စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Monday, February 24, 2014

သေမင်းစာအုပ် (၆)

ရဲချုပ် Yagami နှင့်အဖွဲ့ အခန်းတံခါးဖွင့်၍ ၀င်လိုက်သောအခါ..

ဖိနပ်မပါ ခြေဗလာ၊ ဆံပင်ကပိုကရိုနှင့် အသက် ၁၇၊ ၁၈ အရွယ်သာသာ လူငယ်လေးတယောက် ကြိုနေလေသည်။ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ရဲချုပ်နှင့် အဖွဲ့မှာ ပါးစပ်အဟောင်းသား။

"ကျနော် L ပါပဲ"
လို့ မိတ်ဆက်တော့

ရဲချုပ်ကပင်စတင်၍ ၀န်ထမ်းကတ်ကိုထုတ်ပြရင်း
"ရဲချုပ် Yagami ပါ"
နှုတ်ဆက်လေသည်။

ကျန်လူများလည်း အသီးသီး
"Matsuda ပါ"
"Aizawa (အိုင်းဇာဝါ) ပါ"
"ကျနော်ကတော့ Mogi (မိုဂီ)"
"ကျနော် Ukita (ယူကီတာ) ပါ"
မိတ်ဆက်ကြလေ၏။

ရဲချုပ်က စတင်စကားပြောသည်။
"ကျုပ်တို့ နောက်ကျသွားတယ်ဗျာ။ လက်ရှိ ၅ ယောက်.."

သူ့စကားမဆုံးမီပင် L လက်ကို သေနတ်ကဲ့သို့ ချိန်ယင်း
"ကျနော်သာ Kira ဖြစ်နေမယ်ဆိုရင် ခုဆို ခင်ဗျားတို့ အားလုံးသေကုန်ပြီ ရဲချုပ် Yagami Souichiro (ယာဂါမီ ဆိုအိချိယို)။ လူတယောက်ကို သတ်ဖို့ Kira အတွက် နာမည်နဲ့ မျက်နှာပဲ တွဲသိဖို့ လိုတယ်ဆိုတာ ခင်ဗျားတို့ အားလုံး သိပြီးသားပဲ။ မလိုအပ်ပဲ လူတွေကို လိုက်ပြီး ကိုယ့်နာမည် ပြောပြမနေကြပါနဲ့။ ကိုယ့်အသက်တော့ ကိုယ်တန်ဖိုးထားကြပါ"

L က အခန်းထဲမှ စားပွဲတလုံးကို ညွှန်ပြရင်း
"အားလုံးပဲ ဖုန်းတွေ၊ ကွန်ပျူတာတွေ၊ လျှပ်စစ်လှိုင်းထုတ်လွှင့်နိုင်တဲ့ဟာတွေ အားလုံးပိတ်ပြီး ဟောဒီစားပွဲပေါ်တင်ထားခဲ့ကြပါ"

Aizawa ဒေါကန်သွားပြီး
"ဒီမှာ L ကျုပ်တို့က မင်းနဲ့ စကားပြောတာတွေကို ဖုန်းထဲခိုးသွင်းပြီး အပြင်ကိုပြန်ရောင်းစားမယ်များ ထင်နေလို့လား"
လို့ဆိုတော့

"ထားလိုက်ပါကွာ။ သူ့မှာ အကြောင်းရှိမှာပေါ့။ သူပြောတဲ့အတိုင်း လုပ်ပေးလိုက်ပါ"
လို့ဝင်ပြောပြီး သူကိုယ်တိုင် ဖုန်းကို စားပွဲပေါ်သွားတင်လေသည်။
ထိုအခါမှပင် ကျန်လူများလည်း အသီးသီး ပစ္စည်းများ သွားတင်ကြရင်း Matsuda က
"ဟိုးအစထဲက L က အလုပ်လုပ်ရင် သေချာ စေ့စေ့စပ်စပ် အန္တရာယ်မရှိအောင် လုပ်တတ်မှန်း သတိထားမိပါရဲ့။ ဒါပေမယ့်ဗျာ ခုကိစ္စကတော့ L ကကျုပ်တို့ကို ယုံကြည်တာလား၊ မယုံကြည်တာလား ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး"

"ဟင်း..မယုံတာကြောင့်မဟုတ်ဘူးဗျ။ ကျနော်က စကားပြောနေတုန်း ဖုန်းမြည်တာ မကြိုက်ဘူး။ ဒါ့ကြောင့်ပဲ။ အခုတည်းက ရှင်းအောင်ပြောထားရဦးမယ်။ ဒီမှာ ဆွေးနွေးသမျှကို လုံးဝ စာအုပ်ထဲ ရေးမှတ်တာ မလုပ်ပါနဲ့။ ကဲ.. ထိုင်ကြပါ"

L သည် ထိပ်ဆုံးထိုင်ခုံပေါ်သို့ ဆောင့်ကြောင့်တက်ထိုင်လေ၏။
ကျန်သူများကား သူ၏ အပြုအမူကို အံ့သြလျက်။

အားလုံးက L တခုခုပြောမည်ကို စောင့်ဆိုင်းနေသော်လည်း L ကား ကော်ဖီခွက်ကို မြည်းကြည့်လိုက်၊ သကြားတုံးတွေ ထပ်ထည့်လိုက်နှင့် အလုပ်ရှုပ်နေတော့ Matsuda က
"အာ...ဒီမှာဗျာ L ..."

စကားပင်မပြောရသေး L က
"ခုချိန်က စပြီး ကျနော့်ကို L လို့မခေါ်ပါနဲ့။ Ryuzaki (ယူဇာကီ) လို့ပဲ ခေါ်ပါ"

"ဟုတ်ပါပြီ Ryuzaki။ ခုနက ပြောသလို Kira က နာမည်နဲ့ မျက်နှာပဲ သိဖို့လိုတယ်ဆိုရင် ကျုပ်တို့ဖမ်းမိတဲ့ လူဆိုးတွေရဲ့ သတင်းကို နာမည် အမှားတွေနဲ့ ကြေငြာမယ်ဗျာ။ အဲဒီလိုဆို မကောင်းဘူးလား"

"အဲလို လုပ်လို့ကတော့ Kira က သာမန်ပြည်သူတွေကို သတ်လိမ့်မယ်ဗျ"
L ပြန်ဖြေလိုက်တော့

"ပြည်သူတွေကို ... ဘာလို့ အဲလိုဖြစ်မယ်လို့ ပြောရတာလဲ"

"Kira ဟာ ကလေးဆန်ပြီး ရှူံးရမှာ ကြောက်လို့ပဲ"

"ဟေ....ဟင်...ဘာ.."

"ဟုတ်တယ်။ ကျနော်လည်း ကလေးဆန်ပြီး ရှူံးရမှာ ကြောက်တယ်။ ဒါ့ကြောင့်သာ ကျနော် ဒီလို ပြောနိုင်တာပေါ့"

"ကျုပ်တို့တွေ ခေါင်းရှုပ်သွားပြီ Ryuzaki။ သေချာလေး ရှင်းစမ်းပါဦး"

"ကျနော် သူ့ကို TV ပေါ်မှာ စိန်မခေါ်ခင် အချိန်အထိ ဒုစရိုက်သမား တွေကိုပဲ သတ်နေခဲ့တဲ့ Kira ဟာ သူ့ကို စိန်ခေါ်တဲ့ L အတုကို လုံးဝအချိန်မဆွဲပဲ ချက်ချင်းကို သတ်ပစ်ခဲ့တယ်။ နောက် ကျနော်က သူဟာ ဂျပန်မှာ ရှိနေတယ်လို့ ပြောလိုက်ပြီးတဲ့နောက်ပိုင်း ဂျပန်က လူဆိုးတွေကိုပဲ သတ်ပစ်တာက 'အေး..ရှိတယ်..မင်းဘာလုပ်ချင်သလဲ' ဆိုတဲ့ပုံစံမျိုး ပြန်စိန်ခေါ်တာ။ သူပြောနေတာက စိန်ခေါ်ရင် တိမ်ပေါ်အထိ လိုက်မယ် ဆိုတဲ့ပုံပေါ့။ အဲဒီလို လူတယောက်ဟာ သူသတ်ချင်တဲ့ လူဆိုးတွေကို ကျနော်တို့က သတင်းအမှားတွေလွှင့်ပြီး သတ်လို့မရအောင်လုပ်ရင် ဘာလုပ်မယ်ထင်သလဲ.."

ဘယ်သူမှ ဘာမှ မဖြေတော့..

"ရှင်းရှင်းလေးပဲဗျာ။ ပြစ်မှုကြီး လုပ်တဲ့လူတွေကို ဖွက်ထားရင် ပြစ်မှုသေးသေးလုပ်ထားတဲ့လူတွေကို သတ်မှာပေါ့။ အဲဒီလူတွေကုန်သွားရင် အပြစ်မရှိတဲ့လူတွေကို သတ်မှာပေါ့။ အဲဒီလိုလုပ်တာဟာ ဘာပြောတာလဲဆိုတော့.. တကမ္ဘာလုံးကလူတွေကို ငါသတ်လို့ရတယ်။ ဒီပြည်သူတွေ သေရတာဟာ ငါ့အပြစ်မဟုတ်ဘူး။ မင်းတို့အပြစ်။ မင်းတို့က အပြစ်ရှိတဲ့လူတွေကို ဖွက်ထားလို့ဖြစ်ရတာ။ မင်းတို့သာ အပြစ်ရှိတဲ့လူတွေကို အကာအကွယ်မပေးရင် ဒီလိုဖြစ်မှာ မဟုတ်ဘူး။ မင်းတို့ဟာ မကောင်းဆိုးဝါးကောင်တွေ..ပေါ့။ Kira ဟာ ဒီတိုင်းတွေးမှာ သေချာတယ်။ အင်း...ဒီလိုဆိုမကောင်းလား"

"ဘယ်လိုလဲကွ"

"..FBI agent များ အသတ်ခံရမှုအတွက် အမေရိကန်ပြည်ထောင်စု မှ မခံမရပ်နိုင်ဖြစ်။ Kira ၏လက်ချက်ဖြစ်ကြောင်း တကမ္ဘာလုံးပြန့်နှံ့။ တရားခံကို ဖမ်းဆီးရန် နိုင်ငံကြီးများမှ agent ၁၅၀၀ ဂျပန်နိုင်ငံသို့ ရောက်ရှိ။.. အဲလိုသာ သတင်းထုတ်ပြန်လိုက်ရင် Kira တော်တော် ဒုက္ခများသွားမယ်။ ဒီကိစ္စက အရင်လို ၁၂ ယောက်လောက်နဲ့ ရင်ဆိုင်ရမှာ မဟုတ်ဘူးဆိုတော့ သူ တခုခုတော့ လုပ်လာမှာပဲ"

"ကောင်းတယ်။ ရှိတာကတော့ ၇ ယောက်တည်း။ ဒါပေမယ့် ၁၅၀၀ လို့ကြေငြာတော့ သူ လန့်သွားမယ်။ ပြီးတော့ တကယ်မရှိတဲ့ ၁၅၀၀ ဆိုတော့ သူ့မှာ စုံစမ်းလို့မရ သတ်လို့မရ။ သိပ်ကြိုက်တယ်"

"ဟုတ်ပြီလေ။ အဲဒါဆို Kira အမှုနဲ့ ပတ်သက်ပြီး ကျနော့် အမြင်ကို ဆွေးနွေးချင်တယ်"

"ဆွေးနွေးပါ၊ ကောင်းတာပေါ့"

L စပြောသည်။
"Kira ဟာ တယောက်တည်း လှုပ်ရှားနေတာလို့ ကျနော်ထင်တယ်။ သူ့မှာ စုံစမ်းရေးအဖွဲ့ထဲက သတင်းတွေကို တနည်းနည်းနဲ့ ရယူနိုင်စွမ်းရှိတယ်။ အားလုံးသိတဲ့အတိုင်း သူ လူသတ်ဖို့ မျက်နှာနဲ့ နာမည် လိုတယ်။ ပြီးတော့ လူတယောက် မသေခင် လုပ်ကိုင်ရမယ့် အပြုအမူတွေနဲ့ သေရမယ့် အချိန်ကိုလည်း သူလိုသလို သတ်မှတ်ထိန်းချုပ်နိုင်တယ်"

အားလုံး သေချာ နားထောင်လျက်ရှိ၍ L ဆက်ပြောသည်။
"ဒီဇင်ဘာ ၁၄ မှာ FBI agent ၁၂ ယောက် ဂျပန်ကို ရောက်လာတယ်။ ဒီဇင်ဘာ ၁၉ မှာ Kira ဟာ သူ့စမ်းသပ်မှုကို စတယ်။ အကျဉ်းသားတွေ မသေခင် အပြုအမူ အဆန်းတွေ လုပ်ပြီး စသေတယ်။ အဲဒီတော့ ဒီ ၅ ရက်အတွင်းမှာ FBI အကြောင်းကို Kira သိသွားတာပဲ ဖြစ်ရမယ်။ သူ လူရော နာမည်ရော မသိတဲ့ လူတွေကို ရှင်းပစ်ဖို့အတွက် လူတွေကို မသေခင် ဘယ်လောက် ထိန်းချုပ်နိုင်သလဲ။ ဘယ်လိုပုံနဲ့ သတ်လို့ရလဲ ဆိုတာတွေကို သူ စမ်းသပ်နေတာလို့ ယူဆလို့ရတယ်။ ဒီဇင်ဘာ ၂၇ မှာ FBI agent အကုန် အသတ်ခံလိုက်ရတယ်။ ၁၉ ကနေ ၂၇ အတွင်းမှာ ကျနော်တို့သိသလောက် ၂၃ ယောက် နှလုံးရောဂါနဲ့ သေတယ်။ စပြီး စမ်းသပ်တဲ့နေ့ကနေ agent တွေ အသတ်ခံရတဲ့နေ့ဟာ ၈ ရက်ခြားနေတယ်။ သဘောက agent တွေကို လူများနိုင်သလောက် များများ ပေးစုံစမ်းထားတာပဲ။ ဒီလို လုပ်တဲ့အတွက် ကျနော်တို့အနေနဲ့ သံသယရှိစရာ ကောင်းတဲ့လူတွေ အများကြီးတိုးလာမယ်လို့ သူမျှော်လင့်ထားပုံရတယ်။ အဲဒီတော့ လုံးဝ သေချာပြောနိုင်တာ တခုက Kira ဟာ ၁၄ ရက်နေ့ကနေ ၁၉ ရက်နေ့အတွင်း FBI agent တွေ စုံစမ်းခဲ့တဲ့ လူတွေထဲမှာ ပါတယ်ဆိုတာပဲ "

စာရွက်အထပ်လိုက်ကြီးကို စားပွဲပေါ်ချ၍ L က
"င်္FBI agent တွေလိုက်ခဲ့တဲ့ လူတွေရဲ့ အချက်အလက်တွေအားလုံး ဟောဒီမှာ ပါတယ်။ ဒီအခန်းထဲကနေတော့ လုံးဝ အပြင်ကို ယူသွားဖို့ ခွင့်မပြုပါဘူး"

Matsuda က၀မ်းသာအားရ
"ဟာ..ဒါဆို မိပြီပေါ့ဗျ။ ကျုပ်တို့ နှစ်ဖွဲ့ခွဲပြီး FBI agent တွေလိုက်ခဲ့တဲ့လူတွေကို ပြန်လေ့လာလိုက်ရင် ပြီးတာပဲ။ ပထမ ၅ ရက်အတွင်းမှာ သူတို့ လိုက်ထားတဲ့လူလည်း သိပ်မများဘူးပဲဗျ"
ပြောလိုက် စာရွက်တွေကို လှန်လှောကြည့်လိုက်နှင့် ကျေနပ်နေလေ၏။

အားလုံး အားတက်နေချိန်တွင် L က
"ကဲ..ကျနော်တို့ထဲမှာ Kira မပါဘူးဆိုတာ သေချာအောင်လို့ တယောက်ချင်းကို သီးသန့်စကားပြောချင်ပါတယ်"

အားလုံး မှင်တက်သွား၏။
"သူ ငါတို့ကို တကယ်ကို မယုံပဲကိုး"
တယောက်က ပြောတော့

"သူမှန်တယ်ကွ။ ငါတို့ထဲက သတင်းတွေကို အရင်ကတည်းက Kira ကရနေတာဆိုတော့ အခုဒီထဲမှာ Kira ပါနေနိုင်သေးတာပဲ"
ရဲချုပ်က ပြန်ပြောသည်။

"ဟုတ်သားပဲ.. Kira သာ ပါနေတယ်ဆိုရင် သူ Ryuzaki ကို မျက်နှာ မြင်ရပြီးပြီပေါ့။ နာမည်အရင်းပဲ သိဖို့လိုတော့တာ"

"အေးလေ..သူလည်း အသက်ကို ရင်းပြီး လုပ်နေရတာပါပဲ"

L တွေးနေသည်
........ခုထက်ထိတော့ အကုန် အိုကေပဲ။ နောက်ထပ် သဲလွန်စလေး တခုလောက်ပဲ။ တကယ့်ကို တခုလောက်ဆို ရပြီကွာ...........

Light တွေးနေသည်
.....FBI agent တွေအကုန်လုံး သူတို့ဆရာဆီကနေ ၁၂ယောက်လုံးရဲ့ ပုံနဲ့ နာမည် ပါတဲ့ file မသေခင် ရအောင်ငါလုပ်ထားနိုင်တဲ့အတွက် ဘယ်သူ့ဆီက file ကိုငါမြင်သွားတာလဲလို့ ရဲက သိစရာအကြောင်းမရှိဘူး။ တခုပဲ။ ငါ Ray Penbar နဲ့ တွေ့ခဲ့တာကို ဘယ်သူမှ သိလို့မဖြစ်ဘူး။ ဒီဇင်ဘာ ၁၉ ကနေ ၂၇ အတွင်း ငါလူသတ်ခဲ့တာ အများဆုံးပဲ။ အမှားလေး တခုများ ပါသွားခဲ့ရင်၊ တကယ့်ကို တချက်ကလေးပဲ ငါမှားခဲ့ရင် တော်တော့်ကို ဒုက္ခများသွားနိုင်တယ်.......

သေမင်းစာအုပ် ဥပဒေသ ကောက်နှုတ်ချက်
လူတယောက်သည် သေမင်းစာအုပ်ကို အသုံးပြုသည်ဆိုလျှင် စတင်အသုံးပြုသည့်နေ့မှ ၃၉ ရက်အတွင်း စာအုပ်ပိုင်ရှင် သေမင်းသည် ထိုသူ့ထံသို့ ရောက်လာမည်။

သေမင်းစာအုပ်ထဲတွင် ရေးထည့်ပြီးသည့် လူတယောက်အား သေမင်းမှ မသေဆုံးစေရန် ကာကွယ်ခြင်း၊ ကူညီခြင်း မပြုလုပ်....

No comments:

Post a Comment