Matsuda ထံမှ ရှိသမျှပစ္စည်းများ အားလုံးအား စစ်ဆေးကြပြီး
"ဒီကောင့်ဆီမှာ ဘာမှတော့ သံသယဖြစ်စရာ မတွေ့ဘူး။ တခြားကုမ္ပဏီတွေက လွှတ်ပြီး စုံစမ်းခိုင်းလိုက်တဲ့ သူလျှိုကောင်လည်း မဖြစ်လောက်ပါဘူး"
ဒီတော့မှ Matsuda သက်ပြင်းချနိုင်သည်။ Misa ၏မန်နေဂျာ ဘ၀တွင် သေနတ်မကိုင်ရ၊ ရဲကတ်ပြားများ မယူလာရသောကြောင့်သာ တော်တော့သည်။
"ဟုတ်ပါတယ်ဗျာ။ ကျနော် ဘယ်သူ့သူလျှိုမှ မဟုတ်ပါဘူး။ Misa ကိုသာ လူကြီးမင်းတို့ စဉ်းစားပေးကြပါ"
သူ မျက်နှာချိုသွေးလေပြီ။
သို့သော် သူ့အား လူနှစ်ယောက်မှ စောင့်ကြည့်နေပြီး ကျန်သည့်သူများ တခြားတနေရာတွင် ခေါင်းချင်းဆိုင်နေကြသဖြင့် သူ စိတ်မအေးနိုင်ပေ။
..... ဒီလောက်လျှို့ဝှက်တဲ့ အစည်းအဝေးကို ခိုးနားထောင်တာ မိသွားမှတော့ သူတို့ ဘယ်လိုထင်ထင် သေချာပေါက်တော့ ငါ့ကို သတ်တော့မှာပဲ။ ဟို အရေးပေါ်ခလုတ်ကရော အလုပ်လုပ်ရဲ့လား မသိဘူး။ လုပ်ရင်ရော L က ငါ့ကို ကယ်ပါ့မလား ...........
ထိုစဉ်မှာပင် စစ်ဆေးပြီး စားပွဲပေါ်တင်ထားသည့် Matsuda ၏ ဖုန်းက မြည်လာသည်။
"ကိုင်လိုက်ပါ။ ဒါပေမယ့် မင်းဒီရောက်နေတယ်ဆိုတာ မပြောနဲ့၊ ငါတို့ပါ ကြားရအောင် စပီကာ ဖွင့်ပြီးပြော"
တယောက်က ပြောတော့ Matsuda မ၀ံ့မရဲနှင့် ဖုန်းကိုင်လိုက်သည်။
"ဟဲလို"
ဖုန်းဖြေလိုက်သော်လည်း သူ ရင်တွေခုန်နေသည်။ သူ့ကို ဖုန်းခေါ်နေသူမှာ စုံစမ်းရေးက ဖြစ်နိုင်သည် မဟုတ်လော။
"ဟေး Matsui!!"
ထွက်လာသည့် အသံကြားသည်နှင့် Matsuda ရင်ထဲ မိုးကြိုးပစ်လိုက်သည့်နှယ် လန့်ဖြန့်သွားလေတော့သည်။
...... ဟာ L ပဲ ......
"ငါပါကွ Asahi (အာဆာဟီ) ပါ၊ မင်းနဲ့ မတွေ့တာကြာလို့ ဆက်လိုက်တာကွ"
L ဆက်ပြောလာသည်များကို ကြားလိုက်မှ Matsuda နည်းနည်း ရင်အေးသွားပြီး
"ဟာ Asahi လား။ အေးကွာ အလုပ်တွေရှုပ်နေတာနဲ့ ငါတို့ စကားမပြောဖြစ်တာတောင် ကြာပြီကော"
"အလုပ်ရှုပ်တယ်သာပြောတာ မင်းအသံက အပြင်ရောက်နေတဲ့ အသံတော့မဟုတ်သလိုပဲ။ အိမ်ပြန်ရောက်နေပြီလားကွ"
"အေး.. အိမ်မှာ"
"သြော်.. ခုတယောက်တည်းလား"
"တယောက်တည်းပါပဲကွာ"
ထိုအခါ L လှည့်၍ စုံစမ်းရေးမှလူများကို လေသံဖြင့် ပြောလိုက်သည်။
"Misa သူနဲ့အတူ ရှိမနေဘူးဗျ"
ပြီးမှ Matsuda ကိုဆက်ပြောပြန်သည်။
"တယောက်တည်းဆို ထွက်ခဲ့ကွာ၊ တခုခု သွားသောက်ရအောင်"
"အာ..အခုလားကွ။ ဆောရီးကွာ၊ ဒီနေ့တော့ မဖြစ်ပါဘူး"
"ဟေ၊ ဘာဖြစ်လို့တုန်းကွ။ မင်း ဘဏ္ဏာရေးအခြေအနေက ဒီလောက်တောင်ဆိုးနေပြီလား"
Matsuda သဘောပေါက်သွားပြီ။
.... အခြေအနေ ဆိုးနေသလားတဲ့ ........
"ဟဲဟဲ..အေးကွာ၊ ငါ့အကြောင်း မင်းသိသားပဲ"
L လှည့်၍ ပြောရပြန်သည်။
"အခြေအနေ ဆိုးနေတယ်တဲ့"
"အေးလေ..ထားပါတော့။ ဒါဆိုလည်း နောက်မှပဲ ငါထပ်ခေါ်တော့မယ်။ ဘိုင့်ဘိုင်ဟေ့"
နှုတ်ဆက်ကာ L ဖုန်းချလိုက်တော့သည်။
Matsuda ရင်ခုန်စွာနှင့် သူ့ကို စောင့်ကြည့်နေသူ နှစ်ဦးကို ကြည့်လိုက်မိသည်။ ဘာမှ သံသယ ဖြစ်ပုံမပေါ်။ ဒီတော့လည်း သူ့လုပ်ကြံဇာတ်ကို ဆက်ခင်းရပြန်သည်။
"ကဲဗျာ.. Misa ကို ဘယ်လိုမြင်လဲ လုပ်ပါဦးဗျ။ သူနဲ့သာဆိုရင် ခင်ဗျားတို့ အများကြီး ပိုအောင်မြင်မှာပါ"
"ဒီလိုမျိုး ကိစ္စတွေ ဆွေးနွေးတဲ့အခါတွေမှာ အဲဒီသရုပ်ဆောင်တွေ ကိုယ်တိုင် ပါလာကြစမြဲပဲကွ။ မင်းကျတော့မှ ဘာလို့ ပါမလာတာလဲ"
တယောက်က ပြောလိုက်တော့ Matsuda ရုတ်တရက် အကျပ်ရိုက်သွားသည်။ သူ ဒီလို ကိစ္စတွေကို တခါမှ ကြုံဖူးတာမဟုတ်။
သူ ဘာမှ ပြန်မပြောနိုင်ခင် နောက်တယောက်က အသံမာမာနှင့် မေးသည်။
"မင်း သူ့မန်နေဂျာဆိုတာ တကယ်ရော ဟုတ်ရဲ့လား"
သူ ပျာပျာသလဲ ပြန်ဖြေရလေပြီ။
"ဟာ ဟုတ်ပါတယ်ဗျာ။ အခုက ဒီနားမှာ သူရိုက်ကွင်းရှိတုန်း ကျနော် တယောက်တည်း အရင် ထွက်လာခဲ့လို့ပါ။ ရိုက်ကွင်းပြီးရင် သူ့ကို ဒီခေါ်ပေးပါ့မယ်။ သူ့ကို ကြည့်ပြီးမှ ဆက်စဉ်းစားပေါ့ဗျာ"
စုံစမ်းရေးဌာနချုပ်တွင်လည်း အလုပ်ရှုပ်နေလေပြီ။
"Misa ကိုလည်း ခေါ်မရဘူးကွ။ သူ့ကို ပြန်ခေါ်ဖို့တော့ voice mail ထားခဲ့တယ်"
Light ကပြောသည်။
"ကဲ ဘယ်လို လုပ်ကြမလဲ"
ရဲချုပ်ကလည်း စိုးရိမ်တကြီး မေးလေသည်။
"ခုနေ Matsuda သေသွားရင် Yotsuda ဟာ တကယ့်တရားခံဆိုတာ ပေါ်ပြီပေါ့။ လောလောဆယ်တော့ ဘာမှ လုပ်လို့မရသေးဘူး။ ဘာတွေဆက်ဖြစ်မလဲ စောင့်ကြည့်ယုံပဲ ရှိတာပေါ့"
Yotsuba ရုံးချုပ်တွင်ကား
ဒါရိုက်တာ အဖွဲ့ဝင်များ Matsuda နှင့်ပတ်သက်၍ မည်သို့ဆောင်ရွက်ရန် တိုင်ပင်နေကြလေသည်။ သူတို့ ဆွေးနွေးချက်များကို ကြားနိုင်ခြေရှိသည်ဖြစ်၍ သတ်ပစ်ရန် လိုလားကြသည်။ ဂျပန်ရဲတပ်ဖွဲ့မှ Kira စုံစမ်းရေးကို ရပ်တန့်လိုက်ပြီဖြစ်ကြောင်း သူတို့ သိရှိပြီးဖြစ်၍ Matsuda သည် ရဲတပ်ဖွဲ့မှ မဖြစ်နိုင်ကြောင်း ဆုံးဖြတ်ကြပြီး သူ မည်သူပင်ဖြစ်နေစေကာမူ သတ်ပစ်သင့်သည်ဟု ဆုံးဖြတ်ကြလေ၏။
Misa ရိုက်ကွင်းပြီး၍ Light ထံဖုန်းပြန်ခေါ်နေသော အချိန်တွင် Matsuda ကလည်း Misa ဆီသို့ဖုန်းခေါ်လေ၏။
"ဟယ်တော်.. အလုပ်ဖုန်းကို Matsuda ခေါ်နေတယ် Light ရဲ့"
"အင်း၊ သူပြောတာတွေကို ဒီဘက်က လူတွေပါကြားရအောင် ဖုန်းနှစ်လုံး ကပ်ပြီးပြောနော်"
Light ကပြောလိုက်လေသည်။
"ဟိတ် Misa ရိုက်ကွင်းပြီးရင် Yotsuba ရုံးချုပ်ကို လာခဲ့နော်။ နင့်ကို သုံးဖို့ အဲဒီမှာ ငါဆွေးနွေးနေတယ်"
"ဟယ် အဲဒါကြောင့် ရှင်ပျောက်သွားတာကိုး။ ၀မ်းသာလိုက်တာ။ ကျမ ချက်ချင်းလာခဲ့မယ်"
သူတို့ စကားအပြောအဆိုများကို ကြားရပြီးသည်နှင့် Matsuda ကိုကယ်တင်ရန် အခွင့်အရေးကို L စဉ်းစားမိသွားသည်။
"Light ငါတို့ Matsuda ကို ကယ်ကောင်း ကယ်နိုင်လိမ့်မယ်။ ဒါပေမယ့် Misa ကူမှ ဖြစ်မှာ။ သူ့ကို အကူအညီတောင်းဖို့ မင်းတာဝန်ယူလိုက်ပါ။ သူက မင်းခိုင်းရင် ဘာမဆို လုပ်တယ်လေ"
ထို့နောက် Matsuda ကယ်တင်ရေး စတင်လေသည်။
ရင်သားတော်တော်ဖော်ထားသည့် ခါးပေါ် ချက်ပေါ် ရင်စည်းကလေးနှင့် မီနီစကတ်လေးနှင့် Misa တယောက် Yotsuba ရုံးချုပ်သို့ ရောက်သွားလေသည်။ ဒါရိုက်တာများနှင့် တွေ့တွေ့ချင်းပင် ပြုံးရယ်ကာ သွက်သွက်လက်လက် နှုတ်ဆက်လိုက်လေသည်။
"ကျမ Misa ပါရှင့်။ ကျမ တုံးလုံးပုံတွေတော့ မရိုက်ဘူးနော်။ ဒါပေမယ့် ရေကူးဝတ်စုံတို့၊ အတွင်းခံတို့ နဲ့တော့ ရိုက်ပါတယ်။ အားလုံးကို တွေ့ရတာ ၀မ်းသာပါတယ်ရှင့်"
ဒါရိုက်တာများကား ချောမောလှပသည့် နာမည်ကြီးမော်ဒယ်ကို မလုံ့တလုံ အနီးကပ် တွေ့နေရသည့်အတွက် မျက်လုံးများကို Misa ထံမှ ခွာပင် မခွာနိုင်။
"အကျိုးနဲ ချောပြီး ချစ်စရာ ကောင်းတာတော့ အမှန်ပဲဟေ့"
တယောက်က ထုတ်ပြီး ချီးမွမ်းတော့ နောက်တယောက်က သတိပေးရသည်။
"အေး သူချောတာ မချောတာ အဓိက မဟုတ်ဘူးနော်"
ထိုစဉ် Misa က Matsuda ကိုဦးတည်၍ အားလုံးကို ပြောလိုက်သည်။
"ကျမတို့ကုမ္ပဏီနဲ့ စကားပြောပြီးပြီ။ Yotsuba လို ကုမ္ပဏီကြီးနဲ့ အလုပ်လုပ်ဖို့ ဆွေးနွေးခွင့်ရလို့ အထူးအစီအစဉ်နဲ့ ဧည့်ခံပါတဲ့"
"အထူးအစီအစဉ်.."
Matsuda ပင်ေ၀၀ါးဝါးဖြစ်သွားသည်။
"ကျမတို့ ကုမ္ပဏီမှာ လူကြီးမင်းတို့ကို ဧည့်ခံဖို့ အားလုံးပြင်ဆင်ထားပြီးပြီမို့ အဲဒီကို သွားဖို့ ကျမက ဖိတ်ခေါ်ပါတယ်ရှင့်"
"ကဲ..ဘယ်လိုလုပ်မလဲ။ ခုဖြစ်နေပုံကြီးကို ငါတော့ သိပ်မကြိုက်ဘူးနော်"
တယောက်ကပြောတော့
"မကြိုက်လဲ ဘာတတ်နိုင်မှာလဲ။ ငါတို့က ဒီ မန်နေဂျာကောင်ကို ခုချိန်မှတော့ မျက်စိအောက်က အပျောက်ခံလို့မှ မရတာ"
နောက်တယောက်က ပြန်ဖြေသည်။
"ဘာမှ မတတ်နိုင်တဲ့ အတူတူတော့ ငါတော့ သူတို့ စီစဉ်တဲ့အတိုင်း ပျော်ပျော်ပဲ နေတော့မယ်ဟေ့"
တယောက်ကလည်း ပြောလေသည်။
သို့ဖြင့် ဒါရိုက်တာ အားလုံးကို သူတို့ ကုမ္ပဏီမှ အထူးခန်းမတွင် ဧည့်ခံကျွေးမွေးလေသည်။ ထိုကျွေးမွေးပွဲတွင် ဒါရိုက်တာ တဦးစီအတွက် Misa နှင့် တပုံစံတည်း မလုံ့တလုံ ၀တ်ထားသော အမျိုးသမီးငယ်တယောက်စီကိုလည်း တာဝန်ယူဧည့်ခံစေလေသည်။
Matsuda ကျိတ်ကျေနပ်နေသည်။
..... ဒီမှာဆိုရင်တော့ ငါ့ကို သူတို့ ကယ်လို့ ရလောက်ပါပြီ ......
သောက်လိုက် စားလိုက် မိန်းကလေးများနှင့် ပလူးလိုက် လုပ်နေသည့် ဒါရိုက်တာများကို ကင်မရာမှကြည့်ရင်း Misa ကို L ချီးကျူးနေမိသည်။
"Misa ဒီဂွင်ကို ဆင်သွားတာ တော်တော် တော်တာပဲ"
အားလုံးတော်တော်လေး မူးရူးနေသည့် အချိန်ရောက်သော် အိမ်သာသွားမည်ဟုဆိုကာ စားပွဲပေါ်တင်ထားသည့် Misa ၏ဖုန်းကိုယူကာ Matsuda လစ်ထွက်ခဲ့လေသည်။
အိမ်သာထဲရောက်သော် အပြေးအလွှား L ထံဖုန်းခေါ်၏။ သူကြားခဲ့ရသည်များကို အလျင်အမြန် ပြော၏။
"သူတို့ ပြောတာတွေ ကြားခဲ့တယ်ဆိုရင်တော့ ခင်ဗျားကို သူတို့ သတ်ချင်မှာပဲ"
L ပြောလိုက်လေသည်။
"အေး.. ငါလည်း အဲလိုထင်တာပဲ။ ဘယ်လိုမှ မကယ်နိုင်တော့ဘူးလား"
"ခု ခင်ဗျား အသက်ရှင်နေသေးတယ်ဆိုတော့ ကယ်လို့ ရနိုင်ပါသေးတယ်။ သူတို့မသတ်ခင် ခင်ဗျား သေလိုက်ရမယ်"
"ဟေ!!!!"
Matsuda အကြီးအကျယ် ထိတ်လန့်သွားသည်။
"ဒီမှာ သေချာနားထောင်"
သူလုပ်ရမည်များကို L ရှင်းပြလေ၏။
L ပြောသည်များ နားထောင်ရင်း ဇောချွေးများပင် ပြန်လာ၏။ Matsuda တခွန်းပြီးတခွန်း ငြင်းနေမိတော့သည်။
"ဟာ..မင်းတကယ်ပြောတာလား......မဖြစ်နိုင်ဘူးနဲ့တူတယ်.... မဟုတ်သေးဘူးလေ..."
ထို့နောက်
ငိုက်စိုက် ငိုက်စိုက်နှင့် အိမ်သာမှ ပြန်လာသော Matsuda အခန်းတံခါးကို ဆောင့်ကန်ဖွင့်ဝင်လိုက်သည်။ ဒါရိုက်တာများရော၊ မိန်းကလေးများပါ လန့်ဖြန့်သွားလေသည်။ Matsuda ကတော့ သူမဟုတ်သလို။
"ဟဲဟဲ...နည်းနည်း များသွားတယ်ဗျာ။ ကျုပ်တော့ တော်တော်လေး မှန်နေပြီ။ ခင်ဗျားတို့ရော ပျော်ကြရဲ့လား။ ပျော်ကြပျော်ကြ။ ဟားဟားဟား"
ပြောကာဆိုကာ အားလုံးကို ဖြတ်လျှောက်၍ ၀ရန်တာ မှန်တံခါးကို တွန်းဖွင့်ကာ ၀ရန်တာပေါ်သို့ ထွက်သွားလေသည်။
ဝရန်တာသို့ရောက်သော် တဖန် လူအားလုံးကို မျက်နှာမူကာ
"ကဲ..ပရိတ်သတ်ကြီး စောင့်စားနေတဲ့ Matsui Tarou ပြပွဲအချိန် ရောက်ပါပြီ"
အော်ဟစ်ကာ ၀ရန်တာ အုတ်လက်ရန်းပေါ်သို့ ကျော်ခွတက်တော့သည်။
"ဟိုက်..ဒီကောင် ဘာအရူးထနေတာလဲ.... ပေါက်များပေါက်သွားပြီလား... အမူးလွန်နေပြီနဲ့တူတယ်"
တယောက်တပေါက် ဖြစ်ကုန်တော့သည်။
Misa ကတော့ အားပေးသည်။
"Matsui ကွ။ ပညာပြလိုက် ပညာပြလိုက်!"
Matsuda ၀ရန်တာအုတ်တန်းပေါ်တက်၍ မတ်တပ်ရပ်ပြီး လမ်းစလျှောက်လေပြီ။
"ကြည့်ထားကြဟေ့ Matsui တဲ့ကွ"
"ဟေ့ မင်းမူးနေတဲ့အချိန် ဒါမျိုးတွေ မလုပ်နဲ့နော်"
"ရပါတယ်ဗျာ။ ဒါတွေက လုပ်နေကြတွေပါ၊ အေးဆေး အေးဆေး"
ပြောပြောဆိုဆို Matsuda အုတ်တန်းကို လက်နှင့်ထောက်၍ ကင်းမြီးကောက်ပင် ထောင်ပြလိုက်လေးသည်။
"ဟေ့ကောင် ဆင်းစမ်း!!.. အရူး!! သေတော့မယ်!!"
အခန်းထဲမှ လူများ တယောက်တခွန်း ၀ိုင်းအော်ကြလေသည်။
Matsuda ကားပြောမရ။ ကင်းမြီးကောက်ထောင်ရင်း ဇောချွေးတွေပြန်နေသည်။ ဒီလောက် ၅ ထပ် ၆ ထပ်အမြင့်က သူပြုတ်ကျသွားလျင် အရိုးတခြား အသားတခြား ဖြစ်သွားနိုင်ကြောင်း သူသိသည်။ သို့သော် သူဒါကို ရပ်လို့မရ၊ သူ့လွတ်လမ်းကား သည်တခုတည်း။ မျက်လုံးကို အောက်သို့ မျက်တောင်မခတ်ကြည့်နေမိသည်။
အခန်းတွင်းမှလူများ သူ့အား ဆွဲရန် ထလာကြစဉ်မှာပင် Matsuda ပြုတ်ကျသွားလေတော့သည်။
"အား!!!"
သို့သော် သူ အောက်ကိုကျသွားသည်မဟုတ်၊ အောက်ထပ်ဝရန်တာမှ ထိုးထွက်လာသည့် မွေ့ယာပေါ် ကျသွားခြင်းသာဖြစ်သည်။ သူ အော်လိုက်သည့် အသံနှင့်အတူ ထိုဝရန်တာမှ လူအလေးချိန် အထုပ်ကြီးတထုပ်ကို ပစ်ချလိုက်သေးသည်။ ထိုအခန်းထဲမှ သူ့ကို ကူညီသူများကား ရဲချုပ် Yagami နှင့် သူခိုးမလေး Wedy။
အပေါ်ထပ် အခန်းမှ လူများ တိုက်အောက်ကို ငုံ့ကြည့်လိုက်သော အချိန်ဝယ်တော့ လမ်းပေါ်တွင် Matsuda အ၀တ်အစားအတိုင်း လူတယောက် ခွေခွေလေး လဲနေသည်ကို တွေ့ရတော့သည်။ ထိုသူကား လူလိမ်ကြီး Aiber တည်း။
Yotsuba ဒါရိုက်တာများကား ခေါင်းခဲလေပြီ။ သူတို့ ရဲတွေနှင့် စစ်လား၊ ဆေးလား မလုပ်ချင်။
ထိုစဉ် Misa က
"လူကြီးမင်းတို့ ပြန်ကြပါ။ ဒီကိစ္စကို ကျမတို့ ရှင်းလိုက်ပါ့မယ်။ လူကြီးမင်းတို့လို ဒါရိုက်တာတွေအနေနဲ့ ရဲတွေနဲ့ စစ်လား ဆေးလား၊ ရုံးရောက် ဂတ်ရောက် မသင့်တော်ပါဘူး။ ကျမကိုသာ လူကြီးမင်းတို့ ကုမ္ပဏီအတွက် စဉ်းစားပေးပါရှင့်"
ဒါရိုက်တာများကား ရေငတ်တုန်း ရေတွင်းထဲကျလေပြီ။
"သွားကြစို့ဟေ့။ သတင်းထောက်တွေပါရောက်လာရင် မလွယ်ဘူး"
တိုက်အောက်တွင်ကား L တို့အသင့်ပြင်ဆင်ထားသည့် ဆေးရုံကားရောက်လာကာ အ၀တ်အုပ်လျက် အလောင်းအသွင်ဖြင့် သယ်ဆောင်သွားလေပြီ။ အလောင်းသယ်သူ နှစ်ဦးကား L နှင့် Light။ အဆောက်အဦးထဲမှ ထွက်လာသည့် ဒါရိုက်တာများ ထိုမြင်ကွင်းကို မြင်လိုက်ရသေးသည်။
"သူသေသွားတာ မြင်လိုက်ရတော့လည်း ငါတို့အတွက် တမျိုးကောင်းတာပေါ့ကွာ"
ဒါရိုက်တာ တယောက်က မှတ်ချက်ချလိုက်လေသည်။
နောက်တနေ့သတင်းစာတွင် Misa ၏ မန်နေဂျာ Matsui သေဆုံးကြောင်းပါလာသည်ကို ဖတ်ရင်းကျေနပ်နေသည့် Tokyo မြို့ Yotsuba ရုံးအကြီးအကဲထံသို့ ဖုန်းဝင်လာသည်။
"Yotsuba အကြီးအကဲ Kida Masahiko ရဲ့ ရုံးခန်းပါလားဗျာ"
"ဟုတ်ပါတယ်။ ဘယ်သူများလဲဗျ"
"Eraldo Coil ပဲ။ ခင်ဗျား မေးထားတဲ့ကိစ္စ ဆွေးနွေးရအောင် ဆက်တာ"
လူလိမ်ကြီး Aiber ခပ်တည်တည်နှင့် ပြောလိုက်လေသည်။
Masahiko ဆတ်ကနဲဖြစ်သွားသည်။ သူတို့ နှစ်ယောက် အတော်ကြာ ပြောဆိုဆွေးနွေးဖြစ်ကြသည်။
ဒါရိုက်တာများ အစည်းအဝေးတွင် Masahiko က Coil ဆက်သွယ်သည့်အကြောင်းပြောပြလေသည်။
"ကြိုတင်ငွေ ဒေါ်လာ ၂ သန်းနဲ့ အလုပ်ဖြစ်ရင် ဒေါ်လာ ၈ သန်း။ ကျုပ်တို့ အကြောင်းကြောင်းကြောင့် သူနဲ့ အလုပ်ဆက်မလုပ်ဖြစ်ရင်လည်း နှုတ်ပိတ်ခ၂ သန်းက ပေးရမှာပဲတဲ့"
"ဒီလောက် ရဲရဲတင်းတင်း တောင်းတယ်ဆိုမှတော့ ကျုပ်တို့ အကြံကြီးကြံနေတယ်ဆိုတာကို Coil ရိပ်မိနေတယ်လို့ တွက်လို့ရတယ်"
ဒါရိုက်တာတယောက်ဖြစ်သော Hatori (ဟာတိုရီ) တုန်လှုပ်နေလေပြီ။
"ဟာ..ဒီတိုင်းဆိုရင် ဘယ်အခြေအနေကောင်းတော့မှာလဲ။ ကျုပ် ဒီအစည်းအဝေးတွေ ဆက်မတက်ချင်တော့ဘူး။ Kira ဘယ်သူမှန်း ကျုပ်မသိဘူး၊ ဒါပေမယ့် ဒီအရှုပ်ကြီးထဲဝင်ပါပြီး အစွပ်စွဲခံရမှာတော့ အဖြစ်မခံနိုင်တော့ဘူး"
"Hatori ငါလည်း Kira ဘယ်သူမှန်းတော့ မပြောတတ်ဘူး။ ဒါပေမယ့် မင်းမနက်ဖြန်မှာ သေနေလောက်ပြီလို့တော့ ငါပြောရဲတယ်"
တယောက်က ထပြောလိုက်အပြီးတွင် တခန်းလုံး တိတ်ဆိတ်သွားကြသည်။
Hatori သူ့အမှားကို သူ သဘောပေါက်သွားလေပြီ။ သူ ဘယ်နည်းနှင့်မျှ ဒီလူတွေကို စွန့်ခွာ၍မရ။ သူ့ကိုလည်း စွန့်ခွာခွင့်ပေးလိမ့်မည် မဟုတ်။ ပါးစပ်တပေါက်ဆိုတာ ပိတ်ဖို့အင်မတန်ခက်မှန်း သူတို့အားလုံး သိကြသည်ပဲ။
"ဟဲဟဲ.. အလကား ပြောတာပါဗျာ။ ကျုပ် ထွက်မသွားပါဘူး။ ကျုပ် ခင်ဗျားတို့နဲ့ပဲ ဆက်လက်တွဲမှာပါ"
Hitori ကမန်းကတန်း တောင်းပန်တော့သည်။
"Coil ဟာ ပိုက်ဆံရမယ်ဆိုရင်တော့ နှုတ်ပိတ်နေမယ်ဆိုတဲ့ သဘောရှိတယ်ကွ"
"အေးလေ.. ဘယ်လိုပဲဖြစ်ဖြစ် သူ့ကို ကျုပ်တို့ဘက်ပါအောင် လုပ်ရတော့မှာပဲ"
"လွယ်ပါတယ် တောင်းသလောက်သာ ပေးလိုက်ပေါ့"
အားလုံး ၀ိုင်းပြောနေကြ၍ Hitori လည်း ကမန်းကတန်း လိုက်ပြောရ၏။
"ဟုတ်တယ်။ ဒီကောင့်ကို ၀ယ်ပစ်လိုက်"
အစည်းအဝေးကို Coil အားတောင်းဆိုသမျှ လိုက်လျောရန် ဆုံးဖြတ်၍ အဆုံးသတ်လိုက်ကြ၏။
ထိုညတွင် Wedy တယောက် Yotsuba ရုံးချုပ်အား ခိုးဝင်ကာ လျှို့ဝှက်ကင်မရာများ၊ အသံဖမ်းစက်များ တပ်ဆင်ခဲ့လေသည်။
Yotsuba ရုံးချုပ် ဒါရိုက်တာများ လျှို့ဝှက်အစည်းအဝေးအား L တို့တသိုက် ကင်မရာမှတဆင့် ကြည့်နေကြသည်။ သူတို့ တိုးတက်မှုများအတွက် အားရနေကြလေသည်။
"ကျနော် အဲဒီထဲ ခိုးဝင်ခဲ့တာ တပတ်ပဲရှိသေးတယ်။ ခုဆို သူတို့ကို ဒီလိုတောင်ကြည့်လို့ရနေပြီ"
Matsuda က အားတက်သရောပြောသည်။
"မိခါနီးပါပြီ"
Light ကလည်း ပြောသည်။
"သူတို့ထဲက တယောက်က Kira ပဲ"
L ကမှတ်ချက်ချသည်။
အစည်းအဝေးခန်းထဲ ဒါရိုက်တာများ ထိုင်ပြီးသော်
"ကဲ.. အစည်းအဝေး စမယ်"
"ဟင်.. ၈ ယောက်မဟုတ်ဘဲ ၇ ယောက်ထဲ ဖြစ်နေပါလား"
ရဲချုပ်၏ အသံထွက်လာလေသည်
No comments:
Post a Comment