လူတယောက် သေမင်းစာအုပ်ပေါ်တွင် အဖမ်းခံ တရားခံများနာမည်ကို တကုပ်ကုပ်နှင့် ရေးနေသည်။
သူ့နောက်မှ Rem ကကျေနပ်စွာကြည့်ရင်း
"မင်း အခုအတိုင်း တရားခံတွေကို ဆက်ပြီးသတ်သွားရမယ်။ အေး..ဒီကိစ္စပြီးရင်တော့ မင်းဟာမင်း ဒီစာအုပ်ကို သုံးချင်သလို သုံးခွင့်ရှိပြီ။ ဒါ မင်းလိုက်နာရမယ့် သဘောတူညီချက်ပဲ။ ဒီသဘောတူညီချက်က မင်းရော ငါရော နှစ်ယောက်လုံးအတွက် အဆင်ပြေပါတယ်ကွ။ ဟုတ်တယ် မဟုတ်လား"
ပြောရင်း Rem တွေးမိပြန်သည်။
..... Yagami Light ရဲ့ အစီအစဉ်အတိုင်း အားလုံးဖြစ်ရင်တော့ Misa ကို ကယ်နိုင်မှာပါ ......
အကျဉ်းခံ ရက်၅၀မြောက်
အကျဉ်းခန်းထဲတွင် ရဲချုပ် ခေါင်းငိုက်စိုက်ချလျက် နွမ်းနယ်စွာ ထိုင်နေသည်။
"ရဲချုပ် အဆင်ပြေရဲ့လားဗျာ။ ရဲချုပ် အချိန်မရွေး အဲဒီထဲက ထွက်လာလို့ရပါတယ်ဆိုတာ သိပါတယ်နော်"
L က လှမ်းပြောနေသည်။
"Kira လူတွေပြန်သတ်နေတာ တလကျော်တောင် ရှိနေပြီ။ ကျုပ်သား Kira မဟုတ်ဘူးလို့ ကျုပ်လုံးဝ ယုံတယ်။ အေး.. ကျုပ် လိုပဲ Ryuzaki ယုံကြည်ရင် ပြီးပြီ။ ကျုပ် ပြောပြီးသားပဲ။ ကျုပ် ဒီကထွက်တဲ့အချိန်ဟာ ကျုပ်သားနဲ့ပဲ တူတူဖြစ်ရမယ်"
Light အကျဉ်းခန်း ကြမ်းပြင်ပေါ်တွင် ခွေခွေလေး လှဲနေသည်။
"Light မင်း အဆင်ပြေရဲ့လား"
"အင်း..ပြေပါတယ်။ ဒါပေမယ့် ငါ့ကို ချုပ်ထားကတည်းက လူသတ်မှုတွေ မဖြစ်တော့ဘူးဆိုတော့ Kira ပဲဖြစ်ဖြစ်၊ သူတို့ထဲက တယောက်ယောက်ပဲဖြစ်ဖြစ် ငါဒီလို အချုပ်ခံနေရတာကို သိနေပုံ ပေါ်တယ်ကွ.."
Light ပြောနေသည်ကို ဖြတ်၍ L ပြောလိုက်သည်။
"မဟုတ်ဘူးကွ။ လူသတ်မှုတွေရပ်သွားတာ မင်းကိုယ်တိုင်က Kira ဖြစ်နေလို့ပဲ"
"ဟေ့ကောင် မဟုတ်ဘူးကွ!!! ငါမင်းကို ဘယ်နှစ်ခါ ပြောရမလဲ!! ငါ Kira မဟုတ်ဘူး!!!!"
.... မင်းသာ Kira ဆိုရင် ခုလူသတ်မှုတွေ ပြန်ဖြစ်နေတာ မင်းသိမှာပဲ။ ဒါပေမယ့် မင်းပုံစံက ဒါကို သိပုံ မပေါ်ဘူး ......
"Ryuzaki လုပ်ပုံက နည်းနည်းတော့ လွန်နေပြီကွာ။ တရားခံတွေ ပြန်အသတ်ခံနေရပြီဆိုတာကို Light ကိုပေးမသိဘဲ ဒီလိုကြီး စွတ်ဝန်ခံခိုင်းနေတာ ငါတော့ လက်မခံနိုင်အောင်ပဲ"
အမြဲလိုလို စိတ်ခက်ထန်သော Aizawa ပင်ပျော့ပြောင်းလာနေ၏။
L က Misa ထံသို့ စကားပြောပြန်သည်။
"Misa မင်းကြည့်ရတာ အခြေအနေ ဟန်ပုံ မပေါ်ဘူး။ အဆင်ပြေရဲ့လား"
Misa လည်း ထိုင်ခုံတွင် ချုပ်ခံရက်သား ခေါင်းငိုက်စိုက်ကျနေလေသည်။
"ရှင် ရူးများနေလား၊ ဒီလောက် ရက်တွေအကြာကြီး တုပ်တုပ်မလှုပ်နိုင်အောင် အချုပ်ခံထားရမှတော့ အဆင်ပြေတယ်ဆိုပြီး ဖြေရင် ငါ ဂေါက်သွားလို့ပဲ ဖြစ်လိမ့်မယ်"
"အေး..မင်းပြောတာ မှန်တယ်လို့တော့ ထင်သားကွ"
"ဒါဆိုလည်း ကျမကို မြန်မြန်လွှတ်တော့လေ။ ကျမ Light ကိုလည်း လွမ်းလှပြီ၊ Light ကိုတွေ့ချင်လှပြီ။ Light ရေ... Light ..."
Misa ကား တတွတ်တွတ် ရွတ်နေလေတော့သည်။
Aizawa နှင့် Matsuda တို့ သူတို့ရှေ့မြင်ကွင်းကိုကြည့်ရင်း
"သူတို့ သုံးယောက်လုံး ရှေ့ဆက် ခံနိုင်ရည် မရှိလောက်တော့ဘူးနဲ့တူတယ်"
"ဟုတ်တယ်။ Ryuzaki မင်းဘာလို့ Light ကိုဆက်ချုပ်ထားတာလဲ။ သူ့ကို လွှတ်လိုက်ရင် ရဲချုပ်လည်း ဒါမျိုး ၀ဋ်ခံနေစရာ မလိုတော့ဘူး။ Lightရော Misa ရော ဘာသတင်းမှ မမြင်ရ၊ မကြားရပေမယ့် တရားခံတွေ ဆက်အသတ်ခံနေရတာပဲဟာ။ ဒီလောက် သိသာနေတာ မင်းအတွက် မလုံလောက်သေးဘူးလား"
"ဟင့်အင်း။ ခုချိန်ထိ တကယ်သေသေချာချာ ပြောနိုင်တာဆိုလို့ Misa ဟာ Light ကို အသည်းအသန် အရူးအမူး ချစ်တယ်ဆိုတာပဲ"
Aizawa သူ့အမြင်ကို မြိုသိပ်မထားနိုင်တော့။
"Ryuzaki စိတ်ဆိုးမယ်ဆိုလည်း ဆောရီးကွာ။ ငါ့အထင်တော့ 'Light ဟာ Kira' ဆိုတဲ့ မင်းရဲ့ အယူအဆကြီး မှားသွားပြီဆိုတာကို လက်မခံနိုင်လို့ မင်းဒီလိုဆက်လုပ်နေတာပဲ"
"သြော်..ခင်ဗျား အဲလိုတကယ်ထင်သလား"
Aizawa ကား ဒေါဖောင်းလေပြီ။
"ဟေ့..Light ပြောဖူးတဲ့အတိုင်းပဲ ငါပြန်ပြောမယ်။ Kira ဟာ မင်း L အတုဟန်ဆောင်ခိုင်းခဲ့တဲ့ကောင် ကိုလည်း ချက်ချင်းသတ်ပစ်လိုက်တယ်၊ FBI agent တွေကိုလည်း သတ်ပစ်လိုက်တယ်။ သူတို့အတွက် ဘာအချက်အလက်မှ သိစရာ မလိုဘဲ လူတွေသတ်နိုင်တယ်ဆိုရင် ဒီလူတွေကို အပင်ပန်းခံပြီး သတ်နေစရာ မလိုဘူး။ သူတို့ကို ဘယ်လိုစုံစမ်းစုံစမ်း မိမှာမှ မဟုတ်ဘဲ။ ကုန်ကုန်ပြောရရင် မင်းကိုယ်တိုင်တောင် ပြောခဲ့သေးတာပဲ Kira ဟာ လိုတာထက် ပိုမသတ်ဘူးဆိုတာ"
"အင်း ဟုတ်သားပဲ။ ဘယ်မှ သွားစရာမလို၊ ဘယ်သူမှ မသိဘဲ လူသတ်နိုင်နေရင် FBI agent တွေကို ဘာလို့သတ်နေမှာလဲ။ သူ့ကို ဘယ်လိုနည်းနဲ့မှ အန္တရာယ် ပေးနိုင်မှာမှ မဟုတ်တာ"
Matsuda ကလည်းပြောလာသည်။
"ရက် ၅၀ တောင်ရှိနေပြီ။ ဒီလိုချုပ်ထားတာတွေ ဆက်လုပ်တာ ဘာမှ အဓိပ္ပာယ်မရှိဘူး။ ဒီလို လုပ်မယ့်အစား ငါတို့ တကယ့် Kira ကိုဖမ်းဖို့ ကြိုးစားသင့်တယ်"
Aizawa သူ့အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောလာတော့သည်။
"ခင်ဗျားတို့ အမြင်တွေကို ကျနော် နားလည်နိုင်ပါတယ်"
L ပြောပြီး ရဲချုပ်ကို စကားလှမ်းပြောလိုက်၏။
"ရဲချုပ်ခင်ဗျာ၊ ခုကိစ္စကြီးနဲ့ ပတ်သက်ပြီး ကျနော့်အမြင် ကျနော့်ဆုံးဖြတ်ချက်ကို အားလုံးရှေ့မှာ ပြောပြချင်ပါတယ်။ ရဲချုပ်က Light ရဲ့အဖေဖြစ်နေတဲ့အတွက် ဒီစကားတွေကို အရင်ဆုံး ကြားသင့်တယ်လို့ ကျနော်ထင်ပါတယ်။ ဒီအတွက် ရဲချုပ် ဌာနချုပ်ကို ပြန်လာနိုင်မလားခင်ဗျာ"
"ဟုတ်ပြီလေ။ လာရမှာပေါ့"
ရဲချုပ်ထံမှ သဘောတူညီချက်ရပြီးနောက်တွင် L က ရဲချုပ်အား တယောက်ချင်းစကားပြောသည့်အပြင် အားလုံးရှေ့တွင် သူ့ခံယူချက်၊ ယူဆချက်များကို ပွင့်လင်းစွာ ပြောပြလေသည်။ ရဲချုပ်ကား L ၏စကားများကို ယုံပင် မယုံကြည်နိုင်။ ပါးစပ်အဟောင်းသားနှင့် ဖြစ်နေတော့၏။
နောက် ၃ ရက်ကြာသော်
ရဲချုပ် မောင်းလာသောကားပေါ်တွင် Misa ပါလာ၏။
"ဟိဟိ.. ကျမကို လိုက်ချောင်းပြီး ဖမ်းခဲ့တဲ့ လူက ရှင်ကိုး။ ရှင့်ကို ဒီလောက် အသက်ကြီးကြီး လူကြီးဖြစ်လိမ့်မယ်လို့ မထင်ဘူးရှင့်"
"ဘာ! ငါက မင်းကို လိုက်ချောင်းတဲ့ကောင် မဟုတ်ဘူးကွ။ ငါက စုံထောက်ကွ။ နားလည်လား"
"စုံထောက်....ဟယ် ခုမှ မှတ်မိတယ်။ ကန်တော့ကန်တော့။ နေပါဦး ကျမကို ဖမ်းတုန်းက 'ဒုတိယ Kira အဖြစ် သံသယဖြစ်မှု' ဆိုလား သူတို့ပြောတယ်။ အဲဒါ တကယ်ပြောတာလား။ ဟုတ်သေးပါဘူးနော်။ ရဲတွေဟာ ဒီလောက်တော့ အကြမ်းပတမ်း မဖမ်းလောက်ပါဘူး။ နောက်ပြီး ရှင်က ကျမကို လွှတ်ပေးမယ်သာဆိုတယ် လက်ထိပ်ခတ်ထားတုန်းပဲဆိုတော့ နည်းနည်း မဟုတ်သေးဘူးထင်တယ်"
"တိတ်တိတ်နေစမ်းကွာ"
ကားသည် အဆောက်အဦတခု၏ မြေအောက်ထပ်ထဲသို့ ၀င်ရောက်လာပြီး အမှောင်ချထားသည့် ထောင့်တခုတွင် ရပ်လိုက်သောအခါ ကားမီးရှေ့တွင် Light နှင့် Aizawa။
"Light ရေ... Light....ခုမှပဲ တွေ့ရတော့တယ် Light ရယ်"
ရဲချုပ် တံခါးဖွင့်ပေးလိုက်သည်နှင့် Misa အော်ဟစ်ပြီး Light အနားပြေးသွားလေ၏။
"ဖေဖေ.. ဒါ ဘာသဘောလဲ။ ဘာတွေဖြစ်နေတာလဲ"
Light ကမေးလေပြီ။
"အဲတော့..အဲဒါ Light ဖေဖေလား။ Misa မဟုတ်တရုတ်တွေ အများကြီး ပြောလိုက်မိတယ်။ အို..ဒုက္ခပါပဲ။ တွေ့ရတာ ၀မ်းသာပါတယ်ရှင့်။ ကျမ Amane Misa ပါ.."
Misa ပြာပြာသလဲလဲနှင့် တောင်းလည်း တောင်းပန် မိတ်လည်းဆက် ပြောမိပြောရာ ပြောနေမိသည်။
"သူတို့ကို ခေါ်သွားလို့ရပါပြီ ရဲချုပ်"
Aizawa က ရဲချုပ်ကို ပြောလိုက်သည်။
အသင့် ရပ်ထားသော နောက်ကားတစီးဆီသို့ ရဲချုပ်သွားရင်း
"ကဲ.. မင်းတို့ ကားပေါ်တက်ကြတော့"
ထိုသို့ဖြင့် Light နှင့် Misa တို့ ရဲချုပ်ကားပေါ်တွင် ပါလာကြလေသည်။
"ဖေဖေ ခုလိုဆိုတော့ သားတို့နှစ်ယောက်အပေါ် ရဲက သံသယမရှိတော့လို့ လွှတ်ပေးတော့မှာလို့ ယူဆလို့ရပြီနဲ့ တူတယ်နော်"
ကားနောက်ခန်းတွင် Misa နှင့်တူတူ လက်နောက်ပြန် လက်ထိပ်ခတ်ရက်သားရှိနေသေးသည့် Light ကမျှော်လင့်တကြီး မေးလေသည်။
"ပေါက်ကရတွေ။ မင်းတို့ နှစ်ကောင်ကို လူသတ်စခန်းဆီ ခေါ်သွားမလို့ကွ"
"ဗျာ!!"
"ရှင်!!"
"လျှို့ဝှက် မြေအောက်လူသတ်စခန်းတခုဆီ မင်းတို့ကို ခေါ်သွားဖို့ ငါ တာဝန်ယူထားတယ်"
"အဖေ ဘာတွေပြောနေတာလဲ!!"
"နောက်နေတာ မဟုတ်လား!!"
Light ရော Misa ပါ အလန့်တကြား ဖြစ်ကုန်ကြ၏။
"Light ဟာ Kira ဖြစ်ပြီး Misa ဟာ ဒုတိယ Kira ဖြစ်တယ်လို့ L ကလုံးဝ ဆုံးဖြတ်လိုက်တယ်။ ခုဖြစ်နေတဲ့ တရားခံတွေ အသတ်ခံနေရတာဟာလည်း မင်းတို့ နှစ်ယောက်ကို ရှင်းပစ်လိုက်ရင် ရပ်သွားလိမ့်မယ်လို့ သူယုံကြည်တယ်"
ရဲချုပ်က မာမာထန်ထန်ပင် ပြောလေသည်။
"အဖေ.. Kira လုပ်တဲ့လူသတ်မှုတွေ ရပ်ကုန်ပြီလေ။ ဘာတွေပြောနေတာလဲ"
Light ကနားမလည်။
"ဟင့်အင်း.. မရပ်သေးဘူး။ လူတွေ အသတ်ခံနေရတုန်းပဲ"
"ဗျာ! သားကို ပြောတော့ လူသတ်မှုတွေ မဖြစ်တော့ဘူးဆို"
"မင်း Kira ပါလို့ ၀န်ခံအောင် L က တမင်သက်သက် အသိမပေးတာဖြစ်လိမ့်မယ်။ စုံထောက်တွေ လုပ်နေကျ အထာပေါ့ကွာ။ ဒါပေမယ့် ဒါက အရေးမကြီးပါဘူး။ တကမ္ဘာလုံးက ခေါင်းဆောင်တွေရော၊ ကုလသမဂ္ဂ အကြီးအကဲတွေရောက L ရဲ့ အကြံပေးချက်ကို လက်ခံတယ်။ အဲဒါကတော့ မင်းတို့ နှစ်ယောက်ကို သတ်၊ Kira ကိုသတ်ပြီးသား ဖြစ်ရော ဆိုတဲ့ အကြံပေးချက်ပဲ။ အဲဒီတော့ အကြောင်းကြောင်းကြောင့် မဆိုင်သူတွေ အန္တရာယ် မဖြစ်ရအောင် Kira ကို လူမသိ၊ သူမသိ နေရာမှာ သတ်မယ်။ ဒါပဲ"
ရဲချုပ်၏ ပြတ်သားစွာ ပြောလိုက်သော စကားအဆုံးတွင် Light နှင့် Misa တို့နှစ်ယောက် အသည်းအသန် ကန့်ကွက်ကြပြန်သည်။
"ဟာ..ဖေဖေကလည်း အဓိပ္ပာယ်မရှိတာ။ သားမှ Kira မဟုတ်တာ"
"အင်းလေ..နောက်ပြီး သူက ဦးရဲ့သားပဲဟာကို"
"ဟေ့..ဒါ ငါ့ဆုံးဖြတ်ချက်မဟုတ်ဘူး။ L ရဲ့ ဆုံးဖြတ်ချက်။ ဘယ်သူမှ လိုက်လို့မရတဲ့ အမှုတွေကို သူရအောင် လိုက်ခဲ့တာ များပြီ၊ တခါမှ သူ့အမြင်၊ သူ့ဆုံးဖြတ်ချက် မမှားသေးဘူး။ ဒီတခါလည်း မှားမှာ မဟုတ်ဘူး"
"ဖေဖေ.. L ကို သားထက် ပိုယုံတယ်ပေါ့"
Light ရင်နာစွာနှင့် မေးလိုက်တော့
"L ကပြောထားသေးတယ်။ ဒီကိစ္စကို သူတာဝန်လုံးလုံးယူတယ်တဲ့။ တကယ်လို့ သူမှားသွားတယ်ဆိုရင်တောင် သူ့အသက်နဲ့လဲပြီး အလျော်ပေးမယ်တဲ့"
"ဗျာ!!"
"ရောက်ပြီကွ"
ပြောပြောဆိုဆို ရဲချုပ်က ကားကို လမ်းဘေးကုန်းအောက်သို့ထိုးဆင်းကာ တံတားတခုအောက်တွင် ရပ်လိုက်၏။ အနီးအနားတွင် လူသူ တဦးတယောက်မျှမရှိ။ အစာစားနေသည့် ငှက်တို့ လန့်ပျံကြကုန်၏။
.... ဘာလို့ ဒီလိုလူပြတ်တဲ့နေရာ ခေါ်လာရတာလဲ၊ အဖေ ဘာတွေ ကြံနေလဲ .....
Light တွေးနေစဉ်
"ဦး...အဲ..ဖေဖေ.. သမီးတို့ကို လွှတ်ပေးတော့မလို့လားဟင်"
Misa ကမျှော်လင့်တကြီးမေးလေသည်။
"အေး..ဒီနားမှာ ငါတို့ ဘာလုပ်လုပ် ဘယ်သူမှ မတွေ့နိုင်ဘူးလေ။ ငါ မင်းတို့ကို လူသတ်စခန်း ခေါ်သွားရမယ့်အစား တမင်တကာ ဒီ ခေါ်လာတာ"
ရဲချုပ်က ပြောရင်း အပြင်လောကကို ငေးကြည့်နေသည်။
နေ၀င်ဆည်းဆာတွင် လောကကြီးက ငြိမ်သက်နေ၏။ အိပ်တန်းတက်သော ငှက်တို့ အုပ်လိုက်ပျံသန်းသွားကြသည်။
ရဲချုပ် သက်ပြင်းတချက် လေးတွဲ့စွာချလိုက်ရင်း အေးစက်သော မျက်လုံးများနှင့် Light ကိုလှည့်ကြည့်ကာ
"Light.. မင်းကို ငါကိုယ်တိုင် ဒီမှာ သတ်မယ်၊ ပြီးတော့ ငါ့ကိုယ်ငါ သတ်သေမယ်"
အေးစက်စွာ ပြောချလိုက်တော့သည်။
"ဟာ အဖေ! ဘာတွေပြောနေတာလဲ။ မဟုတ်တာတွေ!!"
Light ကလည်း မျက်လုံးပြူး မျက်ဆန်ပြူးနှင့် အော်၊
"ဖေဖေ!! ရူးသွားပြီလား! ကိုယ့်သားကိုယ် မသတ်ပါနဲ့!!!"
Misa ကလည်း မျက်ရည်တွေတွေကျရင်း အော်။
"အဖေ သေချင်ရင် ကိုယ့်ဟာကိုယ် သေပေါ့။ အဖေ ဒီလို လုပ်လို့တော့ Kira နဲ့ဘာမှ မခြားဘူး"
Misa ကဆက်အော်ဟစ်နေလေသည်။
"မတူဘူးကွ! ငါ့မှာ တာဝန်ရှိတယ်။ အဖေတယောက်အနေနဲ့ရော ရဲချုပ်တယောက်အနေနဲ့ရောကွ"
"ဖေဖေ.. သားတို့ ဒီမှာ သေသွားလည်း တကယ့်အမှန်တရားကို သူတို့သိမှာ မဟုတ်ဘူး။ ဒီတာဝန်ကို မလုပ်မဖြစ်ဆိုရင်တော့ သားတို့တူတူထွက်ပြေးတာ ပိုကောင်းလိမ့်မယ်"
Light က သူ့အမြင်ကို တရစပ်ပြောချလေသည်။
"သိပ် နောက်ကျသွားပြီ Light"
ရဲချုပ်ကား ဆုံးဖြတ်ပြီးလေပြီ။ သူ့အိတ်ထဲမှ သေနတ်ကို ဆွဲထုတ်လိုက်သည်။
"မင်းကို သတ်ကို သတ်ကြတော့မှာပဲ။ အေး..မင်းအသတ်ခံရမယ့် အတူတူတော့ သတ်တဲ့လူဟာ ငါပဲ ဖြစ်ရမယ်ကွ။ ငါ့သားကို ငါကလွဲလို့ ဘယ်သူမှ ပေးမသတ်နိုင်ဘူး"
ပြောပြီးပြီးချင်းပင် Light ၏နဖူးသို့ သေနတ်ကိုထောက်လိုက်လေ၏။
"အဖေ..မလုပ်ပါနဲ့။ သား Kira မဟုတ်ဘူး!!! သားသာ သေသွားမယ်ဆိုရင် Kira ဖြစ်စေချင်တဲ့အတိုင်း ဖြစ်သွားတာနေမှာပဲ။ အဖေ သဘောမပေါက်သေးဘူးလား!!"
Light အသည်းအသန် အသံ တုန်တုန်ရင်ရင်နှင့် တောင်းပန်နေလေပြီ။ လက်ထိပ်ခတ်ခံထားရသည့် လက်နှစ်ဖက်ကား ရုန်းကန်ရလွန်း၍ သွေးပင်ထွက်မတတ်။
ရဲချုပ်ကား Light စကားများကို ဂရုမစိုက်။ Misa ဘက်သို့ အေးစက်သည့်မျက်လုံးများနှင့်ကြည့်ကာ
"Amane ငါ့သားနဲ့ငါ ဒီမှာ သေကြမယ်။ မင်းဟာ ငါ့သမီးမဟုတ်တဲ့အတွက် ငါသတ်စရာ မလိုဘူး။ ရဲတွေရောက်လာပြီးရင် မင်းကို လူသတ်စခန်းမှာပဲ သတ်ကြလိမ့်မယ်"
ပြောပြီးသည်နှင့် Light နဖူးတွင် ထောက်ထားသော သေနတ်ကို မောင်းတင်လိုက်ကာ
"Light.. ငါတို့ နှစ်ယောက်လုံး လူသတ်သမားတွေပဲ။ တို့သားအဖ ငရဲမှာ ပြန်တွေ့ကြမယ်"
ရဲချုပ်၏ မျက်လုံးများကား အရာရာကို အပြီးတိုင်ဆုံးဖြတ်စွန့်လွှတ်ထားသည့်မျက်လုံးများ။
Light ကားဘာမှ မတတ်နိုင်တော့
"အဖေ!!!!"
ဟုအော်လိုက်သည့် Light ၏အသံ
"မလုပ်ပါနဲ့!!!!!"
ဟုအော်လိုက်သည့် Misa ၏အသံ
ထိုအသံတို့မဆုံးမီ
"ဒိုင်း!!!!!!!"
တံတားအောက် အမှောင်ထဲတွင် ကားတစီးရပ်ထားသည်။
အရာအားလုံးသည် တိတ်ဆိတ်လျက်။
သေမင်းစာအုပ် အသုံးပြုပုံ ကောက်နှုတ်ချက်
သေမင်းစာအုပ် စွန့်လွှတ်လိုက်ပါက သေမင်းတို့နှင့် ပတ်သက်သည့် အကြောင်းအရာများအားလုံး မေ့ပျောက်သွားမည့်အပြင် သေမင်းမျက်လုံး လဲလှယ်ခဲ့ဖူးပါက ထိုအစွမ်းသတ္တိများလည်း ဆုံးရှုံးသွားမည်။ ထို့အပြင် အလဲအလှယ်ပြုထားသည့် လူ့သက်တမ်းတ၀က်ကိုလည်း ပြန်လည်ရရှိမည် မဟုတ်ပေ။
သေမင်းစာအုပ်ပိုင်ရှင်သည် သေမင်းစာအုပ်ပိုင်ဆိုင်ခွင့် မဆုံးရှုံးဘဲ အခြားလူတယောက်ကို စာအုပ် အငှားချထားနိုင်သည်။ ထိုသူမှလည်း နောက်တဦးသို့ ထပ်ဆင့် ငှားနိုင်ခွင့်ရှိသည်။
No comments:
Post a Comment