယ်သည်

No comments:

Post a Comment