စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Sunday, February 23, 2014

သေမင်းစာအုပ် (၂.၂)

နေ့စဉ်နှင့်အမျှ ဒုစရိုက်သမားများ နှလုံးရပ် သေဆုံးနေသည့် သတင်းနှင့်အတူ သာမန်ပြည်သူများ အကြားတွင် ထိုလုပ်ရပ်ကို ထောက်ခံမှုများ ရှိလာလေ၏။

"ဟေ့ သေပြန်ပြီကွ။ သိပြီးပြီလား။"

"အေး..ကြောက်တော့ ကြောက်စရာပဲကွ။ ဒါပေမယ့် တမျိုးတော့လည်း ကောင်းတာပဲ"

"ဟယ်...ငါတော့ မဟုတ်တာတောင် မလုပ်ရဲတော့ဘူး"

"ဘယ်သူလုပ်နေတယ် ထင်သလဲကွ။ ရဲတွေ လုပ်နေတာ မဖြစ်နိုင်ဘူးလား"

"ဟာ..သူတို့ မလုပ်နိုင်ပါဘူး။ ခုလုပ်နေတာ Kira(ကီရာ) ကွ"

အင်တာနက်ပေါ်တွင်လည်း Kira ထောက်ခံသော Web Site များအလျှိုလျှိုပေါ်လာကြလေသည်။

Light ၏ အခန်းတွင်း

"Ryuk..တွေ့လား ငါ့လုပ်ရပ်ကို ထောက်ခံတဲ့ လူတွေများလာပြီ။ Web Site တွေတောင် လုပ်နေကြပါရော။ လာကြည့်စမ်းပါဦး။"

"ဟ..The Legend of Kira the Savior (ကယ်တင်ရှင် Kira ၏ဂုဏ်ယူဖွယ်မှတ်တမ်း)ဆိုပါလား"

"ဟဲဟဲ..မမိုက်ဘူးလား"

"ဘာကြီးတုန်း။ မင်းအကြောင်းပြောနေတာလား"

"အင်း..ဟုတ်တယ်။ Kira ဆိုတာ Killer (လူသတ်သမား) ကနေလာတာလေ။ ဂျပန်လိုခေါ်တာပေါ့။ ကျုပ်တော့ ဒီလို အခေါ်ခံရတာကြီး တယ်မကြိုက်ပါဘူး။ ဒါပေမယ့် ခုတော့ တကမ္ဘာလုံးနီးနီးမှာ ကျုပ်က Kira လို့ နာမည်ကြီးနေပြီ။ ခင်ဗျား kira လို့သာ အင်တာနက်မှာ ရှာလိုက်လို့ကတော့ ဒီလို site မျိုး အပုံလိုက်ထွက်လာတာပဲ။ တွေ့လား"

"သတင်းစာတွေနဲ့ TV သတင်းတွေမှာတော့ 'ဒုစရိုက်သမားများထူးဆန်းစွာသေဆုံးမှုများ' လို့ရေးနေတုန်းပေမယ့် ကမ္ဘာအနှံ့က လူတော်တော်များများကတော့ တယောက်ယောက်ဟာ သူတို့ကိုယ်စား ထိုက်သင့်တဲ့ အပြစ်ဒဏ်တွေ ချမှတ်ပေးနေတယ်လို့ ခံစားနားလည်နေကြပြီ"

"သြော်..ဟုတ်လား"

"လူတွေဟာ ဒီလိုပဲ Ryuk ရ။ ခင်ဗျားလူတွေအကျင့် သိရတာပေါ့"

"သြော်..ဘယ်လိုအကျင့်လဲ"

"ဥပမာဗျာ..ကျုပ်တို့ ကျောင်းမှာ ဒုစရိုက်သမားတွေကို ဒီလို သတ်ပစ်တာ လုပ်သင့်လား၊ မလုပ်သင့်ဘူးလား ဆိုပြီး ဘယ်တော့မှ ဆွေးနွေးကြမှာ မဟုတ်ဘူး။ အဲ..တကယ်လို့ ဆရာတွေက ဆွေးနွေးပြီဆိုလည်း ရှိသမျှကျောင်းသားတွေက မလုပ်သင့်ပါဘူးလို့ပဲ ဖြေကြမှာပဲ။ ဘာလို့လဲဆိုတော့ ဒီလိုမျိုးပဲ ဖြေမှ ဥပဒေနဲ့ ညီမှာကိုး။ လူတွေကြားထဲမှာ ကိုယ့်ကို လူကောင်းသူကောင်းလေး၊ စည်းကမ်းလိုက်နာတဲ့လူလေး အနေနဲ့ပဲ မြင်စေချင်ကြတယ်လေ။ အင်း..တကယ့်တကယ်တမ်း လူတွေစိတ်ထဲမှာ ဘာရှိလဲဆိုတဲ့ အမှန်တရားကတော့ ခင်ဗျား မြင်နေရတဲ့ အင်တာနက်ပဲ။ ဒီမှာက ကိုယ်ဘယ်သူဆိုတာ တခြားလူမသိဘဲနဲ့ ရေးချင်ရာရေး လို့ရတယ်။ ကြည့်စမ်း ကျုပ်ကို ထောက်ခံထားလိုက်ကြတဲ့လူတွေဆိုတာ။ တချို့ဆို ကျုပ်ကို 'ကံကောင်းပါစေ Kira' ဆိုပြီးတောင် ဆုတွေတောင်းပေးထားလိုက်သေး။ ခုဆို လူဆိုးတွေဟာ သူတို့အလှည့်ဘယ်တော့ ရောက်မလဲဆိုပြီး ကြောက်နေလောက်ပြီ။ အခြေအနေကတော့ ကျုပ်ဖြစ်စေချင်တဲ့အတိုင်းပဲ သေမင်းရေ့"

တရက် TV တွင်
"ပြသနေဆဲ အစီအစဉ်ကို ခေတ္တဆိုင်းငံ့လိုက်ရတဲ့အတွက် ကျနော်တို့ တောင်းပန်ပါတယ်ခင်ဗျာ။ ICPO, Interpol (အင်တာပို) အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ ကနေ တိုက်ရိုက်ထုတ်လွှင့်မယ့်အစီအစဉ်ကို ယခုစတင်မှာ ဖြစ်ပါတယ်"

Light ရော Ryuk ပါစိတ်ဝင်စားသွားသည်။
....Interpol.....

TV မှန်သားပြင်တွင် ICPO တံဆိပ်ရှေ့၌ သပ်ရပ်သောဝတ်စုံနှင့် လူငယ်တဦး ထိုင်နေပုံ ပေါ်လာသည်။ သူ၏ရှေ့တွင် Lind.L.Tailor ဟုရေးသားထားသော စက္ကူတုံးလေး။ ထိုသူမှ စကား စပြောသည်မှာ..

"တကမ္ဘာလုံးရဲ့ ရဲအဖွဲ့ကို ဦးဆောင်နေတာ ကျုပ် Lind.L.Tailor ပါပဲ။ L လို့လဲ ခေါ်ကြတယ်"

Light တွေးနေသည်.
....ဒီကောင် ဘာကောင်လဲ...

ဂျပန်ရဲတပ်ဖွဲ့ ရုံးချုပ်တွင်လည်း
"ပွဲတော့ စပြီဟေ့"

"နေပါဦး။ သူ တခါမှ သူ့မျက်နှာကို မပြဘူး မဟုတ်လား။ အခု ဘာလို့ လူရှေ့ထွက်လာတာလဲ"

"သူဒီအမှုကို တော်တော်ကြီး အလေးထားတယ်ဆိုတဲ့ သဘောပေါ့ကွာ"

ှု....L ရေ၊ မင်းပြောတဲ့အတိုင်းတော့ ငါတို့ စလုပ်နေပြီ။ ICPO အစည်းအဝေးမှာ မင်းပြောခဲ့တာကို သက်သေပြနိုင်ပါ့မလား......
ICPO အစည်းအဝေးတက်ရောက်ခဲ့သည့် ဂျပန်ရဲအရာရှိ တွေးနေမိ၏

"ဒုစရိုက်သမားတွေ၊ လူဆိုးတွေ တယောက်ပြီး တယောက်သတ်နေတဲ့ လူသတ်သမား၊ ခင်ဗျားဟာ လူ့သမိုင်းမှာ သိပ်ကို ဆိုးရွားတဲ့၊ လုံးဝ ခွင့်လွှတ်နိုင်စရာ မရှိတဲ့ ပြစ်မှုကြီးကို ကျူးလွန်နေတာဖြစ်တယ်။ ဒါ့ကြောင့် ဒီအမှုတွေရဲ့ တာဝန်ရှိတဲ့သူ၊ Kira ဆိုပြီး လူသိများတဲ့သူကို ကျုပ် ရအောင်ဖမ်းမယ်။"

"ဟေ့ကောင် Light၊ မင်းကို ရအောင်ဖမ်းမယ်ဆိုပါလားကွ"

"အရူး..သူ ဘယ်လို ကျုပ်ကို ဖမ်းလို့ရမလဲ။ ဟောဒီ သေမင်းစာအုပ် သူ့လက်ထဲ မရောက်မခြင်း သူ့မှာ ဘာမှ သက်သေပြစရာမှ မရှိတာ။ ခင်ဗျားမသိတဲ့တချက်က ကျုပ်ဖြစ်စေချင်တဲ့အချက်ထဲမှာ ရဲတွေ ကြံရာမရဖြစ်ပြီး ဒီလိုကိစ္စတွေ လုပ်လာဖို့လည်းပါတယ်"

"Kira ခုချိန်ဆို မင်းဘာတွေစဉ်းစားနေမလဲ ငါသိတယ်။ မင်းဖြစ်စေချင်တဲ့အတိုင်း ဖြစ်လာပြီဆိုပြီး ကျေနပ်နေတယ် မဟုတ်လား။ ဒါပေမယ့် ငါထပ်ပြောဦးမယ်၊ မင်း လူယုတ်မာပဲ "

...တောက်၊ ငါ့များ လူယုတ်မာတဲ့။ မင်းမို့ ပြောရဲတယ်။ ငါဟာ တရားမျှတမှုကွ။ အားနည်းတဲ့လူတွေကို လူယုတ်မာတွေ လက်ကနေ ကယ်တင်နေတဲ့လူကွ။ အေး..နောက်ပြီး အလုံးစုံပြည့်စုံပြီး ငြိမ်းချမ်းသာယာတဲ့ ကမ္ဘာကြီးမှာ God ဖြစ်လာမယ့်ကောင်ကွ။ အဲဒီ God ကို ဆန့်ကျင်နေတဲ့ကောင်တွေသာ လူယုတ်မာတွေ......

Light တယောက်တည်း ပေါက်ကွဲကာ သေမင်းစာအုပ်ကို ဆွဲဖွင့်လိုက်၏။

"သိပ်ကို လွယ်လွန်းပါလား... L.. မင်းသာ ဒီထက်နည်းနည်း ပိုပြီး ထက်ထက်မြက်မြက်ရှိမယ်ဆိုရင် ငါတို့နှစ်ယောက် ပညာလေး ဘာလေး ပြိုင်လို့ရတာပေါ့"

ရေရွတ်ကာ နာမည်ရေးချလိုက်လေတော့သည်။

"ကဲ..ငါ့ကို ဆန့်ကျင်ချင်တဲ့ကောင်တွေ ဘာဖြစ်မလဲ တကမ္ဘာလုံးက ကြည့်နေတဲ့လူတွေ သိကြရတော့မယ် ..L"

စက္ကန့် ၄၀ အကြာ...ပြိုလဲကျသွားသော အလောင်းကို သယ်ထုတ်သွားကြရလေသည်။
ထိုစဉ်မှာပင် TV ပေါ်တွင် ICPO မြင်ကွင်းအစား အမှတ်တံဆိပ် "L" ပေါ်လာတော့၏။

"မယုံနိုင်စရာပဲ။ မင်း ဒီလိုသတ်တာ ဖြစ်နိုင်တယ်လို့ ငါတွေးထားပေမယ့် ငါ့မျက်စိနဲ့ မမြင်မချင်း လက်မခံနိုင်ခဲ့ဘူး။ Kira... လူတွေကို မင်းလက်ကလေးတချောင်းနဲ့တောင် မထိပဲ သတ်နိုင်တယ်နော်။ မင်းသေချာနားထောင်စမ်း Kira။ မင်းသတ်လိုက်တဲ့ Lind.L.Tailor ဟာ တကယ်တော့ ဒီနေ့ ဒီအချိန်မှာ သေဒဏ်ကျခံရမယ့် လူတယောက်ပဲ။ သူဟာ ငါမဟုတ်ဘူး။ သူ့ကို ဖမ်းမိတာကို TV သတင်းစာ၊ အင်တာနက် ဘယ်မှာမှ မဖော်ပြပဲ လျှို့ဝှက်ထားတဲ့ လူဆိုးတယောက်ဆိုပါတော့။ ဒါဟာ ဘာကို ပြနေလဲဆိုတော့ မင်းမှာ သူ့လို သတင်းမထုတ်ပြန်ပဲ လူမသိ သူမသိ ရှိနေတဲ့လူတွေအတွက် ဘာအချက်အလက်မှ ရှိမနေဘူးဆိုတာပဲ"

Ryuk က ရယ်သည်။
"ဟားဟား...မင်းတော့ အကြောခံလိုက်ရပြီ Light"

"အေး...ရှိနေတာကတော့ ငါ.. L ..ပဲ။ အဲဒီတော့ မင်းငါ့ကို ရအောင် သတ်ကြည့်စမ်းပါ"

...ကြည့်စမ်း..ခွေးမသား...
Light အကြီးအကျယ် ဒေါသထွက်နေလေပြီ။

"ဟေ့ကောင်..လုပ်ပါကွ။ ခပ်မြန်မြန်လေး သတ်စမ်းပါ"

TV ကြည့်နေကြသည့် ဂျပန် ရဲတပ်ဖွဲ့ဝင်တွေရော၊ ပြည်သူများပါ စိုးရိမ်ကုန်လေ၏။

"ဟာ...သူ ဘာတွေလုပ်နေတာလဲ။ ဘာလို့ ဒီလောက်စိမ်ခေါ်နေတာလဲ"

"အို..ဘယ်လိုတွေ ဖြစ်ကုန်ကြတာတုန်း"

"Kira နဲ့ L နဲ့တော့ အကြီးအကျယ် တွေ့ပြီဟေ့"

"ဒါဆို Kira ဆိုတာ တကယ်ရှိတာပေါ့"

"အမယ်လေး..ကြောက်လိုက်တာရှင်"

L ဆက်ပြောနေသည်။
"ဟေ့ကောင်..သတ်ပါကွ၊ ငါ့ကို သတ်လိုက်ပါ။ ဘယ်လိုလဲကွ၊ မသတ်နိုင်ဘူးလား"

အချိန်အနည်းငယ်ကြာသော်.
"ကဲ....ကြည့်ရတာ သူကျနော့်ကို သတ်နိုင်တဲ့ပုံ မပေါ်ဘူး။ ဆိုတော့ကာ ဒီကမ္ဘာပေါ်မှာ Kira မသတ်နိုင်တဲ့ လူတွေလည်း ရှိသေးတယ်ပေါ့။ ခုလိုသိရတဲ့အတွက် ကျေးဇူးပဲ Kira။ အဲဒီတော့ အပြန်အလှန်အနေနဲ့ ငါကလည်း မင်းကို တခုပြန်ပြောရတာပေါ့။ ဒီအသံလွှင့်ချက်ကို တကမ္ဘာလုံးမှာ လွှင့်တယ်ဆိုပြီး ကြေညာခိုင်းခဲ့တယ်။ တကယ့်တကယ်တမ်းတော့ Kantou(ကန်တိုး၊ တိုကျိုမြို့အပါအ၀င် ဂျပန် အရှေ့ခြမ်းတ၀က်) အပိုင်းမှာပဲ လွှင့်နေတာ။ အမှန်ကတော့ ဂျပန်တနိုင်ငံလုံး တပိုင်းပြီးတပိုင်း အချိန်တွေမတူပဲ လွှင့်မလို့ပဲ။ ခုတော့ အဲလိုလုပ်စရာ မလိုတော့ဘူးပေါ့။ မင်းက Kantou မှာရှိနေမှကိုး။"

Ryuk အလွန်ကို သဘောကျနေလေ၏။
"ဟ...ဒီ L ဆိုတဲ့ကောင်က တော်တော်လေး ဉာဏ်ပြေးသားကွ"

"အေးလေ..တကယ်တမ်းတော့လည်း ရဲတွေ သတိမထားမိလိုက်တာပါ။ ဒီအမှုတွေရဲ့ ပထမဆုံး သားကောင်ဖြစ်သွားတဲ့လူက မူလတန်းကျောင်းအနုကြမ်းစီးခဲ့တဲ့ ဓားသမားပေါ့။ ကျန်တဲ့တရားခံတွေနဲ့ယှဉ်ရင် ဒီဓားသမားက ပမွှားကလေး ဖြစ်နေတော့ ဘယ်သူမှ သတိမထားလိုက်မိတာပါ။ နောက်တခုရှိသေးတယ်။ အဲဒီတုန်းက အနုကြမ်းစီးတဲ့ကိစ္စကို ဂျပန်တနိုင်ငံထဲမှာပဲ လွှင့်သွားတယ်ဆိုတာပေါ့။ ဒီလောက်ဆိုရင်ကို မင်းဟာ ဂျပန်မှာရှိနေတယ်ဆိုတာပြောဖို့ လုံလောက်ပြီပေါ့။ ထပ်ပြောရရင်တော့ ပထမဆုံး အသတ်ခံလိုက်ရတဲ့သူဟာ မင်းကိုယ်မင်း ဘယ်လောက် လုပ်နိုင်စွမ်းရှိလဲလို့ စမ်းတာကို ခံလိုက်ရတာဆိုတာပါပဲ"

"ငါ့အတွက် ကံကောင်းချင်တော့ ငါထင်တဲ့အတိုင်းကို မင်းဟာ Kantou မှာရှိနေတာပဲ။ ရိုးရိုးသားသားဝန်ခံရမယ်ဆိုရင်တော့ ငါ့ကိုယ်ငါတောင် ငါ့အတွေးတွေ အဲဒီလောက် မှန်မယ်လို့ မထင်ဘူးဆိုတာပါ။ Kira.. မင်းကို ကြိုးစင်ပို့ဖို့တော့ အချိန်ယူရဦးမှာပါ။ မင်းဘယ်လိုနည်းနဲ့ ဒီလို လူတွေသတ်နေသလဲဆိုတာကိုတော့ ငါတော်တော်သိချင်တယ်ကွာ။ အင်း..မင်းကိုဖမ်းမိတဲ့ တနေ့ကျရင်တော့ ငါသိရမှာပါလေ။ ဆုံကြသေးတာပေါ့... Kira"

L ၏ စကားအဆုံးမှာပင် ထုတ်လွှင့်ချက် ပြီးသွားလေပြီ။ TV ကိုစိုက်ကြည့်ရင်း Light တွေတွေကြီး ရပ်နေမိသည်။

"ငါ့ကို ကြိုးစင်ပို့မယ်တဲ့။ မင်းကလား။ တွေ့ကြသေးတာပေါ့...L.."

Ryuk ကတော့ အပျော်ကြီးပျော်လျက်
"မင်းတို့ နှစ်ကောင်လုံးက နာမည်လည်းမသိ၊ မျက်ခွက်လည်းမသိ၊ ဘာဆိုဘာမှမသိတဲ့ လူတယောက်ကို တွေ့အောင်ရှာကြတော့မယ်ပေါ့။ အရင်မတွေ့တဲ့ကောင် သေမှာပဲ။ ဟေးဟေး...ငါထင်တာမှန်ပြန်ပြီ။ လူတွေဟာ တော်တော်ပျော်စရာကောင်းတယ်"

Light စိတ်ထဲမှ ကြုံးဝါးလိုက်သည်။
.....L.. ဘယ်လိုပဲဖြစ်ဖြစ် မင်းကိုငါတွေ့အောင်ရှာပြီး ရှင်းပစ်မယ်။ ငါဟာ တရားမျှတမှုကွ.....

L စိတ်ထဲမှ ကြုံးဝါးလိုက်သည်။
.....Kira.. ဘယ်လိုပဲဖြစ်ဖြစ် မင်းကိုငါတွေ့အောင်ရှာပြီး ရှင်းပစ်မယ်။ ငါဟာ တရားမျှတမှုကွ....။

No comments:

Post a Comment