စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Tuesday, February 25, 2014

သေမင်းစာအုပ် (၁၄)

ထိုအချိန်တွင် L မှာ ၂၂ ရက်နေ့က Aoyama တခွင်တွင် ရိုက်ကူးထားသော video များကို သဲသဲမဲမဲ ပြန်လှည်စစ်ဆေးနေလေသည်။

"ဒုတိယ Kira နဲ့ Kira အစစ် အဲဒီမှာ တွေ့ခဲ့ကြတယ်ဆိုရင် video ထဲမှာပါနေနိုင်တယ်။ ဒါကြောင့် ကျနော်တို့ သေချာ ပြန်စစ်ဆေးရလိမ့်မယ်။ ပြီးတော့ Mogi ကိုလည်း Light ကိုစောင့်ကြည့်ဖို့ တာဝန်ပေးထားလိုက်ပါ"
L က ရဲချုပ်ကို ပြောပြနေသည်။

"Light ကို စောင့်ကြည့်ရမယ်။ ဘာလို့လဲ"

"Light သာ Kira ဖြစ်နေမယ်ဆိုရင် သိပ်မကြာခင်မှာ ဒုတိယ Kira နဲ့တွေ့လိမ့်မယ်။ ကျနော်တို့ ဒီအခွင့်အရေးကို လက်လွှတ်လို့ မဖြစ်ဘူး"

"အင်းလေ.. ကျုပ်နားလည်ပါတယ်"

Misa ကိုရင်ခွင်ထဲထည့်ရင်း Light ရှေ့ဆက်ရမည့် အကြံအစည်များ တွေးတောနေသည်။
..... သူ့ကို L နဲ့ တွေ့ရအောင် လုပ်ဖို့ပဲလိုတယ်။ သူတို့နှစ်ယောက် ပေးတွေ့လိုက်တာနဲ့ L ရဲ့နာမည်ကို ငါသိမယ်။ ဒီကောင့်ကို ရှင်းပြီးသွားရင် ဒီကောင်မလေးကိုပါ ရှင်းလိုက်လို့ရပြီ။ ငါ Kira ဆိုတာကို သိထားတဲ့အတွက်ကို သူ့ကို သိပ်ကြာကြာ အသက်ပေးရှင်လို့ မဖြစ်ဘူး .......

Misa ကတော့ Light ၏ အကြံအစည်များကို မသိရှာချေ။
"ဟန်ဆောင်ရည်းစားလည်း မဆိုးပါဘူး။ ရည်းစားတောင် ဖြစ်ရတော့မယ်ဆိုတော့ ရှင့်ရဲ့ သေမင်း ကျမကို ပြလို့မရဘူးလား"

"ဖြစ်ပါတယ်။ ဟိုဘက်တော့ တချက်လှည့်နေနော်"

"ရပါတယ်"
ပြောပြောဆိုဆို Misa တဖက်သို့ လှည့်သွားသည်။

Light က သူ့အိတ်ထဲမှ စာရွက်စလေးကို ထုတ်ပြီး Misa လက်ကို ထိပေးလိုက်လေသည်။

"ပြန်လှည့်လို့ ရပါပြီ"

Misa ပြန်လှည့်ချိန်တွင် Ryuk ကဆီးနှုတ်ဆက်လိုက်သည်။
"ဟဲလို"

"ဟယ်၊ သေမင်းချင်း တူပေမယ့် ပုံစံချင်းတော့ မတူပါ့လား။ ကျမသိရသလောက်တော့ ရှင့်နာမည် Ryuk ဆိုပဲ။ တွေ့ရတာ ၀မ်းသာပါတယ်နော်"
လက်ကလေးပင် ဝှေ့ယမ်းရင်း Misa ကနှုတ်ဆက်တော့

"အေး ငါလည်း ၀မ်းသာပါတယ်"
Ryuk ကလည်း သူ့လက်တံရှည်ကြီးကို ယမ်းကာ ပြန်နှုတ်ဆက်လေသည်။

"အယ်..ဒါနဲ့ သေမင်းကို ဘယ်လိုသတ်ရသလဲ သိလား Light"
ဟု အစချီကာ Rem ပြောပြထားသော သေမင်းသတ်နည်းကို Light အားပြောပြလိုက်တော့၏။

"ဒါဖြင့် သေမင်းတယောက်ဟာ သူ့ရင်ထဲက အချစ်စိတ်ကြောင့် လူတယောက်ကို သတ်မယ်ဆိုရင် သူသေရမယ်ပေါ့၊ ဟုတ်လား"

"ဟုတ်တယ်ရှင့်"

Ryuk ကရယ်ပြီး
"ငါတော့ ဘယ်သေမင်းမှ ဒီလိုမျိုးလုပ်မယ် မထင်ပေါင်ကွာ"

"ကျုပ်သိပါတယ်၊ ခင်ဗျားကတော့ ဒါမျိုးဘယ်တော့မှ မလုပ်ဘူးဆိုတာ"
Light ကပြန်ပြောလိုက်သည်။

"ဒါနဲ့ Misa၊ မင်း video တွေကို ဘယ်နေရာတွေကနေ ပို့ခဲ့တာလဲ"

"ပထမတခုက Osaka၊ ဒုတိယက Tokyo၊ တတိယက Nagano။ ကျမကိုယ်တိုင် အဲဒီနေရာတွေကို ရထားစီးသွားပြီး ပို့တာပါ"

"ဒါဖြင့် မင်းသူငယ်ချင်းရဲ့ လက်ဗွေရာတွေပါနေတဲ့ video အခွေတွေ မင်းဆီမှာ ရှိနေသေးလား"

"အင်း ရှိသေးတာပေါ့"

"အဲဒီ အခွေတွေအားလုံးကို ဖျောက်ဖျက်လိုက်တော့။ ဒါပေမယ့် အဲဒါမတိုင်ခင် နောက်ဆုံး video တခုလုပ်ပြီးတော့ တခြားတနေရာကနေတော့ ပို့လိုက်ဦး။ 'ကျုပ် ခုချိန်ကစပြီး Kira နာမည်ကို မသုံးတော့ဘူး။ သတိပေးတဲ့ ရဲအဖွဲ့ ကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် Kira ဆီက သဘောတူညီချက်ယူပြီးတော့ သူ့ကို ကူညီနေဦးမယ်။ အရင်ဆုံးတော့ သူ မဆုံးမရသေးတဲ့ လူတွေကို အရင်ဒဏ်ခတ်မယ်။ ပြီးရင် ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးတည်ဆောက်ဖို့အတွက် ကျုပ်တို့ကို ကူညီမယ့် လူမှန်သမျှကို ကျုပ်ရဲ့ စွမ်းရည်တွေ ဝေမျှပေးမယ်'"

"စွမ်းရည်တွေ ဝေမျှပေးမယ်..."

"အဲဒီလိုပြောမှ စုံစမ်းရေးကလူတွေ ပြာယာခတ်သွားမယ်။ အနည်းဆုံး လူနှစ်ယောက်မှာ ဒီလို စွမ်းရည်ရှိနေတယ်ဆိုတာ သူတို့ သိပြီးသားကွ။ ဒီအခွေကြည့်ပြီးသွားရင်တော့ လူဘယ်နှစ်ယောက်မှာ ဒီလို အစွမ်းတွေရှိနေမယ်ဆိုတာ သူတို့ မှန်းနိုင်မှာတောင် မဟုတ်တော့ဘူး။ ကဲ..ဘယ်လိုလဲ။ ငါပြောသလို မင်းလုပ်ပေးမှာလား"

"လုပ်ပေးမှာလားလို့ မေးစရာမလိုပါဘူး။ ရှင်ခိုင်းသမျှ ကျမက လုပ်မှာချည်းပါပဲ"

"ဟုတ်ပြီလေ။ ဒါဖြင့် ပြောစရာတခုကျန်သေးတယ်။ တကယ်လို့များ ရဲတွေက မင်းကို ဖမ်းမိသွားပြီဆိုရင် စာအုပ်တွေအကြောင်း လုံးဝမပြောပါနဲ့။ စာအုပ်တွေဟာ ငါ့ဆီမှာဆိုပေမယ့် ဒီစာအုပ်တွေအကြောင်း သူတို့ မသိတာအကောင်းဆုံးပဲ။ အဲဒီအတွက်ရော မင်းငါ့ကို ကတိပေးနိုင်မလား"

"ပေးပါသတဲ့ရှင်"
ပြုံးပြုံးရွှင်ရွှင်နှင့်ပင် Misa ကဖြေလေသည်။

"ခုလို ရှင်ခိုင်းသမျှလုပ်၊ ရှင်ပြောသမျှနားထောင်ရင် ကျမက ရှင့်ရည်းစား ဖြစ်လာမှာလားဟင်"
အားတက်သရောမေးတော့

"အင်း ဖြစ်လာနိုင်ပါတယ်"
Light ကလည်း အလိုက်အထိုက်ပြန်ဖြေလေ၏။

"ဒါဖြင့် ကျမကလည်း ရှင်လက်ခံရမယ့် အချက်တချက် ပြောစရာရှိတယ်"

Light ရုတ်တရက် လန့်သွားသည်။

"အဲဒါကတော့ ကျမတို့ နှစ်ယောက် တပတ်ကို တခါတော့ ရည်းစားဘ၀နဲ့ လျှောက်လည်ဖို့ပဲ"

.... ဟူး၊ ဒီငတုံးမလေးဟာ တော်တော် ပြောရခက်ပါလား .....
တွေးရင်း Light ပြောချလိုက်သည်။
"မဖြစ်နိုင်ဘူးကွ"

"ဘာရယ်၊ ဘာကိစ္စမဖြစ်နိုင်ရမှာလဲ"

"ငါမပြောရသေးလို့ မင်းနားမလည်တာပါ။ L ဟာ ငါ့ကို Kira ဖြစ်နိုင်တယ်လို့ ယူဆထားတယ်ကွ။ Kira ဖြစ်နိုင်လို့ဆိုပြီး သူကိုယ်တိုင် ငါ့ကို အပြင်မှာလာတွေ့သွားတယ်"

"ဟင် ရှင်တို့ နှစ်ယောက် တယောက်ကို တယောက် မြင်ဖူးကြတယ်ပေါ့။ ရှင်တို့ နှစ်ယောက်လုံး တော်တော် သွေးအေးပြီး တည်တည်ငြိမ်ငြိမ်နဲ့ ကိုယ်လုပ်စရာရှိတာ လုပ်သွားကြတာပဲ။ ပွဲကောင်းတော့မှာပဲနော်။ ကျမတောင် စိတ်တွေလှုပ်ရှားလာပြီ"

"သူက L ဆိုပြီးတော့ပဲ မိတ်ဆက်တယ်။ သူ့ကိုယ်သူ ကာကွယ်ရာလည်းရောက်အောင် နာမည်ရင်း မပြောဘူး။ ငါ Kira ဖြစ်နိုင်တယ်လို့ သူထင်ပေမယ့် ဖြစ်ကို ဖြစ်ပါတယ်လို့တော့ ဘယ်လိုမှမပြောနိုင်သေးဘူး"

"အင်းလေ ဘာပဲဖြစ်ဖြစ် ကျမနဲ့ L ကိုတွေ့ပေးလိုက်ရင် သူ့နာမည် ရှင်သိရပြီပေါ့"

"ခုတော့ တွေ့ပေးလို့ မရသေးဘူး။ Kira နှစ်ယောက် တွေ့သွားပြီလို့ သူတို့ထင်နေတဲ့အချိန်မှာမှ ငါက သူတို့ဆီ မင်းကိုခေါ်သွားရင် သံသယဖြစ်စရာတွေ ဖြစ်ကုန်မှာပေါ့။ ပြီးတော့ တို့နှစ်ယောက်တွေ့တာ မကြာသေးဘူးဆိုတာလည်း သူတို့သိမှာပဲလေ။ အဲဒီလို သိတာ မကြာသေးတဲ့လူကို ငါဟာ ယုံယုံကြည်ကြည်နဲ့ သူတို့ဆီခေါ်သွားလို့ ဘယ်ဖြစ်မလဲ။ နားလည်ပြီလား"

"အင်း..ထားပါတော့။ ဒီလိုဆို သူတို့ သံသယဖြစ်မှာစိုးလို့ ကျမတို့ လျှောက်လည်လို့မရဘူးပေါ့။ တွေ့လည်း မတွေ့ရဘူးပေါ့"

"ဒီလိုလည်း မဟုတ်ပါဘူး။ မင်းကို L ကမမြင်ဘဲ မင်းကပဲ L ကိုတွေ့ရအောင် ငါ စီစဉ်ပါဦးမယ်။ မင်းအကူအညီနဲ့ L ကိုရှင်းပစ်ပြီးရင် တို့နှစ်ယောက် တွေ့လို့ ရပြီပေါ့"

"၀မ်းသာလိုက်တာရှင်ရယ်"

"ဒါပေမယ့် သူတို့ တို့နှစ်ယောက်ကို သံသယမဖြစ်အောင် တခြားကောင်မလေးတွေနဲ့လည်း ငါ တွဲဦးမှဖြစ်မယ်ကွ"

"အဲလိုတော့ လက်မခံနိုင်ဘူး!!"
Misa အသံစူးစူးဖြင့် ထအော်လိုက်လေသည်။

"ရှင် အဲလို လုပ်လို့ကတော့ ရှင်နဲ့ တွဲခုတ်တဲ့မိန်းမကို ကျမ အသတ်ပဲ"

"ဟာ.. ကြောက်နေရပါလားဟေ့"
Ryuk က သဘောကျစွာဖြင့် မှတ်ချက်ပင် ပေးလိုက်သေးသည်။

"ဒီလို ရှိတယ် Misa ရဲ့။ တို့တွေက ကမ္ဘာကြီးကို ကယ်ဆယ်ဖို့ အသက်တောင် ရင်းထားရတာမဟုတ်လား"
Misa ၏ပခုံးလေးကို ဆုတ်၍ Light ကညင်သာစွာပြောလေသည်။

"ဟုတ်တော့ဟုတ်တယ်။ ဒါပေမယ့် ကျမက ကမ္ဘာကြီးထက် Light ကိုပိုချစ်တယ်ရှင့်"

"ဘာတွေ ပြောနေတာလဲကွာ။ မင်းက Kira ကိုထောက်ခံတဲ့လူဆို။ မင်းပဲ ပြောခဲ့တာလေ"

Misa စိတ်အားလျော့စွာ ထိုင်ချလိုက်ပြီး
"ရှင် ကျမကို နည်းနည်းလေးမှတောင် မချစ်သေးဘူးလားဟင်"

"ချစ်လို့ မရသေးဘူးကွာ"

"အမှန်ကတော့ ကျမက Kira ကို သူ့လုပ်ရပ်တွေအတွက် သဘောကျလို့ တွေ့ချင်ခဲ့တာပါ။ ဒါပေမယ့် Light ကိုတွေ့ပြီးတဲ့အချိန်မှာတော့ ကျမ ဘယ်လိုမှ စိတ်တွေထိန်းလို့ မရတော့ဘူး ..."

Ryuk သဘောတွေကျပြီး
"Light မင်းကတော့ တကယ်ပဲ ကောင်မလေးတွေ ကြွေတဲ့ကောင်ပါပဲ"

"မင်းငါ့ကို ချစ်တယ်ဆိုရင် ငါပြောတာနားထောင်သင့်တာပေါ့။ နောက်ပြီး မင်းပဲ ငါ့ကို ပြောတယ်လေ။ ငါကမင်းကို အသုံးချယုံပဲ ဆိုရင်တောင် ကျေနပ်တယ်ဆို၊ ခိုင်းသမျှ လုပ်မယ်ဆို"

"ဒါပေမယ့် ကျေနပ်တဲ့အထဲမှာ တခြားကောင်မလေးတွေနဲ့ တွဲခုတ်မယ့်ကိစ္စမပါဘူးရှင့်။ ဟိုကိစ္စနဲ့ ဒီကိစ္စက တူမှ မတူတဲ့ဟာကို"

Misa ကို စိတ်မရှည်တော့သော Light နည်းလမ်းပြောင်းလေပြီ။ Misa မျက်နှာနားသို့ သူ့မျက်နှာကိုကပ်ကာ မျက်လုံးချင်းစိုက်ကြည့်ရင်း အေးစက်သော လေသံနှင့် ပြောလိုက်သည်မှာ
"စာအုပ် နှစ်အုပ်လုံး ငါ့လက်ထဲမှာနော်။ ပြောတဲ့အတိုင်း မလုပ်ရင် မင်းကို ငါအသတ်ပဲ"

သူ့စကားဆုံးသည်နှင့် သေမင်းRem သူတို့နားရောက်လာပြီး
"ငါ ထိုင်ကြည့်နေမှာ မဟုတ်ဘူး Yagami Light"

ဟိန်းထွက်လာသည့် အသံကြောင့် သူတို့ နှစ်ယောက်လုံးပင် လန့်သွားသည်။
"ဒီကောင်မလေးကို မင်းသတ်ရင် မင်းကိုလည်း ငါသတ်ရလိမ့်မယ်။ သူ့သက်တမ်း ဘယ်လောက်ကျန်သေးတယ်ဆိုတာ ငါသိပြီးသားပဲ။ အဲဒီတော့ သက်တမ်းမပြည့်ခင် သူသေသွားတယ်ဆိုရင် မင်းလက်ချက်ပဲလို့ ငါချက်ချင်းသိမှာပဲ"

ရင်တထိတ်ထိတ်၊ အသံတုန်တုန်နှင့် Light ကပြန်ပြောကြည့်သေးသည်။
"ခင်ဗျားက သူ့အတွက် သေမင်းစာအုပ်ကို သုံးတယ်ဆိုရင် ခင်ဗျားလည်း သေမှာပဲဗျ"

"မှန်တယ်။ ငါလည်း သေမှာ။ ဒါပေမယ့် ငါဂရုမစိုက်ဘူး"

..... တောက်၊ ဒီသေမင်း ဘယ်လိုဖြစ်နေတာလဲ။ သူတကယ်ပြောတာလား၊ ငါ မသတ်ရဲအောင် အကြံအဖန်လုပ်နေတာလား ....

ထိုအချိန်မှာပင်
'ဒေါက်.ဒေါက်'
တံခါးခေါက်သံကြားရပြီး သူ့အမေ ၀င်လာလေသည်။

"ည ၁၁ နာရီတောင် ခွဲပြီသားရဲ့။ ဒီအချိန်မှ ကလေးမ မပြန်ရင် အိမ်ပြန်ရောက်မှာ မဟုတ်တော့ဘူး"

"ဟာ..ဟုတ်သားပဲ။ အချိန်တွေ ကုန်သွားတာ သား သတိမထားလိုက်မိဘူး"
Light ကရောချလိုက်၏။

Misa ကလည်း
"အားနာလိုက်တာ မေမေရယ်"
ဟု ၀င်ပြောလေသည်။

Misa ကို တအိမ်သားလုံး အိမ်ပြင်ထိပို့၍ နှုတ်ဆက်ကြပြီးသော်
"သား သူ့ကို လိုက်ပို့လိုက်ပါ"

Light မှာ အကြပ်ရိုက်သွားလေသည်။
..... ငါနဲ့ သူ့ကို မြင်သွားရင်တော့ ဒုက္ခ ......

Misa ကအကင်းပါးသည်။
"ရပါတယ်။ သမီးဖာသာ သမီးပြန်ပါ့မယ်။ ဂွတ်နိုက်ပါနော်"

ပြေးထွက်သွားသော Misa ကိုကြည့်ရင်း
"ကလေးမလေးက ချစ်စရာလေးပဲ သားရဲ့"

"ဟုတ်ပါရဲ့မေမေရယ် စစချင်း ပုံစံက တမျိုးလို့ထင်ရပေမယ့် တကယ်တမ်းတော့ ချစ်စရာလေးပါ"

သူ့အမေနှင့် ညီမ က Misa အကြောင်းပြောနေကြသော်လည်း Light ကတော့ မကြား။ သူ အတွေးနယ်ကျွံနေသည်လေ။
...... ငါ သူ့ကို သတ်ရင် သူ့သေမင်းက ငါ့ကို သတ်မတဲ့။ အဲဒီတော့ သူသေတဲ့အထိ ငါက သူ့နားမှာ နေရမှာပေါ့။ သူ ရဲအဖမ်းမခံရအောင်လည်း ငါက စောင့်ရှောက်ရမယ်ပေါ့။ ကောင်းကွာ ....

Misa အိမ်ပြန်လမ်းတွင် Rem နှင့် စကားပြောလာသည်။
"ရှင့်ကျေးဇူးနဲ့ Light တော့ ကျမကို အမြဲပဲ စောင့်ရှောက်ရတော့မယ်နဲ့တူတယ်နော်"

"အင်း ထင်ရတာပဲ"

Misa သနားစဖွယ် မျက်လုံးနှင့် Rem ကိုကြည့်ရင်း
"ဒါပေမယ့်ရှင်.. သူ့ကို တကယ်တော့ မသတ်ပါနဲ့နော်"

သေမင်းစာအုပ် လျှို့ဝှက်ချက်
သေရမည့် အခြေအနေကို သတ်သေသည် ဖြစ်စေ၊ မတော်တဆ ထိခိုက်မှုဖြင့် သေသည်ဖြစ်စေ သတ်မှတ်ထားပါက ထိုအခြေအနေများတွင် သေစေလိုသည့်သူ တဦးတည်းသာမဟုတ်ဘဲ အခြားသူများ၏ အသက်အန္တရာယ်ကိုပါ ထိခိုက်လာပါက သေစေလိုသူသည် နှလုံးရောဂါဖြင့်သာ သေဆုံးလိမ့်မည်။ ဤသည်မှာ မသက်ဆိုင်သူများ၏ အသက်ကို မလိုအပ်ဘဲ မသေဆုံးစေရန်ဖြစ်သည်

No comments:

Post a Comment