စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Tuesday, February 25, 2014

သေမင်းစာအုပ် (၁၄.၂)

Light ကွန်ပျူတာနှင့် အလုပ်ရှုပ်နေပြန်သည်။ Misa နှင့်ပတ်သက်သမျှ ဘာများသိနိုင်မလဲဆိုပြီး ရှာကြည့်နေခြင်းဖြစ်သည်။
.... Rem ရှိနေသရွေ့တော့ တခြားတယောက်ကို သုံးပြီး Misa ကိုသတ်ခိုင်းလို့လည်း မဖြစ်။ သူသေသွားတာနဲ့ Rem ကငါ့လက်ချက်လို့ တန်းသိမှာ။ အကျိုးနဲ ခုမှ ဒုက္ခလှလှတွေ့ပြီ။ ဒီနှစ်ယောက်က L ထက်တောင်ပိုပြီး ငါ့ကို ဒုက္ခပေးနေပါလား။ ဟာ! ......

ကွန်ပျူတာတွင် ပေါ်လာသော အချက်များက သူ့ကို ကောင်းကောင်း အံ့သြသွားစေသည်။
'ဂျပန် နာမည်ကြီးမော်ဒယ် Misa' 'ချောသော လှသော Misa' 'ဆွဲဆောင်မှု အရှိဆုံး Misa' ... စသည် စသည်။
ထို့ပြင် Misa ၏ မော်ဒယ်ပုံများ ပုံစံအမျိုးမျိုးနှင့် အင်တာနက် ဆိုဒ်များစွာတွင်လည်း တွေ့နေရသည်။

......နာမည်ကြီး မော်ဒယ်ပဲဟ။ သွားပြီ။ ငါသူ့ကို ဘယ်လိုလုပ်ရမလဲ။ L ကိုသတ်ဖို့ကလည်း သူ့ရဲ့ သေမင်းမျက်စိ အကူအညီယူမှ ဖြစ်မှာ။ ခက်ပါလား......

နောက်တနေ့မနက်တွင် Misa နှင့်ပတ်သက်၍ သူ့အဖေအား ဘာမျှမပြောရန် Light က အမေနှင့်ညီမကို ပြောလေသည်။
"အဖေ့မှ မဟုတ်ဘူးနော်၊ ဘယ်သူ့မှ မပြောပါနဲ့။ သူက နာမည်ကြီးမော်ဒယ်ဆိုတော့ သူ့မှာ ရည်းစားရှိနေတယ်လို့ လူတွေသိသွားရင် အလုပ်မှာ အနှောင့်အယှက်ဖြစ်နေမှာစိုးလို့။ သတင်းသမားတွေနဲ့ ရှုပ်ယှက်ခတ်ကုန်မယ်"

"ဟယ် မော်ဒယ်လား။ ဒါ့ကြောင့် အရမ်းချော၊ အရမ်းချစ်စရာ ကောင်းတာကိုး။ ကိုကို မုန့်ဖိုးပေးရင်တော့ နှုတ်ပိတ်နေပါ့မယ်လေ"

ကျောင်းတွင်လည်း Light အတွေးတွေ များနေမိသည်။
.... ခုလောက်ရှိ အခွေရောက်နေလောက်ပြီ။ ပြီးရင် စုံစမ်းရေးကို သွားဦးမှ ......

"Yagami..ဟိတ် Yagami Light"
ဘေးမှ ခေါ်သံကြားမှ သူလှည့်ကြည့်မိသည်။ သူချိန်းထားမိသည့် ကောင်မလေး..

"သူ တို့ကို လျှောက်လည်ဖို့ ချိန်းထားလို့ တူတူလာထိုင်နေတဲ့ဟာကို ဘာလို့ မျက်နှာကြီးက မပျော်မရွှင်ဖြစ်နေရတာလဲ"

"မပျော်တာ မဟုတ်ပါဘူး။ ကျောင်းက အလှဆုံး 'မယ်' ကလေးနဲ့ တွဲသွားရမယ်ဆိုတော့ ကျန်တဲ့လူတွေ ဘယ်လောက်များ မနာလိုဖြစ်ကြမလဲလို့ တွေးမိနေတာပါ။ ပြောလို့ပြောတာမဟုတ်ဘူးဗျ Takada (တာကာဒါ) က အရမ်းကို ချောတာ"

"အမယ်လေး.. တော်ပါ။ သူများတွေ ဘာပြောပြောပေါ့။ အရေးစိုက်လို့။ နောက်ပြီး တို့ကို 'မယ်' ဆိုပြီး ပြောမနေနဲ့။ အဲဒီလို ခေါ်တာကြီးကို မကြိုက်ဘူး သိရဲ့လား"

သူတို့နှစ်ယောက် ရွှန်းရွှန်းဝေအောင် ပြောလိုက်၊ ရယ်လိုက် လုပ်နေသည်ကို အတန်းနောက်ဆုံး ခုံမြင့်မှ လှမ်းကြည့်နေသူကား Mogi

L ၏ဟိုတယ်ခန်းတွင်
ဒုတိယ Kira ဆီမှ နောက်ဆုံး video စုံစမ်းရေးအဖွဲ့ဆီသို့ ရောက်ရှိလာလေပြီ။
စကားလုံးများကား Light သင်ပေးလိုက်သည့်အတိုင်း အတိအကျပင်။
video ကြည့်ပြီးသော် L က
"ဒုတိယ Kira ဟာ တကယ့် Kira အစစ်နဲ့ တွေ့ပြီးသွားပြီလို့ ငါထင်တယ် Light"

Light အမှန်ပင် အံ့သြသွားသည်။
"ဘာလို့ အဲလိုထင်ရတာလဲ"

"မင်း အဲလို မထင်ဘူးလား။ ငါက မင်းလည်း ငါ့လိုပဲ တွေးမိမယ်လို့ ထင်နေတာ။ ဒီလိုကွာ၊ သူပြောတဲ့အထဲမှာ အရင်ကလို Kira နဲ့ တွေ့ဖို့ အကြောင်းမပါတော့ဘူး၊ ပြီးတော့ Kira ရဲ့ သဘောတူညီချက်ကိုယူပြီး လူတွေကို ဒဏ်ခတ်မယ်တဲ့။ သူအရင်က လုပ်ချင်သလိုလုပ်ခဲ့ပြီးမှ ဒါမျိုးပြောတယ်ဆိုတော့ ဒါပုံမှန်မဟုတ်ဘူးကွ။ ဒါတွေကြောင့် သူတို့တွေ တနေရာရာမှာ တွေ့ခဲ့ပြီးပြီလို့ ငါထင်တာ။ အင်း..Kira အစစ်က သူတို့ တွေ့ပြီးပြီဆိုတဲ့အချက်ကို လျှို့ဝှက်ထားပါလို့ ပြောထားပုံလည်းရတယ်လို့ ထင်တယ်"

"ငါ သေဘောပေါက်ပြီ။ ဒီတိုင်းဆို ဒီတခါ Kira လုပ်ပုံက နည်းနည်း နမော်နမဲ့ နိုင်တာပေါ့။ အလောသုံးဆယ် လုပ်လိုက်တယ် ထင်တယ်"

"ဟုတ်တယ်။ သူ ဒီတခါ သေချာ ခြေရာ မဖျောက်လိုက်နိုင်ဘူး။ ဒါပေမယ့် သူတို့တွေ့ပြီးပြီလို့ ငါတို့ကိုတမင် အရိပ်အမြွက်ပြလိုက်တာလည်း ဖြစ်နိုင်တယ်။ အဲလိုဆိုရင်တော့ တကယ့်ကို စိုးရိမ်စရာပဲ။ အေးလေ ဒီအတိုင်းဆိုရင်တော့ မင်းရဲ့ Kira ဖြစ်နိုင်ချေတော့ ထပ်နည်းသွားတာပေါ့"

"မင်း ဘာပြောချင်တာလဲ"
စိတ်ဝင်တစားဖြင့် ရဲချုပ်က ၀င်မေး၏။

"Light သာ Kira ဖြစ်မယ်ဆိုရင် ဒုတိယ Kira ကို ဒီအခွေ ပို့ခိုင်းလိမ့်မယ် မထင်ဘူး။ ဒီလို လုပ်မယ့်အစား ကျနော့်ကို TV ပေါ်မှာ တက်ပြီး လူလုံးပြဖို့ကိုပဲ ဆက်တောင်းဆိုခိုင်းမှာပေါ့။ အဲဒီလိုဆိုရင် ကျနော့်ကို ဒုတိယ Kira သတ်တာပါဆိုပြီး လွှဲချလို့ရမယ်လေ။ ရဲတွေမှာလဲ Kira နှစ်ယောက်တွေ့ခဲ့ကြတယ်ဆိုတဲ့ သက်သေမှ မရှိဘဲ။ ပြောသင့်တဲ့ စကားက ဒီလိုဗျ 'Kira ကတကယ်ပြောတာဆိုရင်တော့ ကျုပ် လူသတ်တာတွေ ရပ်လိုက်မယ်။ ဒါပေမယ့် TV ကလွှင့်တာတွေဟာ တကယ့် Kira အစစ်ဆီကလို့ ကျုပ်မထင်ဘူး။ တကယ်လို့ L သေသွားလည်း Kira အတွက် ကျေနပ်စရာပဲ ဖြစ်မှာပဲ။ ဒါ့ကြောင့် ကျုပ်လုပ်နေတာတွေကို ရပ်ပစ်လိုက်စရာ လိုတယ်လို့ မထင်ဘူး'။ အဲလိုဆိုလို့ကတော့ ကျနော် သွားပြီပဲ"
L ကစိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။

"ငါသာ တကယ့် Kira အစစ်ဆိုရင်တော့ မင်းပြောသလို မလုပ်ဘူးကွ"
Light ကလည်း ပြန်ပြောပေပြီ။

"ဆိုပါဦး၊ ဘာလို့လဲ"

"မင်းအကြောင်း ငါသိတယ်လေ။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် L ဟာ TV ပေါ်ကို လုံးဝ တက်လာမှာမဟုတ်ဘူး။ L ဆိုတဲ့ကောင်ဟာ အလကားသက်သက်တော့ သူ့ကိုသူ အသေမခံဘူး။ တခြားနည်းလမ်းတခုခုကို ရအောင်ရှာလိမ့်မယ်"

"မှန်လိုက်လေကွာ"
L က ခပ်အေးအေးပင် ထောက်ခံလိုက်လေသည်။

"Light မင်းက ကိုယ့်ကိုယ်ကို Kira ဖြစ်ခဲ့ရင်ဆိုပြီး ပြောနေပေမယ့် အဲဒီလို ပြောနေတာ ကြားရတာကို ကိုက ငါ့ရင်ထဲမှာ နာတယ်ကွ။ မင်းထပ်မပြောရင်ကောင်းမယ်"
ရဲချုပ်က စိတ်ဆိုးဆိုးဖြင့် ပြောလေသည်။

"ဆောရီးပဲ ဖေဖေရာ။ သားက Ryuzaki ကို သားအမြင်ပြောပြတာပါ။ ဒီအမှုမြန်မြန်ရှင်းနိုင်မှ သား Kira မဟုတ်ဘူးဆိုတာ မြန်မြန်ပေါ်မှာကိုး ဖေဖေရ။ ပြီးတော့ ဒီလိုပြောပြတော့ သား Kira မဟုတ်ဘူးဆိုတာ ပိုသိသာတာပေါ့"

"အင်းလေ၊ မှန်ပါတယ်။ Light ဟာ Kira မဖြစ်လောက်ပါဘူး၊ ဖြစ်ရင်လည်း ကျနော်တော့ ကောင်းကောင်း ဒုက္ခရောက်ပြီ။ ဘာလို့လဲဆိုတော့"
L စကားပြောနေရင်း ခဏရပ်သွား၏။ ပြီးမှ
"Light ဟာ ကျနော့်ရဲ့ ပထမဆုံး သူငယ်ချင်း ဖြစ်နေလို့ပါပဲ"

သူ့ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ပြောလိုက်သံကို ကြားလိုက်ရသော Light လွန်စွာပင်တွေဝေသွားသည်။ သူ့မသိစိတ်ထဲသို့ L အားကြင်နာစိတ်များပင် ၀င်လာလေသည်။
"အေးလေ..ငါကလည်း မင်းကို သူငယ်ချင်း အရင်းလို့ပဲ သတ်မှတ်ပါတယ်"

"ကျေးဇူးပါပဲ"

"မင်းခုနောက်ပိုင်း ကျောင်းမလာတော့ ကျောင်းမှာတောင် ငါပျင်းနေတာကွ။ တင်းနစ်လေးများ ထပ်ရိုက်ရကောင်းမလားလို့ကွာ"

"ရပါတယ်၊ ရိုက်ကြတာပေါ့"

Light အပြန်လမ်းတွင် Ryuk ကစကားပြောလာသည်။
"သူငယ်ချင်းတဲ့ကွ ဟေ့ကောင်။ မင်း ၀မ်းမသာဘူးလား"

"ဟိုကောင်က ကျုပ်နဲ့ ဒုတိယ Kira တွေ့ပြီးပြီဆိုတာ သိနေပြီဗျ။ ဒီဇာတ်လမ်းကို မြန်မြန်ဖြတ်မှ ဖြစ်တော့မယ်"
..... ငါ Misa ကိုလည်း ပြောထားဦးမှပါပဲ ......

Light တွေးရင်း လမ်းလျှောက်လာစဉ်မှာပင်
"Light !!"
အော်သံနှင့်အတူ Misa သူ့ကိုကျောမှ ပြေးဖက်လိုက်သည်ကို ခံလိုက်ရလေသည်။

"နှစ်ပတ်တောင် စောင့်ရမှာဆိုတော့ မစောင့်နိုင်တော့ဘူး။ လွမ်းလွန်းလို့ပါ"

ထိုသို့ဖြင့် Light အိမ်သို့ Misa ပါသွားလေတော့၏။

ထိုမြင်ကွင်းကို အဝေးမှ ကြည့်နေသူက Mogi။ သူ့အတွေးထဲတွင်ကား
.... ဟာ လာပြန်ပြီ နောက်ကောင်မလေးတယောက် .....

Light အခန်းထဲတွင်
"Rem.. ဘယ်အခြေအနေမှာပဲ ဖြစ်ဖြစ် ခင်ဗျားက Misa ဘက်ကပဲနေမှာ မဟုတ်လား"

"အေး။ ငါက သေမင်းဆိုပေမယ့် သေမင်းတိုင်းပြည်မှာ နေကတည်းက သူ့ကို နေ့တိုင်းနီးပါး မြင်လာရတာကွ။ အဲဒီတော့ သူနဲ့ပတ်သက်လို့ ငါ့မှာကိုယ်ပိုင် ခံစားချက်တွေတော့ ရှိတာပေါ့"

Ryuk ကဟားသည်။
"သြော..ခံစားချက်ရှိတဲ့ သေမင်းပါလားဟ။ ဟားဟား"

Rem ကတော့ Ryuk ကိုဂရုမစိုက်။ Light ကိုပင် ဆက်ပြောလေသည်။
"မင်း သူ့ကို သတ်ရင် ငါမင်းကို သတ်မယ်လို့ ပြောတုန်းက မင်းတော်တော့်ကို အကျပ်ရိုက်သွားပုံပဲကွနော"

"ထားပါ။ Misa ပျော်ရင် ခင်ဗျား ပျော်မယ် မဟုတ်လား"

"အေး.ဆိုပါတော့။ သူတခုခုဖြစ်မှာကိုပဲ ငါမမြင်ချင်တာပါလေ"

Light ပြုံးလိုက်ပြီး Misa ကိုဆွဲယူကာ ထွေးပွေ့လိုက်ပြီး
"ဒီမှာ Misa က ကျုပ်ကို သိပ်ချစ်တယ်ဗျ"

Misa မှာ ဘာဖြစ်လို့ ဖြစ်နေမှန်းပင် မသိတော့။ Light ကို ရွှန်းလဲ့သော မျက်လုံးများနှင့် ကြည့်ရင်း
"Light ရယ်"

Light ကဆက်ပြောပြန်သည်။
"ငါပျော်ရင် မင်းပျော်တယ် မဟုတ်လား Misa"
ဆိုတော့

"အင်းပေါ့"
ဟု မဆိုင်းမတွ Misa ဖြေလိုက်မိသည်။

"ဒါဆို Rem ကို L ကိုသတ်ဖို့ မင်းပြောပေးနိုင်မလား။ Rem ကမင်းကို ပျော်စေချင်တယ်တဲ့။ ဒါပေမယ့် တို့နှစ်ယောက် အဖမ်းခံရမယ်ဆိုရင်တော့ မင်းပျော်နိုင်မှာ မဟုတ်ဘူး။ Rem ကသာ L ကိုသတ်လိုက်ရင် ငါသိပ်ပျော်မယ်။ ငါပျော်ရင် မင်းပျော်မယ်လေ။ အဲလိုဆိုရင် တို့နှစ်ယောက်လုံး ပျော်ရပြီပေါ့"

Light စကားဆုံးသည်နှင့် Misa က
"Rem ကျမကို Light ချစ်လာစေချင်တယ်။ ကျမတို့နှစ်ယောက် တူတူပျော်ချင်တယ်ရှင်။ အဲတော့ သူပြောသလို လုပ်ပေးနိုင်မလားဟင်"
အသံငယ်လေးဖြင့် Rem ကိုတောင်းပန်တော့၏။

Rem အတန်ကြာသည်အထိ ဘာမှမပြော။ Light စိတ်ပျက်စွာဖြင့် Misa အပါးမှ ခွာသွားသော အခါမှ
"ကောင်းပြီ။ ကောင်းပြီ Yagami Light။ မင်းကို ငါနည်းနည်းမှ မကြိုက်ဘူး။ ဒါပေမယ့် မင်းပြောတဲ့အတိုင်း ငါလုပ်မယ်။ အေး L ကိုသတ်တယ်ဆိုတာကလည်း ငါ့အတွက် စာမဖွဲ့လောက်ဘူး။ ငါ့အတွက်တော့ နောက်ထပ် အလောင်းတလောင်းတွေ့ရတာလို့ပဲ သဘောထားတယ်"

အေးစက်စက် ပြောလိုက်သည့် Rem ၏စကားအဆုံးတွင် Misa က Rem ကိုပြေးဖက်ကာ
"ကျေးဇူးတင်လိုက်တာရှင်။ သိပ်ကို ကျေးဇူးတင်တာပဲ"

Light ကား အတွေးနယ်ထဲတွင် လွင့်မျောလျက်
.... L အသတ်ခံရတော့မယ်တဲ့၊ ဒါတွေ တကယ်ဖြစ်နေတာမှ ဟုတ်ရဲ့လား ....

No comments:

Post a Comment