စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Friday, February 28, 2014

သေမင်းစာအုပ် (၃၄.၂)

နှစ်သစ်ကူးည သီချင်းပွဲတော်
မိတ်ကပ်ခန်းထဲမှ ထွက်လာသော Misa ကို Ridner လမ်းပိတ်ရပ်ကာ စောင့်နေသည်။
"ဒါက ဘာသဘောလဲ"
Misa ရန်ထောင်လိုက်သည်တွင် သူ့နောက်မှ Lester ရောက်လာကာ

"ကျုပ်တို့ SPK ကပဲ။ ကျုပ်တို့နဲ့တူတူ လိုက်ခဲ့ဖို့ လာဖိတ်ခေါ်တာပါ"
Lester ချိုသာသော်လည်း ပြတ်သားစွာပြောလိုက်လေသည်။

Misa ကား မလိုက်ချင်။
"ဘယ်ဖြစ်မလဲ။ ကျမက ဒီပွဲမှာ အရေးကြီးတယ်။ မဖြစ်ပါဘူး"

သို့သော် Mogi က တမျိုးပြောသည်။
"စိတ်အေးအေးထားပြီး လိုက်သွားသင့်တယ် Misa။ သူတို့ Kira ကိုဖမ်းဖို့ စီစဉ်နေတာ"

Misa လက်မခံ။
"အို Kira ကိုဖမ်းတာ ကျမ အလုပ်မှ မဟုတ်ဘဲ။ ဘာဆိုင်လို့လဲ"

Commander Lester မနေနိုင်တော့။
"ခင်ဗျားကို ကောင်းကောင်း ဖိတ်ခေါ်နေပေမယ့် လိုအပ်ရင် ကျုပ်တို့ သေနတ်သုံးဖို့အထိ ဆုံးဖြတ်ထားတယ်"

ထိုအခါမှ Misa ပါးစပ်ပိတ်သွားတော့သည်။

"ခုလို မခုခံဘဲ အသာတကြည်နဲ့ လိုက်လာတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ် Mr.Mogi"
Lester က ကျေးဇူးတင်စကား ဆိုလိုက်သည်။

... Aizawa သာ စာရွက်တွေအကြောင်း မပြောထားရင် ကျုပ် ခုခံမှာပါ ...
Mogi တွေးသာတွေးနေမိသည်၊ ပြန်ကား မပြောဖြစ်။

ပွဲတော်တွင် Takada ကားအလုပ်များလေပြီ။
"ပရိတ်သတ်ကြီးကို တခုတောင်းပန်စရာရှိပါတယ်ရှင်။ ကျမတို့ရဲ့ အဓိကသရုပ်ဆောင် Amane Misa အခုထိ စတူဒီယိုကို ရောက်မလာသေးပါဘူး။ တာဝန်ရှိသူတွေက ဆက်သွယ်ဖို့ ကြိုးစားနေပေမယ့် ဆက်သွယ်လို့လည်း မရသေးပါဘူးရှင်။ ထူးခြားတာနဲ့ ကျမတို့ အစီရင်ခံပါ့မယ်"

အစီအစဉ်ကို TV မှကြည့်နေကြသော Light တို့ ပြာယာခတ်သွားသည်။
"ဟ.. ဘယ်လိုဖြစ်တာလဲ"

"Mogi ဆီကလည်း ဘာသံမှ မကြားပါလား"

Light ချက်ချင်း Near ဆီဆက်သွယ်လိုက်သည်။
"Near.. ငါတို့တွေ Misa နဲ့ Mogi ကိုဆက်သွယ်လို့ မရတော့ဘူး"

"အေးပေါ့။ သူတို့ ငါ့ဆီရောက်နေတာကို"

"ဘာလို့လဲကွ"

"လိုလိုမယ်မယ်ပါ"
Near ရေရေရာရာ မဖြေ။

"Near.. ပြန်ပေးဆွဲတယ်ဆိုတာ ရာဇ၀တ်မှုနော်။ မင်းလုပ်ရပ်တွေ ရပ်ရင်ကောင်းမယ်"

"ဟ.. ငါခေါ်တာကို Mr.Mogi ရော Misa ရောက လိုလိုချင်ချင် လိုက်လာတာပဲ။ ဘယ်လိုလုပ် ပြန်ပေးဖြစ်မှာလဲ။ ကဲကဲ.. မင်းနဲ့သူတို့နဲ့ ငါစကားပေးပြောပါ့မယ်"

Light ၏ကွန်ပျူတာပေါ်တွင် 'N' ဟူသော စာလုံးအစား အခန်းတခုတွင်း ဆိုဖာပေါ်ထိုင်နေကြသည့် Mogi နှင့် Misa ပုံပေါ်လာလေသည်။
"L စကားပြောနေပါတယ် Mogi နဲ့ Misa။ ခင်ဗျားတို့ နှစ်ယောက် Near ရဲ့ထိန်းသိမ်းမှုကို မငြင်းမဆန် လက်ခံထားတယ်လို့ပြောတယ်။ အဲဒါ ဟုတ်သလားဗျာ "

Mogi ခေါင်းကို ငုံ့လိုက်ကာ
"ဟုတ်ပါတယ်"

Misa ကတော့
"ကျမ အစက လက်မခံပါဘူး။ Mogi က လက်ခံလိုက်ရင် အကောင်းဆုံးဖြစ်မယ်ဆိုလို့ပါ။ မဟုတ်ရင် လူတွေ အကုန်သေကုန်မယ်တဲ့"

Light အေးအေးပင် ပြန်ပြောလိုက်သည်။
"အင်းလေ ဟုတ်ပါပြီ။ နှစ်ယောက်လုံး လိုလိုလားလားဆိုတော့လည်း ပြဿနာ မရှိပါဘူး"

... ဒုတိယ Kira ပါလို့ အကြီးအကျယ် သံသယ၀င်ခံရတဲ့ Misa တော့ အခု အထိန်းသိမ်းခံဖြစ်နေပြီ။ ဒါ ဘာအဓိပ္ပာယ်လည်းဆိုတာ မင်းသိသင့်တယ် Light ....
Near စိတ်ထဲကြိမ်းဝါးလျက်။

ထိုအချိန်တွင် Giovanni မှာလည်း ကြီးလေးသော တာဝန်ထမ်းဆောင်ရန် Fitness Club တခုတွင် စောင့်စားလျက်။
သူ နာရီကြည့်လိုက်သည်။
... အင်း ၉ နာရီ ကျော်ပြီ။ Misa မလာလို့ ပရိတ်သတ်တွေလည်း သောင်းကျန်းနေပြီ။ Ridner တို့တတွေ အဆင်ပြေပြေ အလုပ်ပြီးသွားပြီပေါ့။ ငါ့အလှည့်ပဲ ...

အလေးမခန်းထဲ သေချာအောင် သွားချောင်းတော့ မျှော်လင့်ထားသည့်အတိုင်း ချွေးတရွှဲရွှဲနှင့် Mikami ကိုတွေ့သည်။ Giovanni စိတ်ချသွားပြီး အောက်ထပ် အ၀တ်လဲခန်းထဲသို့ ဆင်းလာခဲ့သည်။ သူ့ဦးတည်ရာကား Mikami ၏အ၀တ်ဗီရို နံပါတ် ၁၉။

နှစ်သစ်ကူးည ဖြစ်၍ Club အတွင်း လူသူမရှိ။ Mikami ၏ဗီရိုကို ဖွင့်ရင်း သူကိုယ်တိုင် Near ကိုတင်ပြခဲ့သည်များကို ပြန်လည်သတိရနေသည်။

' Mikami သည် အရာရာကို အလွန်တိကျစွာ လုပ်ဆောင်တတ်သည်။ အလုပ်သွား အလုပ်ပြန် နေ့စဉ်လိုလို အချိန်တိကျသည်။ တနင်္လာ နှင့် ကြာသပတေးနေ့တိုင်း ည၉နာရီတွင် Fitness Club သို့သွားရောက် ကျန်းမာရေးလုပ်သည်။ စုံစမ်းသိရှိရသလောက် လွန်ခဲ့သည့် ၄ နှစ်အတွင်း တရက်မျှ ပျက်ကွက်ခြင်းမရှိ။ နှစ်သစ်ကူးနေ့ (Jan 1) တွင်ပင် မပျက်ကွက်ခဲ့ဟု သိရှိရသည် '

ထို့ကြောင့်ပင် ယခု ရောက်လာမည့် ဒီဇင်ဘာ၃၁ရက် တနင်္လာနေ့တွင်လည်း သူမပျက်မကွက် Fitness Club ကိုသွားရောက်လိမ့်မည်ဟု သူတို့အားလုံး ယူဆ၍ သူ့အား ယခုတာဝန်ကို ပေးအပ်ခဲ့ခြင်းဖြစ်ပေသည်။

ထိုနေ့က Near ကမေးသည်။
"Giovanni အခု ၃၁ ရက်နေ့ညမှာ Mikami ရဲ့စာအုပ်ကို သွားကိုင်ရမယ်ဆိုရင် ဖြစ်ပါ့မလား"

Giovanni လန့်သွားသည်။
"ရပါတယ်။ အ၀တ်လဲခန်းထဲမှာ ကင်မရာတွေမရှိဘူး၊ လုံခြုံရေးတွေကို လည်း ကျနော်ပိုင်ပါတယ်"

Near ကျေနပ်သွားသည်။
"ဟုတ်ပြီလေ။ အဲဒါဆိုရင်လည်း ခင်ဗျားကိုပဲ အားကိုးရတော့မှာပဲ"

"ဒါပေမယ့် သေမင်းသာ ရှိနေမယ်ဆိုရင် ကျနော် သေသွားနိုင်တယ်မဟုတ်လား"
Giovanni ကား အသံများပင် တုန်ချင်ချင်။

"အမှန်ပဲ။ အဲဒီ သေမင်းရှိမရှိ သေချာချင်လို့လည်း ခင်ဗျားကို ဒီတာဝန် ပေးတာပဲ။ တကယ်လို့ ခင်ဗျား စာအုပ်ကို ကိုင်ပြီးတဲ့အချိန် သေမင်းကို မတွေ့ဘူးဆိုရင် ဒီသေမင်း Mikami နောက်ကို လိုက်မနေဘူးလား၊ ဘာလို့ လိုက်မနေတာလဲ ဆိုတာတွေ ဆက်စဉ်းစားလို့ရပြီပေါ့"

ချွေးစေးများပြန်နေသော Giovanni ဘာမှ ပြန်မပြောနိုင်။

ဘာသံမှ မကြား၍ Near က
"ခင်ဗျား မလုပ်ရဲဘူးဆိုရင် ကျနော် Lester ကိုပဲ ခိုင်းလိုက်မယ်လေ"

Giovanni အံ့ကြိတ်လိုက်သည်။
"ရတယ်။ ကျနော်ပဲ လုပ်ပါမယ်"

ဗီရိုတံခါး ပွင့်သွားပြီဖြစ်၍ သူ့အတွေးများ ရပ်တန့်သွားသည်။ Mikami ၏ လက်ဆွဲသေတ္တာကို ဖွင့်ရပြန်သည်။ တခန်းလုံး တိတ်ဆိတ်နေ၍ သူ့ အသက်ရှူသံကိုပင် အကျယ်ကြီးလို ကြားနေရသည်။

ပွင့်သွားသော သေတ္တာထဲမှ စာအုပ်ကို ကြည့်ရင်း Giovanni ရင်တဒိတ်ဒိတ်ခုန်လာသည်။ သူ မကိုင်ရဲသေး။
... သေမင်းသာ ရှိနေရင် ဒါ ငါ့ရဲ့ နောက်ဆုံး အချိန်ပဲ... မဟုတ်သေးဘူး။ သေမင်းရှိရင် ခုလောက်ဆိုရင်ကို ငါသေပြီးရောပေါ့ ... ဟာ ခုမှတော့ စာအုပ်ကို ကိုင်ယုံကလွဲလို့ ဘာမှ ရွေးစရာ လမ်းမရှိတော့ဘူး ...

မျက်စိမှိတ်ကာ ဆတ်ကနဲ စာအုပ်ကို ကိုင်လိုက်သည်။ နှလုံးသည် ရစရာမရှိအောင် ခုန်နေသည်။ သူ့ကို တစုံတခုက စောင့်ကြည့်နေသည်ဟု ခံစားနေရသည်။ လူသည် တုန်လာသည်။ မျက်လုံးပြူးနေအောင် ဖွင့်၍ ဘေးနှစ်ဘက်သို့ ခြောက်ခြားစွာ ဆတ်ကနဲ ဆတ်ကနဲ လှည့်ကြည့်လိုက်သည်။ ဘယ်သူမှ မရှိ။

"ဟူးးးးးးးးးးးးးးး"
လေပူကြီး မှုတ်ထုတ်ကာ သူ ဒူးထောက်ကျသွားတော့သည်။

SPK ဌာနချုပ်ကို ချက်ချင်းဆက်သွယ်လိုက်သည်။
"ကျနော် စာအုပ်ကို ကိုင်လိုက်နိုင်ပြီ။ ခုထိတော့ ဘယ်သေမင်းမှ မတွေ့သေးဘူး"

Giovanni ၏သတင်းပေးချက်ကို ကြားကြားချင်း Mogi ဆီသို့ Near ဆက်သွယ်လိုက်ပြီး
"Mr.Mogi စာအုပ်ထဲက ဥပဒေသတွေ အလိုအရဆိုရင် လူတယောက်ကို မသေခင် ဘယ်နှစ်ရက်အထိ ကြိုပြီး ထိန်းချုပ်ပြုစားထားလို့ ရလဲ"

"Yotsuba မှာ ဖြစ်ခဲ့တာတွေအတိုင်းဆိုရင်တော့ ၂၃ ရက်ပဲ"

"ခင်ဗျား သေချာရဲ့လား။ လုံးဝ သေချာမှဖြစ်မယ်နော်"

"သေချာပါတယ်။ အဲဒီ Yotsuba လူသတ်မှုကြီးက ၂၃ ရက်ဆိုတဲ့ ဥပဒေသကို သေချာပေါက် အတည်ပြုထားတာပဲ"

"ဟုတ်ပြီ။ ကျေးဇူးပါပဲဗျာ"

ထို့နောက် Lester ဆီသို့ လှည့်၍ Near ပြောလိုက်သည်။
"အခု လောလောဆယ် Giovanni ဟာ သေမင်းမရှိပါဘူးလို့ Kira က ထိန်းချုပ် ပြောခိုင်းထားတာလို့ ယူဆ ထားရအောင်။ ဒီနေ့ကနေ နောက် ၂၄ ရက်အကြာမှာ Kira နဲ့ထိပ်တိုက်တွေ့ပြီး ရှင်းကြဖို့ ပြင်ဆင်ရမယ်။ တကယ်လို့ အဲဒီနေ့ထိ Giovanni မသေဘူးဆိုရင် တကယ်တွေ့ပြီး ရှင်းကြမယ်"

January 3၊
Takada ရှေ့သို့ Light ထုံးစံအတိုင်း စာရွက်ကလေး တွန်းပို့လိုက်သည်။
[ ခိုင်းထားတာတွေ အားလုံး လုပ်ပြီးပြီဆိုရင် မင်းကို ဆက်သွယ်ခိုင်းပါ။ သူ့ဆီက အဆက်အသွယ်ရရင် 'ကျမ ရှင့်ကို အရမ်းတွေ့ချင်နေတယ်' ဆိုပြီး ကို့ကို ဖုန်းခေါ်ရင်ခေါ်၊ ဒါမှမဟုတ် email ပို့လိုက်ပါ။ ]

January 6၊
Near ၏ခိုင်းစေချက်ကြောင့် Giovanni တယောက် Fitness Club သို့သွား၍ စာအုပ်ကို တမျက်နှာခြင်း ဓါတ်ပုံရိုက်ရလေသည်။ ရည်ရွယ်ချက်မှာ Mikami ၏လက်ရေး၊ ရေးဟန်၊ နာမည်များရေးရာတွင် ထူးခြားချက်များရှိ မရှိနှင့် မည်သို့သော စာအုပ်ဖြစ်သည်ကို အတိအကျသိချင်သည် ဆို၏။

ဌာနချုပ်တွင်
"ဟုတ်တယ်။ ဒါ Mikami ရဲ့လက်ရေးတွေပဲ။ တရားရုံးကနေရထားတဲ့ သူ့ရဲ့ လျှောက်လှဲချက်စာတမ်းတွေက လက်ရေးနဲ့ တထေရာတည်းပဲ"
Near ဓါတ်ပုံများကို ကြည့်၍ ပြောနေသည်။

"အင်း ဟုတ်တယ်"

"ဒီတိုင်းဆို ကျနော်တို့ အစီအစဉ် လုပ်လို့ရပြီ"
Near ကျေနပ်စွာ ပြုံး၍ ပြောလိုက်တော့သည်

No comments:

Post a Comment