"ကျောင်းဆိုတာကြီးက ပျင်းဖို့ကောင်းလိုက်တာကွာ"
Light ကျောင်းအဆင်း Ryuk ကပြောသည်။
သို့သော် Light ကဘာမှ ပြန်မပြော။ ပုံမှန်လေးပဲ လမ်းဆက်လျှောက်နေသည်။
"ဟေ့ကောင် Light ငါပြောတာ မင်းနားထောင်နေရဲ့လားကွ"
"Ryuk ခင်ဗျား ကျုပ်ကို စကားလာပြောမနေနဲ့"
လေသံလေးဖြင့် Light ကပြောသည်။
"ခင်ဗျားပြောတဲ့ အသံကို လူတွေက မကြားရပေမယ့် ကျုပ်စကားပြောရင်တော့ သူတို့ ကြားကြတယ်ဗျ။ အဲတော့ တဆိတ် တိတ်တိတ်နေပါ"
"ဟူး....ပျင်းပါတယ်ဆိုမှကွာ"
"ဟေး..Light ရေ..ငါတို့ ဒီနေ့ အစီအစဉ်လေးရှိတယ်။ လိုက်မလားကွ"
အတန်းဖော်သူငယ်ချင်းများက လှမ်းခေါ်သည်။
"ဟေ့အေးကွာ။ ငါ ဒီနေ့ မအားဘူးကွ။ လုပ်စရာလေးတွေရှိလို့"
Light ငြင်းလိုက်သည်ကို ကြားတော့ Ryuk က
"အမယ်..မင်းအားပါတယ်ကွာ။ အရင်လိုပဲ အိမ်တန်းပြန်မှာ မဟုတ်ဘူးလား"
လို့အထွန့်တက်သည်။
"ခင်ဗျား နားမလည်ပါဘူး။ ကျုပ်မှာ အရေးကြီးတဲ့ကိစ္စတွေ လုပ်စရာရှိတယ်"
အိမ်ပြန်ရောက်သည်နှင့် Light တယောက် သူ့အခန်းထဲတွင် အလုပ်ရှုပ်နေတော့သည်။ TV သတင်းကိုဖွင့်၊ သေမင်းစာအုပ်ပေါ်တွင် သတင်းမှ လာသမျှ အမှုအခင်းများ၏ တရားခံများနာမည်များကို တကုပ်ကုပ်နှင့် ရေးထည့်နေတော့သည်။
Light ၏ကုတင်ပေါ်တွင် ပန်းသီးစားရင်း ဇိမ်ကျနေသည့် သေမင်း Ryuk က
"ဟေ့ Light မင်း တော်တော်ကြိုးစားတဲ့ကောင်ပဲ။ ဘာဖြစ်လို့ ဒီလောက်တောင် နာမည်တွေ စွတ်ရေးနေတာလဲ"
"ကျုပ် အချိန်မဖြုန်းနိုင်ဘူးလေ။ ဒီစာအုပ်ကို အချိန်တိုင်းမှ ကျုပ်မသုံးနိုင်တာ။ ကျောင်းကနေအိမ်ပြန်ရောက်တဲ့အချိန်ကနေ ကျုပ်မအိပ်ခင်အချိန်လေးထိပဲ သုံးနိုင်တာကိုးဗျ။ ဒီကြားထဲ ကျောင်းမှာ အရင်အတိုင်း ထိပ်ဆုံးကနေကျမသွားအောင် ကြိုးစားရသေးတယ်။ အဲဒီတော့ အတန်းထဲ သူများတွေလို အိပ်လို့ မရပြန်ဘူး။ အိပ်ရေးကလည်း အပျက်ခံလို့ မဖြစ်။ အိပ်ရေးပျက်ရင် ကျန်းမာရေးလည်း ထိခိုက်တယ်။ စဉ်းစားတွေးခေါ်နိုင်စွမ်းလည်း ကျတယ်ဗျ။ ကျုပ်မှာ ကမ္ဘာကြီး ကောင်းမွန်ဖို့အတွက် လုပ်နေရတာ။ အချိန်ဘယ်လောက်ရှိရှိ လောက်ကို မလောက်နိုင်ဘူး။"
ထိုစဉ်ခဏမှာပင်..
"ဒေါက်..ဒေါက်...ဟေး..ကိုကို..ဘာလို့ တံခါးသော့ခတ်ထားတာလည်း"
Light ကတံခါးမဖွင့်သေးဘဲ
"Sayu (ဆာယု).. ငါ့ညီမ..ဘာဖြစ်လို့လဲ"
"ညီမလေး အိမ်စာတွေ ကူလုပ်ခိုင်းမလို့ပါ"
"သြော်..အေးအေး..လုပ်ပေးမယ်"
ပြောပြောဆိုဆို သေမင်းစာအုပ်ကို စာကြည့်စားပွဲ အံဆွဲထဲထည့်၍ တံခါးသွားဖွင့်ပေးလိုက်သည်။
"စာကျက်နေတုံး လာနှောက်ယှက်ရတာ ဆောရီးပါ ကိုကိုရာ။ သင်္ချာတွေ ခက်လွန်းလို့ပါ၊ လုပ်ပေးပါနော်"
ချွဲနွဲ့နွဲ့လေးပြောရင်း Sayu စာကြည့်စားပွဲမှာ သွားထိုင်လိုက်သည်။
ဒီတော့မှ Ryuk ကပြောသည်။
"Light မင်းကြည့်လုပ်နော်။ သေမင်းစာအုပ်ကို တယောက်ယောက် ကိုင်မိတယ်ဆိုရင် အဲဒီလူဟာ စာအုပ်ပိုင်ရှင် သေမင်းကို မြင်ရမှာပဲ။"
Light လန့်သွားသည်။
.....Ryuk အကျင့်မကောင်းတဲ့ သေမင်းကြီး။ ဒီလောက်အရေးကြီးတဲ့ကိစ္စကို ခုမှ ငါ့ကိုပြောတယ်.....
အံဆွဲရှေ့ ပိတ်ပြီးရပ်ကာ သူ့ညီမကို စာရှင်းပြရတော့သည်။
No comments:
Post a Comment