စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Wednesday, February 26, 2014

သေမင်းစာအုပ် (၁၈)

Kira စုံစမ်းရေးအဖွဲ့ဝင်များ L တည်ဆောက်ထားသော အဆောက်အဦးအတွင်းသို့ ပြောင်းရွှေ့ကြလေပြီ။
လုံခြုံရေးကား တင်းကျပ်လှသည်။
အဆောက်အဦးအတွင်း ၀င်ခွင့်ရနိုင်ရန် password နှိပ်ရသည်၊ လက်ဗွေရာပေးရသည်၊ မျက်စိ scan ဖတ်ရသည်။ ထိုအချက်များ လုပ်ပြီးသည့်တိုင် ခန္ဓာကိုယ်ပေါ် လက်နက်ပါမပါ စစ်ဆေးရန် detector အောက်ဝင်ရသေးသည်။

ထိုဒုက္ခများ အခံရဆုံးကား အဆောက်အဦးအတွင်း ပြောင်းရွှေ့မနေနိုင်သည့် Aizawa ပင်တည်း။ သူကား မိသားစုနှင့် ဖြစ်၍ တမိသားစုလုံး ရွှေ့ပြောင်းနေထိုင်ရန် အဆင်မပြေပေ။ ထို့ပြင် စုံစမ်းရေးအတွက် ပေးနေရသောအချိန်များလွန်း၍ မိန်းမကပင် မကြည်ဖြူချင် ဖြစ်နေတော့သည်။

Misa နှင့် Light တို့ ချိန်းတွေ့ကြမည်ဖြစ်၍ L ပါ Misa အခန်းထဲသို့ ရောက်နေလေသည်။ သူတို့ ၃ယောက်၏ အဖြစ်ကို လုံခြုံရေးကင်မရာများမှတဆင့် စုံစမ်းရေးအဖွဲ့သားများ ကြည့်ကာ ပြုံးရယ်နေကြတော့သည်။

Misa စိတ်ပျက်လက်ပျက်နှင့် ရေရွတ်နေသည်။
"ဟွန့်.. ခုလိုကြီးက သမီးရည်းစား ချိန်းတွေ့တာနဲ့မှ မတူပဲ"

"ငါရှိနေတယ်ဆိုတာကို မင်းစိတ်ထဲကနေ ထုတ်ထားလိုက်ပေါ့"
L က ရုပ်တည်နှင့် ပြောလိုက်ပြီး
"အဲဒါထက် အရေးကြီးတာ မေးစရာရှိတယ်။ မင်း ဒီကိတ်မုန့်တွေကို စားမှာလား"

"ကျမက နာမည်ကြီးမော်ဒယ်ရှင့်။ ၀ိတ်မတက်အောင် အချိုတွေ ရှောင်တယ်"
နှုတ်ခမ်းစူလျက် Misa ပြန်ဖြေလိုက်ပြန်သည်။

"မင်း ခေါင်းလေး သုံးတတ်ရင် အချိုစားလည်း ၀ိတ်မတက်ပါဘူး"

"ဟင်..ရှင် ကျမကို ရွဲ့နေတာလား။ ဒါဖြင့် ရှင်ကြိုက်သလောက် ကိတ်မုန့်ပေးစားမယ်။ ကျမတို့ နှစ်ယောက်ကိုသာ လွတ်လွတ်လပ်လပ် တွေ့ခွင့်ပေးပါလား"
မျက်လုံးပြူးကာ Misa ပြောလေ၏။

L ပြုံးလိုက်သည်။
"မင်းတို့နှစ်ယောက်တည်း ထားခဲ့လည်း ကင်မရာကနေ ငါကြည့်နေမှာပဲ။ မထူးပါဘူး"

"ရှင်..ရှင်.. တော်တော် အကျင့်ယုတ်။ ဒါမျိုးတွေလုပ်နေတာ ရပ်တန်းက ရပ်ရင်ကောင်းမယ်"
Misa အော်ပြန်သည်။

L ကတော့ အေးဆေး။
"မင်းဟာမင်း ထင်ချင်သလိုထင်၊ ပြောချင်သလိုပြောတော့ကွာ။ လောလောဆယ်တော့ မင်းကိတ်မုန့် ငါစားလိုက်တော့မယ်"
ပြောပြောဆိုဆိုနှင့် Misa ရှေ့မှ ကိတ်မုန့်ကို စိတ်အေးလက်အေး ယူစားနေတော့သည်။

"ရှင်ထွက်သွားရင် လိုက်ကာတွေ ချမယ်။ မီးတွေပိတ်ပစ်မယ်"
Misa ညစ်တွန်းတွန်းတော့သည်။

"လုပ်လေ။ အနီအောက်ရောင်ခြည်သုံး ကင်မရာတွေလည်း ရှိတယ်ဆိုတာလေးတော့ ငါကြိုပြောထားပါရဲ့နော်"

Misa မျက်နှာလေး ရှုံ့သွားတော့၏။
Light ငြိမ်မနေနိုင်တော့။ စကား လမ်းလွှဲမှ ဖြစ်ပေတော့မည်။
"ငါတို့ ဒီဌာနချုပ်အသစ်ကို အားလုံးပြောင်းပြီးပေမယ့် မင်းက သိပ်လည်း တက်တက်ကြွကြွ ရှိမနေပါလားကွ Ryuzaki ရ"

L ငြိမ်သွားလေပြီ။
"တက်တက်ကြွကြွ ရှိရမယ်... အင်း မရှိဘူးကွ။ ဘယ်ရှိမလဲလေ..ငါ စိတ်ဓာတ်ကျနေတာကိုး"

"ဘာရယ်။ မင်းက စိတ်ဓာတ်ကျနေတယ်၊ ဟုတ်လား"

"အေး။ ဟုတ်တယ်။ မင်းဟာ Kira ပဲလို့ ငါတောက်လျှောက် ကျိန်းသေ ယူဆလာတာ။ မဟုတ်ဘူးလို့ လက်ခံလိုက်ရတာကို ငါဘယ်လိုမှ ခံစားလို့မရ ဖြစ်နေတာပဲ။ ဒါပေမယ့် ငါမှန်ခဲ့တယ်လို့တော့ ယုံကြည်တုန်းပဲကွ။ ဒါ့ကြောင့်လည်း ဒါလုပ်ထားတာပေါ့"
ပြောလည်းပြော၊ လက်ထိပ်ခတ်ထားသည့် လက်ကလေးလည်း ထောင်ပြ လုပ်လိုက်လေသည်။

"မင်းရော Misa ရောရဲ့ စိတ်တွေကို Kira ကလွှမ်းမိုးပြီး ခိုင်းစေနိုင်ခဲ့တာ ဆိုရင်တော့ ... မင်းကို ငါ သံသယ၀င်အောင် Kira ကလုပ်ခဲ့တာလို့ ငါလက်ခံရမှာပေါ့.. ဟူး.."
L ပြောပြီး စိတ်ပျက်လက်ပျက် ထိုင်နေတော့သည်။

"စိတ်မပျက်ပါနဲ့ကွ။ Kira ရဲ့လွှမ်းမိုးတာခံရပြီး သူလုပ်ခိုင်းသမျှ ငါတို့လုပ်ခဲ့တယ်ဆိုလည်း ငါတို့ဟာ Kira ပဲပေါ့"
သူ Kira ဖြစ်ခဲ့သည်ကို လုံးဝ မှတ်မိခြင်းမရှိတော့သော Light က L ကိုအားပေးလိုက်သည်။

"အေး.. မင်းပြောတာ မမှားဘူး။ ငါကလည်း မင်းတို့ Kira ဖြစ်ခဲ့တယ်ဆိုတာကို ယုံတယ်။ ငါတွေးတာ မှန်မယ်ဆိုရင်တော့ မင်းကို အချုပ်ခန်းထဲ ထည့်ထားတဲ့အချိန်မှာ မင်းဟာ Kira ပဲ။ တရားခံတွေ မသေတော့ဘူးလေ။ နှစ်ပတ်နေတော့ ပြန်သေကြပြန်ရော။ အဲဒီတော့ ငါတနည်းပဲ စဉ်းစားလို့ရတယ်။ Kira ရဲ့အစွမ်းသတ္တိတွေ လူတယောက်ကနေ တယောက်ကို ကူးပြောင်းသွားနိုင်တယ် ဆိုပြီးတော့ပေါ့"
L ပွင့်ပွင့်လင်းလင်းပင် ပြောပစ်လိုက်သည်။

"အေးကွ၊ မင်းစဉ်းစားတာ ဖြစ်နိုင်တယ်။ ခက်တာက တကယ်သာ အဲလို ဖြစ်နေရင် Kira ကို ဖမ်းမိဖို့ မလွယ်တော့ဘူး"

"အေးလေ.. ဒါ့ကြောင့်လည်း ငါစိတ်ဓာတ်ကျနေတာပေါ့။ ငါတို့က ခုတယောက်ကို ဖမ်းမိပါပြီတဲ့။ ခဏလည်းနေရော သူ့ရဲ့ Kira အစွမ်းတွေ တခြားတယောက်ဆီရောက်သွားပြီး သူ Kira ဖြစ်ခဲ့တာကို မမှတ်မိဘူး ဖြစ်ရော ဆို ငါတို့တွေ သေပြီပေါ့။ ဘယ်နှစ်ယောက်ပဲ ဖမ်းဖမ်း၊ အလကားပဲ ဖြစ်နေတော့မှာ"

"အော်ကွာ.. အဲဒီလို တကယ်ဖြစ်တယ်လို့လည်း သေမှ မသေချာသေးဘဲ။ မင်းဟာမင်း ထင်နေတာကိုကွ၊ အဲလို ဟုတ်ချင်မှ ဟုတ်မှာပေါ့။ ပျော်ပျော် နေစမ်းပါ"
Light က အားပေးပြန်သည်။

"ပျော်ပျော် နေရမယ်.. မဖြစ်ပါဘူးကွာ။ ငါမှ မပျော်နေတာ။ ဒီကောင့်ကို ငါ့အသက်နဲ့ရင်းပြီး အသည်းအသန်လိုက်နေတာ မှောင်ထဲမှာ မျက်စိ အ၀တ်စည်းပြီး လမ်းလျှောက်သလို ဖြစ်နေတယ်ကွ။ ငါ ဆက်မလိုက်ရင်တောင် ကောင်းမလားမသိဘူး။ မင်းဘယ်လို ထင်လဲ"

L ၏စကားအဆုံးတွင် Light မတ်တပ် ထရပ်လိုက်ပြီး
"Ryuzaki"

Light ကိုမော့ကြည့်လိုက်သော L ၏ ပါးပြင် ထံသို့ ပြင်းထန်သော လက်သီးတလုံး ထိထိမိမိ ကျရောက်လာလေသည်။
"ခွပ်... ၀ုန်း..ဒုန်း..ဂွမ်း"

Light ၏ လက်သီးစာမိသွားသော L ဆိုဖာပေါ်မှ နောက်ပြန်ကျသည်။ လက်ထိပ်တွဲခတ်ထားသည်ဖြစ်၍ မတ်တပ်ရပ်နေသော Light ကို ဆောင့်ဆွဲလိုက်သလို ဖြစ်ကာ Light ပါ မဟန်နိုင်ဘဲ ဟပ်ထိုးကျတော့သည်။ ဆိုဖာဘေးတွင် ထောင်ထားသော ပန်းအိုးများကို တိုက်မိကာ ကွဲကုန်တော့သည်။

Misa ကား အလန့်တကြား အော်နေတော့သည်။
"မလုပ်ကြပါနဲ့!!!"

"ဟာ..တော်တော် နာတာပဲကွ"
လဲကျနေရာမှ ထထိုင်လာသော L က အူသလို ကြောင်သလို ဖြင့် Light ကိုကြည့်၍ ပြောလိုက်သည်။

"မင်း မျက်ခွက် ပြောင်မနေနဲ့ဟေ့ကောင်။ ငါ Kira ပါလို့ မင်းယူဆတာ မှားလို့ စိတ်ဓာတ်ကျသေးသလား.. ဟင်!"
ကုန်းကုန်းကွကွ ဖြစ်နေသော Light က အော်လိုက်သည်။

"ငါပြောတာ နည်းနည်းမှားသွားတယ် ထင်တယ်ကွ။ ငါတို့ ဒီအမှုကို ဆက်လိုက်ရင် ရှုံးနိုင်ခြေရှိနေလို့ ဆက်မလိုက်ရင် ကောင်းမယ်လို့ ပြောတာကွ"
ပါးစောင်ကို လက်နှင့်ပွတ်ရင် L ကအေးအေး ပြန်ဖြေလေသည်။

"မင်း တလွဲတွေ လျှောက်ပြောမနေနဲ့။ ဆက်မလိုက်ရင် ဘယ်မိတော့မလဲကွ။ ဒီကောင့်ကြောင့် လူတွေ ဘယ်နှစ်ယောက် ဒုက္ခရောက်ပြီးပလဲ မင်းသိသားပဲ။ ပြီးတော့ ငါနဲ့ Misa ကို ဒီကောင်နဲ့ပတ်သက်ပြီး ထောင်ထဲထည့်တာလည်း မင်းပဲကွ"
Light ပြောရင်း ဒေါထပ်ကန်ကာ L ၏အင်္ကျီစကို ဆွဲကိုင်ကာ မျက်နှာချင်းကပ်၍ အော်လေတော့သည်။

"ငါသိပါတယ်။ ဒါပေမယ့်ကွာ.. ဘာပဲဖြစ်ဖြစ်ပေါ့.."
L လေအေးကလေးနှင့် ပြောနေရင်း ခြေတဖက် မြောက်တက်သွားသည်။
"တခေါက်ဆို တော်သင့်ပြီကွ... ၀ုန်း..ဒုန်း"
ပြောရင်းဆိုရင်း ရုတ်တရက် L ၏အကန်ကို ခံလိုက်ရသော Light နောက်သို့ လွင့်စင်ကျသွားသည်။ ထိုအခါ လက်ထိပ်နှင့်တပါတည်း L ကို ဆောင့်ဆွဲသလိုဖြစ်ပြန်ကာ နှစ်ယောက်သား ဆိုဖာပေါ် လုံးထွေးကျကာ တခန်းလုံး ပွစာကျဲကုန်တော့သည်။

Misa ကား အော်ရန်ပင် သတိမရတော့။ ကြက်သေသေ၍ မတ်တပ်ကလေး ပါးစပ်ကို လက်နှင့်ပိတ်ကာ သူတို့နှစ်ယောက်၏ ရန်ပွဲကို ကြည့်နေမိတော့သည်။ ဆွဲရန်လည်း သတိမရ။

"ငါ့ ယူဆချက် မှားလို့ ပြောနေတာ မဟုတ်ဘူးကွ။ မင်း Kira ဖြစ်ပြီး Misa ဒုတိယ Kira ဖြစ်လည်း ဒီအမှုကို ရှင်းလို့မရသေးလို့ ငါ ညစ်နေတာကွ၊ နားလည်လား"
ကြမ်းပေါ်လက်ထောက်လျက် L ကပြောလိုက်သည်။

"အပိုတွေ ပြောမနေနဲ့။ မင်းပြောခဲ့တဲ့ပုံက ငါ Kira မဟုတ်တာကို မင်းလုံးဝ မကျေမနပ်ဖြစ်နေတာ"
လဲနေရာမှ ထလာရင်း Light ကပြန်ပြောသည်။

"အေး..ဟုတ်မယ်ကွ။ ငါ့ကိုယ်ငါ ခုမှ သတိထားမိတယ်။ မင်းကို ငါက Kira ဖြစ်စေချင်နေတာပဲဆိုတာ"
Light ၏ မျက်နှာနားသို့ ကပ်ကာ ပြောချလိုက်သော L ၏စကားအဆုံးတွင် Light ၏ လက်သီးနောက်တလုံး L မျက်နှာပေါ်သို့ ကျလာပြန်သည်။

"ခွပ်!"
ဒီတခါတော့ L လဲမသွားတော့။ အချိန်မရွေး အဆော်ခံရနိုင်သည်ကို မျှော်လင့်ထားပြီး ဖြစ်သော်လည်း ရှောင်ချိန်မရလိုက်။

"တခေါက်ဆို တော်ပြီလို့ မင်းကိုငါ ပြောခဲ့ပြီးပြီနော်"
L အေးအေး ပြောပြန်တော့

"ချီးမို့ မင်းစကား ငါဂရုစိုက်ရမှာလား...ဗုန်း...အွပ်"
Light ၏စကား မဆုံးခင်ပင် L ၏ခြေကန်ချက်က သူ့မေးစေ့ကို လာမိတ်ဆက်ပြန်သည်။

သူတို့ စကား ထပ်မပြောဖြစ်တော့။
ယိုင်သွားသော Light ကထိုး၏။ L ကရှောင်ကာ ခြေထောက်ဖြင့် ၀ိုက်ကန်၏။
Light ကိုယ်ကို ယိမ်းကာ လက်ပြန်လွှဲရိုက်၏။ L ငုံ့ကာ ဗိုက်ကို ထိုး၏။
လက်တကမ်းအကွာထက် ပိုဝေးဝေးခွာ၍ မရသော သူတို့နှစ်ယောက် ရန်ပွဲကို ဖန်သားပြန်ပေါ်ကြည့်နေသည့် စုံစမ်းရေးမှ လူများမနေသာတော့။

Matsuda တာဝန်ယူပြီး အခန်းထဲသို့ ဖုန်းခေါ်ကာ ပေါက်ကရလေးဆယ်များပြောကာ ဖြန်ဖြေလေသည်။

သုံးရက်ကြာသော်
ကွန်ပျူတာရှေ့ အလုပ်ရှုပ်နေသည့် Light က L ကို လှမ်းခေါ်လိုက်သည်။
"Ryuzaki.. မင်းစိတ်လေနေတာ အသာထားပြီး ဒါလေးတချက် လာကြည့်စမ်းပါ။ ဒီမှာ.. လွန်ခဲ့တဲ့ အပတ်တွေက သေသွားတဲ့လူတွေထဲမှာ ဟောဒီ ၃ ယောက်က ဂျပန်မှာ အကောင်တွေကွ။ သူတို့ ၃ ယောက်လုံး နှလုံးရောဂါနဲ့ပဲ သေသွားကြတာတဲ့။ ဒီလူတွေ မရှိတဲ့နောက်မှာ သူတို့ ကုမ္ပဏီတွေရဲ့ stock (အစုရှယ်ယာ) ဈေးတွေ ထိုးကျလာတယ်ကွ။ ဒါကတော့ မထူးဆန်းဘူးပေါ့။ ဒါပေမယ့် တချိန်တည်းမှာ Yotsuba ကုမ္ပဏီရဲ့ stock တွေထိုးတက်လာတာကတော့ ဆန်းနေတယ်။ သဘောက သူတို့ သေသွားတာဟာ Yotsuba အတွက် အကျိုးရှိနေတယ်ဆိုပြီး ဖြစ်နေတာပေါ့။ ဒါနဲ့ ငါမသင်္ကာတာနဲ့ ထပ်မွှေလိုက်တော့ လွန်ခဲ့တဲ့ ၃ လအတွင်းမှာ Yotsuba အတွက် အကျိုးရှိတဲ့ လူသေမှု ၁၃ မှုဖြစ်ခဲ့တာသွားတွေ့တယ်။ ကဲ..မင်းဘယ်လိုထင်လဲ။ ငါကတော့ Kira ဟာ Yotsuba ကို ကူညီနေတယ်လို့ ထင်တယ်"

"အင်း.. အဲဒီအတိုင်း ဖြစ်နေတာပေါ့။ ဒါပေမယ့် အဲဒီအတိုင်း တကယ်မှန်တယ်ဆိုရင် Kira ဟာ ဒုစရိုက်တရားခံတွေကိုပဲ ရှင်းပစ်နေတာ မဟုတ်တော့ဘူးပေါ့"
L သေချာနားထောင်ပြီး ပြောလိုက်သည်။

"အေးကွ။ ကြည့်ရတာ ဒီလူဆိုးတွေကို ရှင်းပစ်နေတာ သူ့တကယ့်ရည်ရွယ်ချက် မပေါ်အောင် အပြ လုပ်နေတာဖြစ်မယ် ထင်တယ်။ တကယ်တမ်းတော့ သူ့ကုမ္ပဏီ ကြီးပွားရေး လုပ်နေတာပဲကွ။ ဘယ်လိုလဲ.. မင်း စိတ်နည်းနည်း ပြန်ပါလာပြီလား"
Light ပြုံး၍ မေးလိုက်တော့သည်။

သေမင်းစာအုပ် သုံးစွဲပုံ ကောက်နှုတ်ချက်

သေမင်းစာအုပ် အငှား သုံးစွဲသူ၏နောက်သို့ မည်သည့်သေမင်းမျှ လိုက်ပါနေမည်မဟုတ်။
သေမင်းသည် သေမင်းစာအုပ်ပိုင်ရှင်နှင့်သာ အမြဲရှိနေမည်။
ထို့ပြင် သေမင်းစာအုပ် အငှားသုံးစွဲသူသည် သေမင်းမျက်စိ အလဲအလှယ် ပြုလုပ်ပိုင်ခွင့်မရှိ။
သေမင်းစာအုပ် အငှားချထားသည့်အချိန်တွင် စာအုပ်ပိုင်ရှင် သေဆုံးသည်ဆိုပါက ထိုအချိန်တွင် သေမင်းစာအုပ် လက်ဝယ်ရှိနေသူသည် ပိုင်ရှင်ဖြစ်လာမည်

No comments:

Post a Comment