စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Tuesday, February 25, 2014

သေမင်းစာအုပ် (၁၆.၂)

အကျဉ်းခံ ပထမနေ့

Light ကား အမှန်တကယ်ပင် သံတိုင်များနောက်ရောက်ရှိခဲ့လေပြီ။ သူ့အခန်းထဲတွင် ကုတင်တလုံး၊ အိမ်သာတအိုးနှင့် L တို့သူ့အား စောင့်ကြည့်နိုင်ရန် တပ်ဆင်ထားသည့် လုံခြုံရေးကင်မရာတလုံးနှင့် စကားပြောရန် စပီကာ တလုံးသာရှိ၏။

Ryuk ကားထိုင်စိတ်ညစ်နေလေသည်။
"ဟေ့ကောင်..ငါ ပန်းသီးမစားရဘဲ နေရဦးမယ်ပေါ့။ ဒီလို ဘယ်လောက်တောင် နေရမှာတုန်း။ ငါတော့ ပန်းသီးနာ ကျတော့မှာပဲ"

Light က သူ့ဟာသူ အတွေးထဲနစ်မျောနေသည်။
..... ငါလုပ်စရာ ရှိတာတွေ လုပ်ပြီးပြီ။ သေမင်းစာအုပ်ကို စွန့်လွှတ်ဖို့ပဲ လိုတော့တယ် ......

L ကား Light ကိုရော၊ Misa ကိုပါ တချိန်လုံး ထိုင်ကြည့်နေလေ၏။
ထိုစဉ် ရဲချုပ် ၀င်လာပြီး
"ကျုပ်ကို စုံစမ်းရေးကနေ ထုတ်လိုက်ပါတော့"
အဖွဲ့ဝင်များ မျှော်လင့်မထားလိုက်သဖြင့် ထိတ်လန့်သွားကြလေသည်။

"ဟာ..ရဲချုပ်!!"

"Kira ဖြစ်နိုင်မှုနဲ့ အကျဉ်းချထားခံရတဲ့လူဟာ ကျုပ်သားဖြစ်နေတယ်။ ဒါ့ကြောင့် ဒီအဖွဲ့ထဲမှာ ကျုပ်ဆက်ရှိနေမယ်ဆိုရင် သဘာဝ မကျဘူး။ သူ့ကို ချုပ်ထားဖို့ ပြောတုန်းကတောင် သားသမီးသံယောဇဉ်နဲ့ ကျုပ် တားဆီးဖို့ ကြိုးစားမိခဲ့သေးတယ် မဟုတ်လား။ ဒါမျိုးတွေ ထပ်မဖြစ်သင့်တော့ဘူး"

"မှန်ပါတယ် ရဲချုပ်။ ဒီလို ထပ်မဖြစ်သင့်ဘူး"
L က အလိုက်တသင့် ပြောလိုက်လေသည်။

"ကျုပ်သားသာ တကယ် Kira ဖြစ်နေမယ်ဆိုရင် ကျုပ်...ကျုပ် ဘာဆက်လုပ်ရမှန်း သိမှာတောင် မဟုတ်ဘူး"

"ဟုတ်ပါတယ်လေ။ ရဲချုပ်လို ဥပဒေကို မြတ်နိုးတဲ့လူတယောက်အတွက် တော်တော်ကို ဒုက္ခရောက်မှာပဲ။ ရဲချုပ်က Kira ကိုမုန်းတီးတယ်ဆိုတော့ သူ့ကိုတော့ သတ်မိမှာပဲ။ ပြီးမှ ကိုယ့်သားကိုယ် သတ်မိပြီဆိုပြီး ကိုယ့်ကိုယ်ကို သတ်သေလိုက်တာမျိုး မဖြစ်ဘူးလို့ မပြောနိုင်ဘူး။ အဲဒီတော့ ရဲချုပ် ကျနော်တို့နဲ့ တူတူမရှိတာ ကောင်းမယ်လို့ ကျနော်လည်း လက်ခံတယ်"

L ၏စကားအဆုံးတွင် ရဲချုပ်က တဆင့်တက်လာပြန်သည်။
"ကျုပ်ကိုလည်း ချုပ်ထားလိုက်ပါ။ လောလောဆယ် ကျုပ်စိတ်တွေ တည်တည်ငြိမ်ငြိမ်နဲ့ လက်ရှိအခြေအနေကို လက်ခံနိုင်နေပေမယ့် နောက်ပိုင်းကျ သားဇောနဲ့ ဘာလုပ်ဖြစ်မယ် မပြောနိုင်ဘူး"

"ရဲချုပ် ဒီလိုပဲ ပြောလာလိမ့်မယ်လို့ ကျနော် မျှော်လင့်ပြီးသားပါ။ အဲဒါကြောင့် Watari ကို ရဲချုပ်ကို ချုပ်ထားဖို့ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ခိုင်းထားပါတယ်။ ရဲချုပ်ဟာ အချုပ်ခံနေရမယ်ဆိုပေမယ့် ဖုန်းကို ပုံမှန်အတိုင်းပဲ ဖွင့်ထားပါ၊ မိသားစုနဲ့၊ တခြားမိတ်ဆွေတွေနဲ့လည်း ပုံမှန်အတိုင်း ဖုန်းဆက်ပါ၊ စကားပြောပါ။ ပုံမှန်လူတယောက်လို နေနိုင်ပါတယ်။ Light ကိုတော့ ဒီကိစ္စအသိမပေးဘူး။ ဘာလို့လဲဆိုတော့ သူနဲ့ ရဲချုပ် စကားပြောတဲ့အခါကျရင် သူ့အမြင်မှာ ရဲချုပ်ကို စုံစမ်းရေးရဲ့အစိတ်အပိုင်းတခုအနေနဲ့ပဲ ရှိနေစေချင်လို့ပါ။ ရဲချုပ်ကို အချုပ်ခံနေရစဉ်အတွင်းမှာလည်း စုံစမ်းရေးရဲ့ တိုးတက်မှုတွေ၊ အခြေအနေတွေ အားလုံး ပေးသိနေပါမယ်။ ကျနော်ပြောတာတွေ ရဲချုပ် လက်ခံနိုင်ရဲ့လား"

"ဖြစ်ပါတယ်"

အကျဉ်းခံ တတိယနေ့

Misa ကား ယခင်အတိုင်း အချုပ်ခံရဆဲ။
"ဒီမှာရှင်.. ကျမ ရေချိုးပါရစေလား။ ကျမ ဘယ်မှာနေတယ်ဆိုတာ ရှင်သိမယ်ထင်ပါတယ်။ အ၀တ် လဲစရာလေး သွားယူပေးပါလားဟင်။ ဒီလောက် ရက်တွေကြာနေတာ ကျမ တကိုယ်လုံး ညစ်ပတ်လှပြီ"

"ဒုက္ခပဲကွာ။ ဒီဟာမလေးကလဲ ခုနောက်ပိုင်း ဘာတွေပြောနေမှန်း မသိဘူး"
Aizawa စိတ်ညစ်ညစ်နှင့် ပြောနေမိသည်။

Light ကလည်း အကျဉ်းခန်းထဲမှ လှမ်းမေးလေသည်။
"Ryuzaki ဘယ်လိုလဲကွ။ ငါ့ကို ဖမ်းထားတဲ့ သုံးရက်မှာ Kira သတ်လောက်တဲ့လူတွေအကြောင်း သတင်းပါလား။ ပါတယ်ဆိုရင်ရော အသတ်ခံကြရလား"

"အေး.. နှစ်ယောက် သုံးယောက်လောက် အကြောင်း သတင်းပါတယ်ကွ။ ဒါပေမယ့် မင်းကို ချုပ်ထားပြီးကတည်းက တယောက်မှ အသတ်မခံရသေးဘူး"
စပီကာမှ L အသံ ထွက်လာလေ၏။

"သြော်... တယောက်မှ အသတ်မခံရဘူးတဲ့လား။ ဒါဆို Kira ဟာ ငါပဲလို့ ယူဆကြတော့မှာပေါ့"
အလွန်အမင်း စိတ်ဓာတ်ကျသွားဟန်ဖြင့် Light ခေါင်းငိုက်စိုက်ချရင်း ပြောလိုက်တော့သည်။

"ဟာ... ပန်းသီးစားချင်တယ်ကွာ"

...... ဘယ်လိုဖြစ်တာလဲ။ Kira ဟာ လူတွေကို ကြိုသတ်ထားလို့ရတဲ့ကောင်ဆိုတော့ ဒီကောင့်ကို ထောင်ထဲထည့်ထားလည်း လူသတ်တာတွေ ဆက်ဖြစ်နေဦးမှာပဲလို့ ငါတွက်ထားတာ။ ခုကျတော့ တမျိုးပါလား။ ဒီတိုင်းဆို သူ့ကို Kira လို့လူတိုင်းက ကျိန်းသေသတ်မှတ်ရမယ့် အခြေအနေဖြစ်နေပြီ။ အဲဒီတော့ တခုပဲ စဉ်းစားစရာ ကျန်တော့တယ်။ သူ့ကိုယ်သူ Kira ဖြစ်မှန်းမသိ ဖြစ်နေတာလား၊ သိသိကြီးနဲ့ Kira လုပ်နေတာလား။ သိသိကြီးနဲ့ ဒါမျိုး ရူးချင်ယောင်ဆောင်နေရင် ငါတို့ကို တပတ်ရိုက်လို့ရမယ်လို့များ သူထင်နေသလား။ ဒီအချိုးက ဒီကောင့်အချိုး မဟုတ်ပါဘူး .......

အကျဉ်းခံ ပဉ္စမနေ့

...... စိတ်ရှည်ရမယ်၊ စိတ်ရှည်ရမယ်။ ငါ စိတ်ရှည်ရှည်ထားဖို့ပဲ လိုတယ် .....
Light တွေးနေချိန်ဝယ် Ryuk ခမျာတော့ ပန်းသီးနာ ကျစပြုလာလေပြီ။ သူ့ကိုယ်ခန္ဓာက ရွဲ့စောင်း ရွဲ့စောင်း ဖြစ်ချင်လာ၏။

"ဟေ့ကောင် Light.. ငါတော့ အခြေအနေမကောင်းတော့ဘူးနော်"

ထိုအချိန်တွင် Misa ကား အချုပ်ခံနေရဆဲ ဖြစ်သော်လည်း မတ်တပ်ရပ်မနေရတော့ပေ။ ထိုင်ခုံတွင် ထိုင်လျက်သား အချုပ်ခံနေရပြီဖြစ်သည်။

"ကျမ ထိုင်နေတဲ့ video ကိုတော့ ရှင်ရောင်းစားလို့ ရမှာမဟုတ်ပါဘူး။ လွှတ်ပေးပါတော့"
နွမ်းနယ်နေသည့် အသံလေးဖြင့် Misa တောင်းပန်နေလေ၏။

ရဲချုပ်မှာလည်း သူ၏ အကျဉ်းခန်းထဲတွင် စိတ်ပျက်လက်ပျက်ဖြင့် ထိုင်နေလေ၏။ သို့သော် သူ့မျက်နှာကား အလွန်တရာစိတ်ဒုက္ခခံစားနေရသည့်ပုံ။ သူ့ကိုယ်နေဟန်ထားကား လုံးဝ လှုပ်ရှားနိုင်စွမ်းအား မရှိသည့်နှယ် လျော့တိလျော့ရဲ။

"ဟင်း.... အားလုံးထဲမှာ ဘာအပြစ်မှ မရှိတဲ့ ရဲချုပ်က အခြေအနေအဆိုးဆုံးပုံ ပေါက်နေပါလား"
သက်ပြင်းချရင်း L ပြောလိုက်မိသည်။

"အင်း.. သိပ်တော့ အံ့သြစရာ မရှိပါဘူး။ Light ကိုချုပ်ထားတဲ့ ၅ ရက်မှာ တယောက်မှမှ အသတ်မခံရတာ။ ဒီလိုအခြေအနေမျိုးမှာ မိဘတွေအနေနဲ့ ပိုခံစားရမှာပေါ့"
Matsuda ကစာနာရှာသည်။

"ရဲချုပ် ခင်ဗျာ"
L က စပီကာမှ လှမ်းခေါ်လိုက်တော့

ခြေပစ်လက်ပစ် စိတ်ပျက်လက်ပျက်ဖြင့် ထိုင်နေသည့် ရဲချုပ် ပျာပျာသလဲလဲဖြင့် ထလာကာ
"ဘာလဲ၊ ဘာလဲ.. သတင်းကောင်းလား သတင်းဆိုးလား"

"အာ..ဘာမှမဟုတ်ပါဘူး။ ရဲချုပ် ဒီကိစ္စကို သိပ်မတွေးပါနဲ့လားလို့ ပြောမလို့ပါ။ ရဲချုပ် လျှောက်တွေးနေလဲ အဖြေက ပြောင်းလာမှာမှ မဟုတ်တာ။ ဒုက္ခမခံပါနဲ့လားဗျာ။ တခြား စိတ်အေးလက်အေးရှိမယ့်နေရာမှာ နေပါလား ရဲချုပ်"
L ကပြောတော့

"တော်စမ်းကွာ! ငါ့အတွက် စိတ်အေးလက်အေး ရှိမယ့်နေရာဆိုတာ ခုချိန်မှာ မရှိဘူးကွ။ ဒီတိုင်း ဒီမှာပဲ နေတာ အကောင်းဆုံးပဲ။ အဖြေဘာပဲထွက်ထွက် ငါဒီထဲကထွက်ရမယ်ဆိုရင် ငါ့သားနဲ့မှ တူတူထွက်နိုင်မယ်ကွ!!!"
ရဲချုပ် ပေါက်ကွဲကာ အော်လေတော့သည်။

L ဘာမှ အထွန့်မတက်ရဲတော့
"ဟုတ်ကဲ့ပါဗျာ"

အကျဉ်းခံ သတ္တမနေ့

Light ကုတင်အောက်တွင် ငြိမ်သက်စွာထိုင်နေ၏။

စပီကာမှ L ၏အသံထွက်လာသည်။
"Light.. ခုမှ ခုနစ်ရက်ပဲ ရှိသေးတယ်နော်။ မင်းကြည့်ရတာ ယဲ့ယဲ့လေး ကျန်တော့တယ်"

..... အင်း၊ ခုနစ်ရက်တောင် ငါနေခဲ့ပြီးပြီ။ ဒီလောက်ဆို အချိန်တန်ပြီ ........
Light တွေးပြီး
"အေးကွာ..အမှန်အတိုင်းပြောရရင်တော့ ငါ့ကိုယ်ငါတောင် အခြေအနေကောင်းပါတယ်လို့ ပြောလို့မရတော့ဘူး။ အရင်ကတော့ မာနကြီးကြီးနဲ့ ကိုယ့်ဟာကိုယ် ဘာမှမဖြစ်သလို ဟန်ဆောင်နေခဲ့တာ။ ဒီအဓိပ္ပာယ်မရှိတဲ့ မာနတွေကို ငါလွှင့်ပစ်လိုက်တော့မယ်"

Light ၏စကားအဆုံးတွင် ပန်းသီးနာကျကာ ကင်းမြီးကောက်ထောင်နေပြီဖြစ်သော Ryuk ဆတ်ကနဲဖြစ်သွားသည်။ Ryuk မတ်တပ်ရပ်ကာ Light ကိုကြည့်ပြီး
"သဘောပေါက်တယ် ဟေ့ကောင်"
ဟုဆိုကာ လှည့်ထွက်သွားလေတော့သည်။

"နောက် တွေ့သေးတာပေါ့ကွာ"
Ryuk ၏အော်ကာ နှုတ်ဆက်သံအဆုံးတွင် Light ၏ သေမင်းစာအုပ်ပိုင်ရှင်ဘ၀ ကုန်ဆုံးသွားလေတော့သည်။ သူ့အသိဉာဏ်တွင် Kira စုံစမ်းရေး၊ L အားလုံးကျန်ခဲ့သော်လည်း သေမင်းများနှင့် သေမင်းစာအုပ်များကား စိုးစင်းမျှ မကျန်ခဲ့တော့ချေ။

မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ဟိုဘက်ကြည့်၊ ဒီဘက်ကြည့်လုပ်နေသော Light ကို L ဖန်သားပြင်မှ ကြည့်နေစဉ်

....... ဟမ်..ငါဘာလို့ ကိုယ့်ဟာကိုယ် ထောင်ထဲပို့ထားတာလဲ ......
Light စဉ်းစားမရဖြစ်ပြီး
"Ryuzaki ငါ ကိုယ့်ကိုယ်ကို ထောင်ချခံထားမှန်းတော့ သိပါတယ်။ ဒါပေမယ့် ခုလို လုပ်ထားတာ ဘာမှ အဓိပ္ပာယ်မရှိဘူးဆိုတာ ငါသဘောပေါက်လာပြီကွ။ ငါမှ Kira မဟုတ်ဘဲ။ ဒါမျိုးလုပ်တော့ ဘာအဓိပ္ပာယ်ရှိမှာလဲ။ ငါ့ကို ပြန်လွှတ်တော့ကွာ"

"မလွှတ်နိုင်ဘူးကွ။ မင်းကို ပေးထားတဲ့ကတိအတိုင်းပဲ။ မင်းဟာမင်း ဘာပြောပြော မင်း Kira မဟုတ်ဘူးဆိုတာ ငါ လုံးလုံးသေချာတဲ့အထိ မလွှတ်နိုင်ဘူး"
L ကပြတ်သားစွာ ပြန်ပြောလိုက်သည်။

"ဟ.. အဲဒါပြောတုန်းက ငါ စိတ်နဲ့လူနဲ့မကပ်ဘဲ ပြောလိုက်တာဖြစ်မယ်ဟ။ မင်းသေချာ စဉ်းစားကြည့်ပါဦး၊ ကိုယ်လူသတ်တာကို ကိုယ်မသိဘူးဆိုတာ ဖြစ်နိုင်ပါ့မလားကွ။ ငါဟာ ကိုယ့်ဟာကိုယ် Kira လို့လုံးဝ မသိဘူး။ အဲဒီတော့ ငါ Kira မဖြစ်နိုင်ဘူးကွ!!!"
Light ကားစွတ်အော်နေတော့၏။

"အင်း.. ငါကလဲ Kira ဟာ သူ့ကိုယ်သူ Kira ပါလို့ မသိဘဲနေမှာမဟုတ်ဘူးလို့ စဉ်းစားထားပါတယ်။ ဒါပေမယ့် မင်း Kira ဖြစ်နိုင်တယ်လို့ လက်ရှိအခြေအနေတွေက ပြနေတယ်ကွ။ မင်းကို ချုပ်ထားလိုက်ကတည်းက Kira ဟာပေါ်ကို မလာတော့ဘူး"

"ဒီမွာ Ryuzaki... ငါ မလိမ္ဘူးကြ။ ငါ ဘယ်နည်းနဲ့မှ Kira မဖြစ်နိုင်ဘူး။ ဖြစ်ချင်းဖြစ်ရင် ငါ ထောင်ချောက်ဆင် ခံရတာပဲဖြစ်မယ် "

...... ဘာတွေ ပြောနေတာလဲ Yagami Light.. မင်းအပြောနဲ့ မင်းတော့ ဟုတ်နေတာပဲ။ ဒါပေမယ့် ဘယ့်နှယ်ကြောင့် ငါ့စိတ်ထဲမှာ အဖြေရဖို့ သိပ်နီးနေပြီလို့ ခံစားနေရတာလဲ .....
L တွေးနေမိပြန်၏။

Aizawa ကလည်း သူ့အမြင်ကို ပြောသည်။
"ဘယ်လိုလဲကွ။ သူဘာဖြစ်နေတာလဲ။ ဟိုအရင် ပြောတုန်းကတမျိုး၊ ခုကျတော့လည်း တမျိုးပါလား။ သူလုပ်ပုံက အပြောနဲ့အလုပ် မညီပါလား"

Matsuda ကလည်း တမျိုးမြင်သည်။
"အင်းလေ.. ဘယ်လိုပဲဖြစ်ဖြစ် လူတွေ အသတ်မခံရတော့ဘူးဆိုမှတော့ သူ့ကို ပြန်လွှတ်ပေးလို့ ဘယ်ဖြစ်မလဲ"

အကျဉ်းခံ ၁၅ ရက်မြောက်
ဂျပန်သတင်းစာများတွင် 'Kira ပြန်လာပြီ' ဆိုသော သတင်းများက နေရာအပြည့်ယူထားကြသည်။ TV သတင်းများမှလည်း Kira နှစ်ပတ်ကြာ ပျောက်ဆုံးနေပြီး ယမန်နေ့က တရက်တည်းတွင် ဒုစရိုက်သမားများစွာကို သတ်ပစ်လိုက်ပြီဖြစ်ကြောင်း ကြေငြာနေကြ၏။

"ရဲချုပ် Kira ပြန်ပေါ်လာပြီဗျ။ သူအနားယူနေတာနဲ့တူတယ်"
Matsuda အပြေးအလွှား ရဲချုပ်ထံ သတင်းပို့လိုက်လေသည်။

"ဘာ! ဒါအမှန်ပဲလား!"
ရဲချုပ် အတိုင်းမသိ စိတ်လှုပ်ရှားလေပြီ။ သူ ၀မ်းသာရမလို၊ ၀မ်းနည်းရမလို။ ရဲတယောက်အနေနှင့် လူသတ်မှုများဖြစ်ပွားသည့်အတွက် ၀မ်းမသာနိုင်သော်လည်း ဖခင်တယောက်အနေနှင့် သားအပေါ် သံသယများ အနည်းနှင့်အများ ကင်းရှင်းသွားသည့်အတွက်တော့ ၀မ်းသာရပေသည်။

"Ryuzaki ကတော့ ငါ့သားကို လုံးလုံး သံသယ ကင်းသွားဦးမှာ မဟုတ်ဘူးဆိုတာ ငါသိနေတယ်ကွာ"
ရဲချုပ်က ပြောတော့

"အင်း.. နည်းနည်းတော့ သံသယ ကင်းသွားပြီလို့ ပြောရမှာပေါ့ဗျာ"
L ပြန်ဖြေလိုက်လေသည်။

"ဟင်..ဒါဆို အရင်က လုံးလုံးကို အပြစ်ရှိတယ်လို့ ယုံကြည်ခဲ့တာပေါ့။ တော်သေးတာပေါ့ကွာ"

"စိတ်မပူပါနဲ့ ရဲချုပ်ရာ.. နည်းနည်းကင်းပြီးရင် လုံးလုံးကင်းသွားမှာပါ။ ကျနော် Light ကို ဒီအကြောင်း ပြောဦးမှ.."
Matsuda သူ့စိတ်ထဲ ရှိသည့်အတိုင်း ပြောပြောဆိုဆိုနှင့် Light ထံ စကားပြောရန် စပီကာ ခလုတ်ကို လက်လှမ်းလိုက်သည်တွင် L က သူ့လက်ကို ပုတ်ထုတ်လိုက်ပြီး

"ဆောရီးပါ Matsuda။ ခင်ဗျား စိတ်ထင်တိုင်း လျှောက်မလုပ်ပါနဲ့။ Light ကိုဒီကိစ္စ အသိပေးစရာ မလိုဘူး"

"ဘာဖြစ်လို့လဲဗျာ.."

Matsuda ၏အမေးကို L မဖြေဘဲ Light ဆီသို့ လှမ်း၍ စကားပြောလိုက်သည်။
"Light.. မင်းကို ချုပ်ထားတဲ့ နှစ်ပတ်မှာ ဘယ်တရားခံမှ အသတ်မခံရဘူး။ ဒီလောက် ရှင်းနေတာကို မင်းက ဘာကိစ္စ ကိုယ့်ကိုယ်ကို Kira ပါလို့ ၀န်မခံရတာလဲ"

"မင်း မှားနေပြီ Ryuzaki။ အခြေအနေအကြောင်းကြောင်းကြောင့် ငါ့ကို Kira ပါလို့ သံသယရှိတာကိုတော့ အံ့သြစရာ မရှိပါဘူး။ ဒါပေမယ့် ဒါ တယောက်ယောက်က ထောင်ချောက်ဆင်တာကွ။ ငါ Kira မဟုတ်ဘူး!! မင်း ငါ့မျက်လုံးတွေကို သေချာကြည့်စမ်း။ ဒီမျက်လုံးတွေဟာ လူလိမ်တယောက်ရဲ့ မျက်လုံးတွေလားကွ!!"

L ပြန်မဖြေပါ။ သူ Misa ဆီသို့ လှမ်းစကားပြောပြန်သည်။
"Misa မင်း Kira ကို တကယ်ပဲ မသိဘူးလား"

"ရှင်... ဒါပဲ မေးပြန်ပြီလား။ ကျမလည်း Kira ဘယ်သူလဲ သိချင်တာပဲရှင့်။ ကျမ မိဘတွေကို သတ်သွားတဲ့လူကို သူပဲ ပြန်သတ်ပေးခဲ့တာပဲ။ Kira ဟာကျမအတွက်တော့ သူရဲကောင်းပဲဟာ"

L တော်တော် ခေါင်းရှုပ်သွားသည်။
...... ဘာတွေဖြစ်လို့ ဖြစ်နေမှန်း ငါ တွေးတောင် မတွေးတတ်တော့ပါလား .....

No comments:

Post a Comment