စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Friday, February 28, 2014

သေမင်းစာအုပ် (၃၅)

နေ့ရက်များ တရက်ပြီး တရက် ကူးပြောင်းလာသည်။

Light သည် Takada နှင့်တွေ့မြဲ။ Aizawa တို့သည် သူတို့ စကားပြောသည်ကို နားထောင်မြဲ။

Misa နှင့် Mogi သည် SPK ၏စောင့်ရှောက်မှုအောက်တွင်ရှိမြဲ။ Near သည် သူတို့ကို စောင့်ကြည့်မြဲ။

Melo သည် ဂျပန် မာဖီးယားများနှင့် အတူရှိမြဲ။ သူသည် အခြေအနေအရပ်ရပ်ကို လေ့လာမြဲ။

ထိုရက်များအတွင်း Near သည် Giovanni ကို သေမင်းစာအုပ်နှင့် ပတ်သက်၍ အထူးအရေးကြီးသော ကိစ္စတခု စေခိုင်းခဲ့သည်။ Giovanni သည်လည်း စေခိုင်းသည့်အတိုင်း လုပ်ကိုင်နိုင်ခဲ့သည်။

Light သည်လည်း Mikami ကို သေမင်းစာအုပ်နှင့် ပတ်သက်၍ အထူးအရေးကြီး တာဝန်တခုပေးခဲ့သည်။ Mikami သည်လည်း ထိုတာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့သည်။

Melo သည် တစုံတယောက်နှင့် ဆက်သွယ်မှုများ ပြုလုပ်ကာ လျှို့ဝှက်အစီအစဉ်များ တိုင်ပင်ခဲ့သည်။ ထိုအစီအစဉ်ကို ဖြစ်မြောက်အောင်လုပ်ရန် ဆုံးဖြတ်ခဲ့သည်။

Near သည် Ridner ကို မည်သည့်အခြေအနေတွင် မည်သို့ လုပ်ဆောင်ရမည်များ ပြောထားခဲ့သည်။

Light သည် Takada ကို မည်သည့်အခြေအနေတွင် မည်သို့ လုပ်ဆောင်ရမည်များ ပြောထားခဲ့သည်။

Melo သည် သူ့မာဖီးယားများကို လုပ်ဆောင်ရမည့် တာဝန်များ ပြောထားခဲ့သည်။

သို့နှင့်
Takada ယခင်အတိုင်း Mikami ဆီသို့ ဆက်သွယ်၍ Kira ၏ညွှန်ကြားချက်များပြောအပြီးတွင်
"စစ်ဆေးပြီးပြီ။ သေချာတယ်"
Mikami ၏စကားကြောင့် Takada တုန်လှုပ်သွားသည်။

ချက်ချင်းလိုလိုပင် သူ Light ဆီသို့ email ပို့လိုက်သည်။
တွေ့ချင်သည် ဟူ၍။

... ဟွန်းဟွန်း၊ Mikami စစ်ပြီးပြီပေါ့။ ခုလိုဆိုတော့ Near ကငါ့ကို ချိန်းလာမယ့်ရက်ကို ထိုင်စောင့်ယုံပဲ။ Near ဒီပွဲလည်း ငါ့ပွဲပါပဲ။ မင်း ဘာတွေကြံလို့၊ ဘာတွေလုပ်မယ်ဆိုတာ ငါကောင်းကောင်း မှန်းနိုင်ပါတယ် ...
Light ကား email ကိုဖတ်၍ ရင်ထဲတွင် ကြိတ်ပြုံးနေတော့သည်။

ထိုအချိန် SPK ဌာနချုပ်တွင်
"Near ကျနော် သေချာစစ်ပြီးပြီ။ Mikami ဟာ လွန်ခဲ့တဲ့ ၃ ရက်အတွင်း တရက်ကို တမျက်နှာနှုန်းနဲ့ နာမည်တွေ ရေးထည့်ခဲ့တယ်။ အဲဒီလူတွေ အားလုံး သေကုန်ကြတာချည်းပဲ။ ပြီးတော့ Mikami ပုံကလည်း အရင်လိုပဲ ဘာမှ ထူးထူးခြားခြား မရှိဘူး"
Giovanni သတင်းပို့လာသည်။

"ဟုတ်ပြီလေ။ ဒီတိုင်းဆို ပွဲစကြရတော့မှာပေါ့"
Near ပြောလိုက်လေသည်။

မကြာမီပင် Light ထံသို့ Near ဆက်သွယ်လာလေသည်။
... တွေ့ကြပြီပေါ့ ....
Light ကြိမ်းဝါးရင်း
"ဘာကိစ္စလဲ Near"

"မင်းနဲ့ငါ တွေ့ကြရအောင်"

Light အံ့သြယောင်ဆောင်လိုက်ပြီး
"ဘာရယ်"

"Kira ကိစ္စနဲ့ ပတ်သက်ပြီး မင်းကိုငါ ပြစရာလေးတခုရှိလို့"

"ဟ၊ မင်းက ငါ့ကို Kira လို့ယူဆထားတာမဟုတ်လား။ မင်း မျက်နှာ ငါ့ကို မပြသင့်ဘူးနဲ့တူတယ်"
Light ရိသဲ့သဲ့ ပြောလိုက်သည်။

"မတတ်နိုင်ဘူးကွ။ မင်းကိုငါ ပြချင်တဲ့ဟာရှိတော့လည်း ငါ့မျက်နှာ ပြရတော့မှာပေါ့။ နောက်ပြီး ငါ့မျက်နှာ ပြလိုက်ပြီးရင် နောက်တခု ထပ်ပြလို့လည်းရသေးတယ်လေ။ အဲဒါပြီးရင် ငါတို့ ဒီအမှုကြီးကို အဆုံးသတ်လို့ရပြီ"
Near ၏စကားအဆုံး Kira စုံစမ်းရေး အဖွဲ့ဝင်များ မျက်လုံးပြူးသွားကြလေသည်။

"အိုကေလေ။ အဲဒီတော့လည်း တွေ့ကြတာပေါ့။ ငါကလည်း မင်းငါ့ကို အထင်မှားနေတာကြီးကို မြန်မြန် အဆုံးသတ်စေချင်ပါပြီ"
Light လက်ခံလိုက်တော့သည်။

... Light ဟာ Kira ဆိုတာကို သက်သေပြဖို့ Near ဒီကိစ္စကို လုပ်နေတာဆိုတာ သေချာတယ်။ Light သာတကယ် Kira ဆိုရင် သူ ဒီအစီအစဉ်ကို လက်ခံတာဟာ Near ကိုသတ်ဖို့ပဲ ...
Aizawa ကား ခေါင်းရှုပ်လေပြီ။

"ငါတို့ မတွေ့ခင် သဘောတူညီချက်လေး တခုတော့ ယူချင်သေးတယ်ကွ"
Near တောင်းဆိုလာသည်။

"လုပ်ပါ။ မင်းဖြစ်ချင်တာသာ ပြော"

"ငါတို့ တွေ့ကြတဲ့ အချိန်မှာ နှစ်ဖက် အဖွဲ့ဝင်တွေအားလုံးလဲ ရှိနေရမယ်"

"ဖြစ်တယ်"

"ငါတို့ဘက်က ငါအပါအ၀င် SPK အဖွဲ့ဝင်အားလုံးပေါင်း ၄ ယောက်ပါမယ်။ ငါတို့ခေါ်ထားတဲ့ Mogi ကိုလည်း ခေါ်လာခဲ့မယ်။ Misa ကိုတော့ ပြန်လွှတ်ပေးလိုက်မယ်၊ ငါတို့ ဘယ်သွားမယ်၊ ဘာလုပ်မယ်တော့ သူ့ကို မပြောပြတော့ဘူး။ Misa လွတ်မလွတ် သေချာမှ မင်းတို့ လာလည်းရတယ်။ ဘယ်လိုလဲ"

"ရတယ်။ ငါတို့က Mogi အပါအ၀င် စုစုပေါင်း ၅ ယောက်ရှိတယ်"

"ဟုတ်ပြီ။ တွေ့ကြမယ့်နေရာက Daikoku (ဒိုင်ကိုကူး) ဆိပ်ကမ်းကုန်လှောင်ရုံ။ လက်ရှိ ဘယ်သူမှ မသုံးဘူး။ Yellow Box လို့လည်း လူသိများတယ်။ အဆင်ပြေတယ်ဆိုရင် တွေ့ကြဖို့ပဲ"
Near စကားနှင့်အတူ Light တို့ကွန်ပျူတာတွင် ကုန်လှောင်ရုံ၏ အတွင်းအပြင် ဓါတ်ပုံများ ပေါ်လာလေသည်။

... ဘယ်လိုလဲ Light၊ ဒီရုံကြီးမှာ ဆိုရင် မင်းလုပ်ချင်တာလုပ်ဖို့ အံကိုက်ပဲ ....
Near တယောက်တည်း တွေးနေမိရင်း
"နောက်တခု ရှိသေးတယ်။ မင်းတို့ထဲက တယောက်ယောက် စာအုပ်ကို ယူလာစေချင်တယ်"

Light အံ့သြသွားသည်။
"ဘာကိစ္စနဲ့ စာအုပ်က ပါလာတာလဲကွ"

"ရှင်းပါတယ်၊ မင်းတို့အားလုံး ငါတို့နဲ့ လာတွေ့မှတော့ စာအုပ်ကို ထိန်းသိမ်းမယ့်လူ ဘယ်ရှိတော့မလဲ။ စိတ်ချပါ၊ မင်းတို့ဆီက စာအုပ်ကို ငါ မလုပါဘူး။ အေး၊ စာအုပ် အစစ်ကိုယူလာတာဆိုတာသေချာအောင်တော့ Mr.Aizawa ဆီက အတည်ပြုချက်ရမှဖြစ်မယ်။ ငါ သူ့စကားတခွန်းထဲနဲ့ စာအုပ်အစစ်ဆိုတာ လက်ခံလိုက်မယ်"

အားလုံးက Aizawa ကိုဝိုင်းကြည့်ကြတော့
"ဟုတ်ပြီ။ ရတယ်"
Aizawa သဘောတူလိုက်သည်။

"L ကို Kira လို့ ကျနော်ယူဆနေတုန်းပဲမို့လို့ L မဟုတ်တဲ့ တခြားတယောက် စာအုပ်ကို ယူလာစေချင်ပါတယ်"

"အေးပါ။ ဘယ်သူ စာအုပ် သယ်မလဲဆိုတာတော့ ငါ့ဟာငါ ရွေးလို့ရတယ်မဟုတ်လား"
Light ငေါ့တော့တော့ ပြန်ပြောလိုက်သည်။

"ရတယ်။ ဒါဆို နေ့ရက်နဲ့ အချိန်ပဲ ညှိဖို့ကျန်တယ်"

... နေ့ရက်နဲ့ အချိန်၊ ဒါ အရေးကြီးတယ် ...
Light အတွေး

...Mikami ဟာ ညသန်းခေါင်လောက်မှ စပြီး Kira အလုပ်လုပ်တယ်ဆိုရင် နေ့ဘက်မှာ ဘယ်သူ့ကို သတ်ရမလဲလို့ ရွေးထားရမယ်။ ဒါကို ထည့်စဉ်းစားရင် ...
Near တွေးပြီး
"ဒီနေ့ကနေ ၃ ရက်မြောက်၊ ၂၈ ရက်နေ့၊ နေ့ခင်း ၁ နာရီ။ ဘယ်လိုလဲ"

... ၁ နာရီ။ ငါထင်တဲ့အတိုင်းပါပဲ။ Mikami အကြောင်း Near တော်တော်သိတာပဲ ...
Light တွေးလိုက်ပြီး
"ဖြစ်တယ်။ ငါတို့ဘက်က ဘယ်အချိန်မဆို အဆင်ပြေတယ်"

"ဟုတ်ပြီ၊ နောက် ၃ ရက်၊ နေ့လည် ၁ နာရီ"

"အေး"

သူတို့ အဆက်အသွယ် ရပ်လိုက်ကြသည်။

Light ရင်ထဲ ကြုံးဝါးနေသည်။
... Near မင်း ဘာတွေကြံလို့၊ ဘာတွေလုပ်မယ်ဆိုတာ ငါမှန်းထားပြီးသားကွ။ ဒီပွဲမှာ ငါ နိုင်ကို နိုင်မှာ ...

Near ရင်ထဲ ကြုံးဝါးနေသည်။
... Yagami Light မင်း ဘာတွေကြံလို့၊ ဘာတွေလုပ်မယ်ဆိုတာ ငါမှန်းထားပြီးသားကွ။ ဒီပွဲမှာ ငါ နိုင်ကို နိုင်မှာ..

No comments:

Post a Comment