စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Thursday, February 27, 2014

သေမင်းစာအုပ် (၃၂.၂)

.... Mikami ကတော့ ငါဖြစ်စေချင်တဲ့အတိုင်း Demegawa ကိုသတ်ပစ်လိုက်တာကတော့ ဟုတ်ပါပြီ။ ဒါပေမယ့် ခုဆို ငါလူတွေကို ပြောချင်ဆိုချင်တာတွေရှိရင် ပြောခိုင်းလို့ရတဲ့ Kira ကိုယ်စားလှယ် မရှိတော့ဘူး။ မင်း ဘာဆက်လုပ်မလဲ ....
Light တဦးတည်း တွေးတောနေသည်။

တချိန်တည်းတွင် Mikami မှာလည်း
.... Kira ငါ့ကို ဘာမှ မပြောသေးပါလား။ သူ ငါ့ကို ဆက်သွယ်ဖို့ အဆင်မပြေလို့ ဖြစ်ရမယ်။ ဒါပေမယ့် ခုလို Kira ကိုယ်စားလှယ် မရှိလို့မဖြစ်ဘူး။ ဒီတော့ ငါ့ဟာငါပဲ ကိုယ်စားလှယ်ကို ရှာမှဖြစ်တော့မယ် ...

Mikami သည် Kira ကိုယ်စားလှယ် ရွေးချယ်ရန် စဉ်းစားရာတွင် တချိန်က စကားရည်လုပွဲတခုတွင် သူနှင့် ရင်ဆိုင်ကြုံတွေ့ ရင်းနှီးခဲ့ရသည့် Takada Kiyomi ကိုသွားသတိရမိသည်။
.... အဲဒီတုန်းက Kira အကြောင်း စကားစလိုက်တာနဲ့ သူ့အမူအရာပြောင်းသွားတာပဲ။ လူဆိုးတွေ၊ လောကကြီးကို ဘာမှ ကောင်းကျိုးမပေးတဲ့လူတွေကို သူမုန်းတီးတယ်ဆိုတာ ပြောသွားတဲ့စကားတွေကို ကြည့်ရင် သိသာတယ်။ နောက်ပိုင်း ဟိုသွား၊ ဒီသွား ချိန်းတွေ့တော့လည်း သူ့အပြောတွေ၊ အမူအရာတွေက Kira ကိုလုံးဝ ထောက်ခံတယ်ဆိုတာ သေသေချာချာပြနေတာပဲ ....

သို့ဖြင့် တရက်သော်
"ဟေ့ဟေ့ သတင်းစာထဲမှာ ပါလာတယ်ဟေ့။ Kira က သူ့အတွက် ကိုယ်စားလှယ်ရွေးမယ်တဲ့။ TV ဖွင့်ကြည့်ကြစမ်းပါ"
Matsuda အခန်းတွင်းသို့ ၀င်လာရင်း ပြောလိုက်သည်။

NHN သတင်းအစီအစဉ်မှ ထုတ်လွှင့်နေသည့် အစီအစဉ်တွင်
"မင်္ဂလာ ညနေခင်းပါရှင်။ ကျမတော့ News 6 သတင်းဌာနက Takada Kiyomi ပါ။ တဆက်တည်း ပြောကြားလိုတာကတော့ ဒီနေ့ကစပြီး Kira ပြောကြားလိုတဲ့ စကားလုံးများကို ကျမကပဲ အတိအကျ ကြေငြာပေးသွားမှာ ဖြစ်ပါတယ်"

Light ကား TV ကိုကြည့်ရင်း ခေါင်းခဲလေပြီ။
... ဟာ Mikami ကတော့ လုပ်ချလိုက်ပြီ။ ရွေးမယ့်ရွေးတော့ ငါ့ရည်းစားဟောင်းကိုမှ တည့်တည့်ရွေးတာပါပဲလား။ ငါနဲ့ သူနဲ့အကြောင်း ကျန်တဲ့လူတွေ ချက်ချင်းကို ရိပ်မိကြမှာပဲ ....

... ဟင် ဒါ Light ကျောင်းတုန်းကတွဲခဲ့တဲ့ ကောင်မလေးပဲ၊ လုံးဝ သေချာတယ်။ ငါကိုယ်တိုင် နောက်ယောင်ခံလိုက်ခဲ့ဖူးတာ ဒီကောင်မလေးပဲ ...
Mogi တွေးရင်း Aizawa ဆီထသွားကာ တီးတိုးတီးတိုး ပြောနေတော့သည်။

... အင်း တဖက်ကလှည့်တွေးကြည့်တော့လည်း သူ့ကို ရွေးလိုက်တာ ကောင်းသားပဲ။ ငါနဲ့သူက ဇာတ်လမ်းလေးတွေရှိခဲ့ဖူးတာဆိုတော့ ငါ့ဘက်ကို ပါလာအောင် လုပ်ဖို့ မခက်ဘူး။ အချိန်ဆွဲလို့ မဖြစ်ဘူး။ ခပ်မြန်မြန် ဆက်သွယ်မှပဲ ...
Light ဆုံးဖြတ်လိုက်တော့သည်။

Aizawa မှာလည်း အတွေးများနေရတော့သည်။
... ဒီကောင် သူ့ရည်းစားဟောင်းကို Kira ကိုယ်စားလှယ် လုပ်ခိုင်းရအောင်အထိတော့ အတင့်မရဲလောက်ပါဘူး။ နောက်ပြီး သူ ဘယ်သူ့ကိုမှ ဆက်သွယ်တာလည်း ငါတို့ မတွေ့မိပါလား ...

"အားလုံးပဲ တဆိတ်လောက်ဗျာ။ Takada ကိုစုံစမ်းရေးမှာ သုံးရအောင်လို့ဆိုရင် ခင်ဗျားတို့ ဘယ်လို သဘောရကြလဲ။ ရိုးရိုးသားသား ပြောရရင်တော့ဗျာ၊ သူက ကျောင်းတုန်းက ကျနော့်ရည်းစား ဖြစ်ခဲ့ဖူးပါတယ်။ အခု သူ့ကို Kira ကဆက်သွယ်ပြီး ကိုယ်စားလှယ် လုပ်ခိုင်းတယ်ဆိုတော့ Kira ကိုဖမ်းဖို့ သူ့ကို အသုံးချရင် အကောင်းဆုံး ဖြစ်မယ်ထင်တယ်လေ"
Light ရုတ်တရက် ထပြောလိုက်တော့

... သြော် ထုတ်တောင်ပြောတယ်ဆိုတော့ လျှို့ဝှက်ထားဖို့ အစီအစဉ် မရှိဘူးပေါ့လေ ...
Aizawa အံ့သြသွားသည်။

"Kira က ခြိမ်းခြောက်ပြီး ခိုင်းနေတာ ဆိုရင်ကောကွ။ သူ ငါတို့နဲ့ ဘယ်ပူးပေါင်းရဲပါ့မလဲ"
Matsuda ပြောလေသည်။

"ဒါ အရေးမကြီးပါဘူး။ ကျနော့်မှာ သူ့ဖုန်းနံပါတ် ရှိနေတုန်းပဲ။ ကျနော် တွေ့ချင်ရင် တွေ့လို့ကို ရပါတယ်"
Light ကယုံကြည်စွာ ပြောလိုက်သည်။

"အကျိုးနဲ၊ မင်းက အလာကြီးပါလားကွ Light"

"တခုတော့ ရှိတယ်။ သူ့ကို Kira ဖမ်းဖို့ ကူညီပါလို့ ဆိုရင်တော့ လွယ်မှာမဟုတ်ဘူး။ ကျောင်းတုန်းကတည်းက သူက Kira ကိုထောက်ခံတာဗျ"

"ဟေ"

"ဟုတ်တယ်။ ဒါပေမယ့် သူ့ကို သုံးလို့ ရကိုရပါတယ်။ အခု ဂျပန်ရဲက Kira ကိုထောက်ခံတယ်လို့တောင် ဆိုထားတယ်မဟုတ်လား။ အဲတော့ ကျနော်ရဲတပ်ဖွဲ့မှာ လုပ်နေတယ်ဆိုတာ သူ့ကို ပြောလိုက်မယ်။ ပြီးတော့ Kira ရဲတွေကို ဘာများပြောချင်၊ ခိုင်းချင်သလဲ မေးပေးပါဆိုပြီး ခိုင်းလိုက်မယ်လေ။ Kira ကိုထောက်ခံတဲ့လူဆိုတော့ ဒီလိုအပြောမျိုးကို ဘာမှ သဘောမကျစရာအကြောင်းမရှိဘူး"

"မင်းပြောသလောက် အဆင်ပြေပါ့မလားကွ"

"မသိဘူးလေ။ စမ်းကြည့်ရမှာပေါ့"

"အေးလေ။ စမ်းကြည့်တာပေါ့"

"ဒါဆို ကျနော် ခုပဲ သူ့ကို ခေါ်လိုက်မယ်"
Light ဖုန်းကို ထုတ်ရင်း လှည့်ထွက်သွားတော့

"မင်း Takada နဲ့ စကားပြောရင် ငါတို့ အားလုံးကြားအောင် ပြောပါလား Light"
Aizawa က ထပြောလိုက်သည်။

Light ပြန်လှည့်လိုက်ရင်း
"ရပါတယ်လေ။ နားထောင်ပေါ့။ ပြောရတာ မဟုတ်ဘူး။ တော်ကြာ သူပြောတဲ့အထဲမှာ Kira အကြောင်း ပါရင် ပါနေဦးမှာ"

ဤသို့ဖြင့် Light ဖုန်းခေါ်တော့သည်။
"ဟဲလို"
ဘယ်ကမှန်းမသိသော ဖုန်းကို Takada ကိုင်လိုက်သည်။

"Takada ... ကျနော်ပါ Light"

Takada ရင်ထဲ လှပ်ကနဲဖြစ်သွားသည်ကို ထိန်းလိုက်ရင်း
"Light.. မတွေ့ဖြစ်တာ ကြာပြီပဲ။ ဘာကိစ္စများလဲ"

"အရေးတကြီး ပြောစရာလေးရှိလို့ပါ။ ကျနော်တို့ နှစ်ယောက် တနေရာရာမှာများ တွေ့လို့ရမလား၊ အကူအညီ တောင်းစရာလေးလည်း ရှိလို့"

"အကူအညီ ဟုတ်လား"

"အင်း ဟုတ်တယ်။ Takada က လောလောဆယ် တကမ္ဘာလုံးက အရေးစိုက်ခံနေရတဲ့သူဆိုတော့ အချိန်ပေးနိုင်ဖို့ ခက်မယ်ဆိုတာလည်း နားလည်ပါတယ်"

Takada သူ့စိတ်ထဲရှိသည်ကို ပွင့်ပွင့်လင်းလင်း ဖွင့်ပြောလိုက်သည်။
"အချိန်မပေးနိုင်တာကတော့ မှန်ပါတယ်။ ဒါပေမယ့် ရှင် ကျမကို အဆက်အသွယ် မလုပ်တာဘဲ ကြာလှရှိနေပြီလေ"

Light ကတော့ တည်တည်ငြိမ်ငြိမ်ပင်။
"အင်း အဲဒါလည်း မှန်တာပါပဲ။ ကျောင်းတုန်းက အခြေအနေအရ Takada ကို ကျနော် တွေ့ချင်သလောက် တွေ့ခွင့် မရခဲ့ဘူး။ ပြောချင်တဲ့ စကားတွေ မပြောခဲ့ရဘူး။ ဒါပေမယ့် အခု ကျနော်တို့ အလုပ်တွေကြောင့် နှစ်ယောက် ပြန်တွေ့ရတော့မယ်။ ဖူးစာပဲ ထင်ပါရဲ့ဗျာ"

"အလုပ်ကြောင့်.. ရှင် ဘာတွေ ပြောနေတာလဲ"

"အခု ကျနော် ရဲဘက်မှာ အလုပ်လုပ်နေတယ်။ အဲဒါ ကျနော် Takada ကို ပြောပြစရာ တခုရှိနေလို့"

"ပြောမယ်ဆိုတော့ နားထောင်ရတာပေါ့။ ကူမယ် မကူဘူးတော့ အာမ မခံနိုင်ဘူးနော်"

"ရပါတယ်။ အရင်ဆုံး တနေရာမှာ တွေ့ရအောင်။ Takada ကြိုက်တဲ့နေရာ ရွေးပါ။ နှစ်ယောက်တည်း အေးအေးဆေးဆေး စကားပြောကြတာပေါ့"
Light စကားကို အငြင်သာဆုံး ပြောလိုက်လေသည်။

Takada မူမထားနိုင်တော့။ သူ Light ကိုတကယ်ပဲ တွေ့ချင်လှသည်လေ။
"အင်းလေ။ ဒါဆိုလည်း နောက်တနေ့ သတင်းပြီးရင် တွေ့ကြတာပေါ့"

"ဟုတ်ပြီ။ အဲလိုဆို ကျနော် ဟိုတယ် တခန်းငှားထားလိုက်မယ်လေ။ အေးအေးဆေးဆေး ပြောကြတာပေါ့"

"ဖြစ်ပါ့မလားရှင်။ ကျမသိသလောက် ရှင်က ဟိုမော်ဒယ်မလေး Misa နဲ့ အတူတူနေနေတာ မဟုတ်လား။ ဘာလဲ.. ဒါမှမဟုတ် အဆင်မပြေတော့လို့ ကျမဆီ ပြန်လှည့်လာတာလား"

"အာ.. မဟုတ်ပါဘူး။ ဟိုဗျာ.. ပွင့်ပွင့်လင်းလင်း ပြောရရင် ကောင်မလေးက ကျနော်နဲ့ မလိုက်ဖက်ဘူးဗျ။ ကျနော့် လက်တွဲဖော်ဖြစ်ဖို့ သူ့မှာ လုံလောက်တဲ့ အရည်အချင်း မရှိဘူးဗျ။ အူကြောင်ကြောင်လေးရယ်"

သို့ဖြင့် Light နှင့် Takada တို့ ဟိုတယ်ခန်းတခုအတွင်း ပြန်လည် တွေ့ဆုံဖြစ်ကြမည့် ရက်သို့ရောက်လာလေသည်။

ထိုအချိန်တွင် Melo မှာ သာမန် မိန်းကလေးဘ၀ ရောက်သွားပြီဖြစ်သော Misa ကိုရက်ပေါင်းများစွာ တိတ်တဆိတ် စောင့်ကြည့်ပြီး အတွေးရခက်နေသည်။
.... ဟိုကောင် Near ပြောတော့ ဒီဟာမလေးက ဒုတိယ Kira ဖြစ်လိမ့်မယ်တဲ့။ ငါကြည့်ရသလောက်တော့ ဆတ်ကော့လတ်ကော့နဲ့ အူတိအူကြောင်လေးပဲ။ Kira ဖြစ်နိုင်ပါ့မလား ....

တချိန်တည်းတွင် Mikami မှာလည်း
...Kira ခုထိ ငါ့ကို မဆက်သွယ်သေးဘူး။ သူငါ့ကို ဆက်သွယ်ဖို့ အခက်အခဲ ရှိနေတယ်ဆိုရင် Takada ကိုဆက်သွယ်မှာပဲ ....

TV တွင် Takada သတင်းကြေငြာပြီး Kira ထံမှ အမှာစကားကို ထုတ်လွှင့်နေလေပြီ။
"ဒီကမ္ဘာကြီးကို ဒုက္ခပေးနေတဲ့လူတွေမှ မဟုတ်၊ အရည်အချင်းရှိပြီး အကျိုးရှိမယ့်အလုပ် မလုပ်တဲ့လူတွေကိုလည်း ခွင့်မလွှတ်ဘူးဆိုတာ သိစေချင်တယ်"

ဟိုတယ်ခန်းဆီသွားရင်း သတင်းလွှင့်နေသည်ကိုကြားသော Light ပင် မျက်ခုံးပင့်သွားသည်။
... ဟ၊ Mikami စွတ်ရွတ်လုပ်နေပြီ။ ငါ မြန်မြန်ကို ဒီကောင်နဲ့ အဆက်အသွယ်ရမှ ဖြစ်လိမ့်မယ် ...

သူရောက်တော့ ဟိုတယ်ခန်းကို Aizawa တို့တဖွဲ့လုံး နေရာလပ်မကျန်အောင် ကင်မရာတွေတပ်၊ အသံဖမ်းစက်တွေတပ်ထားပြီးလေပြီ။

"ကဲ.. Light နေရစ်ပေတော့၊ သတင်းလည်း ပြီးတော့မယ်။ ငါတို့လည်း သွားတော့မယ်။"
သူတို့ အပြီးကို ရပ်စောင့်နေသော Light ကိုနှုတ်ဆက်ပြီး ထွက်သွားတော့သည်။

အချိန်အနည်းငယ်ကြာသော်
တံခါးခေါက်သံနှင့်အတူ Takada ရောက်လာလေသည်။

"ကို မင်းကို တွေ့ချင်လွန်းလို့ စောင့်နေတာ ကြာပြီ"
Light ချက်ချင်းပဲ ပြော၍ Takada ကိုဆီးပွေ့လိုက်တော့သည်။

မဆွတ်ခင်က ညွတ်ချင်နေသော Takada မှာ ရုန်းမထွက်မိ။

"ဆောရီး။ ကို နည်းနည်းများ ရိုင်းသွားလားမသိဘူး။ ထိုင်ပါ Takada"
Light ကိုယ်ချင်းခွာရင်း Takada ကို သူနှင့် မျက်နှာချင်းဆိုင် ထိုင်ခိုင်းလိုက်သည်။

Takada ကား ဘာမှ မပြောနိုင်။ ရီဝေသော မျက်လုံးများနှင့်သာ Light ကိုကြည့်လျက်။

"ဘာလို့လဲတော့ မသိဘူး။ ကို့စိတ်ထဲမှာ ကိုတို့နှစ်ယောက် မတွေ့ကြတာ ကြာပြီလို့ မခံစားရဘူး။ ဟိုတုန်းက အဖြစ်အပျက်တွေကို အရမ်းကို ရင်းရင်းနှီးနှီး မှတ်မိနေသေးတယ်"
Light ဖြည်းဖြည်းလေး ပြောနေလေသည်။

Takada လှိုက်ကနဲဖြစ်ပြီး မျက်လုံးလေးများပင် ကျယ်သွားသည်။ ပြီးမှ
"ဆောရီးနော်၊ ပြောစရာရှိတဲ့အကြောင်း ပြောရအောင်...."

သူ့စကား မဆုံးလိုက် ဖုန်းဝင်လာသည်။
"ဟင်.. Kira!"
သူ့ကိုယ်သူ မထိန်းလိုက်နိုင်မီ စကားလုံးက ထွက်ကျသွားသည်။

"ဟေ့ဟေ့ Kira တဲ့ကွ"

"ဖြစ်နိုင်ပါ့မလား။ Kira က တိုက်ရိုက်ဆက်သွယ်ပါ့မလား"
ကင်မရာမှ ကြည့်နေသော Aizawa တို့ ပြာယာခတ်သွားလေပြီ။

Light မှာလည်း
... Mikami ပေါ့ ..

"ဖုန်းဖြေလိုက်ပါ၊ ရပါတယ်"
Light က မသိသလို ပြောလိုက်တော့မှ

"ဟဲလို....ဟုတ်ကဲ့ .... သူငယ်ချင်းတယောက်နဲ့ပါ .... အင်း တခြား ဘယ်သူမှ မရှိဘူး"

Takada ပြောသည်ကို နားထောင်ရင်း Light တွေးနေသည်။
.... တော်သေးတာပေါ့ကွာ ဖုန်းဖြေလိုက်တာ ကံကောင်းတာပဲ။ Mikami မင်း ကံကောင်းလေမလားလို့များ ဖုန်းဆက်တာလား ....

"ဟင့်အင်း၊ ဒါက စီစဉ်ထားတာ မဟုတ်ပါဘူး။ သူက ရုတ်တရက်ကြီး တွေ့ရအောင်ဆိုလို့ တွေ့ဖြစ်သွားတာ"

တဖက်တွင် Mikami လည်း Takada ပြောတာနားထောင်ရင်း
.... ဘယ်လိုလူက Kira ကိုယ်စားလှယ်ကို နှစ်ယောက်တည်း တွေ့ခွင့်တောင်းမလဲ ....

"အဲဒီလူကို ဖုန်းပေးလိုက်ပါ"
Mikami ဆုံးဖြတ်ပြီး ပြောလိုက်သည်။

"ရှင့်ကို စကားပြောချင်တယ်တဲ့"
Takada ဝေခွဲမရသော မျက်နှာနှင့် Light ကိုပြောလိုက်တော့

... ငါမင်းကိုရွေးတာ သိပ်မှန်ပါလား Mikami ....
Light တွေးရင်း ဖုန်းကို ယူလိုက်လေတော့သည်။

"ဟာ Kira က Light ကို စကားပြောချင်လို့တဲ့"

"တကယ့်Kira ဆိုရင် အန္တရာယ်ရှိနိုင်တယ်နော"
Matsuda တို့ Aizawa တို့ ပွစိ ပွစိ ဖြစ်ကုန်သည်။

"ဘာများ ပြောချင်လဲဗျာ"
Light တည်တည်ငြိမ်ငြိမ် ပြောလိုက်တော့

"မင်းဘယ်သူလဲ"
Mikami ခပ်ရင့်ရင့်ပင် မေးလိုက်သည်။

"ဟေ! ဘာလဲကွ November ၂၆၊ ဘယ်က စာရွက် ၅ ရွက်လဲ။ မင်း ဘာတွေ ပြောနေတာလဲ"
Light မျက်နှာတချက်မပျက်ဘဲေ၀၀ါးဝါးဟန်နှင့် ပြန်ပြောလိုက်သည်။

တဖက်မှ Mikami ချက်ချင်း သဘောပေါက်လိုက်လေပြီ။
သူ့ဆီ သေမင်းစာအုပ် ရောက်လာသောနေ့၊ ညွှန်ကြားချက်များ ပါရှိသည့် စာရွက် ၅ ရွက်။
သူ့ကို စကားပြောနေသူသည် Kira၊ သူ ကိုးကွယ်ယုံကြည်သော အရှင်သခင် (God) ။

သူ စိတ်လှုပ်ရှားစွာ ခေါ်လိုက်သည်။
"God!!!"

Light ကျေနပ်စွာ နားထောင်ရင်း
... ဟုတ်ပြီ Mikami မင်း ငါ့အခြေအနေကို ဘယ်လောက်အထိ နားလည်မလဲ ဆိုတာပဲ ကျန်တော့တယ် ...

သူ သိပ်မစောင့်လိုက်ရ၊ Mikami ပြောလာသည်။
"အရှင် စကားကို လွတ်လွတ်လပ်လပ် ပြောလို့ မရဘူးနဲ့တူတယ်"

"ဟုတ်တယ်"

"အရှင့်ကို စောင့်ကြည့်နေကြတာလား"

"အင်း မှန်တယ်။ နေစမ်းပါဦး မင်းကရော တကယ့်Kira ဟုတ်ရဲ့လား"
Light ဒက်ကနဲ ပြောချလိုက်သည်နှင့် Mikami ကလည်း ဒက်ကနဲ နားလည်ပြီးသား။

... သူငါ့ကို Kira ဖြစ်ကြောင်း သက်သေပြခိုင်းနေပြီ ....

"Sakura TV ဖွင့်လိုက်ပါ အရှင်"

"Sakura TV ဟုတ်လား"
ကျန်သူများပါ ကြားအောင် Light အသံကျယ်ကျယ်လေး ပြောလိုက်သည်။

"ကဲ Sakura တဲ့ဟေ့"
Aizawa တို့ အလုပ်ရှုပ်သွားပြန်သည်။

မကြာမီပင် Sakura TV တွင် Demegawa အစား သရုပ်ဆောင်နေသူ လဲကျသေဆုံးသွားသည်ကို တွေ့ရတော့သည်။

"ဟာ Kira အစစ်ပဲ"
Matsuda အလန့်တကြား ရေရွတ်လိုက်မိသည်။

.... ငါထင်တာထက်တောင် မင်းတော်နေပါလား Mikami ...
Light ကျေနပ်စွာတွေးရင်း ထသွားကာ စာရွက်တခုပေါ်တွင် စာရေးချနေလေသည်။
စာရွက်တင်ထားရာ အပေါ်တည့်တည့်တွင်ကား ကင်မရာတလုံး။

စာမှာ
'Kira နဲ့ အဆက်အသွယ်ရပြီ။ ခုချိန်တော့ ဘာမှ လုပ်လို့ရမယ် မထင်ဘူး။ ကျနော် ကောင်မလေးနဲ့ ပြန်တွဲမှ ဖြစ်မယ်။ ကျနော်နဲ့ ကောင်မလေး လွတ်လွတ်လပ်လပ် အကြည်ဆိုက်ရအောင် တပ်ထားသမျှဟာတွေအကုန် ကျနော်ဖြုတ်ပစ်လိုက်တော့မယ်'

"ဟင်.. တပ်ထားသမျှတွေအားလုံး ဖြုတ်ပစ်တော့မယ် ဆိုပါလား"
Matsuda တအံ့တသြဆိုလေသည်။

"အေးလေ.. ဘယ်တတ်နိုင်ပါ့မလဲ။ သူ့ကိစ္စနဲ့သူဆိုတော့"
Aizawa စိတ်လျှော့ပြီး ပြောလိုက်တော့၏။

Light ရှိသမျှ ကင်မရာများ၊ အသံဖမ်းစက်များကို ဖြုတ်ကာ သူနှင့် Takada ကြားမှ စားပွဲလေးပေါ်တင်ထားလိုက်၏။

Takada ကား မှင်သက်လျက်။
"ဒါတွေက.... ဘာတွေဖြစ်နေတာလဲ"

Light အေးအေးလေး ပြန်ဖြေလိုက်သည်။
"ပြောပြပါ့မယ့် အခုဆို စိတ်ပူစရာ မရှိတော့ပါဘူး"

Light အသက်တချက်ရှုလိုက်ပြီး
"သေချာနားထောင်နော်၊ ကိုဟာ Kira ပဲ"

Takada ယခုမှပင် တကယ် မျက်လုံးကလေးများ ကျယ်သွားတော့သည်။
"ရှင်!"

"ဟုတ်တယ်။ ကို Kira ပဲ။ အဲဒါကို ပြောချင်တာပါပဲ"

Takada ကား အံ့သြမှု၊ ၀မ်းသာမှု၊ မယုံကြည်နိုင်မှုများ နှင့်
"ရှင်... ရှင်က Kira.. ဟုတ်လား"

Light ပြန်မဖြေသေးဘဲ Mikami ကို
"ငါဘယ်သူလဲဆိုတာ မင်း Takada ကိုမေးလို့ကတော့ မင်းကိုငါ ခွင့်မလွှတ်ဘူးဆိုတာ နားလည်ထား"

Mikami ကား ရွှင်လန်းဝမ်းမြောက်စွာပင်
"အရှင့် အလိုအတိုင်းပါပဲ။ စိတ်ချပါ"

Light ဖုန်းချလိုက်ပြီးမှ
"ဘာတွေဖြစ်နေလဲ နားလည်ရဲ့လား Takada။ ကိုဟာ Kira၊ ဒီလူဟာ Kira ပါဝါတွေရထားတဲ့လူ၊ တကယ့် Kira အစစ်မဟုတ်ဘူး"

ကြည်လက်တောက်ပနေသော မျက်ဝန်းများနှင့် Light ကိုကြည့်ရင်း Takada ပြန်ပြောလိုက်သည်။
"အို... ၀မ်းသာလိုက်တာ ကိုရယ်။ ကျမဘ၀မှာ ကိုတယောက်ကိုပဲ ချစ်ခဲ့တာ၊ အခု ကိုက Kira လည်းဖြစ်နေတဲ့ဆိုတော့ ပြောမပြနိုင်လောက်အောင်ကိုပါပဲ"

Light ရှေ့ကိုတိုး၍ Takada ကိုရင်ခွင်ထဲ ဆွဲသွင်းလိုက်ရင်း
"Takada... မင်း ကို့နောက်ကို အမြဲပဲ လိုက်ရတော့မယ်။ ကမ္ဘာသစ်ရဲ့ အရှင်သခင်မ ပေါ့"

Aizawa တို့မှာကား စိတ်ပျက်လက်ပျက်ထိုင်၍ Light ဆက်သွယ်လာမည်ကို စောင့်နေကြသည်။
မကြာမီပင် Light ထံမှ ဖုန်းဝင်လာလေသည်။

"Light အားလုံး အဆင်ပြေရဲ့လား"
Matsuda ကစိုးရိမ်တကြီးမေးလေသည်။

"ပြေပါတယ်။ Takada က Kira နဲ့ အဆင်ပြေအောင် ပြောလိုက်နိုင်တယ်။ ကျနော် သူ့ရည်းစားဟန်ဆောင်ပြီး Kira စုံစမ်းရေးကို ဆက်ကြမယ်"
Light ပြုံးရင်း ဖြေလိုက်တော့သည်။

No comments:

Post a Comment