စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Wednesday, February 26, 2014

သေမင်းစာအုပ် (၂၆+၂၆.၂)

'အောက်တွင် ဖော်ပြပါရှိသော အကြောင်းအရာများသည် Kira စုံစမ်းရေးနှင့် ပတ်သက်၍ ကျနုပ် စုံစမ်းသိရှိရသမျှ အလုံးစုံဖြစ်သည်။ ဤစာကို သင်ဖတ်ရှုနေသည် ဆိုသည့်အချက်က ယခုအချိန်တွင် ကျနုပ် သေဆုံးခဲ့ပြီးဖြစ်သည်ဟု ဆိုလိုသည်။

ကျနုပ်၏ အောင်မြင်မှုအဖြစ် ယခု မှတ်တမ်းကို ဂုဏ်ယူစွာ ထားရစ်ခဲ့သည်။'

Light မဲ့ပြုံးပြုံး၍ သူ့ရှေ့မှ မှတ်တမ်းကို ဖျက်ချလိုက်တော့သည်။ တီ.... ဆိုသော အသံရှည်နှင့် အတူ ကွန်ပျူတာပေါ်မှ စာတမ်းများ ပျောက်ကွယ်သွားလေပြီ။

L ယခုကဲ့သို့ လျှို့ဝှက် မှတ်တမ်းများ ထားခဲ့နိုင်သည်ကို တွက်ဆမိသော Light သူနှင့်ပတ်သက်၍ ဘာမှ ကွင်းဆက် မကျန်ခဲ့စေရန် L အသုံးပြုခဲ့သော စုံစမ်းရေးဌာနချုပ်မှ ကွန်ပျူတာများကို လိုက်လံမွှေနှောက်ရှာဖွေနေခဲ့ခြင်းဖြစ်၏။ အဖွဲ့သားများကတော့ Watari မသေခင် ဖျက်ပစ်လိုက်သော အရေးကြီးမှတ်တမ်းများကို သူပြန်လည် တည်ဆောက်နေခြင်းဟုသာ အထင်ရောက်နေခဲ့ကြသည်။

L သေဆုံးပြီး ရက်အတန်ကြာ
ဌာနချုပ်အတွင်းတွင် ကျန်ရစ်သော အဖွဲ့သားများ စကားပြောနေကြသည်။
"Ryuzaki ရဲ့ အသုဘပြီးသွားခဲ့တာ ၁၀ ရက်တောင် ရှိပြီ။ ခုထိ ကျနော်တို့ မသေသေးဘူးဆိုတော့ မသေလောက်တော့ဘူးလို့ ထင်တာပဲ"
Matsuda က သူ့အမြင်ကို ပြောလိုက်သည်။

"အင်း သတင်းစာတွေထဲမှာလည်း Watari အကြောင်းတွေပဲ ပါတယ်။ Ryuzaki အကြောင်းတော့ ဘာမှ မပါဘူး"
Aizawa က သတင်းစာဖတ်ရင်း ပြောတော့

"ဘယ်ပါမလဲဗျ။ Ryuzaki အကြောင်း ဘယ်သူမှ မှမသိတာ။ Watari ကတော့ သူဋ္ဌေးကြီး၊ ပညာရှင်ကြီးကိုး။ သူ တီထွင်ထားတဲ့ ပစ္စည်းတွေနည်းမှ မနည်းပဲ"
Matsuda က ဆရာဝင်လုပ်လိုက်သည်။

"အေးကွ။ ဒီထဲမှာလည်း ရေးထားတယ်။ သူ့တီထွင်မှုတွေက ရသမျှ အမြတ်တွေကို ကမ္ဘာအနှံ့မှာ မိဘမဲ့ကလေးကျောင်းတွေ ထောင်ဖို့ သုံးတယ်တဲ့"
Aizawa ပြောကာ သတင်းစာကို ချထားလိုက်လေ၏။

သတင်းစာထဲတွင်ကား
'မိဘမဲ့ ကလေးကျောင်းတို့ ဖခင်၊ တီထွင်ပညာရှင် Quillsh Wammy သေဆုံး'

"အေးဗျာ။ ဒီလူကြီးက တကယ့်ကို လေးစားဖို့ကောင်းတဲ့လူကြီး၊ သူတော်ကောင်းကြီးပါ"
Matsuda နှမြောတသစွာ ပြောလေ၏။

"L ရော Watari ရော မရှိတော့ဘူးဆိုတော့ စုံစမ်းရေးကို ဆက်လုပ်ဖို့ အဆင်ပြေပါ့မလား။ ရှိသမျှ data တွေလည်း ပျက်သွားပြီဆိုတော့လေ"
Aizawa ပြောပြန်တော့

"အခြေအနေတွေကတော့ ဆိုးလွန်းပါတယ်"
Mogi ကလည်း ပြော၏။

"Light ဘယ်လိုလဲကွ"
ရဲချုပ်က ကွန်ပျူတာရှေ့ အလုပ်ရှုပ်နေသည့် Light ကိုလှမ်းမေးလိုက်သည်။

"စိတ်မပူပါနဲ့။ ပျက်သွားတဲ့ data တွေအားလုံး ဒီနေ့ အပြီး ပြန်ရမှာပါ။ သူများ ဖျက်ခဲ့တာကို မပျက်အောင် ပြန်လုပ်နေရတယ်ဆိုတော့ စိတ်ထဲတော့ သူခိုးလိုပဲ ခံစားရသား။ ခုဆို L သုံးခဲ့တဲ့ အသံတု program ကို ပြန်ဆောက်လို့ ရသွားပြီ။ ဒါကို သုံးပြီး တကမ္ဘာလုံးက ရဲအဖွဲ့တွေကို အမိန့်ပေးလို့ရမယ်။ ခက်တာက ဘယ်သူ L လုပ်မှာလဲ။ ဘယ်နေရာကနေ အလုပ်လုပ်မှာလဲ။ သေမင်းစာအုပ်ကိုရော ဘယ်လိုလုပ်ကြမှာလဲ ဆိုတာပဲ"
Light ပြန်ဖြေလိုက်လေ၏။

"ဘာစဉ်းစားစရာလိုလဲ Light ရ။ မင်းပဲ L နေရာကို ဆက်ခံနိုင်တာပဲဟာကို"
Matsuda ချက်ချင်းထ ပြောလေသည်။

"L က Kira ကိုဆန့်ကျင်လို့ အသတ်ခံရတာဆိုတော့ အဲလို ဘ၀ ရောက်သွားဖို့ကို သိပ်တော့ သဘောမကျလှဘူးဗျာ။ ပြီးတော့ တကမ္ဘာလုံးကို အရူးလုပ်ရာလည်း ရောက်ဦးမယ်"
Light မှင်သေသေနှင့် ပြောတော့

"အေးပါ။ မင်းဘယ်လို ခံစားရမယ်ဆိုတာ ငါတို့ နားလည်ပါတယ်။ ဒါပေမယ့် ကမ္ဘာပေါ်မှာ L မရှိလို့လည်း မဖြစ်ပြန်ဘူး။ L နေရာဆက်ခံဖို့ကလည်း မင်းပဲ အသင့်တော်ဆုံးလေကွာ"
Aizawa ပြောအပြီး

"ဟုတ်တယ်။ L ကိုယ်တိုင် ပြောခဲ့တယ် မဟုတ်လား၊ သူမရှိရင် Light ကို L နေရာယူပါလို့လေ"
Matsuda ထပ်ပြီး ထောက်ခံပြန်သည်။

ရဲချုပ်နှင့် Mogi ကလည်း မျှော်လင့်တကြီးဖြင့် Light ကို ကြည့်နေကြသည်။

... လွယ်လိုက်တာကွာ။ L မင်းမရှိတာ ငါ့အတွက် သိပ်လွယ်လွန်းနေတယ် .....
Light တွေးလိုက်ရင်း
"အင်း ဟုတ်ပါပြီလေ။ ကျနော်ပဲ L နေရာ ယူလိုက်ပါ့မယ်။ ဒါပေမယ့် သဲလွန်စကလေး ရဖို့လောက်နဲ့တော့ L လိုမျိုး အသက်နဲ့ရင်းပြီး လုပ်မှာမဟုတ်ဘူး။ အဲဒါကို သဘောတူကြရဲ့လား"

"အေး။ သတိရှိရှိလုပ်တာ ပိုကောင်းပါတယ်။ L ကသိပ်ပြီး ရဲတင်းလွန်းအားကြီးတယ်လို့ ထင်ရတာပဲ"
ရဲချုပ်က သဘောတူလိုက်လေသည်။

"ကွန်ပျူတာကို L ဆင်ထားတဲ့ပုံစံအတိုင်း အိမ်မှာ ဆင်ဖို့ဘာမှ မခက်ဘူး။ အဲဒီတော့ ကျနော် အိမ်ကနေပဲ L အဖြစ် အလုပ်လုပ်လို့ရတယ်။ Watari နေရာကနေလည်း ကျနော်ပဲ စကားပြောလိုက်တော့မယ်။ ခက်တာက အိမ်မှာက အမေနဲ့ ညီမနဲ့ဆိုတော့ သူတို့မသိဘဲ L လုပ်ဖို့ အဆင်မပြေဘူး။ ကျနော့်အတွက် အခန်းတခန်း သပ်သပ် ငှားပေးနိုင်ရင် အဆင်ပြေမယ်"
Light သူဖြစ်ချင်သည်များကို ပြောတော့

"ငါကတော့ ငါ့သား သူ့ဟာသူ အိမ်ခန်းသပ်သပ်မှာ သွားနေမယ်ဆိုတာ ကန့်ကွက်စရာ မရှိဘူး။ ကလေးမှ မဟုတ်တော့ဘဲ"
ရဲချုပ်ပြောတော့

"ကောင်းသားပဲ။ Light ရဲ့အခန်းကိုပဲ ဌာနချုပ် လုပ်ကြတာပေါ့"
Matsuda ကလည်း ၀မ်းမြောက်ဝမ်းသာ ပြောလေ၏။

"အဲဒါတွေတော့ ဟုတ်ပါပြီ။ သေမင်းစာအုပ်ကိုရော ဘယ်လိုလုပ်ကြမှာတုန်း"
Aizawa ၀င်ပြောတော့

"လူတွေ ဘယ်တော့မှ မတွေ့နိုင် မမြင်နိုင်တဲ့ နေရာတခုမှာ တယောက်ယောက်က သွားဖွက်ထားလိုက်ယုံပါပဲ။ စာအုပ်ကို ဘယ်တော့မှ မသုံးမယ့်လူ၊ ကျနော်တို့ထဲက တယောက်ယောက် တာဝန်ယူပြီး ဖွက်ပေါ့"
Light က အကြံပေးလေသည်။

မဆိုင်းမတွပင် Aizawa က
"ရဲချုပ်၊ ဆရာပဲ တာဝန်ယူပေးပါ"

Matsuda ကလည်း
"ဟာ ဟုတ်တာပေါ့။ ရဲချုပ်ထက် ပိုပြီး သင့်တော်တဲ့လူ မရှိတော့ဘူး"

"မင်းတို့က ငါ့ကို... အေးလေ ငါပဲ ဒီတာဝန် ယူလိုက်ပါ့မယ်"
ရဲချုပ် လက်ခံလိုက်လေပြီ။

"ကျနော်တို့ရဲ့ Kira တိုက်ပွဲဆက်ကြမယ်"

"ဟုတ်တယ်။ Kira ဟာ လွတ်နေတုန်းပဲ။ ဒီကောင့်ကို ရအောင်ဖမ်းကြမယ်"

Light ကို ခေါင်းဆောင် အသစ်အဖြစ် ရရှိသွားသော သူတို့အားလုံး ပြန်လည် တက်ကြွလာကြလေပြီ။

လက်ဖက်ရည်ဆိုင် တဆိုင်အတွင်း
Light နှင့် Misa တို့ နှစ်ယောက်အတူ လက်ဖက်ရည်သောက်နေကြသည်။
"Light ရယ်၊ ခုလို နှစ်ယောက်ထဲ မတွေ့ရတာဖြင့် ကြာလှပြီ။ ပျော်ပျော်လေး နေပါနော်"
မျက်နှာတည်နှင့် ထိုင်နေသော Light ကို ညှိုးညှိုးငယ်ငယ်လေး ကြည့်ရင်း Misa ပြောလိုက်သည်။

အတန်ကြာ ဆိုင်ပြင်ကိုငေးကာ ငြိမ်ပြီး ထိုင်နေပြီးမှ Light က
"Misa.. အတူတူ နေကြရအောင်ကွာ"

Misa အံ့သြလွန်း၍ ယုံပင် မယုံနိုင်။
"ဟင်.. ရှင်..ရှင်.. တကယ်ပြောတာမှ ဟုတ်ရဲ့လား"

"တကယ်။ ငါ တိုက်ခန်းတောင် ငှားထားပြီးပြီ"
Light ခပ်အေးအေးပဲ ပြန်ပြောလိုက်သည်။

"အမယ်လေးလေး.. ပျော်လိုက်တာ ပျော်လိုက်တာ!!!"
Misa အပျော်လွန်ကာ ဆိုင်ထဲတွင် ထပင် ခုန်ပေါက်နေလေတော့သည်။

Ryuk ကား စိတ်ပျက်စွာ ဆိုင်ပြင်ကို ငေးလျက်။

စုံစမ်းရေးဌာနချုပ် ခေါင်မိုးထပ်
Light တယောက်တည်း လေတဟူးဟူးအောက်တွင် မတ်တပ်ရပ်နေသည်။

"ဟေ့ကောင် မင်းတကယ်ပဲ L နေရာ ၀င်ယူမှာလား"
Ryuk ကစိတ်ဝင်တစား မေးတော့

"အင်း"

"အာ.. ဒါဆိုရင်တော့ ဘာမှ စိတ်ဝင်စားစရာ ရှိမှာ မဟုတ်တော့ဘူး။ ပျင်းစရာကြီးနေမှာပဲ"

"ခင်ဗျား အဲလိုထင်ရင် မှားမှာပေါ့ Ryuk"
Light လေအေးလေးနှင့် ပြန်ပြောလိုက်သည်။

"ဟေ"

"အခုအချိန်ကစပြီးတော့ ကမ္ဘာသစ်ကြီး ဘယ်လိုတည်ဆောက်ရတယ်ဆိုတာ ခင်ဗျားကို ကျုပ်ပြမယ်"

"ဟေ!!"
အံ့အားသင့်လွန်း၍ ငုတ်တုတ်ထိုင်နေသော Ryuk ထပင် ရပ်မိသွားသည်။

ထိုညမှ စ၍ Light ၏ ကမ္ဘာသစ် စီမံကိန်း စလေသည်။ တရက်ပြီးတရက် တရားခံများ၊ ဒုစရိုက်သမားများ၊ ရဲမှ သံသယရှိသူများ တဦးပြီးတဦး သေဆုံးကြ၏။ ထို့ပြင် သူခိုးမလေး Wedy၊ လူလိမ်ကြီး Aiber တို့အပြင် Yotsuba ဒါရိုက်တာများ အားလုံးပါ သေဆုံးကုန်ကြလေသည်။

သက္ကရာဇ် ၂၀၁၂ ခု၊ လေးလပိုင်းတွင် အသက် ၂၃ နှစ်ရှိပြီဖြစ်သော Yagami Light ဂျပန် ရဲတပ်ဖွဲ့သို့ ၀င်ရောက်အမှုထမ်းသည်။
၂၀၁၂ ခု နွေရာသီမှ စ၍ Kira ၏ လူသားတို့အပေါ် ဒဏ်ခတ်မှုများ ပိုမိုများပြားလာခဲ့သည်။
Kira ကို ကြောက်ရွံ့သည့် သူများ ကမ္ဘာတလွှား တိုးပွားလာသလို Kira ထောက်ခံသည့်သူများလည်း ပေါ်ပေါက်လာခဲ့သည်။
အချိန်ကြာသည်နှင့်အမျှ Kira ထောက်ခံသူတို့၏ အသံများကသာ တစတစ လွှမ်းမိုးလာခဲ့သည်။
ကမ္ဘာကြီးသည် Kira သာ ဥပဒေ ဟူသော လမ်းကြောင်းသို့ တဖြည်းဖြည်း ရောက်ရှိလာခဲ့လေပြီ။

တနေ့သော် L ရှိစဉ်က လျှို့ဝှက်နေထိုင်ခဲ့သော အခန်းမှ ကွန်ပျူတာကလေး၏ Timer သည် အချိန်စေ့သွားပြီး ကွန်ပျူတာ ပေါ်တွင် 'Transmission' ဟူသော စာတမ်းကလေး ပေါ်လာခဲ့လေသည်။

အင်္ဂလန်နိုင်ငံ တနေရာ၊
L ငယ်ရွယ်စဉ်က နေခဲ့သည့် မိဘမဲ့ကလေးကျောင်း "The Wammy's House"

လက်ထဲမှ ဖုန်းကိုကျစ်ကျစ်ပါအောင်ဆုပ်ရင်း ကျောင်းအုပ် ညှိုးငယ်စွာ ထိုင်နေမိသည်။
သူ့ဖုန်း message တွင် ပေါ်နေသည်က 'L is dead'

ဆယ်ကျော်သက် ကလေးငယ် ၂ ယောက် ကျောင်းအုပ်ခေါ်၍ သူ့ရှေ့သို့ရောက်နေသည်။

"ဘာဖြစ်လို့လဲခင်ဗျ"

ကျောင်းအုပ် စတင် စကားပြောသည်။
"L သေသွားပြီ

No comments:

Post a Comment