သေမင်းတိုင်းပြည်
သေမင်းတိုင်းပြည်သည် ဆိတ်ငြိမ်လှသည်။ ကြွေအံလောင်းကစားနေကြသည့် သေမင်းတချို့ဆီမှ ရံဖန်ရံခါ ထွက်လာသော အသံများမှလွဲ၍ ပကတိ တိတ်ဆိတ်လှသည်။ သေမင်းတိုင်းပြည်တွင် သစ်ပင်မရှိ၊ မြက်ခင်းမရှိ၊ မြစ်ချောင်းအင်းအိုင် မရှိ။ မြေပြင်တွင် သေမင်းတို့ ဆော့ကစားထားသော အရိုးစုများ၊ ကျောက်စိုင်၊ ကျောက်ခဲများသာတွေ့ရမည်ဖြစ်ပြီး ကျောက်စွယ်၊ ကျောက်စွန်းများ၊ ကျောက်ဂူများနှင့်သာ ပြည့်နှက်နေသည်။
အချိန်သည် အကန့်အသတ်မရှိ ရှည်လျားလွန်းသည်ဟုထင်ရသည်။ သေမင်း အားလုံးနီးပါး လုပ်စရာမရှိ။
သေမင်းတချို့ အိပ်နေကြပြီး တချို့က လောင်းကစားနေကြသည်။ ကျန်သည့် သေမင်းများနှင့် မတူသည်က Ryuk (ရု)။ သူ တယောက်တည်း ထိုင်ငေးနေသည်။
“ဟေး Ryuk ငါတို့နဲ့ လာကစားစမ်းပါ။ တခါတလေ အပြောင်းအလဲပေါ့ကွာ။”
ကစားနေသော သေမင်း တယောက်က လှမ်းခေါ်သည်။
“တော်စမ်းပါကွာ။ မကစားချင်ပါဘူး”
Ryuk ခပ်အေးအေး ပြန်ငြင်းလိုက်သည်။ သူ ဘယ်တုန်းကမှ မကစားခဲ့ဖူးသည်ပဲ။
လူ့ပြည်
စာသင်ခန်းထဲတွင် ဆူညံနေသည်။ ဆရာက စာသင်နေသလို ကျောင်းသားအများစုကလည်း စကားပြောနေကြသည်။ အားလုံးနှင့် မတူသည်က Yagami Light (ယာဂါမီလိုဒ်)။ သူ ထိုင်ငေးနေသည်။
“Yagami ဒီစာကို ဖြေစမ်းပါကွာ”
ဆရာလှမ်းမေးသည့် စာကို သူ အေးအေးသက်သာပဲ ဖြေပြလိုက်သည်။ သူက အတော်ဆုံး ကျောင်းသား ဖြစ်သည်ပဲ။
“ယိုကိုဟားမားတွင် အသက် ၃၀ အရွယ် ယောက်ျားတဦး တိုက်ခန်းအတွင်း သေဆုံး…”
“တိုကျိုတွင် အသက် ၂၅နှစ်အရွယ် မိန်းမပျိုတဦးကို သူမ၏ ချစ်သူက သတ်ဖြတ်…”
Light အပြန်လမ်းတလျှောက် သတင်းများကြားရပြီး တွေးမိသည်…
“တရက်ပြီး တရက် ဒီသတင်းတွေပဲ။”
“ဘာမှ အဓိပ္ပာယ်မရှိဘူး။ လောကကြီးက စိတ်ပျက်စရာကောင်းလာပြီ။”
သေမင်းတိုင်းပြည်
Ryuk တယောက်တည်း ထိုင်တွေးနေမိသည်..

အနက်ရောင် စာအုပ်တအုပ် မြေပေါ်ပြုတ်ကျလာသည်ကို စာသင်ခန်းပြတင်းပေါက်မှ အပြင်ကို ငေးနေမိသော Light သတိထားလိုက်မိသည်။
ကျောင်းဆင်း၍ သူ သွာကောက်ကြည့်မိတော့ စာအုပ် အဖုံးတွင် ရေးထိုးထားသည်က
“သေမင်းစာအုပ်”
Light နည်းနည်းတော့ စိတ်ဝင်စားသွားမိသည်။ အတွင်းကို လှန်ကြည့်လိုက်တော့ မျက်နှာဖုံးအတွင်းဘက်တွင် အသုံးပြုပုံ ဆိုပြီး အသေအချာရေးထားသည်ကို သွားတွေ့မိသည်။
‘ဤစာအုပ်တွင် နာမည်အရေးခံရသောသူသည် မုချ သေရမည်။’
…ဟာသပဲ… သူ စာအုပ်ကို ပြန်ပစ်ချရင်း လှည့်ထွက်လာလိုက်သည်။
…စိတ်ပျက်လိုက်တာ၊ ရွှေပေလွှာတွေလိုပဲ၊ ပေါကြောင်ကြောင်နဲ့… တွေးရင်း လျှောက်လာသော်လည်း သူ့စိတ်က မပြတ်သား။
….နာမည်ရေးရင်ပဲ သေရမတဲ့……ဟာ သွားပြန်ကောက်မှပါပဲ၊ ဘာတွေများ ပေါက်ကရရေးထားသေးလဲမသိ၊ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ၊ အပျင်းပြေပေါ့….. ဒီလိုနဲ့ သူ့ဆီ သေမင်းစာအုပ် ပါလာလေသည်။
…ငါလိုကောင်က ဒီပေါကြောင်ကြောင် စာအုပ်ကို သွားကောက်လာတယ်။ ငါရူးများ ရူးနေပြီလား… သူ့ဟာသူ တွေးရင်း သဘောကျနေမိ၏။
သူ့အခန်းထဲရောက်မှ စာအုပ်ကို သေချာထိုင်စပ်စုတော့..
‘သေစေလိုသူ၏ နာမည်ကို ရေးနေချိန်တွင် ထိုသူ၏ မျက်နှာကို မျက်စိထဲတွင် မြင်ယောင်၍ ရေးရမည်။ သို့မဟုတ်ပါက နာမည်အရေးခံရသူ သေမည်မဟုတ်’
‘သေစေလိုသူ၏ နာမည်ကို ရေးပြီး စက္ကန့် ၄၀ အတွင်း သေဆုံးရမည့် ပုံစံနှင့် အခြေအနေကို ရေးသွင်းပါက ထိုအခြေအနေအတိုင်း သေဆုံးလိမ့်မည်’
‘မည်သို့ သေဆုံးရမည်ကို မရေးသွင်းပါက နှလုံးရောဂါဖြင့် သေဆုံးလိမ့်မည်’
‘မည်သို့ သေဆုံးရမည်ကို ရေးသွင်းခဲ့သော် အခြားအသေးစိပ် အချက်အလက်များ ဖြည့်စွက်လိုက ဖြည့်စွက်နိုင်ရန် နောက်ထပ် ၆ မိနစ် ၄၀ စက္ကန့် အချိန်ပိုပေးသည်’
…..သြော်..ဒီလိုဆိုတော့ လူတွေကို မြန်မြန်သတ်မလား၊ ဝေဒနာခံစားရအောင် အချိန်ဆွဲသတ်မလားပေါ့လေ….ဒီလို ပေါကြောင်ကြောင် ကိစ္စအတွက် ဒီလောက်တောင် ဒုက္ခခံပြီး အသေးစိတ်ရေးထားတယ်၊ အလာကြီးပဲ….
….လူတယောက်သေအောင် နာမည်ရေးရမယ်…အဓိပ္ပာယ်မရှိလိုက်တာကွာ……..
….အပျင်းပြေ နာမည် ရေးကြည့်ရင် ကောင်းမလား….
…..ဟယ် မပြောကောင်း မဆိုကောင်း၊ ငါရေးလိုက်မှ အဲဒီလူ တကယ်သေသွားရင် ငါ့မှာ နေရင်းထိုင်ရင်း လူသတ်သမား ဖြစ်သွားတော့မပေါ့၊ မဖြစ်သေးပါဘူး….
…ဟာ တကယ်လည်း သေမှာမှ မဟုတ်ပဲ….
ထိုအချိန်တွင် Light ၏အခန်းအတွင်း ဖွင့်ထားသော TV မှသတင်းလာနေသည်မှာ..
“ရှုဂျူး စီးပွားရေးနယ်မြေတွင် ယမန်နေ့က လူ၆ဦးအား တိုက်ခိုက်သွားသော လူသတ်သမားသည် ဤ မူကြိုကျောင်းတွင်းသို့ ၀င်ရောက်၍ ကလေးငယ်များနှင့် ဆရာမများအား ဓါးစာခံအဖြစ် ဖမ်းဆီးထားသည်။ ရဲတပ်ဖွဲ့မှ အတည်ပြု ပြောကြားသည်မှာ တရားခံသည် အသက် ၄၂ နှစ်အရွယ် အလုပ်အကိုင်မရှိသူ Mr Otaharada Kirou ဖြစ်သည်ဟုဆိုသည်”
TV ဖန်သားပြင်တွင် တရားခံ၏ နာမည်နှင့် ပုံပါပြနေသည်ကို Light ကြည့်နေရင်း သေမင်းစာအုပ်ထဲတွင် တရားခံနာမည်ကို ရေးချလိုက်လေတော့သည်။
၁..၂..၃……၄၀….
သတင်းဆက်ပြနေသည်။
…အဟတ်၊ ဘာမှမဖြစ်ပါဘူး…ငါထင်သားပဲ…
ထိုစဉ်
“အို၊ တခုခုတော့ ဖြစ်ကုန်ပြီ၊ ဓါးစာခံတွေ လွတ်လာကြပြီ။ အများကြီးပဲ အများကြီးပဲ။ အားလုံး ဘာမှ ဖြစ်ပုံ မပေါ်ဘူး။ ရဲတွေ အဆောက်အဦးဆီ ပြေးသွားကုန်ကြပြီ။”
Light ကြောင်ကြည့်နေမိသည်။
“ဘာတွေဖြစ်ကုန်ပြီလဲ။ တရားခံကို မိပြီလား။ မိပြီတဲ့။ မဟုတ်ဘူး။ တရားခံ မူကြိုထဲမှာ သေနေတာတွေ့တယ်တဲ့။ သေချာတယ် သေနေပြီ။”
….သေပြီ… Light မျက်လုံးပြူးရပြီ။
“ရဲတပ်ဖွဲ့ကလည်း ပစ်ခတ်မှု လုံးဝမလုပ်ဘူးလို့ ဆိုပါတယ်။ ဒါဖြင့် သူ ပြေးပေါက်မရှိတော့လို့ ကိုယ့်ကိုယ်ကို သတ်သေလိုက်တယ်လို့ ယူဆရမလား။ ဓါးစာခံတွေရဲ့ ပြောကြားချက်အရတော့ တရားခံဟာ ရုတ်တရက် လဲကျသွားတယ်လို့ ဆိုပါတယ်”
Light သိလိုက်ပြီ။ ….နှလုံးရောဂါ…
…မဖြစ်နိုင်ဘူး၊ တိုက်ဆိုင်တာပဲ ဖြစ်ရမယ်၊ ဒါ တိုက်ဆိုင်တာ….
…သေမင်းစာအုပ်…ဒါ တကယ် ဟုတ်မဟုတ် ငါ ထပ်စမ်းကြည့်ရတော့မယ်…ဟူး…စမ်းရင်လည်း တကယ့် လူဆိုးတွေကို စမ်းမှဖြစ်မှာပဲ…..ဒါပေမယ့် လူမသိ သူမသိ လူဆိုးဆိုလည်း သူတို့ သေမသေ ငါသိမှာ မဟုတ်ဘူး…ဒီစာအုပ် တကယ် အလုပ် လုပ်မလုပ် ငါအခုသိမှ ဖြစ်တော့မယ်….အတန်းထဲက ခပ်ဆိုးဆိုးကောင်ကို စမ်းရင် ကောင်းမလား…မဖြစ်သေးဘူး၊ ငါနဲ့ သိတဲ့လူတွေကို ရှောင်မှ ဖြစ်မယ်…
…အင်း..စဉ်းစားကြည့်တော့လည်း ဒီလို ခပ်ဆိုးဆိုးကောင်တွေ မရှိရင် ကမ္ဘာကြီးဘယ်လောက်တောင် ကောင်းသွားလိုက်မလဲ….
ဆက်ဖတ်ရန်

No comments:
Post a Comment