စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Friday, February 28, 2014

သေမင်းစာအုပ် (၃၄)

"Mikami စာအုပ်ထဲမှာ တခုခုရေးပြီး ခဏနေတော့ ဟိုလူလဲကျသွားတာပဲ"
Mikami နောက်သို့ ဆက်လိုက်ရင်း Giovanni သတင်းလှမ်းပို့နေသည်။

"ဒါဆို သေချာပြီပေါ့ Near"
Lester ပြောတော့

"အင်း.. ကျနော်တို့ Mikami နားကပ်နိုင်အောင် ကြိုးစားရမယ်။ ဒါပေမယ့် သူ့နားမှာ သေမင်းရှိနေမယ်ဆိုတာကိုလည်း သတိထားရမယ်။ ကျနော်တို့ လိုက်နေတာကို သေမင်းရိပ်မိသွားရင် Mikami ကို သတိပေးလိမ့်မယ်လို့ တွက်ထားရမယ်"
Near ဖြေလိုက်သည်။

"ခက်တာက စာအုပ်ကို ထိကိုင်ဖူးတဲ့လူပဲ သေမင်းကို မြင်ရတာလေ။ ကိုယ်မမြင်ရတဲ့ဟာကို ရှောင်ဖို့ဆိုတာလည်း အခက်သားလား"

"ခက်လည်း ခက်တဲ့အတိုင်းပဲ လုပ်ရမှာပဲလေ"

ထိုအချိန် Aizawa တို့လူသိုက် Light နှင့် Takada တွေ့ဆုံရန် ပြင်ဆင်နေကြလေသည်။
... Light ဒီအခန်းထဲမှာပဲ Takada နဲ့ တွေ့ဦးမယ်။ ပထမဆုံးတခေါက်တွေ့ကြတုန်းက Kira ဆီကဖုန်းလာပြီးတာနဲ့ ငါတို့တပ်ထားတာတွေ အားလုံး အဖြုတ်ခံလိုက်ရတယ်။ နောက်ပိုင်းလဲ ကင်မရာတွေ မတပ်ရဘူး။ သူတို့ချင်း စာရေးစကားပြောရင် ရတာပဲ ....
Aizawa အလုပ်လုပ်ရင်း တွေးနေမိသည်။

"ကဲ တခန်းလုံး ကျနော်တို့ စစ်ပြီးပြီ။ ကျနော့်ကိုယ်ပေါ်က အသံဖမ်းစက်တွေကလွဲလို့ ဘာမှမရှိဘူး"
Light ကိုယ်တိုင် Aizawa ကိုလာပြောသည်။

... Light ဘာဖြစ်လို့ ဒီလိုတွေ့တိုင်း ငါတို့ကို နားထောင်ခိုင်းနေတာလဲ။ Light ဟာ Kira မဟုတ်ဘူးဆိုရင် Kira ကရော ဘာလို့ ဒီလိုတွေ့တာကို ခွင့်ပြုနေတာလဲ။ သိပ်တော့ မဟုတ်သေးဘူး ....
Aizawa တွေးရင်း ဘာလုပ်ရမည်ကို အကြံထုတ်နေလေသည်။

အခန်းထဲတွင် ဟိုတယ်မှ ပေးထားသည့် စာရွက်အထပ်လိုက်လေးများကို Aizawa သတိထားမိသွားပြီး
... စာရေးပြောလား၊ မပြောလားသိချင်ရင် လုပ်စရာ တခုပဲရှိတယ် ...
စာရွက်များကို ဆွဲလှန်ပြီး လက်သည်းနှင့် အမှတ်ကလေးများ လုပ်လိုက်လေတော့သည်။

သို့နှင့် Light နှင့် Takada တို့ စကားပြောဖြစ်ကြပြန်သည်။
"ကျမနဲ့ Misa နဲ့ မနေ့က စကားပြောဖြစ်တယ်"

"ဟုတ်လား၊ ဘာအကြောင်းလဲ"

"ရှင်နဲ့သူနဲ့ စေ့စပ်မယ့်အကြောင်း နှစ်သစ်ကူး သီချင်းပွဲတော်မှာ ကြေငြာမယ်တဲ့"
Takada ပြောရင်း Light ရှေ့သို့ စာရေးထားသော စာရွက်လေး တွန်းပို့ပေးလိုက်သည်။

"အာ.. ဘယ်လိုပြောရမလဲ။ ကို့စိတ်ထဲ ဒီကိစ္စက သိပ်အရေးကြီးတယ် မထင်လို့ပါ"
.... တောက် Misa မ။ အဓိပ္ပာယ်မရှိတာတွေ လျှောက်လုပ်နေတယ်။ Takada လည်းတူတူပဲ၊ ဘာကိစ္စ Misa ကိုသွား စကားတွေပြောနေရတာလဲ။ ခက်လိုက်တဲ့ မိန်းမတွေကွာ ....
Light ပြောပြော တွေးတွေး နှင့် စာပြန်ရေးပေးလိုက်ပြန်သည်။

"သိပ်အရေးမကြီးဘူး.. ဟုတ်ရဲ့လားရှင်ရယ်"
Takada ပြန်ပြောလိုက်ရင်း စာကိုဖတ်ပြီး မျက်လုံးပြူးသွားသည်။

စာမှာ
'T အရင် Kira အလုပ်တွေလုပ်ခဲ့တာ တခြားလူမဟုတ်ဘူး Misa ပဲ။ Kira ပါဝါရလာတာ ကိုတောင်မသိလိုက်ဘူး။ ကိုဟာ Kira ဆိုတာ သူသိနေတဲ့အတွက် ဒီကိစ္စကို ရှောင်လွှဲလို့ မရဘူး။ သူ့ကို ကို့အနား ခေါ်ထားလိုက်ရတယ်။ မဟုတ်လို့ကတော့ သူ့လို အူကြောင်ကြောင်မလေးကို ဘယ်ရွေးပါ့မလဲ'

... သူက ငါ့အရင် Kira အလုပ်တွေ လုပ်ခဲ့တာ၊ သူ့ကိုက ရှောင်လွှဲလို့မရလို့ ရွေးလိုက်ရတာ၊ ငါ့ကိုက Light ကိုယ်တိုင်ရွေးထားတာ ...
Takada အတွေးများ ယောက်ယက်ခတ်နေစဉ်

"Takada ယုံပါ၊ အခုအချိန်မှာ ကို့ရင်ထဲရှိတာ မင်းတယောက်တည်းပါ"

"ရင်ထဲရှိတာ မင်းတယောက်တည်းတဲ့လား။ ဒီလို စကားမျိုးတွေ Light မပြောတတ်ဘူးထင်တာ။ ဒါမျိုး အလိမ်အညာတွေက ရိုးနေပါပြီရှင်"

Matsuda နှင့် Mogi မှာ မနေနိုင်တော့
"အေးလေ ဒီကောင် ဗလိုင်းကြီး လိမ်နေတယ်"

"ဟုတ်ပ ဒူလိုက်တာကွာ"

"အမှန်က နှစ်ယောက်လုံးကို ကြိုက်နေတာကွ"

Light တို့ပြောနေသည်များကိုလည်း နားထောင်နေရ၊ Matsuda တို့ ပြောနေသည်များကိုလည်း ကြားနေရသော Aizawz သည်းမခံနိုင်တော့ဘဲ ထအော်ပစ်လိုက်သည်။
"ဟေ့ကောင်တွေ ပါးစပ်ပိတ်စမ်း!! ဒါ ရည်းစားစကား ခိုးနားထောင်နေတာ မဟုတ်ဘူး၊ အလုပ်လုပ်နေတာကွ!!"

ထိုအခါမှ Matsuda တို့နှစ်ယောက် ငြိမ်ကုတ်သွားသည်။

တဖက်တွင် Light တို့ကား တော်တော်ပင် ပြောပြီးနေလေပြီ။ စာရွက်များကား တရွက်ပြီးတရွက် ပေးလိုက်၊ ယူလိုက်။
"ကောင်းပြီလေ။ လောလောဆယ် ရှင်ပြောတာကို ယုံထားလိုက်ပါ့မယ်။ လိမ်တာ ညာတာ ဆိုရင်တော့ ကျမကို အပြစ်မဆိုနဲ့နော်။ ကျမက Kira ကိုပြောပြီး ရှင့်ကို သတ်ခိုင်းလိုက်မှာပဲ"

"Kira လား... ဒီကမ္ဘာကြီးမှာ တဖြည်းဖြည်းနဲ့ Kira ဟာ မရှိမဖြစ်လို ဖြစ်လာပြီဆိုတာတော့ ကို လက်ခံပါတယ်။ ဒါပေမယ့် ကိုတို့ အတူတူနေရမယ့်အချိန် ရောက်မှ ရောက်ပါတော့မလားလို့ ခုတလော စဉ်းစားမိလာတယ်။ ဘာလို့လဲဆိုတော့ Takada ကို သူ့ကိုယ်စားလှယ်အနေနဲ့ ရွေးလိုက်တဲ့အတွက် Kira ကို တော်တော် မကျေမနပ်ဖြစ်မိတယ်။ လူဆိုးတွေကို သတ်တာ ဘာမှ ပြဿနာမရှိပေမယ့် ကိုတို့ နှစ်ယောက်ကျတော့ လူဆိုးမှ မဟုတ်ပဲ။ ကိုတို့ ပျော်ပျော်နေခွင့် ရှိရမှာပေါ့။ ခုတော့ သူလုပ်တာနဲ့ နှစ်ယောက်တူတူ နေခွင့်တောင် မရတော့ဘူး"

"ကျမတို့ တူတူနေဖို့ဆိုရင် Kira မရှိမှဖြစ်မှာပေါ့နော်"

"ဟုတ်တယ်"

"ဒါဆို Kira ကိုဖမ်းမိမှ အဆင်ပြေမှာပေါ့။ အဲလိုဆိုတော့လည်း Kira ကိုဖမ်းမိစေချင်သားပဲ"

"တကယ်ပြောတာလား Takada .. Kira ကိုဖမ်းမိစေချင်တယ်ဆိုတာ သေချာရဲ့လား"

"ကို့ကို ချစ်တာကိုး။ တကယ်ပေါ့"

"အဲဒါဆို Takada ကိုတို့ကို ကူညီပါလား။ အန္တရာယ်တော့ ရှိတာပေါ့။ ကိုလည်း ရဲတွေနဲ့ ဆန့်ကျင်ပြီး လုပ်ရမယ်၊ Takada လည်း Kira နဲ့ဆန့်ကျင်ပြီး လုပ်ရမယ်။ အဲဒီအခြေအနေကို လက်ခံနိုင်ပါ့မလား"

Takada အတန်ငယ် ငြိမ်သက်နေပြီးမှ
"ဖြစ်ပါတယ်။ ရှင့်ကို ကူညီမှ ကျမတို့နှစ်ယောက်ပျော်ပျော်နေနိုင်မယ်ဆိုရင် ကူညီမှာပေါ့"

"ဟာ ပိုင်လိုက်တာကွာ။ Misa နဲ့ ပြဿနာတွေရှုပ်နေတဲ့ကြားက ဒီလိုပြေလည်အောင် ပြောနိုင်တာတော့ လုံးဝ ဆရာပဲ"
Matsuda ကား ဘုမသိဘမသိ ထအော်ကာ ပျော်ရွှင်နေလေသည်။

Light တို့၏ တွေ့ဆုံပွဲအပြီးတွင် Aizawa တယောက်တည်း ဟိုတယ်သို့ ထွက်သွားသည်။ သူ၏ နာမည်နှင့် အခန်းငှားထားသည်ဖြစ်၍ သူကိုယ်တိုင် check out လုပ်ရမည်ဖြစ်သည်။ ဟိုတယ်ခန်းထဲသို့ ရောက်သော် စာရွက်အထပ်များကို သူ့နေရာနှင့်သူ တွေ့ရသည်။ သို့သော် သေချာ စစ်ဆေးသောအခါတွင်ကား စာရွက်ထပ် ၄ ခုတွင် ၂ ခုမှာ လုံးဝ လက်သည်းရာများ မရှိသည်ကို တွေ့ရလေသည်။
.... ဟိုတယ်ဝန်ထမ်းတွေလည်း အခန်းဝင်မရှင်းရသေးဘူး။ သူတို့ ၂ ယောက် စာရေး စကားပြောပြီး အသစ် ၂ ထုပ်နဲ့ လဲသွားတာဆိုတာ သေချာပြီ ....

Giovanni သည် Mikami နေ့ခင်းနေ့လည် အလုပ်နားချိန်တွင် အနားယူလေ့ရှိသည့် ခေါင်မိုးထပ် ပန်းခြံ၏ လုံခြုံရေးကင်မရာမှ အခွေကို ရအောင်ယူလာခဲ့နိုင်သည်။ ကင်မရာမှ ရိုက်ယူရရှိထားသော Mikami တယောက်တည်း တီးတိုး ရေရွတ်နေသည်မှ နှုတ်ခမ်းလှုပ်ပုံကိုကြည့်၍ Lester စကားလုံးများ ရအောင်ဖော်လိုက်နိုင်သည်။
"စာ - အုပ် - ပေး - ပြီး - တည်း - သေ - မင်း - ပေါ် - မ - လာ - တော့ - ပါ - လား"

Near သဘောကျသွားသည်။
"သူ့ကို သေမင်း စာအုပ်ပေးသွားတယ်။ ဒါပေမယ့် အဲဒီသေမင်း သူနဲ့အတူ ရှိမနေဘူးဆိုတဲ့ သဘောပေါ့။ ကောင်းတယ်"

မကြာမီပင် Aizawa ထံမှ ဖုန်းဝင်လာကာ Near ကိုလူကိုယ်တိုင် တွေ့ဆုံစကားပြောခွင့်တောင်းဆိုလာသည်။

သို့နှင့် SPK ဌာနချုပ်သို့ Aizawa ရောက်ရှိလာတော့သည်။ သို့သော် မျက်လုံးများကား အ၀တ်နှင့် စည်းလျက်။

"တွေ့ရတာ ၀မ်းသာပါတယ် Mr.Aizawa"
Near နှုတ်ဆက်တော့

"မျက်လုံးကြီး အ၀တ်စည်းခံထားရပြီး တွေ့ရတာ ၀မ်းသာပါတယ်လို့ ကျုပ်ကတော့ မနှုတ်ဆက်နိုင်ဘူး"

"သူ့မှာ ဘာလက်နက်မှ မပါဘူး၊ ကင်မရာလည်း မပါဘူး"
Commander Lester ၀င်ပြောပေးတော့

"အဲဒါဆိုလည်း အ၀တ်ကြီးစည်းထားစရာ မလိုဘူးပေါ့ဗျာ"
Near ပြောလိုက်လေသည်။

မျက်နှာပေါ်မှ အ၀တ်ဖယ်လိုက်သည်တွင် မြင်ရသော မြင်ကွင်းကြောင့် Aizawa အတန်ငယ် အံ့သြသွားသည်။ L ထက်ပင် အတန်ငယ် ငယ်သော ချာတိတ်တယောက်။

"ကျုပ် မင်းကို ယုံသွားပြီ Near။ Light နဲ့ Takada ညတိုင်းတွေ့နေကြတယ်"

Aizawa အပြောကို Near ကပြတ်တောင်းတောင်း ပြန်ပြောလိုက်သည်။
"သိတယ်"

Aizawa နည်းနည်းတင်းသွားပြီး
"ဒါဖြင့် အဲလိုတွေ့တိုင်း သူတို့ချင်း စာရေးပြီး စကားပြောနေကြတာကော။ အဲဒါရော သိလား"

Near အေးအေးလေး ပြန်ပြောပြန်သည်။
"Mr.Aizawa မလိုအပ်တဲ့ကိစ္စတွေ ခင်ဗျားဟာခင်ဗျား လျှောက်မလုပ်ပါနဲ့"

Aizawa ကြောင်သွားသည်။
"မလိုအပ်တဲ့ကိစ္စတွေ.."

"ဟုတ်တယ်။ Kira ဘယ်သူလဲဆိုတာ သက်သေပြဖို့ တခြားဘာမှ မလိုတော့တဲ့အခြေအနေကို ရောက်နေပြီ။ သူ့ကို ရပ်တန့်ဖို့ဆိုရင် ကျနော်ကိုယ်တိုင် သူဘယ်သူလဲဆိုတာ ထုတ်ပြပြီး လုံးဝ အနိုင်ယူဖို့ပဲ လိုတော့တယ်။ ကျနော် ပွင့်ပွင့်လင်းလင်းပဲ ပြောပါ့မယ် Mr.Aizawa။ ခင်ဗျားတို့ လူစုကို ဒီစုံစမ်းရေးအတွက် မလိုအပ်တော့ဘူး"

Aizawa ရုတ်တရက် တုန်လှုပ်သွားသည်။

"တကယ်လို့ ခင်ဗျားတို့က Kira ကိုဖမ်းချင်တုန်းပဲဆိုရင်တော့ သူ့ကို အရင်လိုပဲ စောင့်ကြည့်နေယုံနဲ့ ကူညီပါ။"

"စောင့်ကြည့်ယုံပဲ ကြည့်ရမယ်"

"ဟုတ်တယ်။ L ကိုတော့ စောင့်ကြည့်ဖို့လိုတယ်။ အဲဒီနည်းနဲ့ပဲ ကျနော့်ကို ကူညီပါ။ ပြီးရင် Kira ရဲ့ အရှုံးကိုလည်း သက်သေလုပ်ပြီး ကြည့်ပေးပါဦး"

Aizawa ကား ပါးစပ်အဟောင်းသား

No comments:

Post a Comment