စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Thursday, February 27, 2014

သေမင်းစာအုပ် (၃၀)

Commander Lester (လက်စ်တာ) နှင့် Near တို့ Kira ကိစ္စ စကားပြောဖြစ်နေကြသည်။
"မင်း ဒီ Kira ကိစ္စကို ဘယ်လိုမြင်လဲ ပြောစမ်းပါဦး Near"

"ဖြစ်ခဲ့တာတွေ ပြန်ကြည့်ရင် Kira အတွက် အကျိုးရှိဖို့ကြီးပဲဆိုတော့ အနည်းဆုံးတော့ Kira နဲ့ ဂျပန်ရဲတွေ တဖွဲ့တည်းဖြစ်ရမယ်လို့ တွက်လို့ရတယ်ဗျ။ အဲဒီအတွေး မှန်တယ်ဆိုရင်တော့ Kira ဟာ ဒုတိယ L ဖြစ်ဖို့များတယ်"

"ဟာ ဟုတ်ပါ့မလားကွ။ မင်းသေချာရဲ့လား"

"ကျနော် တကယ်ပြောတာ။ ၇ ရာခိုင်နှုန်းလောက်တော့ သေချာတယ်ဆိုပါတော့ဗျာ"

"မဟုတ်ရင် ဘယ့်နှယ်လုပ်မလဲကွ"

"Commander ကလည်းဗျာ။ ဒီလိုဖြစ်နိုင်တယ်ဆိုပြီး ကျနော်တို့ စုံစမ်းမယ်ဗျာ၊ မဟုတ်ဘူးဆိုတော့လည်း ခပ်တည်တည်နဲ့ တောင်းပန်လိုက်ကြတာပေါ့။ သိပ်ခက်တဲ့ကိစ္စ မဟုတ်ပါဘူး"

Kira ၏ လူအများအပေါ်လွှမ်းမိုးမှုသည် မကြုံစဖူး ကျယ်ပြန့်လာသည်။
ပြစ်မှုကျူးလွန်သူများ၏ နာမည်များကို Internet ပေါ်တင်၍ Kira ကိုတိုင်တည် သတ်ခိုင်းမှုများ ပိုမိုများပြားလာသည်။
Kira ကလည်း ထိုသူများကို တစထက်တစ ရွေးချယ် သုတ်သင်လာခဲ့သည်။
ထိုသို့ဖြင့် Kira ကို ကြောက်ရွံ့မှုကြောင့် ကမ္ဘာအနှံ့ ပြစ်မှုဖြစ်ပွားမှုများ ကျဆင်းလာသည်။
Kira သည် လူတို့၏ အားကိုးရာလည်း ဟုတ်၊ ကြောက်ရွံ့ရာလည်း ဟုတ် ဆိုသည့် အခြေအနေရောက်လာခဲ့လေပြီ။
ကျောင်းများတွင်ပင် ဆိုးသွမ်းသော ကလေးငယ်များကို "မင်းတို့နာမည် Internet ပေါ်တင်ပစ်လိုက်မယ်နော်" ဟု ခြိမ်းခြောက် ဆုံးမမှုများဖြစ်လာတော့သည်။

အခြေအနေများသည် တစထက်တစ ယိုယွင်းပျက်စီးလာသည်။
ထိုအခြေအနေကို အခွင့်ကောင်းယူ၍ Sakura TV သည် "Kira's Kingdom (Kira နိုင်ငံတော်)" အစီအစဉ်ကို ထုတ်လွှင့်လေသည်။ ဒါရိုက်တာကြီး Demegeme က သူ့ကိုယ်သူ Kira ကိုယ်စားလှယ်ဟု ကြေငြာတော့သည်။

ထိုသို့ Kira လွှမ်းမိုးမှု ကြီးမားနေချိန်တရက်တွင်
TV တွင် အထူးသတင်း ကြေငြာချက် ထွက်လာသည်။ အမေရိကန်သမ္မတကိုယ်တိုင် ကမ္ဘာသူ ကမ္ဘာသားတို့အား ကြေငြာချက်ထုတ်ရန် ရှိသည်ဟူ၍..

"ကျုပ်တို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ Kira ရဲ့ဆန္ဒကို အသိအမှတ်ပြုပြီး Kira ကိုဆန့်ကျင်မှု မပြုလိုဘူးဆိုတာ ပြောချင်ပါတယ်"
သမ္မတကြီး၏ စကားအဆုံးတွင် မေးခွန်းမေးသံများ၊ ဆဲဆိုသံများ တဝေါဝေါ ဆူညံသွားတော့သည်။

"တောက်! အဓိပ္ပာယ်မရှိတာကွာ"
Light ဒေါသတကြီးဟန်ဖြင့် စားပွဲခုံကို လက်သီးနှင့် ထိုးရင်း ရေရွတ်လိုက်သည်။ စိတ်ထဲတွင်ကား
... ဟင်းဟင်း နောက်ဆုံးတော့ ကမ္ဘာ့ နံပါတ် ၁ ဆိုတဲ့ အမေရိကားလည်း Kira ပဲ စိုးမိုးရတော့မှာပါလား ....

"ခင်ဗျား ပြောတာ ဘာအဓိပ္ပာယ်လဲ"
"Kira ကိုကြောက်တာလား"
"ရှင်းစမ်းပါ သေသေချာချာ"
"Kira သာ ဥပဒေ လို့ ဆိုလိုတာလား"

သတင်းထောက်များ၏ အော်ဟစ်သံက သမ္မတကို ဆတ်ကနဲဖြစ်သွားစေသည်။
"ဥပဒေ ဟုတ်လား။ ကျုပ် အဲဒီလို မပြောရပါလား။ ခင်ဗျားတို့ ဘာပဲပြောပြော Kira ကြောင့် စစ်ပွဲတွေ မဖြစ်တော့ဘူး။ အကြမ်းဖက်မှုတွေ မရှိတော့ဘူး၊ ဒုစရိုက်ဂိုဏ်းဖွဲ့ ဆိုးသွမ်းမှုတွေဆိုတာလည်း မရှိတော့သလောက် ဖြစ်သွားပြီ။ ကျုပ်ပြောတာက ကျုပ်တို့ဟာ တခြားနိုင်ငံတွေလို မိုက်မိုက်မဲမဲ Kira ကိုဖမ်းဖို့ မကြိုးစားဘူးဆိုတာပဲ။ ခင်ဗျားတို့ သူ့ကို ဖမ်းဖို့ ကြိုးစားရင် သူက အရင် ခင်ဗျားတို့ကို သတ်သွားလိမ့်မယ်။ ရှင်းရှင်းလေးပဲ။ ကျုပ်တို့ဟာ Kira ကို ဥပဒေ တခုအနေနဲ့ အသိအမှတ်ပြုလိုက်တာမဟုတ်ဘူး။ သူ့ကို ဖမ်းဖို့ ကြိုးစားတာတွေကို ထောက်ခံမှာ မဟုတ်တော့တာပဲ"

"ခင်ဗျား မရှင်းမရှင်းတွေ ပြောသွားပြန်ပြီ"
"ဟေ့ သေချာပြန်ရှင်းဦးလေ"
"ဘယ်ထွက်ပြေးမလို့လဲ"
"ဒါလားကွ အမေရိကန်သမ္မတ"

သမ္မတကား အော်ဟစ်မေးမြန်းနေသော သတင်းထောက်များကို မဖြေတော့ဘဲ ထွက်ခွာသွားလေသည်။

TV ကြည့်နေကြသော Kira စုံစမ်းရေး အဖွဲ့ဝင်များကား မကျေမနပ်ဖြစ်လျက်။
"တောက်! အမေရိကန်လို နိုင်ငံကတောင် ပြောတယ်ဆိုတော့ကွာ"

"ကျနော်ကတော့ Kira ကို ဆိုးတယ် မထင်ဘူးဗျ"
Matsuda ပြောလိုက်တော့ ကျန်သူများ အံ့သြသွားသည်။

"ဟေ.. မင်းကရော သူ့ကို ထောက်ခံတယ်လား"

"မပြောတတ်ဘူးဗျာ၊ ကျနော်ကတော့ Kira ဟာ မကောင်းမှုတွေ တိုက်ဖျက်နေတာလို့ ထင်တာပဲ။ သေချာတာတော့ သူရှိနေတဲ့အတွက် ကမ္ဘာပေါ်ကလူတွေအားလုံးအတွက် ပိုကောင်းလာတာပဲလေ။ ကမ္ဘာကြီး ငြိမ်းချမ်းလာတာပဲ"

"မဟုတ်သေးဘူး Matsuda.. ခုဟာက သူ့ကြောက်လို့ ဒီလို ဖြစ်နေတာကွ။ တကယ် ငြိမ်းချမ်းနေတာမှ မဟုတ်ဘဲ"

"အင်းလေ.. အဲဒါကို ကျနော် နားလည်ပါတယ်။ ဒါပေမယ့် Kira ဟာ သူတို့ရဲ့ ကယ်တင်ရှင်လို့ တချို့လူတွေ ပြောနေတာကိုလည်း ကျနော် နားလည်လက်ခံနိုင်တယ်လို့။ ကျနော် ရဲတယောက်ပါ။ ဒါပေမယ့် Kira ကိုကျနော် မကောင်းမမြင်နိုင်ဘူး။ ဒါပေမယ့် ကျနော် သူ့ကို ဖမ်းရမယ်။ အဲ.. ကျနော်ရူးနေပြီလို့ ခင်ဗျားတို့တော့ ထင်မှာပဲနော်"

"မထင်ပါဘူး Matsuda။ ခင်ဗျားတွေးခေါ်တာတွေဟာ အဆန်းတွေလို့လဲ ပြောလို့ မရပါဘူး"
Light ရုတ်တရက် ၀င်ပြောလိုက်သည်။

"ဟေ မင်းပြောတာ ဘာအဓိပ္ပာယ်ကြီးလဲကွ Light"

"ဒီလိုပါ။ Kira ဟာ သူ့လုပ်ရပ်တွေ ဆိုးရွားမှန်း သိပါတယ်။ ဒါပေမယ့် သူဟာ လူမိုက်အဖြစ်ခံပြီး ကမ္ဘာကြီးကို ပြောင်းလဲပေးနေတာပါ။ အဲဒါ Kira ရဲ့ အတွေးအခေါ်ပဲဆိုတာ သေချာတယ်။ ဘယ်လိုဖြစ်ဖြစ် Kira လူဆိုးလား လူကောင်းလားလို့ ကျနော်တို့ စဉ်းစားဆုံးဖြတ်စရာ မလိုဘူး။ ကျနော်တို့ သူ့ကို ရအောင် ဖမ်းရမှာပဲ။ ကျနော်တို့ သူ့ကို ဖမ်းနိုင်ရင် သူဟာ လူဆိုး၊ မဖမ်းနိုင်ဘဲ သူ ကမ္ဘာကြီးကို စိုးမိုးနိုင်ရင် သူသာ ဥပဒေ ပေါ့"
တည်တည်ငြိမ်ငြိမ်ပင် Light ပြောလိုက်လေသည်။

.... ခုချိန်ကစလို့ တကမ္ဘာလုံး ငါ့စကား နားထောင်ကို ထောင်ရမယ်။ ငါသာ ဥပဒေ၊ ငါသာ အမှန်တရား ဖြစ်ကို ဖြစ်ရမယ် ....

ထိုအချိန်တွင် Near တို့၏ SPK အဖွဲ့မှာလည်း
"ကဲ ခုလိုဆိုတော့ ကျုပ်တို့ အဖွဲ့က ဘယ်လိုဖြစ်မှာတုန်း"

"ဒီ သရဲဘောကြောင်တဲ့ သမ္မတနဲ့ ဆိုတော့လည်း အဖွဲ့ ဖျက်ပစ်ရုံရှိတာပေါ့ဗျာ"
Near ခတ်ပြတ်ပြတ်ပင် ပြောလိုက်သည်။

ထိုအဖြစ်အပျက်များနှင့် တချိန်တည်းလိုလိုတွင်
Melo တယောက် SPK အဖွဲ့ဝင် မိန်းကလေးတဦး၏ အခန်းသို့ တိတ်တဆိတ်ဝင်ရောက်လာသည်။
ရေချိုးပြီး စိတ်အေးလက်အေး ထွက်လာသော ထိုမိန်းကလေးကို သေနတ်ဖြင့် ချိန်၍ Melo စောင့်ကြိုနေလေသည်။
"ရှင် မသေဘဲကိုး"

"ကဲကဲ အ၀တ်လေး ဘာလေးဝတ်၊ မင်းတို့ ဌာနချုပ်ကို သွားရအောင်"
မျက်နှာတွင် ပေါက်ကွဲမှုများကြောင့် ရရှိထားသော ဒဏ်ရာများနှင့် Melo ကပြန်ပြောလိုက်သည်။

္ပဤသို့ဖြင့် SPK ဌာနချုပ်သို့ Melo ရောက်ရှိလာလေသည်။
လုံခြုံရေးကင်မရာအောက်တွင် မိန်းကလေးဦးခေါင်းကို ပေါ်ပေါ်တင်တင်ပင် သေနတ်နှင့်ထောက်၍ Melo ရပ်လိုက်သည်။

အတွင်းမှ လူများ ပြာယာခတ်သွားလေပြီ။
"Near ဘယ်လိုလုပ်မလဲ"

"သြော် Melo ကိုး။ ရပါတယ်။ ပေးဝင်လိုက်ပါ"

Melo ၀င်လာသည်နှင့် ကျန်သူများမှ ၀ိုင်း၍ အသီးသီး သေနတ်များနှင့် ချိန်ရွယ်ကာ ရှုတ်ယှက်ခတ်ကုန်တော့သည်။

"အားလုံး သေနတ်တွေ ချထားလိုက်ကြပါဗျာ။ ဒီမှာ သွေးထွက်သံယိုတွေဖြစ်လို့ ဘယ်သူမှ အကျိုးမရှိပါဘူး"
Near အေးအေးပဲ ပြောလိုက်တော့

"ဖြစ်မလားကွ။ ငါတို့ အဖွဲ့ဝင်တွေ အများကြီးကို ဒီကောင် ဟိုစာအုပ်သုံးပြီး သတ်ပစ်လိုက်တဲ့ဟာကို"
SPK အဖွဲ့ဝင်များက သေနတ်များ ချိန်ထားလျက်ကပင် ပြန်ပြောသည်။

"ခက်ပါလားဗျာ။ ကျနော်တို့ အဓိက ရည်မှန်းချက်က Kira ကိုဖမ်းဖို့ပဲ၊ ခု Melo ကိုသတ်လိုက်လို့ ကျနော်တို့အတွက် ဘာမှ အကျိုးမရှိဘူးဗျ"

ထိုအခါမှ အားလုံး သေနတ်များ ဖယ်လိုက်ကြသည်။

Melo လည်း မိန်းကလေးကို လွှတ်ပေးလိုက်ပြီး
"အားလုံး မင်းထင်ထားတဲ့အတိုင်း ဖြစ်သွားတာပဲလား Near"

"အေး ဟုတ်တယ်လို့ပဲ ပြောရမယ်။ မင်းလဲ ဒုတိယ L အကြောင်းတော့ ကြားပြီးရောပေါ့။ မင်းလျှောက်လုပ်လိုက်တဲ့ ကျေးဇူးနဲ့ ငါတို့လည်း Kira ကို ပြဿနာနည်းနည်း ပေးလိုက်နိုင်တာပဲ"
Near ရွဲ့တဲ့တဲ့ ပြောလိုက်တော့ Melo ပေါက်ကွဲသွားကာ

"Near!!! ငါဟာ မင်း Puzzle ဆက်နေတဲ့အထဲက မင်းသုံးချင်သလိုသုံးလို့ရတဲ့ အစိတ်အပိုင်းတခု မဟုတ်ဘူးကွ"
အော်ဟစ်ပြောရင်း သေနတ်နှင့် ထုတ်ချိန်လေတော့

SPK အဖွဲ့ဝင်များလည်း Melo ကိုပြန်လည် သေနတ်နှင့် ချိန်ကြပြန်သည်။

Near ကတော့ အေးဆေးပင်။
"Melo မင်း ငါ့ကို ပစ်ချင်ရင် ပစ်လိုက်ပါ"

Melo ပိုဒေါသထွက်သွားသည်ကိုတွေ့၍ အဖမ်းခံလာရသော မိန်းကလေးကပင် ၀င်ရောက်ရှင်းရလေသည်။
"ဒီမှာ ရှင် သူ့ကို ပစ်လိုက်ရင် ကျမတို့ကလည်း ရှင့်ကို ပစ်မှာပဲ။ အဲတော့ ရှင်တို့ ၂ ယောက်လုံး သေကြရော။ ရှင်တို့သေတော့ ဘာဖြစ်လဲ၊ Kira အတွက်ပဲ ပိုကောင်းသွားတာပေါ့"

ဤတော့မှ Melo စိတ်ပြန်လျှော့လိုက်သည်။
"အေးလေ ထားပါတော့။ ဒီမှာ Near.. ငါအခုလာတာ မင်းဆီမှာ ရှိနေတဲ့ ငါ့ဓာတ်ပုံ ပြန်တောင်းဖို့ပဲ"

"အင်း တပုံတော့ရှိတယ်ကွ။ ဟောဒီဟာပဲ၊ ပုံလည်း ထပ်မပွားထားဘူး။ Wammy's House မှာကျန်ခဲ့တဲ့ မင်းပုံ ပါသမျှ ပစ္စည်းတွေအားလုံးလည်း ဖျက်ဆီးပစ်ခဲ့ပြီးပြီ။ လုံးဝကြီး အာမခံပြီးတော့တော့ မပြောနိုင်ဘူးပေါ့ကွာ၊ ဒါပေမယ့် ခုအခြေအနေအတိုင်းကတော့ မင်းကို စာအုပ်နဲ့ သတ်လို့ မရဖို့က သေချာသလောက်ပါပဲ"
Near ပြောပြောဆိုဆို Melo ထံသို့ ဓာတ်ပုံကို လှစ်ကနဲ ပစ်ပေးလိုက်ပြီး ဆက်မေးလိုက်သည်။

"မင်း ဒီလာတာ ဒီကိစ္စတခုတည်း မဟုတ်လား Melo"

Melo သူ့ဓာတ်ပုံကို သူကြည့်ရင်း
"Near... မင်းကိုငါ ကူညီဖို့ နည်းနည်းလေးမှ အစီအစဉ် မရှိဘူး မင်း နာလည်ရဲ့လား"

"သိပါတယ်"

"အေး၊ ဒါပေမယ့် ငါ့ဓာတ်ပုံ ပြန်ပေးတဲ့အတွက် မင်းကိုငါ တခုတော့ ပြောပြခဲ့မယ်။ အဲဒီလူသတ်စာအုပ်ရဲ့ ပိုင်ရှင်ဟာ သေမင်းပဲ။ စာအုပ်ကို မင်း ထိကိုင်မိမှ သေမင်းကို မြင်နိုင်တယ်"

Melo စကားအဆုံးတွင် SPK အဖွဲ့ဝင်များ တယောက်တခွန်း ၀င်ပြောကြတော့သည်။
"ပေါက်ကရတွေကွာ"
"ဒါတွေ ဘယ်သူယုံမလဲကွ"

Near ကမူ
"ကျနော် ယုံတယ်။ Melo ဒါကို လိမ်ပြောစရာအကြောင်းမရှိဘူး။ သူလိမ်ချင်ရင် ဒိထက်ကောင်းကောင်း သူလိမ်နိုင်တယ်။ ဒါ့ကြောင့် သူပြောတာတွေ အမှန်ပဲ ဖြစ်လိမ့်မယ်"

Melo ဆက်ပြောသည်။
"ငါ ရခဲ့တဲ့ စာအုပ်ကို သေမင်းမဟုတ်ဘဲ ငါ့အရင် လူတယောက် ပိုင်ဆိုင်ခဲ့ဖူးတယ်။ အဲဒီစာအုပ်ထဲက ဥပဒေသတွေထဲမှာ တချက်က အတုကြီး။ ကဲ.. ငါပြောပြမှာကတော့ ဒီလောက်ပဲ"
ပြောပြောဆိုဆို Melo လှည့်ထွက်သွားပြီး တံခါးပေါက်နားရောက်မှ

"Near.. မင်းနဲ့ငါ Kira ကို ဘယ်သူအရင်တွေ့မလဲ ကြည့်ကြသေးတာပေါ့"

"မင်းက ပြိုင်ချင်နေတာပေါ့လေ"

"အပိုတွေ ပြောမနေပါနဲ့။ ငါတို့ နှစ်ယောက်လုံးရဲ့ ရည်မှန်းချက်က အတူတူပဲ။ အဲဒီရည်မှန်းချက်ကို ဘယ်သူအရင်ရောက်လဲက အဓိကပါ"

"သဘောပေါက်တယ် ဟေ့ကောင်၊ စိန်လိုက်ပေါ့"

"ငါမင်းကို စောင့်နေမယ်"
နောက်ဆုံး တခွန်းပြော၍ Melo ထွက်သွားတော့သည်။


သေမင်းစာအုပ် ဥပဒေသ ကောက်နှုတ်ချက်

သေမင်းစာအုပ်ပိုင်ရှင်သည် သေစေလိုသူ၏ နာမည်ကို လေးကြိမ်တိတိ စာလုံးပေါင်းမှားယွင်း ရေးထိုးမိပါက ထိုရေးထိုးခံရသူသည် နောင်တွင် သေမင်းစာအုပ်နှင့် အသတ်ခံရမည့်ဘေးမှ လုံးဝ ကင်းလွတ်ခွင့်ရမည်။
သို့သော် စာအုပ်ပိုင်ရှင်သည် တမင်တကာ စာလုံးပေါင်းအမှားကို ရေးထိုးခဲ့သည်ရှိသော် လေးကြိမ်မြောက် ရေးထိုးအပြီးတွင် ထိုပိုင်ရှင် သေမည်ဖြစ်သည့်အပြင် ရေးထိုးခံရသူသည်လည်း နောင်တွင် သေမင်းစာအုပ်နှင့် အသတ်ခံရမည့်ဘေးမှ ကင်းလွတ်ခွင့်ရတော့မည် မဟုတ်ပေ

No comments:

Post a Comment