စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Monday, February 24, 2014

သေမင်းစာအုပ် (၉)

Light အေးအေးဆေးဆေး လမ်းလျှောက်နေသည်။

"ဟေ့ကောင် Light ငါ့ကို ပန်းသီးကျွေးတော့လေကွာ"

"ဘယ်သူမှ ကျုပ်နောက် လိုက်မနေဘူးဆိုတာ ခင်ဗျားသေချာရဲ့လား Ryuk"

"ဟာ..သေချာပါတယ်ကွာ။ လုပ်ပါကွ။ ငါ့အခြေအနေတော်တော်ဆိုးနေပြီနော်"
Ryuk ၏ခန္ဓာကိုယ်ကား တွန့်လိမ်ကွေးကောက်နေလေပြီ။

"ခင်ဗျား ပန်းသီးစားချင်လို့ လုပ်ကြံပြောနေတာတော့ မဟုတ်ပါဘူးနော်"

"အောင်မယ်လေးကွာ..ငါ့မှာ မင်းပတ်ဝန်းကျင် ရှေ့ရော နောက်ရော အနည်းဆုံး ကိုက် ၁၀၀ လောက်ကို ဟိုဘက်ပျံလိုက်၊ ဒီဘက်ပျံလိုက်နဲ့ ကြည့်ပြီးပါပြီကွာ။ ဘုရားစူးရစေရဲ့၊ ဘယ်သူမှ မလိုက်နေပါဘူးဆို"
စောင်းငန်း၊ စောင်းငန်း ဖြစ်နေသော ခေါင်းကို ထိန်းရင်း Ryuk ကဖြေလေ၏။

"ဒါပေမယ့် သတင်းထဲမှာ စုံထောက် ၁၅၀၀ တောင် ဂျပန်ကို လွှတ်ထားတယ်လို့ ကြေငြာထားတယ်ဗျ။ ပေါ့ဆလို့ မဖြစ်ဘူး"

"ဟေ့ဟေ့.. ဒီသတင်းဟာ လိမ်ဆင်ကြီးပါဆိုတာ မင်းကိုယ်တိုင်ပြောခဲ့တာပဲ။ မင်း သက်သက် မညစ်နဲ့နော် ဟေ့ကောင်"

"ကဲကဲ.. ကျုပ် ပန်းသီး ၀ယ်ကျွေးပါမယ်ဗျာ"

Light ကပန်းသီးဝင်ဝယ်ကာ လူပြတ်သော ခုံတန်းတခုတွင် Ryuk အား ပန်းသီးကျွေးလိုက်သည်။
ပန်းသီးကို အငမ်းမရ စားရင်း Ryuk က Light ကို ပြောနေ၏။

"သေမင်းတယောက်ကိုများ မင်းဆက်ဆံပုံက လွန်လွန်းတယ်ကွ သိလား..ဟေ့ကောင်။ ငါ့ကို ရှိသမျှ ကင်မရာတွေ၊ အသံဖမ်းစက်တွေ ရှာခိုင်းတယ်။ ပြီးတော့ ပန်းသီး လုံးလုံးမကျွေးဘဲ အငတ်ထားတယ်။ ကြည့်ငါ့မှာ ပန်းသီးနာကျလို့ တကိုယ်လုံးတွန့်လိမ်ကောက်ကွေး၊ ကင်းမြီးကောက် ထောင်နေရတဲ့အထိပဲ။ အေးပေါ့ကွာ.. ဘာပဲဖြစ်ဖြစ် နောက်ဆုံးတချိန်ကျရင် မင်းနာမည်ကို သေမင်းစာအုပ်ထဲ ရေးထည့်ရမယ့်ကောင်ကတော့ ငါပါပဲကွ။ အဲဒီအချိန်ကျမှ မင်းတွေ့မယ်"

"ဟင်း..ဟင်း"
Light က သာသာလေး ရယ်ပြီး ထထွက်သွားတော့

"အောင်မယ်..မင်းက ရယ်နိုင်သေးတယ်လား"

"ခင်ဗျား စကားလုံးတွေ ခေါက်ထားလိုက်စမ်းပါ Ryuk ရာ၊ ကျုပ်မှာ တခြားလုပ်စရာတွေ ရှိသေးတယ်ဗျ"

Light အိမ်ပြန်ရောက်သော် ကွန်ပျူတာရော TV ပါဖွင့်လိုက်၏။
........ ဟို ၂ယောက်ကို သတ်လိုက်တုန်းက L အမြင်မှာ ငါဘာသတင်းမှ မရနိုင်တဲ့အချိန် ဖြစ်နေခဲ့တာတော့ဟုတ်တယ်။ ဒါပေမယ့် အဲလို အချိန်မှာကျမှပဲ အရင်လို အမှုကြီးကျူးလွန်တဲ့လူတွေ မသေဘဲ အမှုသေးသေးလေးလုပ်တဲ့လူတွေ သေတယ်ဆိုတာကိုက ငါ့ကို သံသယ ၀င်စရာ ဖြစ်နိုင်တယ်။ အဲဒီတော့ ငါသတင်းကြည့်သည်ဖြစ်စေ၊ မကြည့်သည်ဖြစ်စေ၊ အမှုသေးသေးလေး လုပ်တဲ့လူတွေ သေနေမှ ငါ့ကို သံသယ၀င်ဖို့ ခက်သွားမယ်။ ဆိုတော့ကာ သတင်းတွေကြည့်ပြီး တရားခံတွေကို ငါမှတ်ထားမှဖြစ်မယ်။ ငါအိမ်ပြင်ရောက်မှ ပိုက်ဆံအိတ်ထဲမှာ ဖွက်ထားတဲ့ သေမင်းစာအုပ်ထဲက စာရွက်ပိုင်းလေးတွေနဲ့ သူတို့ကို သတ်ရမှာပဲ။ အချိန်တွေကိုလည်း အမျိုးမျိုးပေးပြီး သေခိုင်းရမယ်။ လမ်းပေါ်မှာ ဘယ်ကင်မရာမှ ငါ့ကို မမိနိုင်တော့ဘူး ...................

L ၏ ဟိုတယ်ခန်း
"လွန်ခဲ့တဲ့ ၅ ရက်အတွင်း ရိုက်ကူးထားတဲ့ ဗီဒီယိုတွေ၊ အသံခွေတွေ အားလုံး ကျနော် အထပ်ထပ် အခါခါ ကြည့်ပြီး၊ နားထောင်ပြီးပါပြီ။ စောင့်ကြည့်ခဲ့တဲ့ မိသားစု ၂ စုလုံးမှာ သံသယ ဖြစ်စရာလှုပ်ရှားမှု ဘယ်သူ့ဆီမှာမှ မတွေ့ပါဘူး။ တပ်ထားတဲ့ဟာတွေအားလုံး နှစ်အိမ်လုံးကနေ ပြန်ဖြုတ်လိုက်ပါတော့မယ်"
L ၏ စကားအဆုံး ရဲချုပ် စိတ်ပေါ့ပါးသွားပြီး သက်ပြင်းကြီးပင် ချလိုက်မိ၏။

"သြော်..နောက်ဆုံးတော့လည်း သံသယဖြစ်စရာလူ မရှိဘူးပေါ့"
Matsuda ကပြောတော့

"ဟ၊ စိတ်မလျှော့ပါနဲ့ကွ။ ငါတို့ ထပ်ကြိုးစားကြတာပေါ"
ရဲချုပ်က မာန်တင်းလိုက်သည်။

ထိုစဉ် L က ဖြတ်ပြောလိုက်သည်။
"နေကြပါဦး။ ကျနော်ပြောတာက သံသယဖြစ်စရာ လှုပ်ရှားမှု မတွေ့ဘူးလို့ပြောတာနော်။ အဲဒီလူတွေထဲက တယောက်ဟာ Kira ဖြစ်နေတယ်ဆိုရင်တောင်မှ အဲဒီတယောက်ဟာ ဘာမှ သံသယဖြစ်စရာ မလုပ်ဘဲနေခဲ့တယ်လို့ပြောတာ။ သူဟာ လူတွေတော့ ဆက်သတ်နေတာပဲ။ ဒါပေမယ့် ဘယ်လိုနည်းနဲ့ သတ်တယ်ဆိုတာ ကျနော်တို့ မသိအောင် နေနိုင်နေခဲ့တယ်"

ရဲချုပ်ကား စိတ်ပြန်ရှုပ်ရလေပြီ။
"ဒါဖြင့်..မင်းပြောတာက သူတို့ထဲက တယောက်ဟာ Kira ဖြစ်နိုင်နေသေးတယ်ပေါ့"

"ကျနော် ပြောခဲ့ဖူးသလိုပဲ၊ ၅ ရာခိုင်နှုန်းတော့ ဖြစ်နိုင်ချေ ရှိသေးတယ်"

ဆောင့်ကြောင့်ထိုင် ကော်ဖီသောက်ရင်း L စဉ်းစားနေမိသည်။
...... သူ စိတ်ကလေးကူးလိုက်ယုံနဲ့ လူသတ်လို့ရတယ်ပဲ ထားဦး။ လူတယောက်ဖြစ်နေတဲ့အတွက် လူသတ်မှု ကျူးလွန်လိုက်တယ်ဆိုရင် သူ့မျက်နှာမှာ အနည်းနဲ့အများတော့ ခံစားမှုတခု ဖြစ်ရမယ်။ ဒါမှမဟုတ်လည်း သူ့လှုပ်ရှားမှုမှာ တခုခုတော့ ထူးခြားသွားရမယ်။ ဘယ်သူ့ဆီမှာမှ ဒီထူးခြားမှု မတွေ့ခဲ့ရဘူး။ ဒါဖြင့် သူတို့ တယောက်မှ Kira မဟုတ်ဘူးပေါ့။ တကယ်လို့များ အဲဒီထဲက တယောက်ဟာ Kira ပါဆိုရင်တော့ သူ့ရဲ့ စိတ်ထိန်းချုပ်နိုင်မှုဟာ သိပ်ကို မြင့်မားလွန်းနေပြီ။ God ရဲ့အဆင့်လောက်လို့ ပြောရတော့မှာပဲ။ အပြစ်ရှိတယ်လို့ သူသတ်မှတ်လိုက်တဲ့လူကို မျက်တောင်တချက်မခတ်ဘဲ သတ်နိုင်နေတဲ့ စိတ်မျိုးပဲ။ ဒါပေမယ့် သူဟာ God မှမဟုတ်ပဲ။ သူ့ကိုသူ ဘုရားသခင်လို့ ထင်နေတဲ့ ရူးကြောင်ကြောင် ကောင်တကောင်ပဲ။ ဒီကောင့်ကို ငါ မိအောင်ဖမ်းပြမယ်။ အေးလေ..ကင်မရာတွေ ဆက်တတ်ထားလဲ ဒီကောင်က ငါတို့မသိနိုင်တဲ့နည်းနဲ့ လူတွေသတ်နေဦးမှာပဲ။ ဘယ်လိုလုပ်ရင် ကောင်းမလဲ။ အကောင်းဆုံးကတော့ သူ့ကိုယ်သူ 'ငါ Kira ကွ' လို့ ငါ့ကိုလာပြောပြီး ငါ့ရှေ့မှာတင် လူသတ်ပြရင် အကောင်းဆုံးပဲ။ ဟူး..ဒီကိစ္စကလည်း ဘယ်လိုဖြစ်နိုင်မလဲ.........

Light ၏အခန်း

ဟိုပျံ သည်ဝဲနှင့် လုပ်နေသော Ryuk ထံမှ အသံထွက်လာသည်။
"Light ရေ့၊ ကင်မရာတွေ မရှိတော့ဘူးဟ။ တခုမှ မရှိတော့တာ"

....... Ryuk ပြောတဲ့အတိုင်းဆိုရင်တော့ ငါ့ကို သံသယရှိစရာလူ စာရင်းထဲကနေထုတ်လိုက်ပြီပေါ့။ ငါ တွက်ထားတဲ့ အတိုင်းပါပဲ။ ပြဿနာက L ဟာ Kira ကို ရဲအကူအညီနဲ့ ဆက်လိုက်နေဦးမယ့်ကိစ္စပဲ။ ခက်တာက ငါ့အဖေကလည်း သူနဲ့အတူ တွဲလုပ်နေတဲ့လူဖြစ်နေတယ်။ အင်း..တခုကောင်းပြန်တာက အဖေ့ကို သုံးပြီး သူ့ကို ရှင်းပစ်လို့ ရနိုင်တာပဲ။ L ကိုသာ ရှင်းပစ်နိုင်ရင် ဒီကမ္ဘာကြီးမှာ ငါ God လုပ်ဖို့ တဆင့်ပိုနီးသွားပြီပေါ့............

တက္ကသိုလ်ဝင်တန်း စာမေးပွဲ ခန်းမ

စာမေးပွဲခန်းထဲတွင် ကျောင်းသားများ ငြိမ်သက်စွာ ထိုင်နေသည်။

..... တော်သေးတာပေါ့။ စာမေးပွဲ မတိုင်ခင် ငါစိတ်ရှုပ်စရာ ကိစ္စတခု ပြတ်သွားလို့။ မဟုတ်ရင် ဒီကင်မရာတွေအတွက်နဲ့ ငါခေါင်းရှုပ်နေရဦးမယ်။ တက္ကသိုလ်တက်ပြီဆိုရင်တော့ အချိန်တွေပိုရတော့ L အကြောင်းစုံစမ်းဖို့ အချိန်လည်း ပိုရပါပြီ ............

"ကဲ .. အားလုံးစဖြေနိုင်ပြီ"
ခန်းမစောင့် ဆရာမှ ကြေငြာလိုက်သည်နှင့် စာရွက်လှန်သံများ ဆူညံသွားတော့သည်။

တအံ့တသြ မျက်နှာနှင့် ဆရာတယောက် Light ဘေးမှ ဖြတ်လျှောက်သွားပြီး
"ဟေ့..ခုံနံပါတ် ၁၆၂၊ ဒါစာမေးပွဲခန်းပါကွ။ ကောင်းကောင်းမွန်မွန် ထိုင်ပါ"

Light စိတ်ထင့်သွားသည်။ သူ အသာလေး ခေါင်းကို လှည့်ကြည့်လိုက်တော့ သူနှင့် နှစ်ခုံကျော်တွင် ဆောင့်ကြောင့်ထိုင်ကာ စာမေးပွဲဖြေနေသော ကျောင်းသားတယောက်။ ထိုစဉ်မှာပင် ထိုသူက ခေါင်းမော့အကြည့် သူတို့ နှစ်ယောက် မျက်လုံးချင်း ဆုံမိကြတော့၏။

Light မြင်ခဲ့ရသည့် ကျောင်းသားသည်ကား L....

No comments:

Post a Comment