ကျနော်ငယ်ငယ်က
ကျနော်တို့အိမ် အနီးအနားမှာ တရုတ်မိသားစု သုံး ... လေးစု ရှိပါတယ်၊ တရုတ်
လူမျိုးတို့ရဲ့ စီးပွားရေး ကျွမ်းကျင်မှု၊ အလုပ် လုပ်နိုင်မှုတွေကြောင့် ကျနော် ကိုးတန်း
ရောက်ကာစမှာပဲ သူတို့တွေ ကျနော်တို့ ဆင်ခြေဖုံးရပ်ကွက်လေးကနေ လူချမ်းသာ
တွေနေထိုင်တဲ့ ဆိတ်ငြိမ်ဒေသဆီ ပြောင်းရွေ့သွားကြပါတယ်။ ကျနော်တို့ ရပ်ကွက်
က မြန်မာလူမျိုး အများစု နေထိုင်တော့ အလှူခံမဏ္ဍာန်တွေ၊ လော်စပီကာအသံ
တွေ၊ ရာသီအလိုက် ဘုရားပွဲတွေနဲ့ အမြဲလိုလို တရုံးရုံး ဖြစ်နေကြပါ။ ရပ်ကွက်ထဲ
ကနေ တခြားနေရာဆီ ပြောင်းရွေ့သွားသူတွေ ရုတ်တရက် သူတို့စိတ်ထဲမှာ
“ဟာတာတာ” ဖြစ်သွားသလို ခံစားရကြောင်း ပြောပြကြပါတယ်။ ကျနော်တို့
မိသားစုနဲ့ အင်မတန် ရင်းနှီးတဲ့ “အကြည်” လို့ ခေါ်တဲ့ တရုတ်မကြီး မိသားစု တစ်စု
ရှိပါတယ်။ အဲဒီ ဒေါ်အကြည်ဟာ ကျနော့်ရဲ့ “ဖဲ”ရိုက်နည်း သင်ပေးတဲ့ ပထမ
ဆုံး ဆရာတစ်ဦးပါ။
အကြည်တို့ အိမ်ပေါ်မှာ ကျနော်ငယ်စဉ်က နေ့စဉ် သွားရောက် ဆော့
ကစားနေကြပါ။ ကျနော် ခြောက်တန်း ... ခုနှစ်တန်းလောက် ရောက်တော့
အကြည်က သူတို့အိမ်ပေါ်ရောက်ရင် မုန့်ပဲလှော်တွေကို သူ့သားသမီးတွေနဲ့
ဆတူဝေပေးပြီး မုန့်ပဲလှော်ကြေး “ဖဲ”ရိုက်ကြပါတယ်။ ၁၃ ချပ် ပိုကာ၊ တစ်ချပ်
မှောက် “ရှိုး” စတဲ့ ရိုက်နည်းပေါင်းစုံကို ကျနော်တို့ ကစားကြပါတယ်။ မုန့်ပဲလှော်
ကြေး ဖဲရိုက်တိုင်း ကျနော် အရင်ဆုံး မြန်မြန်ကုန်ပြီး ရှုံးသွားလေ့ ရှိပါတယ်။
အဲလို ရှုံးသွားရင် အကြည်က ကျနော့်ကို ကြည့်ရင် ပထမတော့ တဟဲဟဲ
ရယ်ပြီး သူ့ပါးစပ်က တရုတ်လို ပွစိပွစိပြောပြီး မျက်ရည်တွေ ၀ဲလာလေ့ ရှိ
ပါတယ်။ ဒါနဲ့ သူ့သား တိုးတိုးကို မေးကြည့်တော့ ကျနော့်တို့ လမ်းလျှောက်
တတ်ကာစက ကွယ်လွန်သွားတဲ့ အကြည်ရဲ့မောင် “အကျိုး” ကို သတိရပြီး
ခုလို မျက်ရည်ဝဲတာ ဖြစ်ကြောင်း ပြောပြပါတယ်။ အကြည်ရဲ့မောင် ဖြစ်သူ
“အကျိုး” ဟာ တမလွန်ကနေ သူတို့ မိသားစုကို ကာကွယ်စောင့်ရှောက်
နေတယ်လို့ သူတို့မိသားစု မှတ်ယူထားကြပါတယ်။ (အကြည်ရဲ့မောင် အမည်
က “အကျိုး” မဟုတ်ပါဘူး၊ သူတို့တရုတ်တွေရဲ့ အသံထွက်ကို ကျနော်တို့
မှတ်လို လွယ်အောင် “အကျိုး”လို ဖြစ်သလို ခေါ်ကြတာပါ။)
ကျနော့်အဖွားထံကနေ သိခဲ့ရတာက အကြည်တို့ မိဘများ လက်ထက်က
အဲဒီသူတို့အိမ်မှာ စားသောက်ဆိုင်လုပ်ငန်း လုပ်ကိုင်ကြပါတယ်။ အကြည်
အပါအ၀င် သားသမီး လေး ... ငါး ယောက်ရှိပါတယ်။ ၁၉၆၇ ခုနှစ် တရုတ်မြန်မာ
အရေးအခင်းအတွင်း အကြည်ရဲ့ မောင်နှမတချို့ သေဆုံးခဲ့ကြပါတယ်။ သူတို့
မောင်နှမအားလုံး “နန့်ရမ်း” ကျောင်း (ယနေ့ အ.ထ.က(၂)ဗဟန်း) မှာ
ပညာသင်ကြားကြတဲ့ တရုတ်ကျောင်းသားတွေပါ၊ အဲဒီခေတ်က ရန်ကုန်မှာ
“နန့်ရမ်း”လို တရုတ်သီးသန့်ကျောင်းတွေ ရှိခဲ့ဖူးပါတယ်၊ လူကြီးအပြောအရ
စားသောက်ကုန် “ဆန်”ဈေးကွက်ကို တရုတ် လက်ဝါကြီးအုပ်ထားလို့၊ နန့်ရမ်း
ကျောင်းက မြန်မာလူမျိုး ကျောင်းဆရာမတစ်ဦးကို တရုတ် ကျောင်းသားတွေ
စုပေါင်း အဓမ္မပြုကျင့်ပြီး ရင်သား နို့သီးခေါင်းကို ကတ်ကြေးနဲ့ ဖြတ်ပြီး သတ်ပြစ်
တယ် ... စတာတွေ ပြောကြပါတယ်၊ နိုင်ငံရေးအကြောင်း နှံစပ်တဲ့ လူကြီးတွေက
တော့ တရုတ်ကွန်မြူနစ်ပါတီရဲ့ “ပန်းပေါင်းတစ်ရာ ပွင့်ပါစေ”လို့ တရုတ်
ကွန်မြူနစ် ဥက္ကဋ္ဌ မော်စီတုန်း ကြွေးကျော်သံနဲ့အတူ အရှေ့တောင်အာရှနဲ့
ကမ္ဘာအရပ်ရပ်က ကွန်မြူနစ် လက်နက်ကိုင် အင်အားစုတွေကို တရုတ်က
ပုံအော ကူညီမှုကြောင့် တရုတ်မုန်းတီးရေး ပြဿနာ ဖြစ်ပွားပြီး အင်ဒိုနီးရှား
နိုင်ငံမှာ တရုတ်လူမျိုး သိန်း ဂဏန်းအဆင့်ထိ အသတ်ခံရကြောင်း ပြောပြ
ကြပါတယ်။
အဲလိုနဲ့ တရုတ်မြန်မာ အရေးအခင်း လူမျိုးရေး ရိုက်ပွဲတွေ ဖြစ်လာတော့
အကြည်တို့ မိဘများ ပိုင်ဆိုင်တဲ့ သူတို့အိမ်ကို မြန်မာကျောင်းသားတွေနဲ့
မြန်မာပြည်သူတွေ ၀ိုင်းထားကြပါတယ်။ သူတို့ စားသောက်ဆိုင်အတွင်းက
ခုံတွေ စားပွဲတွေ ပစ္စည်းပစ္စယတွေကို လမ်းမပေါ် သယ်ထုတ်ပြီး စုပုံ မီးရှို့
ကြပါတယ်။ အဲဒီအချိန်မှာ အကြည်တို့ အမအကြီးဆုံးဟာ သူတို့တိုက်ရဲ့
ခေါင်မိုးပေါ်တက်ပြီး ... “ဥက္ကဋ္ဌကြီး မော်စီတုန်း အသက်ရာကျော် ရှည်ပါစေ”၊
“ပီကင်းဦးဆောင်တဲ့ တော်လှန်ရေး မုတ်ချအောင်ရမည်” အော်ပြီး သူတို့တိုက်
ရှေ့မှာ သူတို့ပစ္စည်းပစ္စယတွေ မီးပုံရှို့ထားတဲ့ မီးပုံထဲကို ခုန်ချပါတော့တယ်။
အပေါ်ကနေ အောက်ကို ပြုတ်ကျလာတဲ့ အရှိန်နဲ့ အကြည်တို့ အမအကြီး
ဆုံး ပွဲချင်းပြီး သေဆုံးသွားပါတယ်၊ အမအကြီးဆုံး အဲလို အဖြစ်ဆိုးနဲ့ သေ
သွားတာကို ကြည့်ပြီး အကြည်ရဲ့မောင်အငယ်အဆုံး “အကျိုး”ဟာ အဲဒီအချိန်
ငါးနှစ် ..... ခြောက်နှစ်သားအရွယ်ပါ၊ ဒါနဲ့ အဲဒီကလေးက တိုက်ခေါင်မိုးပေါ်
ဘယ်လိုပုံစံ တက်သွားမှန်းမသိ တက်သွားတယ်လို့ ကျနော့်အဖွားက ပြောပြ
ပါတယ်။ ကလေးငယ်ဖြစ်တဲ့ အကျိုးက သူ့အမလို ဥက္ကဋ္ဌကြီးမော်တို့ ဘာတို့
မကြွေးကျော်နိုင်ပါဘူး၊ “ခွေးမသားတွေ .... တွေ” စသဖြင့် သူတို့အိမ်ရှေ့က
လူအုပ်စုကြီးကို လက်ညှိုးထိုး ဆဲဆိုပြီး သူ့အမလို ခုန်ချလိုက်ပါတယ်။ တိုက်ပေါ်က
ပြုတ်ကျလာတဲ့ “အကျိုး”ဟာ ငယ်သံပါအောင် အော်ရင် လူတွေကို လက်ညှိုး
ဆဲဆိုနေပါတယ်၊ ပြုတ်ကျလာတဲ့အရှိန်နဲ့ သူ့အမလို သေမသွားပဲ ခြေနှစ်ချောင်း
စလုံး ကျိုးသွားပါတယ်။ သူ့ရင်ဘက်မှာ တရုတ်ကွန်မြူနစ်ခေါင်းဆောင်
မော်စီတုန်း ရင်ထိုးလေးကို တပ်ထားပါတယ်။ သူ့ပါးစပ်ကလည်း တအားအား
အော်ငိုရင်း သူ့ကို ၀ိုင်းကြည့်နေတဲ့ လူအုပ်စုကို ဆက်တိုက် ငိုပြီး ဆဲဆိုပါတယ်။
အဲဒီအချိန်မှာ ဓါးရှည်ကိုင်ထားတဲ့ လူမိုက်တစ်ယောက်က ခုတ်မယ်ဆိုပြီး
သူ့ဆီ ပြေးသွားပါတယ်။ အဲဒီအချိန်မှာ ကျနော့်အဖွားက ... “ဟဲ့ဟဲ့၊ မလုပ်ကြ
ပါနဲ့၊ ဒီကလေးက တရုတ်မဟုတ်ပါဘူး၊ သူတို့မိသားစု ကလေးမွေးစားချင်တယ်
ပြောလို့ အဒေါ်ကိုယ်တိုင် တောက ခေါ်ပေးခဲ့တဲ့ မြန်မာလူမျိုး မိဘမဲ့လေးပါ ...”
လို့ ၀င်ပြီး လိမ်ညာပေးလိုက်ပါတယ်။ အဲဒါနဲ့ အကြည်မောင်အရင်း တရုတ်လူမျိုး
စစ်စစ် “အကျိုး”တစ်ယောက် အောက်ပြုတ်ကျပြီး ခြေထောက်ကျိုးပေမယ့် ဓါးနဲ့
အခုတ်မခံရပဲ အသက်ချမ်းသာရာ ရခဲ့ပါတယ်။ ကျနော်အဖွား အပါအ၀င် သူတို့
အိမ်နီးနားချင်း မြန်မာတွေက သူတို့မိသားစုကို မသတ်ဖို့၊ သူတို့မိသားစုထံမှာ
အကြွေးရစရာ ရှိတယ်ဆိုပြီး မီးရှို့ခံရတော့မယ့် သူတို့ပစ္စည်းတွေကို လူတွေရှေ့
မှာ သူတို့အိမ်ထဲက သယ်ယူကြပါတယ်။ လူအုပ်စုကြီး ပြန်သွားမှ သူတို့ပစ္စည်း
တွေကို သူတို့မိသားစုထံ ပြန်ပေးကြပါတယ်။ ဒါကြောင့် အကြည်တို့ မောင်နှမ
တသိုက်က ကျနော့်အဖွားကို အမေလို့ ခေါ်ကြပါတယ်။ ကျနော့်အဖွား ကွယ်လွန်
တော့ အငိုဆုံးလူဟာ အကြည်ပဲ ဖြစ်ပါတယ်။
ခြေထောက်နှစ်ချောင်းစလုံး ကျိုးသွားတဲ့ အဖြစ်ရယ်၊ သူ့တရုတ် နာမည်
အရင်းမှာ “အကျွတ်”လိုလို “အကျွီ့”လိုလို ခေါ်ရခက်တဲ့ အမည်ကြောင့်
ကျနော်တို့ ငယ်စဉ်က သူ့ကို “အကျိုး”လို့ပဲ ခေါ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ ကျနော်
နှစ်တန်း ... သုံးတန်းလောက်မှာ အကြည်ရဲ့မောင် “အကျိုး” ကွယ်လွန်သွား
ပါတယ်။ ဒီလိုနဲ့ ခြောက်တန်း ... ခုနှစ်တန်း ကျောင်းသားဘ၀ အကြည်တို့
အိမ်မှာ မုန့်ပဲလှော်ကြေး ဖဲရိုက်တိုင်း ကျနော် ရှုံးလေ့ရှိပါတယ်။ ဒါနဲ့ အကြည်’
သား တိုးတိုးပြောပြတဲ့ သေသွားတဲ့ သူ့ဦးလေး “အကျိုး” အကြောင်း ကျနော့်
အဖွားကို မေးကြည့်ပါတယ်။ ကျနော့်အဖွားက “အကျိုး”ဟာ အင်မတန် ၀က်သား
ကြိုက်ကြောင်း ပြောပြပါတယ်။ ဒါနဲ့ ကျနော်နဲ့အတူ အကြည့်တို့အိမ်ပေါ် သွား
ဆော့နေကြ မောင်ငယ်နဲ့ ပေါင်းပြီး အစီအစဉ်တစ်ခု ရေးဆွဲပါတယ်။ အဲဒီ
အစီအစဉ်က ကျနော်တို့ မုန့်ပဲလှော်ကြေး ဖဲရိုက်နေစဉ် အချိန်အတွင်း
သူတို့အိမ်က မီးဖိုချောင်းထဲမှာ ခွက်တစ်ခွက်ကိုယူ ၀က်သားဟင်းထည့်ပြီး
တစ္ဆေဖြစ်နေတဲ့ “အကျိုး”ကို ဖိတ်ဖို့ပါ၊ ကျနော်တို့ ကလေး “ဖဲ” ၀ိုင်း မပြီးမချင်း
သူ့တူအရင်း တိုးတိုးဖက်ကနေ ၀င်မကူရင် ဖဲ လာကစားတိုင်း ၀က်သားဟင်း
တစ်ခွက် ယူလာမယ်လို့ ကတိပြုတယ်ပေါ့ ...။
ဒီလိုနဲ့ ကျနော်တို့ မောင်ငယ်တို့ အိမ်မှာ ၀က်သားဟင်းချက်ရင် ခွက်သေးသေး
ထဲ ၀က်သား အဆီးဖက်လေး နည်းနည်း ထည့်ပြီး အကြည့်တို့ အိမ်ပေါ်
ယူသွားပါတယ်၊ သူတို့အိမ်ပေါ်ရောက်ရင် ဟိုကြည့် ဒီကြည့်နဲ့ သူတို့မိသားစု
မမြင်အောင် လှေကားထစ်အောက် ဖြစ်ဖြစ် ဒီခွက်လေး ယူသွားပြီး ပါးစပ်ကနေ
တိုးတိုးတိတ်တိတ်နဲ့ ... “အကျိုးရေ၊ အကျိုးကြိုက်တဲ့ ၀က်သားဟင်း ယူလာ
တယ်၊ ဖဲဝိုင်းမှာ တိုးတိုးဖက်ကနေ ၀င်မပါပေးနဲ့၊ တိုးတိုးဖက်က ၀င်ပါလို့
ကျနော်တို့ရှုံးရင် နောက်တခါ ၀က်သားဟင်း မကျွေးတော့ဘူး ... ”။
အဲဒီတုန်းက ကိုယ်တိုင်လုပ်ခဲ့တာကို အခုပြန်တွေးမိမှာ ကြက်သီးတောင်
ထ’တယ် .... :P
အဲလို ၀က်သားဟင်း ကျွေးတဲ့နေ့ဆို မုန့်ပဲလှော်ကြေး ကျနော်တို့ ဖဲရိုက်ရင်
ကျနော်ရော မောင်ငယ်ပါ နိုင်သလား မမေးပါနဲ့၊ မုန့်ပဲလှော်တွေ စားလို့
ချောင်းတဟွတ်ဟွတ်နဲ့။ ၀က်သားဟင်း ယူမသွားနိုင်တဲ့ နေ့ဆိုရင် ကျနော်တို့
နှစ်ယောက် ခွက်ခွက်လန်အောင် ရှုံးပါတယ်၊ ၀က်သားဟင်း ယူမသွားနိုင်တဲ့
တစ်နေ့၊ ပိုကာဖဲဝိုင်းမှာ ဝေပါ တစ်ထွေ၊ ဂျိုကာက နှစ်ကောင်နဲ့၊ လေးပြား တစ်တွဲ၊
သုံးပြား နှစ်တွဲ၊ ကျန်နှစ်ပြားကို အလယ်က ဂျိုကာထောက်ပြီး change လုပ်နေတာ
ဖဲဝိုင်း အလှည့်ကျ ဖဲဆွဲတာ လေး .... ငါးပတ် ကျနော်တို့ မဒေါင်းဘူး၊ ပေါက်ကရ
ဖဲမျိုးစုံ ဖြစ်နေတဲ့ တိုးတိုးက ဂျိုကာတွေ တက်လိုက်၊ ပိုက်ဆံဖဲတွေ တက်လိုက်နဲ့
သူပဲ ဒေါင်းသွားတယ်။ ဒါနဲ့ မုန့်ပဲလှော်ကြေး ဖဲရှုံးသွားတဲ့ ကျနော်တို့
နှစ်ယောက်၊ ၀က်သားဟင်းကြိုက်တဲ့ တရုတ်တစ္ဆေ “အကျိုး” ကို ပညာပေးမယ်
ဆိုပြီး စီစဉ်ကြပါတယ်။
နောက်တနေ့ မောင်ငယ်တို့အိမ်မှာ ၀က်သားဟင်းချက်တော့ ခွက်သေးသေး
ထဲ ၀က်သားဖက် နှစ်တုံးကို အဆီလေး ဘာလေးထည့်၊ ငရုတ်သီးမှုန့်တွေ၊
ငရုတ်သီးစိမ်း အတောင့်ကို ချွေထည့်ပြီး “အကြည်”တို့အိမ် သွားကြပါတယ်။
ထုံးစံအတိုင်း သူတို့အိမ်မှာ တစ္ဆေဘ၀ကနေ သူတို့မိသားစုကို ကာကွယ်
နေတဲ့ “အကျိုး”ကို ကျနော်တို့ဘာသာ တိုးတိုးတိတ်တိတ် ပင့်ဖိတ်ပြီး
ငရုတ်သီး ဗလပွ ထည့်ထားတဲ့ ၀က်သားဟင်းနဲ့ ပူဇော်ပသ လိုက်ပါတယ်။
တရုတ်လူမျိုးတွေက ၀က်သားဟင်း ချက်ရင် အချိုချက်ပဲ စားကြတာ
များပါတယ်၊ အစပ်ကြိုက်တဲ့ တရုတ်ဟာ တော်တော်ကိုး ရှာပါတယ်။
ဒါကြောင့် ၀က်သားဟင်းကို ငရုတ်သီး လူးပြီး ကျွေးလိုက်တာပါ၊ တစ္ဆေပုံစံကို
တခါမှလည်း မမြင်ဘူး၊ အသံတွေ ဘာတွေလည်း မကြားဘူးတော့ လုပ်ရဲတဲ့
သတ္တိ ရှိခဲ့တာပါ။ ဒီလိုနဲ့ နောက်နေ့မနက် မိုးလင်းတော့ မျက်လုံးမပွင့်ခင်
ခြင်ထောင်နံဘေးမှာ ကျနော့်အဖွားရဲ့ တဗျစ်တောက်တောက် ဆူသံကို
ကြားနေရပါပြီ။ တရုတ်တစ္ဆေ “အကျိုး”က ကျနော့်အဖွားကို အိမ်မက်ပေးပြီး
အိမ်မက်ထဲမှာ ... “အမေ၊ အမေ့မြေး ကျနော့်ကို ၀က်သားဟင်း ငရုတ်သီး
လူးပြီး လာ ကျွေးသွားတယ်ဗျာ ...” တဲ့ ..... :P
မောင်ငယ်တို့ အမေလည်း ပုံစံတူ အဲလို အိမ်မက် မက်ပါတယ်၊ လေး ...
ငါးလ ... ခြောက်လ ကြာသည်အထိ “အကြည်”တို့ “တိုးတိုး” တို့ အိမ်ဆီ
ကျနော်နဲ့ မောင်ငယ် မသွားရဲကြပါ၊ လူကြီးတွေ ပြောတဲ့ ...
ပေါက်ပန်းလေးဆယ် မလုပ်နဲ့နော် ... ဆိုသောစကားကို လက်ခံလို့တော့
မဟုတ်၊ တရုတ်တစ္ဆေ “အကျိုး” ကိုယ်ရောင်ပြလိုက်မှာ ဆိုးလို့ပါ .... :P
-စစ်ငြိမ်းဒီရေ
No comments:
Post a Comment