စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Sunday, April 6, 2014

ချစ်ခြင်းကို မြူဆွယ်သော ဆေးတစ်ဖုံ


ပဲခူးရိုးမ တောင်တန်းကြီးတွေနားက ရွာကလေးတစ်ရွာမှာ ဒီအဖြစ်အပျက်ကလေးဖြစ်ပွားခဲ့တာပါ... အဲဒီရွာကလေးက လှမ်းမျှော်ကြည့်လိုက်ရင် တောင်တန်းကြီးတွေ၊ တောတန်းလေးတွေနဲ့ အင်မတန်သာယာလှပပြီး နေချင့်စဖွယ်
ရွာလေးတစ်ရွာပေါ့ဗျာ.. ရွာဦးဘုရားပွဲရက်များဆိုရင် တစ်ရွာလုံး ရွာလုံးကျွတ် ပွဲဈေးကိုကြည့်ရင် ပွဲခင်းထဲရောက်နေကြရောဗျ.. ပွဲဈေးကလည်း အင်မတန်စည်ပြီး ပွဲကြိုက်တတ်တဲ့ ရွာသူရွာသားတွေနဲ့ဆိုတော့ ကွတ်တိပေါ့ဗျာ.. ပွဲဈေးလျှောက်တဲ့သူက လျှောက်၊ ဇာတ်ကြည့်တဲ့သူက ကြည့်နဲ့ တော်တော်စည်ကားပါတယ်.. တခြားရွာတွေကလည်း ပွဲရှိတော့ လှည်းတစ်တန် ခြေလျှင် တစ်တန်နဲ့လာကြတာပေါ့ဗျာ.. တစ်နှစ်ကျတော့ ရွာဦးဘုရားပွဲကျင်းပနေတဲ့ အချိန် ပွဲဈေးကိုလည်း စိတ်မ၀င်စား၊ ဇာတ်ပွဲကိုလည်း အာရုံမရှိတဲ့ လူလေးယောက်ကတော့ ရွာရဲ့ဟိုဘက်ထိပ်က သချိုင်းမှာ အလုပ်ရှုတ်နေကြလေရဲ့.. ဘယ်သူတွေလဲ ကြည့်လိုက်တော့.. ရွာလူကြီးရဲ့သား ထွန်းနိုင်၊ သူ့သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ ချစ်မောင်နဲ့ လှထွန်း.. နောက်တစ်ယောက်က လှထွန်း ပင့်ခေါ်လာတဲ့ ဘိုးတော်အောင်မြင့်... အားလုံး စုစုပေါင်း ၄ ယောက်တိတိ.. ဒီအချိန်ကြီး သူတို့ဘာလုပ်နေကြတာလဲဆိုတော့ ပီယဆေးတဲ့.. ကဗျာဆန်ဆန်ပြောရရင်တော့ ချစ်ခြင်းကို မြူဆွယ်သော ဆေးတစ်ဖုံ ဖော်စပ်မလို့ ဒီသချိုင်းထဲကို ရောက်လာကြတာဗျ.. နောက်တော့ တကုပ်ကုပ်နဲ့ မြေပုံတစ်ခုကို တူးဆွကြပါလေရော... အဲဒီနောက်တော့...
" အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး "
သချိုင်းဘက်မှ ပျံ့လွင့်လာတဲ့ အသံနက်ကြီးတစ်ခု.. ပွဲခင်းမှ လူတော်တော်များများ ကြားလိုက်ရပြီး လူတချို့ သချိုင်းဘက်ကိုသွားကြည့်ရာ..................

ဖြစ်ပုံက ဒီလိုဗျ..
" တောက်ခ်ခ်... ငါ မကျေနပ်ဘူးကွာ.. လုံးဝ မကျေနပ်ဘူး.. "
" မင်းကြည့်ရတာ ဂနာကို မငြိမ်ဘူး.. ဘာတွေ မကျေမနပ်ဖြစ်နေတာလဲ ထွန်းနိုင်ရ.. ပြောစမ်းပါအုန်း.. " ချစ်မောင်က ထွန်းနိုင်ကို လှမ်းမေးလိုက်တယ်... ထွန်းနိုင် ဒေါသအိုးပေါက်ကွဲနေတဲ့အရှိန်ကြောင့် လှထွန်းကတော့ ငြိမ်ပြီး နားရွက်တောင်မခတ်ရဲဘူး ငေးကြည့်နေတယ်.. ရွာမြောက်ပိုင်းက ထန်းတောထဲတွင် ရွာလူကြီးသား ထွန်းနိုင်တို့ သူငယ်ချင်းတွေ ထန်းရည်သောက်ရင်း စကားပြောနေကြခြင်းပင်..
" ဟ ချစ်မောင်ရ.. ရွာလည်ပိုင်းက ငါတို့ရွာရဲ့ ကွမ်းတောင်ကိုင်လေး ထွေးမြကို မင်းသိတယ် မဟုတ်လား.. "
" အာ.. မင်းကလည်း ငါသိတာပေါ့... ဘာလဲ.. မင်းကို အဖြေပေးလိုက်ပြီလား.. "
" မင်း အဘ.. ငါ့ကို အဖြေပေးမှတော့ ငါဒီလိုပုံစံဖြစ်နေမလားကွ.. ငတုံးရ.."
" အေး.. ဒါလည်း ဟုတ်တာပဲ.. ဒါနဲ့ မင်းက ထွေးမြကို စိတ်တိုနေတာလား.. "
" ဟုတ်တယ်.. ထွေးမြက ငါ့ကို ငြင်းလိုက်တယ်.. ဒါပေမယ့် ငါစိတ်တိုတာ ဒီအကြောင်းကြောင့်မဟုတ်ဘူး.. "
" ဒါဆို ရွာတောင်ပိုင်းက ထွေးညိုလေးကြောင့်လား.. "
" အာာ သူတို့ကြောင့်လည်း မဟုတ်ဘူး.. "
" ဒါဆို ဘယ်သူကြောင့်လဲ.. ရှင်းရှင်းပြောကွာ.."
" ငါ တစ်ခုတွေးမိတယ်.. ငါ့ကိုဆို ရွာက ကွမ်းတောင်ကိုင် ပန်းတောင်ကိုင်မပြောနဲ့.. ရွာမြောက်ပိုင်းက အပျိုကြီးတွေတောင် အဖက်လုပ်ကြတာ မဟုတ်ဘူး.. အဲဒါကို မကျေမနပ်ဖြစ်နေတာ.. "
" မင်းကလည်းကွာ.. အပျိုကြီးတွေ အဖက်မလုပ်ရင် နေပေါ့.. အခုမှ အပျိုလေးတွေရှိပါသေးတယ်.. "
" ××× ချစ်မောင်.. အပျိုကြီးတွေတောင် အဖက်မလုပ်တာ အပျိုလေးတွေဆိုတော့ ပိုဝေးတာပေါ့ကွ.. ဒါတောင်မတွေးတတ်ဘူး.. ငထူ.. ငအ.. မင်းပဲ တွေးကြည့်စမ်းပါ.. ငါတို့လည်း ဒီရွာက ကာလသားတွေပါကွ.. ဒါပေမယ့် ဒို့ရွာက ကောင်မလေးတွေက ဟိုဘက်ရွာကကောင်တွေဆိုရင် အရေးကိုပေးလွန်းတယ်.. "
" အဲဒီကောင်တွေ လာရင် ရိုက်လွတ်လိုက်ရမလား.. "
" ဟာ.. ဒီကောင်ကတော့.. ငါ့သူငယ်ချင်းဆိုပြီး ငါ့အဖေက မင်းကို ညှာမယ်ထင်နေသလား.. အချုပ်ထဲရောက်သွားမယ်.. ငါ့အဖေက ငါကိုလည်း သားဆိုပေမယ့် ညှာတာ မဟုတ်ဘူး.. "
" မင်းကမှ ရွာလူကြီးသားဆိုတဲ့ ဂုဏ်လေး ရှိပါသေးတယ်ကွာ.. ငါတို့မှာသာ ဘာမှမရှိ.. ဗလာနတ္ထိပဲ.. ဒီတစ်သက် မိန်းမရဖို့တောင် လမ်းမမြင်ဘူး.. "
တချိန်လုံး ငြိမ်နေသည့် လှထွန်းက ၀င်ပြောသည်။ ချစ်မောင်က လှထွန်းကို တစ်ချက်ကြည့်လိုက်ရင်း
" မင်းလည်း ဒီလောက်ထိ မကျေမနပ်ဖြစ်ပြီး စိတ်တို မနေစမ်းပါနဲ့ ထွန်းနိုင်ရာ.. ဟိုဘက်ရွာမှာ ငါ့အသိ ဆရာတစ်ယောက်ရှိတယ်ကွ.. သူ့ပညာက အောက်လမ်းလိုလို ဘာလိုလိုပဲ.. ငါလည်း သေချာမပြောတတ်ဘူး.. ပီယဆေးတွေ ဘာတွေ ဖော်တယ် ကြားတာပဲ.. မင်းစမ်းကြည့်မလား.. "
" ဘာပဲဖြစ်ဖြစ်ကွာ.. ယောင်္ကျားပဲ.. ကြောက်ရဲလွဲ ရဲရင်မင်းဖြစ်နိုင်သေးတာပဲ.. စမ်းကြည့်မယ်.. "
" အေး.. ဒါဆို ငါ မနက်ဖြန် မင်းကိုလာခေါ်မယ်.. ငါတို့ ဟိုဘက်ရွာသွားကြတာပေါ့.. ခုတော့ စိတ်ကိုလျော့ပြီး အရက်ကိုအေးဆေးသောက်တော့.. " ချော့မော့ပြီး ထွန်းနိုင်၏ အရက်ခွက်ကို အရက်ငှဲ့ပေးလိုက်လေသည်။ ထွန်းနိုင်ကတော့ အရက်ကို ဖြေးဖြေးချင်းသောက်လိုက်ပြီး စိတ်ကူးထဲတွင်တော့ သူ့ကို ကောင်မလေးတွေ ၀ိုင်းဝိုင်းလည်နေမည့်အဖြစ်ကို မြင်ယောင်နေလေသည်။
နောက်တစ်နေ့ မနက်ခင်းပိုင်းတွင် ချစ်မောင်လာခေါ်သဖြင့် ချစ်မောင်၊ လှထွန်း၊ ထွန်းနိုင် သုံးယောက်သား ဟိုဘက်ရွာသို့ ထွက်ခဲ့လေသည်။ ရွာအပြင်ဘက် တဲအိမ်တစ်အိမ်ရှေ့သို့ ရောက်သောအခါ အတွင်းဘက်မှ
" ဟေ့. အိမ်ရှေ့က ဘယ်သူတွေလဲ.. ၀င်ခဲ့ကြလေ.. " ဟု ခေါ်သံကြားလိုက်ရလေသည်။ အိမ်အတွင်းမှ ခေါ်သံကြားလိုက်ရသောကြောင့် သုံးယောက်သား တဲအတွင်းသို့ ၀င်သွားကြလေသည်။ တဲအတွင်းသို့ရောက်သောအခါ နှုတ်ခမ်းမွှေးကားကား၊ အကျီရင်ဘတ်ဟထားပြီး ရင်ဘတ်တွင် အမျိုးအမည်မသိသော အင်းကွက်များ ဆေးမှင်ကြောင်ထိုးထားသော လူကြီးတစ်ယောက်ကို တွေ့လိုက်ရလေသည်။
" ချစ်မောင်တို့ပါလား.. ဘာကိစ္စရှိလို့လဲကွ.."
" ထွန်းနိုင်.. ဒါ ငါ ပြောပြောနေတဲ့ ဆရာဦးအောင်မြင့်ကွ.. ဆရာ .. ဒါ ကျွန်တော့်သူငယ်ချင်း ထွန်းနိုင်ပါ.. ဟိုဘက်ကတော့ လှထွန်းပါ.. "
" အေး.. လာရင်းကိစ္စက ဘာလဲ.. "
" ဟိုလေ.. ဟို.. "
" ပြောစမ်းပါကွာ.. အားမနာနဲ့.. "
" ဟိုလေ.. ကျွန်တော်တို့ ပီယဆေးလိုချင်လို့ပါ.. အဲဒါ.. "
" ဟေ.. ဟားဟား.. မင်းတို့လူငယ်တွေက ပီယဆေးကို ရော့ အင်း.. ဒီဆေးပဲ ဆိုပြီး လွယ်လွယ်လေးရမယ် ထင်နေကြတာလား.. အဲဒီဆေးက လွယ်လွယ်နဲ့မရဘူးကွ.. ကလေးမီးဖွားရင်း သေသွားတဲ့ အသက် ၃၀ အောက် အမျိုးသမီး အလောင်းရှိမှ.. ပြီးတော့ ဆေးတစ်ခုဖော်တယ်ဆိုတာ နက္ခတ် ဂြိုလ်ခွင်တွေလည်း ကြည့်ရသေးတယ်.. မဟုတ်ရင် အစွမ်းမထက်ဘူး.. ဒါပေမယ့်သိပ်မကြာခင်မှာ အဲဒီ နက္ခတ်ဂြိုလ်ခွင်တွေ ပြည့်စုံတဲ့ နေ့ရောက်လိမ့်မယ်.. ဒါကလည်း ငါ ညက အကြောင်းတစ်ခုရှိတာနဲ့ ကြည့်ရင်းနဲ့ အမှတ်မထင် တွေ့တာ.. ဒီမနက်ကျတော့ မင်းတို့ရောက်လာကြတာပဲ.. အခု အဓိက လိုနေတာ အလောင်းကောင်ပဲ.. အဲဒီဂြိုလ်ခွင်ကျလို့မှ အလောင်းကောင်မရဘူးဆိုရင် ဘာမှ စွမ်းမှာ မဟုတ်ဘူး.. နောက်တစ်ခုက ကလေးအနှီးတစ်ခုနဲ့ ကလေးအရွယ် အရုပ်တစ်ရုပ်ပဲ.."
ထွန်းနိုင်တို့ ၃ ယောက်စိတ်ပျက်လက်ပျက်ဖြစ်သွားလေသည်။
" မင်းတို့ကို ငါ အခု တစ်ခါတည်း မှာထားလိုက်မယ်.. လာမည့် လပြည့်ညက နက္ခတ်စုံတဲ့ ဂြိုလ်ခွင်မိတဲ့ညပဲ.. မင်းတို့ အဲဒီညမတိုင်ခင်မှာ ငါလိုချင်တဲ့ အလောင်းကောင်ရမယ်ဆိုရင် ငါ့ကိုလာအကြောင်းကြား.. ငါ လိုက်လုပ်ပေးမယ်.. "
" ဟုတ်ကဲ့ပါ ဆရာကြီး.. ကျေးဇူးတင်ပါတယ်.. အလောင်းကောင် ရတာမရတာကတော့ ကျွန်တော်တို့ကံပေါ့ဗျာ.. ကျွန်တော်တို့ကို သွားခွင့်ပြုပါဦး.. "
" အေး...အေး.. "
ဆရာဦးအောင်မြင့်ဆီမှ အပြန်တွင်တွင် သုံးယောက်သား စိတ်ပျက်လက်ပျက်ဖြင့် ရွာအနောက်ပိုင်းဘက်မှ လှည့်ပြန်လာခဲ့ကြသည်။ ဒီရက်ပိုင်းအတွင်း ဆရာပြောသည့်အလောင်းကောင်ကို ဘယ်မှာလိုက်ရှာရမှာလဲ.. အချက်တွေကလည်း များလွန်းလှသည်။ ဒီလိုနှင့် ကိုယ့်အတွေးနဲ့ကိုယ် လမ်းလျှောက်လာစဉ် ထွန်းနိုင်တို့ကပဲ ကံကောင်းတာလား မသိ.. အိမ်တစ်အိမ်မှ စူးခနဲ ငိုသည့် ငိုသံတစ်ခုကြားလိုက်ရလေသည်။ ခြေလှမ်းများကို သွက်သွက်လှမ်းပြီး သွားကြည့်ရာ ရွာအနောက်ဘက်တွင်နေသော ကိုမြရင်၏ မိန်းမ မိုးလေးတစ်ယောက် ကလေးမီးဖွားရင်း ဆုံးသွားသဖြင့် ငိုယိုနေကြခြင်းဖြစ်ကြောင်း သိလိုက်ရလေသည်။ သူများမိသားစု ငိုယိုနေချိန်တွင် ထွန်းနိုင်တို့ သူငယ်ချင်းတစ်စုကတော့ အပျော်လွန်ကာ ထန်းတောထဲတွင် ကခုန်နေကြသည်။ ဆရာဦးအောင်မြင့်ဆီကိုလည်း အကြောင်းကြားရင်း ရက်လည် အသုဘချပြီးသည်အထိ သည်းခံစောင့်ဆိုင်းနေလေရပြီး အလောင်းမြေကျပြီးသည်နှင့် လုပ်ငန်းစကြရန် ပြင်ဆင်ကြတော့သည်။ ဤသို့ဖြင့် မကောင်းမှုပြုလုပ်သူတို့အတွက် အချိန်အခါပေးသည်ထင်သည်။ အလောင်းဖော်မည့်ရက်တွင် ရွာဦးစေတီကလည်း ပွဲတော်ပြုလုပ်နေသည်နှင့်တိုက်ဆိုင်နေသဖြင့် အလုပ်လည်းအောင်မြင် ဘယ်သူမှလည်း မသိသောကြောင့် ထွန်းနိုင်တို့သုံးယောက်၏ မျက်နှာမှာ အချိုပေါ် သကာဆင့်ထားသလို ပြုံးရွှင်တက်ကြွနေလေတော့သည်။ ဒီလိုနှင့် လူအများ ဘုရားပွဲတော်တွင် ပျော်ရွှင်နေချိန်တွင် သချိုင်းအတွင်းတွင် လူလေးယောက် အလုပ်ရှုတ်နေကြလေသည်။ ဆရာအောင်မြင့် မှာကြားထားသည့်အတိုင်း ထွန်းနိုင်တို့အလောင်းဖော်နေစဉ်ဦးအောင်မြင့်ကလည်း မြေပုံအနားတွင် လေးဖက်လေးတန် ငုတ်ကလေးများစိုက် အပ်ချည်ကြိုးများဖြင့်ဆက်သွယ်ပြီး ကန်တော့ပွဲများဖြင့် အလုပ်ရှုတ်နေတော့သည်။ ဒီလိုနှင့် ခြောက်ခြားစရာကောင်းလှသော ညတွင် သချိုင်းအတွင်းမှ အခေါင်းဖော်သံ တဒုတ်ဒုတ်သံကြီးက အသည်းငယ်သူများအဖို့ လွန်စွာ ကြောက်မက်ဖွယ်ကောင်းလှချေသည်။ အခေါင်းဖော်နေရင်း ငှက်ဆိုးတစ်ကောင်က တဂစ်ဂစ်ဖြင့် ခေါင်းပေါ်မှ ကျော်သွားပြီး တိမ်စိုင်တိမ်မည်းတစ်အုပ်က လမင်းကြီးကို ကွယ်လိုက်သဖြင့် ရုတ်တရတ် မှောင်အတိကျသွားလေသည်။ ထိုအခိုက်တွင် ပတ်ဝန်းကျင်မှ လေပြင်းများက တိုက်ခတ်လာပြီး အကျီင်္စများ တဖြတ်ဖြတ်လှုတ်ခတ်သွားလေသည်။ ၀ါဆိုဖယောင်းတိုင်ကြီး၏ မီးရောင်လည်း ငြိမ်းမလိုဖြစ်သွားသောကြောင့် လှထွန်းက အချိန်မှီ လက်ဖြင့်ကာလိုက်ရလေသည်။
" လေကလည်းပြင်းလိုက်တာကွာ.. ကောင်းကင်ကြီးကလည်း မှောင်မဲသွားလိုက်တာ.. လရောင်တောင် မမြင်ရတော့ဘူး.. " လှထွန်းက ငြီးတွားရင်း ပြောလိုက်လေသည်။ ထိုအခိုက် ခွေးတစ်ကောင်၏ ဆွဲဆွဲငင်ငင် အူလိုက်သောအသံကြီး ပေါ်ထွက်လာပြီး ဒုတ် ခနဲ အခေါင်းပေါ်လာလေသည်။
" ဆရာအောင်မြင့်ရေ.. အခေါင်းတော့ ပေါ်လာပြီ.. ကျွန်တော်တို့ ဘာဆက်လုပ်ရအုန်းမလဲ.. "
" အေး.. ပေါ်လာရင် အခေါင်းဖွင့်လိုက်ပေါ့ကွာ.. "
" ဗျာ.. အ.. အခေါင်းဖွင့်ရမယ်.. ဟုတ်လား.. "
" အေးလေကွာ.. အခေါင်းကိုတောင် တူးပြီးပြီပဲ.. အခေါင်းဖုံးဖွင့်ရမှာပေါ့.. ဘာလဲ.. မင်းတို့ ပီယဆေးကို မလိုချင်ကြတော့ဘူးလား.. မလိုချင်ရင် ဒီနေရာက လှည့်ပြန်လိုရသေးတယ်နော်.. "
" ဟာ.. မ... မဟုတ်ပါဘူး.. ဆရာအောင်မြင့်ရယ်.. ကျွန်တော်တို့ အခေါင်းဖုံး ဖွင့်ပေးပါ့မယ်.. "
မတတ်နိုင်တော့ ပေါက်တဲ့ နဖူး မထူးဘူးဟ ဆိုပြီး အခေါင်းဖုံးကို ကလန့်ပြီး ဖွင့်လိုက်သည်။ အခေါင်းတွင်းမှ အလောင်းကောင်က မီးနေသည်မို့လို့လားမသိ.. ပုပ်အဲ့အဲ့အနံ့ဆိုးကြီး အပြင် ဆနွင်းနံ့ပါ ထောင်းခနဲ ရလိုက်လေသည်။ ထိုအခါ ဆရာအောင်မြင့်က
" မင်းတို့ အလောင်းကောင်နားမှာ ဒီကျောက်ပျဉ်နဲ့ ရေနဲ့ သနပ်ခါးတုံးနဲ့ ထားပြီးရင် မင်းတို့အလုပ်ပြီးပြီ.. စည်းဝိုင်းထဲ ၀င်နေကြတော့.. မင်းတို့ကို ငါသေချာမှာစရာရှိတယ်.. ဘယ်လိုအကြောင်းနဲ့ပဲဖြစ်ဖြစ် ဘယ်လိုကြောက်စရာပဲတွေ့တွေ့ ဒီစည်းဝိုင်းရဲ့ အပြင်ကို မထွက်ကြနဲ့နော်.. တကယ်လို့ စည်းပေါက်သွားရင် မင်းတို့အသက်အန္တရယ်ရှိတယ်.. အဲဒီအချိန်မှာ ငါလည်း တတ်နိုင်မှာ မဟုတ်ဘူး.. အလောင်းကောင်ကို အသက်သွင်းပြီး ဒီ အနှီးပတ်ထားတဲ့ ကလေးရုပ်ကို သနပ်ခါးလိမ်းခိုင်းရမယ်.. အဲဒီ သနပ်ခါးက မင်းတို့အတွက် ပီယဆေးပဲ.. မင်းတို့ ပီယဆေးလိုချင်တယ်ဆို မင်းတို့ သတ္တိတော့ ရှိရမှာပေါ့.. "
" ရှိ.. ရှိပါတယ်.. ဆရာအောင်မြင့်.. "
" အေး.. ဒါဆိုလည်း ပြီးရော.. ကဲ စမယ်.."
မှောင်မဲနေသော ညကာလ.. သချိုင်းအတွင်းမှ ဖော်ထားသော မြေပုံတစ်ခုနှင့် အခေါင်းဖုံးပွင့်နေသော အလောင်းတစ်လောင်း.. ထိုအရှေ့တွင် စည်းဝိုင်းတစ်ခုနှင့် စည်းဝိုင်းအတွင်းတွင် အုန်းပွဲ ငှက်ပျောပွဲပေးထားသော ပွဲတစ်ခုနှင့် ၀ါဆို ဖယောင်းတိုင်ကြီး သုံးတိုင်.. မိုးပေါ်လက်မြှောက်ကာပင့်ကာဖြင့် ကျယ်လောင်စွာ ဂါထာရွတ်ပြီး အလောင်းကောင်ကြီးကို အသက်သွင်းနေသော လူကြီးတစ်ယောက်... ဆွဲဆွဲငင်ငင် အူနေသော ခွေးများ၏ အသံက ခြောက်ခြားဖွယ်ရာအတိ.. ထိတ်လန့်ဖွယ်ရာ အတိ.. သွေးပျက်ဖွယ်ရာ အတိ... ထိုအခိုက် ဦးအောင်မြင့်က လက်စွဲတော် ဆေးကြိမ်လုံးဖြင့် ဖြန်းခနဲ ရိုက်လိုက်ရင်း
" ဟဲ့.. အလောင်းကောင်.. ထစမ်း .. ထစမ်း... ငါ ဆရာ အမိန့်ပေးနေတယ်... ထ ဆိုထ.. ကြွ ဆိုကြွ.. "
ခွေးအူသံတွေ အရင်ထက် ပိုဆူလာသလို အနားမှ ဇရပ်ပျက်ကြီးမှလည်း လေတိုက်သဖြင့် တဖြန်းဖြန်းမည်သံကြီးက ပိုမည်လာသလို.. သချိုင်းအတွင်းမှ ညောင်ပင်ကြီးကလည်း ယိမ်းကာ နွဲ့ကာဖြင့် မကောင်းဆိုးရွာကြီးတစ်ကောင် ကုန်းထလာသလို... မကြာခင် တွင်းနှုတ်ခမ်းဝကို သွေးဆုတ်ကာ ဖြူပတ်ဖြူရော် ဖြစ်နေသော လက်တစ်ဖက်ရောက်လာကာ အလောင်းကောင်ကြီး ထလာချေပြီ.. ဆံပင်စုတ်ဖွားနှင့် မျက်လုံးက ချိုင့်ဝင်ကာ ဟောက်ပက်ဖြစ်နေသော အလောင်းကောင်ကြီး၏ပုံစံက သွေးပျက်ဖွယ်ကောင်းလှသည်။
" နင်တို့... ငါ့ကို ခေါ်တာ ဘာလုပ်ဖို့တုန်းးးးးး " ခြောက်ကပ်ကပ် အက်ကွဲနေသောအသံကြီးဖြင့် မေးလာသည်။ ဆရာအောင်မြင့်က
" အေး.. နင့်ကလေးကို နင်မတွေ့ချင်ဘူးလား.. "
" တွေ့ချင်တယ်.. " အလောင်းကောင်ကြီးက ပြောရာ ဆရာအောင်မြင့်က ကလေး အနှီးဖြင့် ထုတ်ထားသော အရုပ်ကလေးကို မပြလိုက်ပြီး
" ရော့.. ဒီမှာ နင့်ကလေး.. ဒါပေမယ့် နင့်အနားမှာ ကျောက်ပျဉ် သနပ်ခါးနဲ့ ရေ ရှိတယ်.. အဲဒီမှာ သနပ်ခါးအရင်သွေး ပြီးရင် နင့်ကလေးကို ငါတို့ပေးမယ်.. "
ထွန်းနိုင်တို့ သုံးယောက်မှာတော့ ဇောချွေးများပင် ကျနေကြချေပြီ.. သွေးပျက်မယ် ဆိုလည်း သွေးပျက်စရာပင်.. အလောင်းကောင်ကြီးနှင့် သူတို့က တလံအကွာလောက်ပဲ ဝေးတာ မဟုတ်ပါလား.. ဖယောင်းတိုင်မီးရောင်အောက်တွင် အလောင်းကောင်ကြီးက သနပ်ခါးသွေးနေသည်ကို မည်သူက သွေးအေးအေးနှင့် ကြည့်ရဲပါမည်နည်း.. ခဏအကြာ အလောင်းကောင်ကြီးထံမှ အသံထွက်လာလေသည်။
" ပြီးပြီ.. "
" ဒါဆို ရော့.. နင့်ကလေးကို သနပ်ခါးလိမ်းပေးလိုက်စမ်း.. " ဟု ပြောပြောဆိုဆို အနှီးပတ်ထားသော ကလေးရုပ်ကလေးကို ပစ်ပေးလိုက်သည်။ အနှီးကို သေချာ တွယ်ချိတ်ဖြင့် ချိတ်ထားသဖြင့် အနှီးပြုတ်ထွက်မသွားခြင်းပင်.. ထိုအချိန်ထိ အခြေအနေက အကောင်း.. အရုပ်ကလေးကို သနပ်ခါး လိမ်းပေးပြီးမှ ပြသနာက စတော့သည်။ ဦးအောင်မြင့်က
" ကဲ.. ငါ့ကို ကလေးပြန်ပေးစမ်း.. "
" ဘာ.. မပေးနိုင်ဘူး.. ငါ့ကလေးကို နင်တို့ကို ဘာလို့ ပြန်ပေးရမှာလဲ.. "
" ဘာာာာ နင်က ငါကို စမ်းတာပေါ့ ဟုတ်လား.. " ဦးအောင်မြင့်က ဒေါသပေါက်ကွဲတော့သည်။
" ဟီးး ဟီးးးးးး ဟီးးးးးး ဟားးးးးးးး ဟားးးးးးးးဟားးးးးးးးးး နင် တို့က ဘာတွေမို့လို့လဲ.. " ရယ်သံအက်အက်ကြီးဖြင့် ပြန်ပြောလေသည်။ ထိုအခါ လှထွန်းမှ ဦးအောင်မြင့်အနား တိုးကပ်သွားပြီး
" ဆ..ဆရာ.. အခြေအနေ မကောင်းဘူးထင်တယ်နော်.. " ဟု အသံတုန်တုန်ဖြင့်ပြောသည်။ ဦးအောင်မြင့်က လှထွန်းဘက်လှည့်ပြီး အသံတိုးတိုးဖြင့်
" စည်းအတွင်းမှာပဲနေ.. စည်းမပေါက်မိစေနဲ့.. " ဟုပြောပြီး အလောင်းကောင်ဘက်ပြန်လှည့်ကာ
" ငါ့အကြောင်းပြရသေးတာပေါ့ကွာ. " ဟုဆိုတာ မြေကြီးကို ဆေးကြိမ်လုံးဖြင့် တဖြန်ဖြန်းရိုက်လေသည်။ ထိုအခါ အလောင်းကောင်ကြီးမှ ဒေါသထွက်သွားဟန်တူသည်။ မျက်နှာတခြမ်းဖုံးနေသော ဆံပင်များအောက်မှ ချိုင့်ဝင်နေသော မျက်လုံအိမ်နီနီကြီးဖြင့် စူးစိုက်ကြည့်ကာ လက်ညိုး တထိုးထိုးဖြင့်..
" သတ်မယ်.. နင်တို့တွေကို ငါသတ်မယ်.. ငါ့ကလေးကို လုချင်တဲ့ဟာတွေကို သတ်မယ်.. " ဟုဆိုကာ ကလေးအရုပ်ကလေးကို ကိုင်နေရာမှ ထလာနေသည်။ သို့သော် စည်းဝိုင်းအပြင်ဘက်မှနေပြီး ပုံစံအမျိုးမျိုးဖြင့် သတ်မယ် ဟု ကြိမ်းဝါးကာ စည်းဝိုင်းကို ပတ်နေလေသည်။ ထွန်းနိုင်တို့လည်း တုန်လှုတ်နေချေပြီ.. ချစ်မောင်မှ
" ဆ... ဆရာာာာ ... ကျ.. ကျွန်တော်.. ကြောက်လာပြီ... "
" စည်းအတွင်းမှာပဲ နေကြနော်.. စည်းမပေါက်... " ဆရာအောင်မြင့်စကားမဆုံးလိုက်ပေ.. ကြောက်စိတ်ကို မထိန်းနိုင်ဘဲ လှထွန်း စည်းဝိုင်းအပြင် ထွက်ပြေးလေပြီ.. ဆရာအောင်မြင့် နှင့် ချစ်မောင်တို့ လိုက်ဆွဲသော်လည်းမမှီလိုက်တော့ချေ.. စည်းပေါက်သွားသောကြောင့် ဦးအောင်မြင့်လည်းပြေးလေပြီ.. အလောင်းကောင်ကြီးမှ ဆွဲမိဆွဲရာ တစ်ယောက်ကိုဆွဲလိုက်ရာ ထွန်းနိုင်၏ လည်ပင်းကို ဆွဲလိုက်မိသောကြောင့် ထွန်းနိုင်၏ ကြောက်အားလန့်အား အော်လိုက်သော အော်သံကြီးကို ဘုရားပွဲရောက်နေသော ရွာသားတချို့ကြားလိုက်ရလေတော့သည်။
" အားးးးးးးးးးးးးးးး "
ထွန်းနိုင်မှာ အလောင်းကောင်ကြီးလက်ကို ကြောက်အားလန့်အား ရုန်းလိုက်ရာ လွတ်သွားလေသည်။ ချစ်မောင်ကတော့ ထွက်ပြေးသွားပြီး သိပ်မဝေးလှသော ခြုံတစ်ခြုံအောက်တွင် ပုန်းအောင်းနေလေသည်။ ထွန်းနိုင်လည်း ထွက်ပြေးရာ ချစ်မောင်ပုန်းနေသော ခြုံကိုကျော်လွန်ပြီး ရွာဆီသို့ ဦးတည်ထွက်ပြေးသွားပြီး ရွာထိပ်မှ အိမ်တစ်အိမ်ပေါ်သို့ တက်ပြေးလေသည်။ ကံဆိုးချင်တော့ အဲဒီအိမ်ပိုင်ရှင်များမှာ ဘုရားပွဲအတွင်းသို့ ရောက်နေကြလေသည်။ အလောင်းကောင်ကြီးလည်း ထွန်းနိုင်နောက်သို့ အခေါင်းကြီးထမ်းကာ လိုက်သွားလေသည်။ အလောင်းကောင်ကြီးမှာ ချစ်မောင်ပုန်းနေသော ခြုံအနားမှ ဖြတ်သွားသဖြင့် ချစ်မောင်မှာ တကိုယ်လုံး နတ်ပူးသလို တဆတ်ဆတ်တုန်နေပြီး ပြားပြားဝပ်နေရတော့သည်။ အလောင်းကောင်ကြီးမှာ ထွန်းနိုင်ပုန်းနေသော အိမ်ခြံဝမှ ရပ်ပြီး အိမ်ဘက်သို့ လက်ညိုးထိုးကာ တတွတ်တွတ်ပြောဆိုပြီး အခေါင်းကြီးအား ခြံဝတွင်ထားကာ သချိုင်းသို့ ပြန်ထွက်သွားလေသည်။ များမကြာမှီ ထွန်းနိုင်တို့အုပ်စုကို ရွာမှလူများ လိုက်ရှာကြရာ ထွန်းနိုင်တစ်ယောက်ကတော့ အခေါင်းကြီးဘေးတွင် မျက်လုံးများပြူးကျယ်လျက် အသက်မရှိတော့ချေ.. ရှေ့ဆုံးမှ ပြေးသွားသော လှထွန်းလည်း ဒီဇာတ်လမ်းလေးကို ပြောပြရင်း သိပ်မကြာခင် အပြင်းဖျားကာ မည်သည့်စကားမှ မေးမရတော့ဘဲ..
" ဟာာ... ဟိုမှာ.. လိုက်လာပြီ.. လိုက်လာပြီ.. အလောင်းကောင်ကြီး ငါ့နောက်လိုက်လာပြီ.. အားးးးးးးး မလာနဲ့.. မလာနဲ့.. သွားးး သွားးးး ထွက်သွားးး " ဟု အော်ဟစ်ပြီး တစ်ပတ်ခန့်အကြာတွင် သေဆုံးသွားပြန်သည်။ ချစ်မောင်တစ်ယောက်ကတော့ ကလေးရုပ်လေးတစ်ရုပ်ပိုက်ကာ
" ဟိတ်.. ဒါ ငါ့ရဲ့ပီယဆေးနော်.. မလုကြနဲ့.. မင်းတို့ မလုရဘူးနော်... ဟာာာာ ဟိုမှာ သရဲမကြိး.. မလာနဲ့.. မလာနဲ့.. ငါ မလိုက်ဘူးနော်.. ဟားဟားဟား... ဟီးးးးဟီးးးးး ငါ ကြောက်လို့ပါ.. " ဟု တတွတ်တွတ် ရေရွတ်ရင်း စိတ်မမှန်တော့ပေ... ထိုအချိန်မှစပြီး အောက်လမ်းဆရာ ဦးအောင်မြင့်တစ်ယောက်လည်း ဘယ်လိုမှ ရှာမတွေ့တော့ဘဲ ပျောက်ချင်းမလှပျောက်သွားလေတော့သည်။

ဒီဇာတ်လမ်းလေးကို ပြောပြသော ကို Nyizay Min ကို အထူးကျေးဇူးတင်ပါတယ်.. တကယ်တော့ ပီယဆေးဆိုတာ ချစ်ခြင်းမေတ္တာကို လိမ်ညာယူတဲ့ ပညာဆေးတစ်မျိုးပါပဲ.. ချစ်ခြင်းမေတ္တာဆိုတာ လုပ်ယူဖန်တီးယူလို့ မရကောင်းတဲ့ နှလုံးသားက အလိုလိုပေါက်ဖွားရှင်သန်လာတဲ့ ခံစားချက်တစ်ခုပါ... ဒါကြောင့် ဒီဇာတ်လမ်းလေးရဲ့ အမည်ကို ပီယဆေး (သို့) ချစ်ခြင်းကို မြူဆွယ်သော ဆေးတစ်ဖုံလို့ နာမည်ပေးလိုက်ရပါတယ်.. စာဖတ်ပရိသတ်များအားလုံးကို လေးစားချစ်ခင်လျက်..

crd....မင်းမနိုင်

No comments:

Post a Comment