စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Monday, February 24, 2014

သေမင်းစာအုပ် (၆.၂)

.......သေချာတယ်ကွာ ဘာမှ အမှားမရှိဘူး။ အစိုးရိမ်ရဆုံးက ဘတ်စ်ကား ပြန်ပေးမှုပဲ။ ဒါပေမယ့်လည်း ဒီအမှုကို ငါ့လက်ချက်လို့ L ရော၊ ရဲတွေရော လုံးဝ ထင်မှာ မဟုတ်ဘူး။ Kira ဟာ နှလုံးရောဂါကလွဲလို့ တခြားနည်းနဲ့ သတ်လို့ရမှန်း သူတို့ သိမှ မသိသေးတာ။ အင်း..အဲဒီအချက်ကို သိသွားတယ်ဆိုရင်တော့ တကယ့်ကို ပြဿနာကြီးတက်ပြီ.......

"သမီးရေ..ဖေဖေ့ကို ဒီအ၀တ်အစားတွေ သွားပို့ပေးပါကွယ်။ သူ့ခမျာ နေ့ရော ညရော အလုပ်လုပ်နေရရှာတာ။ အ၀တ်တောင် ပြန်မလဲနိုင်ရှာဘူး"

"ဟာ..မေမေ ကလည်း သမီး သူငယ်ချင်းတွေနဲ့ ချိန်းထားတယ်"
Light မေမေနှင့် ညီမတို့ ပြောဆိုနေကြစဉ် အပြင်ထွက်လာသော Light က

"သား သွားပို့လိုက်ပါ့မယ် မေမေ"

"ဟေး..ကိုကို ကယ်ပေလို့ကွာ။ ကံကောင်းလို့ပေါ့"

Ryuk စိတ်ဝင်စားသွားပြီ။
"မင်းက ရဲဌာနချုပ်သွားပြီး သူလျှို လုပ်တော့မယ်ဆိုပါတော့"

"ကျုပ်အလွန်ဆုံး သွားလို့ရလှ ဧည့်ကြိုကောင်တာပေါ့ဗျာ။ ဒိထက်မပိုပါဘူး"
ပြောပြောဆိုဆို သေမင်းစာအုပ်ထဲမှ စာရွက်တရွက်ကို ဖြဲယူလိုက်တော့

"ဟ..ဘယ့်နှယ် မင်း တယောက်ယောက်ကို သတ်ဦးမလို့လား"
Ryuk ကမေးသည်။

"ခုနောက်ပိုင်း ကျုပ်ဒီလိုပဲ ယူယူသွားတယ်ဗျ။ လိုရမယ်ရ ပါဗျာ"

ထိုအချိန်တွင် Ray ၏ချစ်သူ မိန်းကလေးမှာ ဘတ်စ်ကားဂိတ်သို့ပင် သွားရောက်စုံစမ်းပြီးနေလေပြီ။
"သူ့ကိုတော့ မှတ်မိတယ်။ အားလုံးဝပ်ကြ ဆိုပြီး အော်လိုက်တာ သူပေါ့။ အဲဒါကြောင့်မှတ်မိတာ..တခြားလူတွေတော့ မမှတ်မိတော့ဘူး"
ဘတ်စ်ကားသမားကြီးက သူ့ကို ပြောလိုက်သည်။

........Ray အဲဒီနေ့က Shinjuku(ရှင်ဂျူကူ) ကိုသွားတယ်။ အဲဒီနေ့မှာပဲ Shinjuku နဲ့ အနီးအနားမှာတင် လူ ၄ ယောက် နှလုံးရပ်သေတယ်။ ပြီးတော့ ဘတ်စ်ကား ပြန်ပေးဆွဲမှု... လုံးဝ တိုက်ဆိုင်တာ မဖြစ်နိုင်ဘူး။ ဒါဆို......Kira ဟာ လူတွေကို နှလုံးရောဂါနဲ့တင် မဟုတ်ဘူး၊ တခြားနည်းနဲ့လည်း သတ်လို့ရတာပေါ့။........

Light ဖခင်ဆီသို့ အ၀တ် လာပို့မည်ဖြစ်ကြောင်း ကြိုတင်ဖုန်းခေါ်သော်လည်း မရ။
'လူကြီးမင်းခေါ်ဆိုသော ဖုန်းနံပါတ်မှာ ဆက်သွယ်မှုဧရိယာ ပြင်ပသို့ ရောက်ရှိနေပါသည်'

...... ထူးထူးဆန်းဆန်း။ အဖေ ဘာများလုပ်နေလို့လဲ။ အရေးကြီးတဲ့ အစည်းအဝေးများ တက်နေလို့လား..........

ရဲဧည့်ကြိုဌာနကို ရောက်သွားတော့ မိန်းကလေး တဦးကို တွေ့ရသည်။
"တောင်းပန်ပါတယ်ရှင် ဒီအမှုလိုက်နေတဲ့ လူတယောက်ယောက်နဲ့ တိုက်ရိုက်ကို စကားပြောရမှ ဖြစ်မှာမို့ပါ"

"ကျနော်တို့ ပြောပြီးပြီလေ။ ခုလောလောဆယ် Kira အမှုဌာနမှာ ဘယ်သူမှ မရှိကြဘူး"

Kira ဆိုသော စကားလုံးက Light ကိုစိတ်ဝင်စားသွားစေသည်
......ဘယ်သူမှ မရှိကြဘူးတဲ့။ အဖေ့ဖုန်းကလည်း ပိတ်ထားတယ်။ ဘာတွေလဲ......

"သူတို့ကို ဘယ်လိုမှ ဆက်သွယ်လို့ မရဘူးလားရှင်။ Kira အမှုနဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ အချက်တခုပြောပြချင်လို့ပါ"

Light ဧည့်ကြိုကောင်တာသို့ လျှောက်သွားလိုက်သည်။
"ကျနော် ရဲချုပ် Yagami Souichiro ရဲ့ သား Light ပါ။ သူ့အတွက် အ၀တ်တွေ လာပို့တာပါဗျာ။ ဖေဖေမရှိဘူးဆိုလည်း ဒီမှာ ထားခဲ့ပါရစေ"

သူ့ရှေ့မှာ တာဝန်ကျ ၀န်ထမ်းက
"ဟား...Light ကိုးမမှတ်မိဘူးလားကွ။ မနှစ်က အာမခံငွေ ကိစ္စနဲ့ လူသတ်မှု ဖြစ်သွားတာကို မင်းဝင်ရှင်းပေးခဲ့တယ်လေ။ ငါလည်း အဲဒီအမှုလိုက်တဲ့အထဲကလေကွာ"

"ဟာ ဆောရီးဗျာ။ မမှတ်မိလိုက်ဘူး"

"ခုရော Kira အမှုကို ၀င်မကူဘူးလားကွ"

မထင်မှတ်ပဲ Light အကွက်ဝင်သွားလေပြီ။
"ဟား ကူတာပေါ့ဗျာ။ ကံများကောင်းရင် L တောင် နောက်ကောက်ကျချင် ကျနေမှာ။ ဟားဟား"

.....ဟယ်၊ L တောင် နောက်ကောက်ကျမယ် ဆိုပါလား.....
တာဝန်ကျဝန်ထမ်းက မိန်းကလေးကို ပြောပြန်သည်။
"ကဲ ကျနော် ပြောသလိုပါပဲဗျာ။ ဖုန်းခေါ်တာလည်း ကိုင်မယ့်လူ မရှိပါဘူး။ ခင်ဗျားပြောစရာရှိတာကို ပြောထားခဲ့ပါ။ ကျနော်တို့ သေချာပေါက် တင်ပြပေးပါမယ်"

"အို မဖြစ်ဘူးရှင့်။ ကျမ ကိုယ်တိုင်ပြောရမှ ကိုဖြစ်မှာ"

Light ၀င်ပြောဖို့သင့်ပြီလို့ ဆုံးဖြတ်လိုက်သည်။
"ဒီမှာဗျာ..ကျနော့်အဖေက Kira အမှုကို ဦးစီးနေတဲ့သူပါ။ ခင်ဗျားသာ စိတ်ချမယ်ဆိုရင် ကျနော် အဖေ့ကို ပြောပေးမယ်လေ။ လောလောဆယ်တော့ အဖေ့ဖုန်းကလည်း ခေါ်လို့မရဘူးဗျ။ FBI agent တွေလည်း အများကြီး အသတ်ခံရထားတော့ လူတွေလည်း လန့်ဖြန့်ပြီး ကိစ္စတွေ ရှုပ်နေတာပေါ့"

"ဟ..Light ဒါတွေကို လျှောက်မပြောရဘူးလေ"
ရဲဝန်ထမ်းက ၀င်တားတော့

"မထူးပါဘူးဗျာ။ ဒါက လူတိုင်းသိတဲ့ ကိစ္စကြီး ဖြစ်နေပါပြီ။ နောက်ပြီး ဒီကောင်မလေးပုံကလည်း စိတ်ချရပါတယ်။ သူ့မျက်လုံးတွေ ကြည့်ရင်သိသာတာပဲ။ လူမှာ မျက်လုံးတွေက မညာတတ်ဘူးလေ။ တော်တဲ့၊ အရာရာကို ဂရုတစိုက် စူးစမ်းတတ်တဲ့ မိန်းကလေးဗျာ။ ဂျပန်ရဲတပ်ဖွဲ့ထဲမှာလည်း FBI agent တွေ အသတ်ခံရမှုကြောင့် ပြဿနာတွေ ပေါ်နေတယ်ဆိုတာလည်း သူသိပုံပဲ။ ဒါ့ကြောင့်လည်း တိုက်ရိုက်စကားပြောခွင့် တောင်းနေတာပေါ့ဗျ။ သူဒီကိစ္စကို သေချာစဉ်းစားလာပြီးပါပြီ။ ကျနော်ပြောတာတွေ ဟုတ်ရဲ့လားဗျာ"
လို့ Light က မိန်းကလေးကို စိုက်ကြည့်ပြီး ပြောလည်းပြော မေးလည်းမေး တခါတည်း လုပ်လိုက်သည်။

မိန်းကလေး ဘာမှ ပြန်မဖြေသော်လည်း Light ကို နည်းနည်းတော့ အထင်ကြီးသွားသည်။
သူတို့ နှစ်ယောက် ရဲဌာနထဲမှ အတူပြန်ထွက်လာရင်း စကားပြောလာကြလေသည်။

"ကျနော် ဖေဖေ့ကို voicemail ထားခဲ့တယ်။ ဖေဖေ ပြန်ခေါ်တဲ့အချိန်မှာ ခင်ဗျား သူနဲ့ စကားပြောပေါ့"
ရင်းရင်းနှီးနှီး ပြုံးပြုံးရွှင်ရွှင် Light ကပြောတော့

"ရှင်က တကယ်ပေးပြောမှာလား"
မိန်းကလေးက မသင်္ကာဟန်နှင့်မေးသည်။

"ပေးပြောမှာပေါ့ဗျာ။ အဲ အဖေ့ဖုန်းနံပါတ်ကတော့ ခင်ဗျားကို ပေးလို့မရဘူးပေါ့။ ကျနော့်ဖုန်းပေါ်မှာ ပြောရမှာဆိုတော့ ကျနော့်ကိုရော အဖေ့ကိုရော ယုံကြည်မှတော့ ဖြစ်မှာပေါ့လေ"
ခင်မင်နှစ်လိုဖွယ်ရာ ပြုံး၍ ရယ်၍ Light ကပြန်ပြောပြန်သည်။

Ryuk ပင် အံ့သြလာသည်။
"အမယ်...ဒီကောင် ပြုံးပြုံး ပြုံးပြုံးနဲ့ ဘယ်လိုဖြစ်နေတာလဲ"

"အခုလို ကူညီတဲ့ အတွက် ကျေးဇူးတင်ပါတယ်ရှင့်"

"Kira အမှုမှာ ၀င်ပါရဲတာကတော့ ခင်ဗျား တော်တော် သတ္တိ ကောင်းတာပဲဗျာ"

"ဒီလောက်လဲ မဟုတ်ပါဘူးလေ"

"အာ..စကားသာ ပြောနေကြတာ နာမည်တောင် မပြောမိဘူး။ ကျနော့်နာမည် Yagami Light ပါ။ စိတ်မရှိရင် ခင်ဗျားနာမည်လေး သိရမလားဗျာ"

"ရပါတယ်။ Maki Shouko (မာကီရှိုကို) ပါ။"

"Maki ပေါ့နော်။ Kira မှာ လူတွေမသေခင် လုပ်ရမယ့် အပြုအမူတွေကို ထိန်းချုပ်နိုင်စွမ်းရှိတယ်လို့ ကျနော်ထင်တယ်ဗျ"

မိန်းကလေး အားတက်သွားပြီး
"ဟယ်..ကျမလည်း အဲလိုပဲ ထင်တယ်ရှင့်။ ဒါတင် မကသေးဘူး။ ကျမ ထင်တာ မမှားဘူးဆိုရင် Kira ဟာ နှလုံးရောဂါအပြင် တခြားနည်းနဲ့လည်း လူတွေကို သတ်နိုင်သေးတယ်"
သူ့ကံကြမ္မာကို ထိခိုက်စေမည့် စကားလုံးများကို ပြောချလိုက်လေသည်။

........ ဒီဟာမလေးက တယ်လာပါလား.........
Light ဒီထက် ပိုပြီး သူ့အကြောင်းစုံစမ်းဖို့ ဆုံးဖြတ်လိုက်သည်။ မိန်းကလေး မည်မျှသိသည်၊ မသိသည် ဆိုသည့် အချက်သည် သူ့အတွက် အလွန်အရေးပါနေလေပြီ။

"တခြားဘယ်သူမှ ဒီအချက်ကို မစဉ်းစားမိသေးဘူးလို့ ကျမတော့ ထင်တယ်။ ဒါသာ မှန်ရင် Kira ကိုဖမ်းမိဖို့ တဆင့်ပိုနီးသွားပြီ"

"ကျနော်လည်း အဲလို မတွေးမိသေးဘူး။ ခင်ဗျားပြောတာသလိုသာဆိုရင်တော့ လူမသိစေချင်တဲ့ လူသတ်မှုတွေကို Kira ဟာ နှလုံးရောဂါ မဟုတ်ဘဲ တခြားနည်းနဲ့ ကျူးလွန်တော့မှာပဲ"
Light နည်းနည်းထပ်ပြီး တောက်ကြည့်လိုက်သည်။

"ဟုတ်တယ်။ ကျမ အသိတယောက်တောင် Kira နဲ့ တွေ့ဖူးတယ်လို့ ထင်တယ်"

"Kira နဲ့ တွေ့ဖူးတယ်... ဟားဟား.. စိတ်တော့မရှိနဲ့ဗျာ၊ ခင်ဗျား ရဲကို ဒီလို သွားပြောလို့တော့ ဘယ်သူမှ ယုံမှာ မဟုတ်ဘူး"

"မှန်ပါတယ်။ ဒါ့ကြောင့်လည်း ကျမက တိုက်ရိုက်တွေ့ပြီး ပြောချင်တာပေါ့။ အဲဒီတော့မှ သူတို့ကို သေချာရှင်းပြရမှာ"

"ထားပါတော့လေ။ ဒါပေမယ့်ဗျာ၊ ခင်ဗျားပြောတာထက်စာရင် ကိုယ်တိုင်တွေ့ခဲ့တယ်ဆိုတဲ့လူ ပြောတာပိုမကောင်းဘူးလား"

မိန်းကလေး မျက်နှာ ညှိုးသွားပြီး
"အဲဒီလူ ဒီလောကကြီးမှာ မရှိတော့ဘူးလေ။ သူက အသတ်ခံလိုက်ရတဲ့ FBI agent တွေထဲက တယောက်ပဲ"

Light အကြီးအကျယ် လန့်သွားသည်။
..... သေသွားတဲ့ FBI agent.. ပြဿနာပဲ .........

"သူက ကျမ ချစ်သူလေ။ သူနဲ့ကျမ စေ့တောင်စေ့စပ်ထားတာ။ တိုက်တိုက်ဆိုင်ဆိုင် ဘတ်စ်ကား ပြန်ပေးမှုထဲမှာမှ သူဝင်ပါခဲ့ရသေးတယ်လို့ ပြောဖူးတယ်။ ဒါပေမယ့် ကျမထင်တာတော့ အဲဒီကားပေါ်မှာ Kira ပါလိမ့်မယ်"

Light လှမ်းနေဆဲ ခြေလှမ်းများပင် ရပ်သွားသည်။

"ဘာဖြစ်သွားတာလဲဟင်"
မိန်းကလေးက မေးတော့မှ

"ဘာမှ မဖြစ်ပါဘူး။ ခင်ဗျား တို့ချစ်သူနှစ်ယောက် စေ့စပ်ထားပြီးမှ သူဒီလိုဖြစ်သွားတယ်ဆိုတော့ တော်တော် စိတ်မကောင်းဖြစ်သွားလို့ပါ။ ဒါနဲ့ဗျာ.. သူဘာလို့ အဲဒီကားပေါ်မှာ Kira နဲ့ တွေ့တယ်လို့ ခင်ဗျားက ထင်ရတာလဲ"

"အဲဒါဖြစ်ပြီး ၈ ရက်အကြာမှာ သူအပါအ၀င် တခြား FBI agent တွေအားလုံး အသတ်ခံလိုက်ရတယ်။ ဘတ်စ်ကား ပြန်ပေးသမားကလည်း အဲဒီမတိုင်ခင် ၂ ရက်တုန်းက ဘဏ်ဓါးပြ ၀င်တိုက်ဖူးထားတယ်။ အဲဒီသတင်းမှာ သူ့ပုံနဲ့ နာမည် ပါတယ်။ ပြီးတော့ ပြန်ပေးဆွဲတဲ့နေ့မှာ ကားတိုက်သေတယ်။ သိပ်ထူးဆန်းတဲ့ ကိစ္စမဟုတ်ပေမယ့် သိပ်တော့လည်း မရိုးသားဘူး။ ကျမကတော့ ဘတ်စ်ကား ပြန်ပေးမှုဟာ Ray ဆီက လိုချင်တဲ့ အချက်အလက်တွေရဖို့ Kira လုပ်ကြံဖန်တီးထားတာလို့ ထင်တာပဲ။ အဲဒီ ပြန်ပေးသမား ကားတိုက်သေသွားတယ် ဆိုတာကလည်း Kira ဟာ နှလုံးရောဂါ မဟုတ်ဘဲ တခြားနည်းနဲ့ သတ်နိုင်တယ်ဆိုတာ ပြတာပဲ"

"ကျနော်ကတော့ ခင်ဗျား ကောက်ချက်ချတာတွေ သိပ်များနေသလားလို့ ထင်တယ်"

"ဒီပြန်ပေးသမားဟာ Kira ရဲ့ထိန်းချုပ်မှုအောက်မှာ လှုပ်ရှားနေခဲ့တယ်ဆိုတာ ကျမ သိပ်သေချာနေတယ်"

"ဘာဖြစ်လို့လဲဗျ"

"ပြန်ပေးမှုအကြောင်းကြားကတည်းက ကျမစိတ်မရှင်းဘူး။ သူ့ကိုမေးတော့လည်း သူနဲ့ စကားပြောခဲ့တယ်ဆိုတဲ့ လူရဲ့နာမည်ကို မေးလို့မရဘူး။ ဒါပေမယ့် သူတခုတော့ ကျမကိုပြောခဲ့တယ်"

Light သိပ်စိတ်ဝင်စားသွားသည်။
"ဘာပြောခဲ့တာလဲ"

"သူ့ရဲ့ FBI ကတ်ပြားကို ဘယ်လိုမှ မလွှဲသာလို့ ဘတ်စ်ကားပေါ်က လူတယောက်ကို ထုတ်ပြခဲ့ရတယ်တဲ့။ သူတို့ရောက်နေတာ ဂျပန်ရဲတွေကိုတောင် ပေးသိတာမဟုတ်ဘူးလေ။ ထိပ်တန်းလျှို့ဝှက် စုံစမ်းရေးအဖွဲ့အနေနဲ့ ရောက်လာတာ။ ဒါကြောင့် သူတို့ရဲ့ FBI ကတ်ကို ဘယ်သူ့ကိုမှ ထုတ်မပြရဘူးလို့ ညွှန်ကြားချက်ပေးထားခဲ့တယ်။ အဲဒီတော့ ဂျပန်မှာ FBI ရောက်နေတာ Kira သိသွားအောင် လုပ်လိုက်တဲ့လူဟာ သူကလွဲလို့ တခြားဘယ်သူရှိတော့မလဲ"

သေမင်း Ryuk ပင် မိန်းကလေးကို လေးစားသွားသည်။
..... ဟိုက်ရှားဘား၊ ကောင်မလေးက တော်သဟ။ Light စိတ်ပူနေတဲ့ အမှားလေး တခု ဆိုတာ ဒါများ ဖြစ်နေမလား ...........

"ကျနော် သဘောပေါက်ပြီ။ ခင်ဗျား တယောက်တည်းသိတဲ့ အချက်တွေထဲကနေ ဒီကောက်ချက်ကို ချထားတာကိုး။ တော်တော်လေး လေးစားဖို့ကောင်းတဲ့ ဆက်စပ်တွေးခေါ်မှုပါပဲ။ ဒါပေမယ့် ခင်ဗျားမှာ ဘာသက်သေ အထောက်အထားမှ မရှိတာဆိုးတယ်။ ဘာပဲပြောပြော ဒါတကယ့်ကို အရေးကြီးတဲ့ ထွက်ဆိုချက်တခုဆိုတာတော့ သေချာတယ်"

"ကျေးဇူးတင်ပါတယ်ရှင်"

"အေးလေ.. ခင်ဗျားပြောတာသာ မှန်လို့ကတော့ Kira ကိုမကြာခင်မိမှာပါ။ ဘာလို့လည်းဆိုတော့ ဘတ်စ်ကားပေါ်မှာ ခင်ဗျားချစ်သူ ကတ်ပြားထုတ်ပြခဲ့တဲ့သူဟာ Kira ဖြစ်နေလို့ပေါ့"
အဓိပ္ပာယ် နှစ်ခွပါသော စကားကို ပြောလိုက်သော်လည်း မိန်းကလေး သတိမမူမိလိုက်။

"ဟုတ်တာပေါ့ရှင်"
သူ့အတွေးကို ထောက်ခံသည့်အတွက် ၀မ်းပင်သာသွားမိသေး။

Light တွေးလိုက်မိသည်။
....... ကံကြီးပေလို့ဟေ့။ ငါနဲ့သာ မဆုံမိဘဲ စုံစမ်းရေးအဖွဲ့နဲ့ အရင်ဆုံမိလို့ကတော့ အကျိုးနဲပြီ။ အေးလေ.. ကြည့်ရတာ ဘုရားသခင်က ငါ့ဘက်မှာ ရှိနေတဲ့ပုံပဲ။ မင်းတော့ ကံဆိုးမိုးမှောင်ကျပြီ မိန်းကလေး .....

No comments:

Post a Comment