စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Monday, February 24, 2014

သေမင်းစာအုပ် (၄.၂)်

Light တယောက်တည်း ကျေနပ်ရင်း လမ်းလျှောက်လာသည်။
.....အင်း ငါ့နောက်တော့ လိုက်နေတုန်းပဲ။ တော်သေးတာပေါ့ လိုက်လာလို့။ မဟုတ်လို့ကတော့ စီစဉ်ထားတာတွေအားလုံး ရေစုန်မျောတော့မှာ.....

"ဟေး..Light!"
ကားဂိတ်မှာ ရပ်စောင့်နေသည့် ကောင်မလေး တယောက်က ပျော်ရွှင်မြူးတူးစွာ လှမ်းအော်ခေါ်နေသည်။

"ဟ.. Date (ဒိတ်) လုပ်ထားတာလား"
Ryuk အံ့သြသွား၏။

"ဟုတ်ပဗျာ..ဘေးလူ အမြင်မှာတော့ သာမန်စုံတွဲလေးပေါ့ဗျာ။ ကျုပ်နောက်လိုက်နေတဲ့လူလည်း ဒီလိုပဲ မြင်မယ်လေ"

"ဒါပေမယ့် တကယ့် Date တော့မဟုတ်ပါဘူး၊ ဟိုတယောက်နာမည် ရေးထည့်လိုက်တာ ငါတွေ့သားပဲ။ မင်းဘာတွေကြံထားတာလဲကွ"

"ဘာလဲဗျ..ခင်ဗျား ကျုပ်ရေးတာတွေ အကုန်မြင်တယ် မဟုတ်ဘူးလား"

"မမြင်ပါဘူးကွာ။ ဘာတွေဖြစ်မယ်ဆိုတာ အကုန်ကြိုသိနေရင် ပျင်းစရာကြီးဖြစ်နေမှာကွ။ ဒါ့ကြောင့် ငါအကုန် လိုက်မဖတ်ထားတာပေါ့"

"ရော...အဲလိုဆိုလည်း ဘာဖြစ်မယ်ဆိုတာ စောင့်ကြည့်ပေါ့ဗျာ"
Light စကားဖြတ်လိုက်ပြီး ကောင်မလေးဆီ ခပ်သွက်သွက် လျှောက်သွားလိုက်သည်။

"ဆောရီးဟာ.. စောင့်နေရတာ ကြာပြီလား"

"မကြာသေးပါဘူး Light ရ။ Spaceland ကစားကွင်း မရောက်တာ ကြာလှပြီဆိုတော့ သိပ်ပျော်စရာ ကောင်းမှာ။ နောက်ပြီး ဒီတနေ့လုံး နင့်ကို ငါတယောက်တည်း အပိုင်စီးထားရမှာလေဲ"
မြူးတူးပျော်ပါးစွာ ကောင်မလေးက Light ကို တို့လိုက်၊ ထိလိုက်ဖြင့် စကားပြောနေရှာသည်။

"ဟုတ်ပဟာ"
အလိုက်သင့်လေးသာ Light ပြန်ဖြေလိုက်သည်။

ထိုအချိန်တွင် နောက်မှလိုက်နေသာလူတွေးနေမိသည်မှာ..
......ကြားရက်တွေမှာ ကျောင်းနဲ့ သင်တန်းပဲသွားတယ်။ ခုကျောင်းပိတ်ရက်မှာ ကောင်မလေးနဲ့ ချိန်းတယ်။ အင်း..ပုံမှန် ဆယ်ကျော်သက်ကလေး တယောက်လို့ပဲ သတ်မှတ်ရမလား၊ စာသိပ်ကြိုးစားတဲ့ ကျောင်းသားလေးတယောက်လို့ပဲ သတ်မှတ်ရမလား.....

တွေးရင်း မှတ်စု စာအုပ်လေးထုတ်၍ ရေးထည့်နေမိသည်
'ရဲချုပ် Yagami ၏သား Yagami Light - သံသယဖြစ်ရန် အကြောင်းတစုံတရာ မရှိ'
.......ဒီနေ့တော့ သူ့နောက်လိုက်တာ နောက်ဆုံးနေ့ပါပဲ။ ဘာမှ ထပ်စုံစမ်းစရာလည်း မလိုတော့ပါဘူး........

ထိုစဉ် ဘတ်စ်ကား ဆိုက်လာ၍ သူတို့ အားလုံး တက်လိုက်ခဲ့ကြပြီး ထိုသူမှ Light တို့နှစ်ယောက်၏ နောက်ကပ်ရက်ခုံတွင် ထိုင်လိုက်ပါလာသည်။

ခရီးတလျှောက် ကောင်မလေးက စကားတွေ ဖောင်ဖွဲ့ပြောဆိုပျော်မြူးလျက်။

မှတ်တိုင်တခုအရောက်တွင် တက်လာသည့်သူမှာ..ဘဏ်ဓါးပြမှု မအောင်မြင်ခဲ့သူ။
Light ယဲ့ယဲ့လေးပြုံးလိုက်သည်။
.....သူလာပြီ၊ အတိအကျပဲ၊ ခရီးသည်လည်း ၇ ယောက်ပဲရှိတယ်ဆိုတော့ အနေတော်လေးပဲ......

ကားထွက်စမှာပင် ထိုသူသည် သေနတ်ကို ထုတ်၍ ကားမောင်းသူကို ချိန်ကာ..
"ဒီဘတ်စ်ကားကို ကျုပ်ပြန်ပေးဆွဲလိုက်ပြီ"
ဟုကြေငြာလိုက်တော့သည်။

ခရီးသည်များကား ဆောက်တည်ရာမရ ထိတ်လန့်ကာ အော်ဟစ်သူအော်ဟစ်၊ ငိုသူငို ဖြစ်ကုန်ကြလေပြီ။

"ဟေ့ တိတ်ကြစမ်း။ အသံမထွက်နဲ့၊ စကား မများနဲ့၊ နည်းနည်းမှ မလှုပ်နဲ့။ နားမထောင်ရင် အဲဒီလူရဲ့ခေါင်းကို ဟောဒီသေနတ်နဲ့ ပစ်ခွဲပြီးသားပဲ။ ကဲ ဒရိုက်ဘာ၊ Spaceland ကို ဖုန်းဆက်။ ဒီမှာ ဘာဖြစ်နေတယ်ဆိုတာ ပြောလိုက်စမ်း"

ဒရိုက်ဘာမှ ကြောက်ကြောက်လန့်လန့်နှင့် သတင်းပို့ရလေ၏။
"ကျနော်တို့ ဘတ်စ်ကားကို သေနတ်နဲ့ လူတယောက်ပြန်ပေးဆွဲထားပါတယ်..အဲဒါ.."

ပြန်ပေးသမားမှ ဒရိုက်ဘာထံမှဖုန်းကို ဇတ်ကနဲဆွဲယူကာ
"ဟေ့..ကြားတဲ့အတိုင်းပဲ။ ဒီတော့ မင်းတို့ဆီက မိန်းမတယောက်ကို မနေ့က ရသမျှပိုက်ဆံတွေအားလုံး မင်းတို့ဆီမရောက်ခင် တမှတ်တိုင်ကို ပို့ခိုင်းလိုက်စမ်း။ အေး..ဒီဘတ်စ်ကား အဲဒီမရောက်ခင် ရဲကို တိုင်တာတို့၊ ငါ့ကို မလှိမ့်တပတ်လုပ်တာတို့ လုပ်လို့ကတော့ ကားပေါ်က ရှိသမျှလူ အကုန်လုံး ပစ်သတ်ပြီးသားပဲ"
ပြောပြီး ဖုန်းကို ကားကြမ်းပြင်သို့ ပေါက်ခွဲလိုက်လေ၏။

Light ၏ကောင်မလေးမှာ ကြောက်လွန်း၍ တုန်နေပေပြီ။
Light က စာရွက်ပိုင်းလေးတခုပေါ်တွင် စာရေး၍ ကောင်မလေးကို ပြလိုက်သည်။
'ဟေ့..မကြောက်နဲ့။ ငါသူ့သေနတ်ကို ရအောင်လုဖို့ ကြိုးစားပါ့မယ်'

ထိုစဉ် နောက်ခုံမှလူက တိုးတိုးလှမ်းပြောသည်။
"မလုပ်နဲ့..အန္တရာယ်ကြီးတယ်။ ငါကြည့်လုပ်ပါ့မယ်"

Light ခဏစဉ်းစားပြီး
"ခင်ဗျားက ပြန်ပေးသမားနဲ့ ကြံရာပါမဟုတ်ပါဘူးလို့ ကျုပ်ဘယ်လို ယုံကြည်ရပါ့မလဲ"

"ကြံရာပါ..ဖြစ်နိုင်ပါ့မလား Light ရယ်"
ကောင်မလေးက မ၀ံ့မရဲမေးတော့

"ဒါမျိုးက လုပ်တတ်တယ်။ ပြန်ပေးမှုတွေမှာ လူအကုန်ထုတ်မပြဘူး။ တယောက်တည်းပါလို့ ထင်အောင် လုပ်ထားတာ။ တခုခု ဖြစ်ပြီဆိုတော့မှ နောက်တယောက်က သူ့လူကို ကယ်ဖို့ထွက်လာတာလေ"

"အို..ဒုက္ခပါပဲ"

......ဟူး...ပြဿနာပဲ။ ဒီကောင်လေး တလွဲတွေလျှောက်လုပ်ရင်လည်း အားလုံး ဒုက္ခရောက်ဦးမယ်။ ဘယ်နည်းနဲ့မှလည်း သူ Kira မဖြစ်နိုင်ဘူး။ Kira သာဆိုမှတော့ ဟိုကောင် ခုလောက်ရှိ နှလုံးရပ်ပြီး ရှောလောက်ပြီ။ မတတ်နိုင်တော့ဘူးကွာ...........

သူတွေးကာ Light ဆီသို့ ကတ်ပြားလေး ထိုးပြလိုက်တော့သည်။
"ဟောဒီမှာ သက်သေ"

Light မျက်လုံးပြူးသွားသည်။ ကတ်ပြားပေါ်တွင်ကား FBI
......ဟား..ဟိုကောင် L က FBI ကိုခေါ်လိုက်ခိုင်းထားတာကိုး။ အင်း..Ray Penbar (ရေးပန်ဘာ) ဆိုပဲ..........

"ဟုတ်ပြီ။ ကျနော် ယုံသွားပြီ။ လောလောဆယ်တော့ ဘယ့်နှယ် ဒီဘတ်စ်ကားပေါ် FBI ကလူရောက်နေသလဲ မမေးတော့ဘူးနော်။ သေနတ်ရော ပါရဲ့လားဗျ"

"ပါတယ်"

"တခုခုဆို ခင်ဗျား တာဝန်ယူမှာနော်"

"အေးပါ"

ထိုအချိန်တွင် ကားနောက်ပိုင်းသို့ တဖြေးဖြေး လျှောက်လာသော ပြန်ပေးသမားကို Ray Penbar မှတ်မိသွားသည်။
......ဟာ..ဟိုတနေ့က ဘဏ်ဓါးပြတိုက်ရင်း လူ ၃ ယောက်သတ်သွားတဲ့ကောင်ပဲ .......

Light ကလည်း
......သေချာတယ်။ သူ လုံးဝ ငါတို့ကို ပစ်မှာ မဟုတ်ဘူး။ လုံးဝသေချာတယ်..........
တွေးပြီး စာရွက်တခု ပစ်ချလိုက်သည်။
ပြီးနောက် သူကိုယ်တိုင် စာရွက်ကို ပြန်ကုန်းကောက်သည်တွင်

"ဟိုကောင်...ရပ်စမ်း။ ငါဘာပြောထားလဲ"

"အောင်မာ..ဘာစာရွက်လဲ။ ခွေးသား.. စာရေး အဆက်အသွယ်လုပ်ပြီး ငါ့ကို ကြောမလို့လား"
ဆူဆူဆဲဆဲ..Light ၏ စာရွက်ကို ကောက်လိုက်သည်။

Ray ကားချွေးပြန်လေပြီ။
.......ဟာ ဟိုခွေးကောင်လေး၊ ဒီစာရွက်မှ လွတ်ကျရတယ်လို့။ သူ့သေနတ်လုမယ်လို့ ရေးထားတာတွေ တွေ့ကုန်တော့မှာပဲ......

သို့သော်..စာရွက်ပေါ်တွင် ရေးထားသည်ကား ကောင်မလေးနှင့် ချိန်းတွေ့ရန်နေရာ၊ အချိန်၊ နေ့ရက် စသည်တို့သာ။
"အမယ်လေး..ဘာများလဲလို့။ ဒီစာရွက်အတွက်များ အသေခံတော့မလားကွ"
ပြန်ပေးသမားက စာရွက်ကို Light ထံပစ်ချ၍ ပြောဆိုကာ ပြန်လှည့်ထွက်သွားတော့သည်

Light တယောက်ကား ပြုံးလျက်။

ကားရှေ့ပိုင်းအရောက် နောက်ပြန်လှည့်ကြည့်လိုက်သော ပြန်ပေးသမားမှာ
"အား.....ဘာကြီးလဲ။ မင်း ဘယ်တုန်းထဲက ရှိနေတာလဲ"

Ryuk အံ့သြသွားပြီး
"ဟေ..ငါ့ကို မေးနေတာလား။ မင်းက ငါ့ကို မြင်ရတယ်လား"
ပြောဆိုကာ ရှေ့သို့တိုးမှ ပိုဆိုးသွားသည်။

"မကောင်းဆိုးဝါးကြီး ရှေ့မတိုးနဲ့။ တိုးရင် အပစ်ပဲ"
ကြောက်လန့်တကြား အော်ဟစ်နေတော့သည်။

.....ကွိုင်ပဲ။ ဒီကောင် ကြောင်ပြီး ပေါက်ကရတွေ လျှောက်မြင်နေပြီ၊ စွတ်ရွတ်ပစ်ရင် လူတွေ ထိကုန်တော့မယ်.......
Ray စဉ်းစားမိကာ အလျင်အမြန်အော်လိုက်ရသည်။
"အားလုံး ၀ပ်ကြ!"

Ryuk ကတော့ အေးဆေး
......ငါသိပြီ။ လက်စသတ်တော့ Light ပစ်ချလိုက်တဲ့စာရွက်က သေမင်းစာအုပ်ထဲက ဖြဲလာတဲ့အပိုင်းလေးကိုး။ ဒါ့ကြောင့်လဲ ဒီကောင်တကောင်တည်း ကွက်ပြီး ငါ့ကို မြင်နေရှာတာ။ အကောင်လေးကတော့ လည်ချက် လက်ဖျားခါတယ်.....
သဘောကျပြီး ပြန်ပေးသမားဆီ တလှမ်းချင်းလျှောက်သွားတော့

"မလာနဲ့..မလာနဲ့!"
အော်ကာ တဒိုင်းဒိုင်းနှင့် ပစ်တော့သည်။

Ryuk ကအပြုံးမပျက်
"စိတ်မကောင်းဘူးဟေ့။ ငါက သေမင်းဟ။ မင်းကျည်ဆန်က ငါ့ကို ဘာမှ မလုပ်နိုင်ဘူး"
ပြောရင်း ပြန်ပေးသမားရှေ့တည့်တည့်သွားရပ်နေတော့သည်။

ပြန်ပေးသမားကား မျက်လုံးမျက်ဆန်ပြူးကာ ကျည်ဆန်ကုန်သည်အထိ တဒိုင်းဒိုင်းပစ်ဆဲ.

"ဟ..ငါပြောတာ မင်းနားမလည်ဘူးလား။ မင့်ကျည်ဆန် နဲ့ သေမင်းကို ဘာမှလုပ်လို့ မရပါဘူးဆိုနေ။ အင်း Light ကတော့ တော်တယ်ဟေ့။ ငါသူ့ကို ဒီလိုပဲ ပြောပြတာ သူတခါတည်း နားလည်တာပဲ။ ဒီကောင် အလကား သက်သက်တော့ ဂျပန်မှာ အတော်ဆုံးကျောင်းသား ဖြစ်မနေဘူးဟ။ တော်တော့်ကိုဉာဏ်ပြေးတဲ့ကောင်လေး"

ကျည်ဆန်ကုန်သည်ကို ရိပ်မိသွားသော Ray ကပြေးထွက်လာသည်တွင် ပြန်ပေးသမားကလည်း ဒရိုက်ဘာကို အတင်းလှမ်းဖက်၍
"ရပ်ရပ်...ခုချက်ချင်း ရပ်ပါတော့"
ကြောက်လန့်တကြား တောင်းပန်တော့သည်။

ချက်ချင်း ရပ်သွားသော ဘတ်စ်ကားပေါ်မှ ပြန်ပေးသမား ပြေးအဆင်း ဘေးမှ မောင်းလာသော ကားတစီးနှင့်
"၀ုန်း"

Ray တယောက် တံခါးဝတွင် ရပ်လျက်။ ဘတ်စ်ကား တစီးလုံးလည်း မှင်သက်လျက်။
Light နာရီကြည့်လိုက်သည်။
...၁၁ နာရီ ၄၅။ တကယ့်ကို အတိအကျပါပဲ။ Ray Penbar နောက် အလှည့်ကျတာကတော့ ခင်ဗျားပဲ.......

Light သေမင်းစာအုပ်ထဲတွင် ရေးခဲ့သည်မှာ
'Osoreda Kiichiro ယာဉ်တိုက်မှုနှင့် သေရမည်။ Higashiguchi (ဟီဂါရှီဂူချီ) မှတ်တိုင်သို့ ၁၁ နာရီ ၃၁ မိနစ် ဆိုက်ရောက်သော Spaceland သွား ဘတ်စ်ကားပေါ် သေနတ်ကိုင်တက်ရမည်။ ကြောက်စရာ သဏ္ဍာန်ကိုမြင်ကာ ကျည်ဆန်ကုန်သည်အထိပစ်၍ ၁၁ နာရီ ၄၅ တွင် ဘတ်စ်ကားပေါ်မှ ခုန်အချ နောက်ကားတစင်းတိုက်သေမည်။

No comments:

Post a Comment