စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Monday, February 24, 2014

သေမင်းစာအုပ် (၁၁)

L တို့တသိုက် Kira ကိစ္စဆွေးနွေးနေကြစဉ်

"Ryuzaki၊ အရေးကြီးတယ် Sakura-TV ကိုခုဖွင့်ကြည့်ပါ"
Watari ၀င်လာပြီး ပြောလိုက်သည်။

Sakura-TV မှ LIVE လွှင့်နေသည်ကို တွေ့ရ၏။

'တနည်းအားဖြင့်တော့ ကျနော်တို့ဟာ Kira ရဲ့ ပြန်ပေးဆွဲခံထားရတဲ့လူတွေပါပဲ။ တခြားရွေးစရာလမ်းမရှိတဲ့အတွက် သူညွှန်ကြားထားတဲ့အတိုင်း video တွေထုတ်လွှင့်ရပါလိမ့်မယ်။ ဒီထုတ်လွှင့်မှုဟာ လုပ်ကြံဖန်တီးမှု မဟုတ်ဘူး၊ လူကြိုက်များအောင်လုပ်တာ မဟုတ်ဘူးဆိုတာကိုလည်း ကြိုတင်ပြောကြားလိုပါတယ်။ လွန်ခဲ့တဲ့ ၄ ရက်က video ၄ ခွေပါတဲ့ စာအိတ်တအိတ် ကျနော်တို့ရဲ့ ဒါရိုက်တာတယောက်ဆီကို ရောက်လာခဲ့ပါတယ်။ အဲဒီစာအိတ်ဟာ Kira ပို့လိုက်တာပါပဲ။ ပထမဆုံးအခွေမှာ တနေ့က အဖမ်းခံလိုက်ရတဲ့လူနှစ်ယောက် သေမယ့်နေ့နဲ့ အချိန်ကို ကြေငြာထားပါတယ်။ သူကြေငြာထားတဲ့အတိုင်း အဲဒီနှစ်ယောက်လုံး မနေ့က နှလုံးရောဂါနဲ့ သေဆုံးသွားကြတယ်လို့ သိရပါတယ်'

..... သူတို့ ပြောတာ အမှန်ဆိုရင်တော့ ဒါ Kira လက်ချက်ပဲ။ တခြားဘယ်သူမှ ဒါမျိုး မသတ်နိုင်ဘူး .......
TV ကြည့်ရင်း L တွေးနေမိသည်။

'ဒုတိယ အခွေကို ဒီနေ့ ၅ နာရီ ၅၉ မိနစ်မှာ ထုတ်လွှင့်ရမယ်လို့ ညွှန်ကြားချက်မှာ ပါနေပါတယ်။ ဒီအခွေထဲမှာ နောက်ထပ် ဘယ်သူတွေ သေဦးမယ်ဆိုတာ ကြိုတင်ပြောကြားချက်တွေပါဝင်ပြီး သူ Kira ပါဆိုတာ တကမ္ဘာလုံး လက်ခံအောင် လုပ်မယ် လို့ ကျနော်တို့ နားလည်ထားပါတယ်'

အချိန်ကား ၆ နာရီ ထိုးလုပေပြီ။ စုံစမ်းရေး အဖွဲ့ဝင်များ တယောက်တပေါက် ဖြစ်ကုန်ကြသည်။
"ဟာ..တလွဲကောင်တွေ။ ဒီကောင်တွေ လွှင့်လိုက်ရင် ပေါက်တပ်ကရတွေချည်းပဲ။ အရင်လိုပဲ ပေါက်ကရပဲ ဖြစ်မှာပဲ"

"မဟုတ်လောက်ဘူးနဲ့တူတယ်။ ဒီကိစ္စတော့ သူတို့လည်း လိမ်ရဲမှာ မဟုတ်ဘူး"

Sakura-TV မှဆက်လက် ထုတ်လွှင့်နေသည်။
'အခု အချိန်ကျပြီမို့ Kira ရဲ့ video ကိုထုတ်လွှင့်ပါတော့မယ်'

TV ပေါ်တွင် 'KIRA' ဆိုသော စာသားပေါ်လာပြီး ဗလုံးဗထွေး အသံတသံထွက်လာသည်။
'ကျုပ် Kira ပဲ။ ဒီ video ကို ညွှန်ကြားတဲ့အတိုင်းလွှင့်တယ်ဆိုရင် ဧပရယ် ၁၈ ရက် ညနေ ၅ နာရီ ၅၉ မိနစ် ၄၇၊ ၄၈၊ ၄၉ စက္ကန့်... Taiyo TV မှာသတင်းကြေငြာတဲ့လူ Kazuhiko Hibima ဟာ ၆ နာရီတိတိမှာ နှလုံးရောဂါနဲ့ သေလိမ့်မယ်။ လိုင်းပြောင်းကြည့်လိုက်ပါ'

Taiyo TV သို့လိုင်းပြောင်းကြည့်လိုက်သော L တို့တသိုက်မြင်နေရသည်မှာ ထိုင်ခုံတွင် နောက်သို့ဇက်လန်၍ သေဆုံးနေသော သတင်းကြေငြာသူ။

အားလုံး ကြက်သေ သေသွားတော့၏။
"လိုင်းပြန်ပြောင်းတော့။ တခြား TV တွေကို တခြားလိုင်းတွေကို ဖွင့်ထား"
L ပြောလိုက်မှ Sakura ကိုပြန်ပြောင်းတော့
'သေဆုံးသွားတဲ့ Mr Hibima ဟာ Kira ကို မကောင်းဆိုးဝါးကောင်လို့ မကြာခဏ သုံးစွဲ ခေါ်ဝေါ်ခဲ့သူဖြစ်တယ်။ ဒါဟာ သူ့အတွက် ထိုက်သင့်တဲ့အပြစ်ဒဏ်ပဲ။ ကျုပ်နောက်တယောက်ကို အပြစ်ပေးပြဦးမယ်။ သူကတော့ NHN က Kumaizumi Seiji ပဲ။ ဒီလူဟာလည်း တချိန်လုံး ကျုပ်ကို အပုပ်ချနေတဲ့ လူတယောက်ပဲ'

NHN လိုင်းတွင် လူတယောက် ဇက်ကျိုးသေဆုံးပြန်သည်။

'ကျုပ် Kira ဆိုတာ ခုလောက်ဆို ခင်ဗျားတို့ အားလုံး ယုံကြည်လောက်ပါပြီ'

L အလျင်အမြန် တွေးတောနေရသည်။
.... သူတို့ အပြောအရဆို ဒါ တကမ္ဘာလုံးကလူတွေကို ကြေငြာချက်ထုတ်မှာ ........

"ကျနော်တို့ ဒီထုတ်လွှင့်ချက်ကို ချက်ချင်း ရပ်ခိုင်းမှ ဖြစ်မယ်။ မဟုတ်ရင် အားလုံး အကြီးအကျယ် ဒုက္ခရောက်ကုန်လိမ့်မယ်"
L အော်ဟစ် အမိန့်ပေးလိုက်၏။

Matsuda က ချက်ချင်း Sakura-TV သို့ဖုန်းဆက်သလို Aizawa ကလည်း ထိုကုမ္ပဏီတွင် အလုပ်လုပ်နေသော သူ့မိတ်ဆွေထံ လှမ်းဆက်လေသည်။

သို့သော်
"မရဘူး။ ဟန်းဖုန်းတွေ ပိတ်ထားကြတယ်"
"ရှိသမျှ နံပါတ်တွေအားလုံး ခေါ်လို့မရဘူး။ လုံးဝ လိုင်းမ၀င်ဘူးဖြစ်နေတယ်"

ထိုအခါ Ukita ကအလျင်အမြန်ပြေးထွက်သွားရင်း
"ကျုပ် သူတို့ဆီ သွားပြီး ရပ်ခိုင်းလိုက်မယ်"
အော်ပြောသွားလေသည်။

TV မှာကား Kira ဆက်ပြီး စကားပြောဆဲ
'အားလုံးပဲ သေချာနားထောင်ကြပါ။ ကျုပ် အပြစ်မဲ့တဲ့လူတွေကို မသတ်ချင်ဘူး။ ကျုပ်ဟာ ယုတ်မာ ဆိုးသွမ်းမှုတွေကို မုန်းတီးတယ်၊ တရားမျှတမှုကို မြတ်နိုးတယ်။ ရဲတပ်ဖွဲ့ဟာ ကျုပ်ရဲ့ ရန်သူမဟုတ်ဘူး။ သူတို့ဟာ ဒီမတရားမှုတွေကို တိုက်ဖျက်နေတဲ့ ကျုပ်ရဲ့ မိတ်ဆွေတွေပဲဖြစ်တယ်။ ကျုပ်ရဲ့ ရည်ရွယ်ချက်ဟာ ယုတ်မာဆိုးသွမ်းမှုတွေ ကင်းရှင်းတဲ့ ငြိမ်းချမ်းတဲ့ကမ္ဘာကြီး ထူထောင်ဖို့ပဲ။ ခင်ဗျားတို့ အားလုံးသာ ကျုပ်နဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် အဲဒီ ငြိမ်းချမ်းတဲ့ကမ္ဘာကြီး အလွယ်တကူဖြစ်လာမှာပဲ။ ကျုပ်ကို ဖမ်းဖို့ မကြိုးစားသရွေ့ အပြစ်မဲ့ ပြည်သူ တယောက်မှ မသေစေရဘူး။ တကယ်လို့ ကျုပ်ရဲ့ လုပ်ရပ်တွေကို မနှစ်မြို့ဘူး၊ ကျုပ်နဲ့ သဘောထားချင်း မတိုက်ဆိုင်ဘူး ဆိုရင်တောင်မှ ကိုယ့်စိတ်ထဲမှာပဲ ထားပါ။ တလောကလုံး သိအောင် ကျုပ်ကို မပုတ်ခပ်သရွေ့ ဘယ်သူ့ကိုမှ အန္တရာယ်ပြုမှာ မဟုတ်ဘူး'

လမ်းမပေါ်တွင်၊ အိမ်များထဲတွင်၊ ရုံးများထဲတွင် လူအများ TV ကိုသာ မလှုပ်မရက် ကြည့်နေကြသည်။

'အချိန်နည်းနည်းပဲ စောင့်ပါ။ လူအများ လက်ခံနိုင်တဲ့ ကမ္ဘာကြီး ကျုပ်တည်ဆောက်ပေးမယ်။ အဲဒီကမ္ဘာကြီးပေါ်မှာ ကြင်နာသနားတတ်တဲ့ လူတွေကြီးပဲ ဖြစ်စေရမယ်'

ဆေးရုံပေါ်တွင်
ရဲချုပ်၏ ဇနီးက TV ကိုပိတ်လိုက်၏။
"ရှင် ဒါတွေကြည့်နေရင် စိတ်ဆင်းရဲ ရတာပဲရှိမှာ။ ရှင့်ကျန်းမာရေးနဲ့ မဖြစ်ပါဘူး။ အေးအေး နားနေပါနော်"

"မိန်းမရယ်..ငါက Kira စုံစမ်းရေးရဲ့ ခေါင်းဆောင်ပါ"
ကုတင်ပေါ်လှဲရင်း ရဲချုပ်က လှမ်းတောင်းပန်တော့လည်း သူ့ဇနီးက TV ပြန်ဖွင့်ပေးလိုက်လေသည်။

Sakura-TV အဆောက်အဦးရှေ့သို့ Ukita မောင်းလာသောကား ထိုးဆိုက်လာ၏။ သူကားထဲမှ အပြေးထွက်ပြီး ပင်မ မှန်တံခါးကို သွားဖွင့်သော်လည်း မရချေ။ တံခါးကား သော့ခတ်ထားလေသည်။

"ဟိတ်.. တံခါးဖွင့်စမ်း၊ ရဲတပ်ဖွဲ့ကကွ"
အားကုန် ကြုံးအော်သော်လည်း အတွင်းမှ လုံခြုံရေးဝန်ထမ်းက ခေါင်းသာ တွင်တွင်ခါပြ၏။

Ukita စိတ်တိုလေပြီ။ သူ့ခါးမှ သေနတ်ကို ဆွဲထုတ်ပြီး မှန်တံခါးကို ချိန်လိုက်သည်တွင် ရင်ထဲမှ အောင့်လာကာ အသက်ရှူကြပ်လာလေသည်။
... Kira ....
သူသိလိုက်သော်လည်း နောက်ကျသွားခဲ့ပြီ။ လက်ထဲမှ သေနတ်လွတ်ကျသွားချိန်တွင် သူ့ခါးပတ်မှ အရေးပေါ်ခလုတ်ကို နှိပ်ရန် ကြိုးစားသေးသော်လည်း မဖြစ်နိုင်တော့။ သူ လဲကျသေဆုံးသွားတော့၏။

စုံစမ်းရေးဌာနတွင်
'ကျမတို့ အစီအစဉ်ကို ကြားဖြတ်သတင်းတခုကြောင့် ခေတ္တရပ်နားပါမယ်ရှင်။ အခု မြင်နေရတဲ့ မြင်ကွင်းကတော့ Sakura-TV အဆောက်အဦးရှေ့ မြင်ကွင်းပါ။ ကျမတို့ တိုက်ရိုက်ထုတ်လွှင့်နေတာဖြစ်ပြီး လူတယောက် လဲကျ သေဆုံးနေဖွယ်ရှိတာတွေ့ရမှာပါ'
အခြား TV လိုင်းတခုမှ အသံထွက်လာ၍ သူတို့အားလုံး ကြည့်လိုက်တော့ လဲကျနေသည့် Ukita။

"တောက်.. ခွေးကောင် Kira"
Aizawa ဒေါသတကြီးဖြင့် တံခါးဝဘက် ထွက်အသွားတွင်

"ခင်ဗျား ဘယ်သွားမလို့လဲ Aizawa"
L က လှမ်းမေးလိုက်၏။

"Ukita ဆီကိုပေါ့ကွ။ တခြားဘယ်များ သွားစရာ ရှိလို့လဲ"
ဒေါသနှင့် Aizawa ကပြန်ဖြေလိုက်၏။

"မဖြစ်ဘူး။ ခင်ဗျား စိတ်အေးအေးထားပါ"

"မင်းက ငါ့ကို ဒီအချိန်မှာ ဘာမှမလုပ်ပဲ TV ပဲ ထိုင်ကြည့်ခိုင်းနေတာလား"

"ဒါသာ Kira လက်ချက်ဆိုရင် ခင်ဗျားသွားလည်း ဒီတိုင်းပဲ ဖြစ်မှာပဲ"

"ဟေ့..မင်းပဲ ပြောတော့ Kira က နာမည်နဲ့ မျက်နှာ တွဲသိမှ သတ်လို့ရတာဆိုကွ။ ခု ဘယ်လိုဖြစ်ရတာလဲ"

Matsuda ကလည်း ၀င်ပြောပြန်သည်။
"ဒါဖြင့် ရဲကတ်ပြား အတုတွေကလည်း အလကားပဲပေါ့။ ကျုပ်တို့ နာမည်တွေကို Kira သိထားပြီးသား ဖြစ်နေတာလား"

"ဟုတ်ချင်လည်း ဟုတ်မှာပေါ့။ ဒါပေမယ့် သူသာ ကျနော်တို့ နာမည်တွေ သိနေခဲ့ပြီးပြီဆိုရင် ဒီကိစ္စမလုပ်ခင် စုံစမ်းရေး တဖွဲ့လုံးကို ကြိုသတ်ထားတာ ပိုသဘာဝ ကျမယ်ထင်တယ်ဗျ။ ကျနော်တွေးခဲ့တာက Kira ဟာ လူသတ်ဖို့ နာမည်နဲ့ မျက်နှာ လိုတယ်။ ခုဖြစ်နေတဲ့ အတိုင်းဆိုရင်တော့ Kira ဟာ မျက်နှာလေးမြင်ရရုံနဲ့လည်း သတ်လို့ရတဲ့ပုံပဲ။ ကျနော့်အထင် မမှားရင် Kira ဟာ ဒီအဆောက်အဦးအတွင်းမှာ ရှိရင်ရှိ၊ မရှိရင် ၀င်ပေါက်ကို လှမ်းမြင်နေရတဲ့ အနီးဝန်းကျင် တနေရာမှာ ရှိလိမ့်မယ်"

"ဟ.. Kira အဲဒီနားမှာ ရှိတယ်ဆိုမှတော့ ငါတို့ အဲဒီကို သွားဖို့ ပိုလိုအပ်နေပြီပေါ့ကွ"
Aizawa ကား လွန်စွာ ဒေါသထွက်နေလေပြီ။

"သူ စုံစမ်းရေး ကင်မရာ ကြိုတပ်ထားတာလည်း ဖြစ်နိုင်တာပဲ။ သွားရင် သွားတဲ့လူ သေမှာပဲ"

"ဟေ့.. Kira ကိုဖမ်းဖို့ ငါတို့ အသက်နဲ့ ရင်းပြီး အလုပ်လုပ်နေတာ မဟုတ်ဘူးလားကွ"
ထိုင်နေသည့် L ကို Aizawa က ပခုံးမှ ဆွဲလှုပ်ရင်း မေးလိုက်သည်။

"အသက်နဲ့ ရင်းလုပ်တာနဲ့ ကျိန်းသေပေါက် သေမယ့်ကိစ္စလုပ်တာ နှစ်ခုဟာ မတူပါဘူး။ ခင်ဗျား စိတ်ကို ကြိုးစားထိန်းပါ။ Ukita ဟာ သေသွားပြီ။ ခင်ဗျားကိုပါ ကျုပ်တို့ အသေမခံနိုင်ဘူး Aizawa"

TV ကား လွှင့်ဆဲ
'ရဲတပ်ဖွဲ့အနေနဲ့ ငြိမ်းချမ်းတဲ့ကမ္ဘာကြီး တည်ဆောက်ဖို့ ကျုပ်နဲ့ ပူးပေါင်းဆောင်ရွက်မယ်၊ မဆောင်ရွက်ဘူးဆိုတာ နောက် ၄ ရက်အကြာ ည ၆ နာရီ သတင်းမှာ အဖြေပေးပါ။ အဖြေ ပေးတဲ့ပေါ်မှာ မူတည်ပြီး ထုတ်လွှင့်ဖို့ အခွေ နှစ်ခွေ ကျုပ်ပြင်ဆင်ထားပြီးပြီ'

ဆေးရုံတွင်ကား
အိမ်သာမှ ပြန်လာသည့် ရဲချုပ်၏ဇနီးကို လူမရှိတော့သည့် ကုတင်ကြီးကသာ ကြိုဆိုနေလေသည်။

မကြာမီပင် အဓိကရုဏ်းနှိမ်နင်းရေး ကားတစင်း Sakura-TV ပင်မ မှန်တံခါးကြီးကို တိုက်ခွဲကာ ၀င်ရောက်သွားကြောင်း TV တွင် တွေ့ရလေတော့၏။

"အင်း..ဘယ်သူမှ ကိုယ့်မျက်နှာကို မတွေ့ဘဲ ၀င်ဖို့ဆိုရင်တော့ ဒီနည်းက တော်တော်ကောင်းတာပဲ"
L မှတ်ချက်ချလိုက်သည်။

Sakura-TV လုံခြုံရေးဝန်ထမ်းတွေ့ရသည်က ခေါင်းမီးခြုံကာ ကားပေါ်မှ ဆင်းလာသည့် ရဲချုပ်။

"ဟိတ်..မင်းတို့ကောင်တွေ TV အစီအစဉ်ကို ရပ်လိုက်စမ်း"
အသံလွှင့်ခန်းမ တွင်းသို့ဝင်၍ ရဲချုပ် အမိန့်ပေးလိုက်လေသည်။

"နေပါဦး ခင်ဗျား။ ဒါကို ရပ်လိုက်ရင် ကျနော်တို့ အသတ်ခံရမှာပေါ့"
ဒါရိုက်တာကြီးက ကန့်ကွက်တော့

ရဲချုပ်က ခါးကြားမှ သေနတ်ကို ထုတ်ကာ
"ပါးစပ်ပိတ်စမ်း။ အနည်းဆုံးတော့ မင်း ခုချက်ချင်း မသေဘူးပေါ့"

သေမင်းစာအုပ် သုံးစွဲပုံ ကောက်နှုတ်ချက်
သေမင်းစာအုပ်တွင်းသို့ နာမည်ရေးထည့်ရာတွင် စာအုပ်မျက်နှာပြင်သို့ တိုက်ရိုက်ရေးထည့်သည်ဖြစ်ပြီး စာလုံးများ ပြတ်သားသည်ဆိုပါက မည်သည့်အရာနှင့်မဆို ရေးထည့်နိုင်သည်။ (ဥပမာ။ ။ နှုတ်ခမ်းနီတောင့်၊ လက်သည်းဆိုးဆေး၊ မျက်ခုံးမွှေးဆွဲခဲတံ၊ သွေး၊ စသည်ဖြင့်
......

No comments:

Post a Comment