စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Wednesday, April 9, 2014

အနောက်ရိုးမ ထဲက အုတ်ဂူအဖြူလေး

အနောက်ရိုးမ တောင်တန်းကြီးတွေ ပေါ်မှနေ၍ အိပ်တန်းဌက်တို့ အုပ်စုဖွဲ့ ပျံသန်းသွားကြချိန် ၊ သွေးနီရောင် တိမ်တိုက် တို့ အား တိမ်မဲများက တစတစ၀ါးမြိုနေချိန်..ရွာလေးရဲ့ အစွန်း မှာရှိတဲ့ 
ကိုးတောင်ပြည့်စေတီလေးရဲ့ခြေတော်ရင်း ဧရာဝတီ မြစ်ကမ်းနဖူးမှာ တရွာတည်း အတူနေချစ်သူများဖြစ်ကြသည့် မင်းသူ နှင့် နှင်းမေ တို့သည် ပခုံးယှက်လက်တင် ကြင်နာမှု့ အပြည့်တို့ဖြင့် အဝေးတနေရာကိုနှစ် ဦးသားငေးမောနေရင်း သက်ပြင်းတို့ သည်အခါခါ ချမိနေကြလေ၏။
ထိုချစ်သူနှစ်ဦးတို့ထံမှ တခါတရံ စကားသံတိုးတိုး ထွက်ပေါ်လာတတ်ပြီး တခါတရံမှာတော့ ရှိုက်သံသဲ့သဲ့ ထွက်ပေါ်လာတတ်သည် ။ ချစ်သူနှစ်ဦးပြောဆိုနေကြနေသည့်အကြောင်းကား……
“ ကိုကြီး..နှင်းမေလေ… ကိုကြီးကိုအရမ်းချစ်တယ်သိလား….”
“ ကိုကြီး လဲ သိပ်ချစ်ပါတယ် နှင်းမေလေးရယ်..ကိုကြီး တို့အတူနေကြဖို့ကိုလေ .. ကြိုးစားနေတယ်နေတယ် နှင်းမေလေးရဲ့ …ဟောဒီမှာကြည့် ကိုကြီးခြေဖ၀ါးမှာ နှင်းမေလေး နဲ့နောင်နှစ်မှာ အတူနေနိုင်ဖို့.. လယ်ယာ ချောင်းမြောင်းကြားမှာ… သွားလာပြီးငါးရှာဖားရှာခဲ့တာတွေကြောင့်…ခြေဖ၀ါးမှာ…ငုတ်စူးရာဘရပွဖြစ်နေတာ…..”
ပြောလည်းပြော မင်းသူမှာ နှင်းမေမြင်သာအောင် ခြေထောက်ကိုရှေ့ တိုးပြလိုက်သဖြင့်..နှင်းမေမှာ ငုံကြည့်လိုက် သဖြင့် နှင်းမေ ပါးစပ်မှ စုပ်သတ်သံလေးထွက်ပေါ်လာသည် ။
“ ဟုတ်ပါရဲ့ ….ကိုကြီးရယ်… ခြေမကြီးမှာလဲ သွေးညိုတွေဥ ပြီးရောင်နေပါလား…..”
“ တနေ့က လယ်စပ်က ညဖက်အပြန် ကန်သင်းပေါင် နဲ့  ခလုပ်တိုက်မိတာလေ….ဆေးရွက်ကြီးဝါးပြီး အုံထား ပါတယ်..နှင်းမေလေးရဲ့…စိတ်မပူပါနဲ့…နောက်ရက်ဆိုပျောက်သွားမှာပါ…..”
“ ညော်မိမခံနဲ့ နော် ကိုကြီး…တော်ကြာနေ ငန်းဝင်နေဦးမယ်….”
“ နှင်းမေလေး အဲလိုပြောလိုက်တာတောင်…အနာတ၀က်သက်သာသွားပြီ..နှင်းမေရဲ့ ….”
မင်းသူက ပြောပြောဆိုဆို နှင်းမေ ပါးလေးကို နမ်းလိုက်တော့…တိမ်တောက်ချိန်နဲ့အပြိုင် နှင်းမေ ပါးပြင်မှာ ပန်းဆီရောင်သမ်းသွားလေရဲ့ ….။
“ ဒီညလေ နှင်းမေ ကိုကြီး ကိုပြောစရာရှိလို့…ချိန်းလိုက်တာ…ကိုကြီးဆီက စကားတွေကြားရတော့.. နှင်းမေ ပြောမထွက်ဘူး….မပြောလဲမပြောရက်တော့ပါဘူးကိုကြီးရယ်….”
“ အော် နှင်းမေရယ်…ကိုကြီးကိုများပြောစရာရှိတာပြောမှပေါ့…နှင်းမေ ဘာပူစာချင်တာလဲပြော…ကိုကြီး ၀ယ်ပေးမယ်လေ….သရက်ထည်အဆင်ဆန်းလေးတွေလား…သနပ်ခါးလား..ပြောမြို့ကိုလူကြုံရှိရင်မှာပေးမယ်..”
“အဲဒါတွေ..တခုမှ မဟုတ်ဘူးကိုကြီးရယ်….”
ပြောပြောဆိုဆို နှင်းမေ မျက်နှာလေး ညိုးသွားပြီးအတန်ကြာငြိမ်သက်သွားသဖြင့်… မင်းလူမှာ နေမထိထိုင်မသာဖြစ်သွားကာ…
“ နှင်းမေလေးရယ်…ပြောမှပေါ့…နှင်းမေ မပြောရင်လေ…ကိုကြီးဘယ်သိပါ့မလဲ…ကဲပြော…ဟုတ်ပြီလား..”
“ နှင်းမေပြောရင် ကိုကြီး နှင်းမေကို စိတ်မဆိုးရဘူးနော်…”
“ ဟုတ်ပါပြီ ….နှင်းမေရယ်…မဆိုးရပါဘူးတဲ့ဗျာ…နှင်းမေ ကို ကိုကြီးဘယ်တုန်းက စိတ်ဆိုးဘူးလို့လဲ..ကဲပြော..”
“ ဟိုလေ..နှင်းမေကိုကြိုက်နေတဲ့ တယောက်ရှိနေတယ် သိလား… ရွာတောင်ဖက်က ကုန်စုံဆိုင်က မနန်းရဲ့  အကိုဝမ်းကွဲပေါ့…အသက်ကတော့လေးဆယ်ကျော်နြေ့ပီ….သူမြို့ကနေ..အလည်ရောက်နေတာ…တလလောက်ရှိပြီ…ပြီးခဲ့တဲ့ဥပုဒ်နေ့က ဆွမ်းချက်ဖို့  ဈေးသွားအ၀ယ်မှာ နှင်းမေ ကိုမြင်သွားပြီး…မနန်း ကတဆင့် ပြောခိုင်း လာတယ်…သူ ..နှင်းမေကို မေတ္တာရှိလို့ပါ..တဲ့…နှင်းမေက လက်ခံမယ်ဆိုရင်တော့.. နှင်းမေကို လာတောင်းပါ့မယ်တဲ့ …”
“..ဒါများ..နှင်းမေလေးရယ်…နှင်းမေ မှာ ချစ်သူရှိတယ် ပြန်ပြောလိုက်ယုံပေါ့.. ဟုတ်ဘူးလား….”
“ နှင်းမေကလေ…ဒီလိုတွေးမိတယ် ကိုကြီးရဲ့ ….သူ က အဘတို့ ကို လဲ လယ် ဧကနှစ်ဆယ်အပြင် နွား တရှဉ်းလဲပေးထားခဲ့မယ်…လက်ရှိ အိမ်လေးကိုလဲပြန်ပြင်ဆောက်ပေးခဲ့မယ်တဲ့…ကိုကြီး…အဲဒါလေ…နှင်းမေ စိတ်နှစ်ခွဖြစ်နေတယ်…လှေနံနှစ်ဖက်နင်းတယ်လို့လဲ အပြောမခံချင်ဘူး…သူ့ ကိုလဲလက်ခံချင်တယ်… ကိုကြီးကိုလဲ အရမ်းချစ်တယ်… သူ့ ကို လက်ခံလိုက်မယ်လို့ဆိုတာကလဲ..အဘတို့အသက်ကြီးနေပြီဆိုတော့ နှင်းမေ အဘတို့ရှေ့ ရေးအတွက်စိုးရိမ်တယ်…နောက် ကိုကြီးမှာကလဲ… အလုပ်အကိုင်က အဆင် မပြေနေတာဆိုတော့……”
“ တော်ပါတော့..နှင်းမေရယ်…ဆက်မပြောပါနဲ့ တော့….”
မင်းသူ ထံမှ စကားအဆုံးမှာတော့…. နှစ်ဦးလုံးဆီမှာ စကားသံထွက်မလာတော့ပဲ အသက်ရှုသံပြင်းပြင်းတွေသာ အတန်ကြာသည်အထိထွက်ပေါ်လာနေပါတော့တယ်….။ ထို အချိန်မှာနေလုံးမှာ အနောက်ရိုးမ တောင်တန်းတွေ ကြားမှာ လုံးလုံးပျောက်ကွယ်သွားပြီး.. မိုးရိပ်မိုးသားတို့ သည် တရိပ်ရိပ်ဖြင့် တက်လာနေသည် မင်းသူနှင့် နှင်းမေ တို့ နှစ်ဦးလုံးမှာ သတိမထားမိခဲ့ကြပေ..။
အတန်ကြာမှသက်ပြင်းရှည်ကြီးချသံကြားလိုက်ရပြီး..စတင်ပြောလာသူကတော့မင်းသူထံမှဖြစ်ပါတယ်…
“နှင်းမေ…ကိုကြီးနှင်းမေ ကိုအပြစ် မတင်ရက်ပါဘူးကွာ…တကယ်တော့  နှင်းမေ ပြောတာတွေ ဟုတ်ပါတယ်.. ကိုကြီးမှာ ဘာမှအဆင်သင့်မဖြစ်သေးတဲ့အချိန်..နှင်းမေလဲ အသက်အရွယ်ကြီးနေပြီ ဖြစ်တဲ့ မိဘတွေကို ကောင်းကောင်းမွန်မွန်ထားချင်ရှာမှာပေါ့…ကိုကြီးနားလည်ပါတယ်…”
“နှင်းမေ က အခုကိစ္စကို အဘတို့ ကိုတောင် ပေးမသိသေးဘူး ကိုကြီးရဲ့ ..”
“ အင်းပါ…ကိုကြီး နှင်းမေလေးအပေါ်မှာထားတဲ့မေတ္တာတရားကိုပြောပြမယ်…နှင်းမေလေးကို လေ ကိုကြီးထက် ငယ်တော့ ညီမလေးတလောက်လိုလဲချစ်တယ်…နောက်လေ..သမီးရည်းစား လိုလဲချစ်တာနှင်းမေလေးရဲ့ ..”
“ နှင်းမေက မြို့ ကိုရောက် သွားရင်လဲ ကိုကြီးကို အမြဲသတိရနေမှာသိလား…နှင်းမေချစ်တာက ကိုကြီးကိုပါ.. တကယ်တမ်းခွဲနေကြပြီဆိုရင်တောင် နှင်းမေ ကိုကြီးကို ခွဲနိုင်ပါ့မလားမသိဘူးကိုကြီးရယ်… နှင်းမေ ကိုကြီးကိုပဲချစ်တာ..ခုဟာကလေ………”
“..အင်းပါ….ကိုကြီးနားလည်ပါပြီ………ညီမ..လေးရဲ့ …..”
မင်းသူသည် နှင်းမေ ၏ ဆုံးဖြတ်ချက်ချပြီးသည်းအလား ပြောဆိုလိုက်သည့် စကားလုံးများကြောင့် ဆက်လက်ကြားလိုဟန်မရှိသည့်အတွက် စကားစဖြတ်လိုက်သော်လည်း.. မင်းသူ၏ စကားသံတို့ သည် အက်ကွဲဆွေးမြည့်သံ တို့ပါနေသည့်အတွက်အဆုံးတွင် တိုးဝင်ပျောက်ကွယ်သွားပြီး နှစ်ဦးသားထံမှ မည်သည့် စကားသံမှ ထွက်မလာတော့ပေ…။
ထိုအချိန်တွင် မြစ်ဖက်မှ လေကြမ်းကြမ်းတချက်ဝေ့လိုက်သည့်အတွက် ကိုးတောင်ပြည့်စေတီ၏ ဆည်းလည်းသံတို့သည် သူတို့နှစ်ဦးရှိရာသို့လွှင့်ပျံ့လာနေ၏ ။နှင်းမေလေးမှာ သူချစ်သည့် မင်းသူ အား ပိုမိုတင်းကျပ်စွာ ဖက်ထားလိုက်ပြီး ကလေးငယ်တဦးပမာ ဦးခေါင်းကို မင်းသူ ၏ ပုခုံးထက်တွင် တိုးဝှေ့ ကြည်စယ်နေသယောင်….။ အချိန်မည့်မျှကြာသွားသည်မသိ…မိုးသားမိုးရိပ်တို့မှာလည်း ကောင်းကင်တခုလုံးဖုံးအုပ်သွားပြီး ရွာဖက်ဆီမှာ မီးရောင် လဲ့လဲ့ ကိုသာ မြင်ရတော့သည် ။ နှင်းမေမှာ ပြန်ကြရန်အတွက် မင်းသူအား…
“ ကိုကြီး ပြန်ကြရအောင်လေ….”   “    ဟင်…… ကိုကြီး ငိုနေတယ်ဟုတ်လား……”
မင်းသူမျက်နှာအား သူ့ဖက်သို့ ဆွဲလှည့်ပြီး ပြောလိုက်သည် ။ မင်းသူ၏ ကြမ်းတမ်းပြီး မဲညစ်ညစ် ဖြစ်နေသော မျက်နှာကြီးနှင့် မလိုက်ဖက် လှသော သမုဒ္ဒယမျက်ရည်တို့သည် မျက်ဝန်းများမှ တသွင်သွင် စီးဆင်းနေဆဲ……
“အင်း ..ကိုကြီးက နှင်းမေလေး မြို့ ကိုသွားနေရတော့ မယ်ဆိုတော့…တွေးပြီးပျော်လို့ပါ.. ကိုကြီး တခါမှ မရောက်ဘူးတဲ့မြို့ဆိုတာကြီးကို ညီမလေးသွားနေရတော့မှာ မို့ ၀မ်းသာမိတာပါ….”
မင်းသူမှာ ပါးစပ်ထဲရှိရာ အဆင်ပြေနိုင်မည့် စကားများကိုပြောဆိုမိသွားသော်လည်း… ယောင်္ကျားကြီး တယောက်ရဲ့  ခံစားချက်တို့ ပြင်းထန်စွားပေါက်ကွဲနေခြင်းကို မရှိက်ပဲ..ပွင့်အံ မထုတ်ပဲ.. ပါးပြင်ထက်က မျက်ရည်ကြောင်းကြီးတွေတော့ မတားဆီးနိုင်ခဲ့….
“ မငိုပါနဲ့ ကိုကြီးရယ် ကိုကြီးငိုတော့ နှင်းမေ လဲငိုချင်တယ်….”
ပြောပြောဆိုဆို နှင်းမေ ၏ မျက်ဝန်းများမှ မျက်ရည်တို့ သည်လည်းပိုးပိုးပေါက်ပေါက် ကျဆင်းလာခဲ့ လေတော့သည် ။
“ အော်…နှင်းမေလေးရယ်…မငိုရဘူးလေ….”
“ ဟင့်အင်း ငိုချင်လာပြီ…နှင်းမေ ကိုကြီး အပေါ် မတရားဘူးထင်တယ်….နှင်းမေ ဘာလုပ်ရမှန်း မသိတော့ဘူးကိုကြီးရယ်….”
“..နှင်းမေ……နှင်းမေ………သြော်…ညီမလေး…ရယ်…”
ချစ်သူနှစ်ထံမှာမျက်ရည်များ တားမရဆီမရ ကျဆင်းလာချိန်မှာပဲ…ညှာတာမှု မရှိပဲ သွန်းရွာလိုက်သော မိုးကြမ်းများအောက်မှာ ချစ်သူနှစ်ဦးတို့ မှာ တသိမ့်သိမ့်ငိုနေကြဆဲ…။
အားရအောင် ငိုကြွေးကြပြီးနောက်….မင်းသူထံမှ…..
“ ကဲ ညီမလေးကိုကြီးပြောမယ်……သေသေချာချာနားထောင်….ညီမလေး ဟိုလူကြီး ကမ်းလှမ်းလာတာကို လက်ခံလိုက်နော်… သိလား….ညီမလေး မြို့ ရောက်သွားရင် ကိုကြီး မကြာမကြာ အလည်လာခဲ့မယ်…သိလား… အဲကြရင် ကိုကြီး ကို ဘုရားတွေ ဖူးရအောင်လိုက်ပို့လေနော်…ညီမလေး မြို့ကိုရောက်သွားမှ ကိုကြီးလဲ…မြို့  ကဘုရားတွေ တ၀ဖူးရ မှာ…..ပြီးတော့……….ပြီးတော့… အို လိုက်သာလိုက်သွားပါ ညီမလေးရယ်… ဟုတ်ပြီလား. မကြာခင် ကိုကြီးလဲလိုက်လာခဲ့မယ်…ဟုတ်ပြီလား…လာထ..ပြန်ကြစို့ ညီမလေး…”
နှင်းမေ မှာ ကလေး တယောက်ကဲ့သို့  ….ရှိုက်ကြီးတငင်ငင် ငိုကြွေးရင်း…မင်းသူခေါ်ရာ ရွာ အပြန်လမ်း ဖက်ဆီသို့ လိုက်ပါသွားလေတော့သည်….။
———————————————————–။ ———————————————————-
နောက်တလခန့် အကြာမှာတော့….နှင်းမေ ရဲ့ မင်္ဂလာဆောင် ကို ရွာမှာ အကြီးကျယ်ဆုံး ကျင်းပတော့မှာမို့  ရွာခံကာလသားများရော လူကြီးလူငယ်များပါမကျန် ပျော်ရွင်နေကြပါတယ်…။
ထိုအချိန်မှာ မင်းသူ တယောက်မှာ မိုးလင်းက မိုးချုပ် မြစ်ရိုးချောင်းရိုးက မတက်ပဲ နှင်းမေ ရဲ့ မင်္ဂလာဆောင်မှာ ထိုက်ထိုက်တန်တန် လက် ဖွဲ့ ဖို့ အတွက် ကြိုးစားပြီးရှာနေလေရဲ့…သွားလေရာမှာ ပလိုင်းတလုံးအမြဲလွယ်ထားပြီး ပလိုင်း ထဲမှာတော့… လူမြင်မခံစေချင်တဲ့ တောအရက်မီးတောက် တလုံးကိုဆောင်ထားတတ်တယ်…။ လူတွေ နဲ့အဝေးဆုံးနေရာရောက်ပြီဆိုရင်ဖြင့်  မီးတောက်အောင်ပြင်းတဲ့ အရက် ကို စိတ်ရှိသလောက်မော့ချလိုက်တာကို ဘယ်သူမှ သိလိုက်မှာ မဟုတ်ပါဘူး..။  မင်းသူရင်ထဲက အပူတွေနဲ့ လဲ မီးတောက်တောအရက်က မယှဉ်သာဘူးထင်ပါ့…။
ရွာထဲက ည လူသံတွေ တိတ်ဆိတ်ချိန်လောက်ကျ မှ မင်းသူ တယောက် ပလိုင်းကိုဆွဲ ရွှံ့တွေရေတွေ စိုစွတ်နေတဲ့အ၀တ်အစားတွေနဲ့ ရွာထဲကိုပြန်ဝင်လာတတ်ပါတယ်..။ ဒိနောက်…ရွာထိပ်က ငါးဒိုင်မှာ ရလာသမျှ ငါးတွေ ကိုရောင်းတယ်…သူအတွက်ကတော့ အရက်ပြင်းတလုံးဝယ်ပြီး ကျန်ငွေကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ သူနေတဲ့တဲလေးဆီပြန်လာတတ်ပါတယ်…တဲဆီပြန်ရောက် ရင်ဖြင့်အရင်ဆုံး သူ့ ရဲ ဘဏ်တိုက်ကြီး ဖြစ်တဲ့ ၀ါးဆစ်ဘူးကြီးကို အရင်ဆုံးမြေကြီးထဲကတူးပြီး လက်ထဲဆုပ်လာသမျှ ပိုက်ဆံတွေကို အကုန်ထည့် ပြီးတာနဲ့ မြေကြီးထဲပြန်မြုပ် ။ ပြီးနောက် မှာ ပုဆိုးပိုင်းလေးလဲဝတ်ပြီးတာနဲ့… အရက်ပုလင်းဆီလက်လှမ်းပြီး… ကုန်သည့်တိုင်အောင် မော့ချလိုက်ပြီ… လောကကြီးနှင့် တညတာ အဆက်ပျက်သွားပြန်ပါတော့တယ်…။ ဒီလို နဲ့  နှင်းမေ လေး မင်္ဂလာဆောင်မယ်နေ့ရောက်ခဲ့ပါပြီ…
တရွာလုံးမီးခိုးတိတ်ကျွေးမှာဆိုတော့..မနက်မိုးလင်းထဲကပြင်ဆင်နေလိုက်ကြတာ..ဓါတ်စက် ကိုလဲ မြို့  က  အကောင်းဆုံးဆိုတာမှာ ဌားဖွင့်တာတဲ့…နှင်းမေလေးကိုလဲ ဆင်ထားလိုက်တာမှရွှေရောင်စိန်ရောင်တွေ တဖိတ်ဖိတ်နဲ့  မြို့ကဓါတ်ရှင်မင်းသမီးတွေ အတိုင်းဆိုပဲ.. မင်းသူ လန့် နိုးလာတဲ့အချိန်မှာ နားထဲကို တိုးဝင်လာ တဲ့အသံတွေ…
“ နှင်းမေလေးကို မြင်ချင်လိုက်တာ…နှင်းမေလေးရယ်…”
မင်းသူ နှုတ်မှတီးတိုးထွက်ပေါ်တဲ့စကားသံ…
တခဏ အတွင်းမှာ မင်းသူတယောက် တဲ ခေါင်းရင်းကိုပြေးသွားပြီး မြေကြီးတွေကိုလက်ကြမ်းကြီး နှစ်ဖက်နဲ့ တူးဆွကာ သူ့ ပိုင်ဆိုင်သမျှ တခုထဲသော တန်ဖိုးအကြီးဆုံး ၀ါးဆစ်ဘူးကြီးကိုတူးဖော်နေပြီး လက်ထဲ ရောက်လာတာနဲ့ ..သူ့ ဝတ်ထားတဲ့ပင်နီအင်္ကျီအဟောင်းကြီးနဲ့ မြေကြီးတွေ ကို ပွတ်တိုက်ဖယ်ရှား.. နေလိုက်တယ်..တဆက်ထဲမှာပဲ သူ့ တဲခြေရင်းမှာနေတဲ့  သူဘကြီးတ၀မ်းကွဲတော်စပ်သူထံသွားလိုက်ပြီး …
“ ဘကြီး နှင်းမေ မင်္ဂလာဆောင်သွားမှာ မဟုတ်လား…သွားရင် ကျနော် ရဲ့ နှင်းမေ အတွက်လက်ဖွဲ့  လေးကိုပေးပေးပါနော်…”
“ ငါ့တူရ မင်းလက်ဖွဲ့ ကြီးကလဲ ၀ါးဆစ်ဘူးကြီးပါလား…ကြည့်လဲလုပ်ပါမောင်ရင်ရယ်…”
“ ပေးသာပေးလိုက်ပါဘကြီးရာ….ကျနော်လက်ဖွဲ့ လို့သာနှင်းမေလေးကိုပြောလိုက်…ကျနော်က ချောင်းစပ်မှာ မြုံးတွေထောင်ထားတာ သွားဖော်ရမှာ မို့အပြန်နောက်ကျနေ ရင် မမီလိုက်ပဲနေ မှာစိုးလို့ပါ…။
“ အေးကွာ ထားခဲ့….”
မင်းသူလဲ ဘကြီးဖြစ်သူကိုနှုတ်ဆက်ဖို့တောင် သတိမရ ပဲ  ရွာပြင်ကိုခြေလှမ်းကျဲကြီးမှာဖြင့် ထွက်သွာပါတော့တယ်…..။ ရွာပြင်နားက အရက်ချက်ဖိုရောက်တာနဲ့  ချက်အရက်မီးတောက် နှစ်လုံးကို အကြွေးဝယ်ကာတလုံးကိုခါးကြားထိုး ၊ တလုံးကိုဆက်တိုက်နီးပါး မော့ကာမော့ကာ ဖြင့် ရွာနှင့်အဝေးဆုံး ကို ဦးတည်ရာမဲ့  လှမ်းနေပါတော့တယ်…
———————————————————— ။ ——————————————————-
တရွာလုံးပျော်လိုက်ကြသည်ဖြစ်ခြင်း..။ တဦးတယောက်ကိုမျှော်နေသူကတော့ နှင်းမေလေး… လည်တဆန့်ဆန့် နှင့် သူ့ ရဲ့ အချစ်ဆုံးကိုကြီး မင်းသူ ပေါ်မလာသေးသည့်အတွက်ကြောင့် မျှော်နေမိသူ ။ မင်္ဂလာဆောင် ကျင်းပနေရာသို့ မင်းသူ ရဲ့ ဘကြီးဝမ်းကွဲ ရောက်လာတော့ နှင်းမေလေးမှာ အပြေးအလွှား မေးရသည် ။
“ ဘကြီး အစ်ကို မင်းသူရောဟင်….”
“ မင့် အကိုကွယ် မြုံးတွေ ဖော်စရာရှိလို့ ဆိုပြီးရေးကြီးသုတ်ပြာ နဲ့ ထွက်သွားလေရဲ့ ဘကြီး ကိုတော့ မင်းကိုလက်ဖွဲ့ ဖို့ဆိုပြီး ဒါကြီးပေးသွားတယ်..ဆက်ဆက်ပေးပေးပါတဲ့…မှာ သွားသေးတယ်…ဒီမှာရော့…..”
“  ဟင်ဝါးဆစ်ဘူးကြီးပါလား…..”
နှင်းမေ လှမ်းယူလိုက်တာကို သူတို့သားကြီးက မြင်သွားတော့ ….
“ အနှင်း…ဒီရွှံ့တွေ ပေကျံနေတဲ့ ၀ါးဆစ်ဘူးကြီးဘာလို့ ကိုင်နေတာလဲကွာ…လွှင့်ပစ်လိုက်… အ၀တ်အစားတွေ ပေကျံကုန်မှဖြင့်ကွာ……”
“  ဒါ..အနှင်း အကိုတယောက်က လက်ဖွဲ့လာတာ..”
“…ဘာ…..ဟားဟားဟား….အနှင်းလေးကတော့ ကွာ…လွင့်ပစ်လိုက်ပါ…ဘာမဟုတ်တဲ့..၀ါးဆစ်ဘူးကိုများ..”
သူတို့သားကြီးမှာ ၀ါးဆစ်ဘူးကိုယူကာ ထမင်းဟင်းများချက်ပြုတ်ရာနေရာဖက်သို့  လှမ်းပစ်ပေး လိုက်လေတော့သည်..။ အော်….အမြတ်တနိုး လက်ဖွဲ့ လာတာကိုတောင်မှ သေချာမြင်ခွင့်မ၇လိုက်တဲ့ နှင်းမေလေး ဘ၀ပါလား….၊ ဒီလို နဲ့ မင်္ဂလာဆောင်ပွဲကြီးသာ ပြီးဆုံးသွားတယ်…နှင်းမေလေးတွေ့ချင် နေတဲ့…ချစ်ရသူ..အချစ်ဆုံး ဆိုတဲ့ သူရဲ့ ကိုကြီး တယောက် ရောက်မလာနိုင်ခဲ့ပါ….။
—————————————-။——————————————————–
မိုးစက်မိုးပေါက်များ မျက်နှာပေါ်သို့ ကျဆင်းလာသည့်အတွက်မင်းသူ  အသိတို့ပြန်လည် ၀င်ရောက်လာခဲ့သည် ။ မျက်စိတို့ ကချက်ချင်းဖွင့်မရသေး ပထမဆုံးသတိထားမိတာကတော့ လယ်ကွက်တခုထဲက ကန်သင်းရိုး မှာ ပက်လက်အနေအထားမှန်းသိလိုရသည် ။အားယူပြီးထလိုက်သည်.. မျက်စိနှစ်ကွင်းက ပွင့်လာသော်လည်းဘယ်အရာမှသဲကွဲစွာမမြင်ရ ။အချိန် ကိုလည်းမခန့်မှန်းတတ်တော့… မိုးတို့သည်လည်းသည်းထည်စွာရွာနေဆဲဖြစ်သည့်အပြင် ကောင်းကင်တခုလုံးမှာ လည်း မိုးကြိုးထစ်သံများ လျှပ်ပျက်သံများဖြင့်သာ ဆူညံနေလေ၏ ။
မင်းသူအားယူပြီးထလိုက်သည် ။ မတ်ရပ် ဖြစ်လာပြီးမှ  ပစ်လဲကြသွားသည် ။ အရက်ဖြင့်သာအရာရာကိုမေ့ပျောက်နေခဲ့တဲ့ မင်းသူ..ခံနိုင်ရည်မရှိတော့..ရင်တခုလုံး မီးစနှင့်ထိုးထားသည့်ပမာ.. ပူလောင်နေလေရဲ့ …။ အရပ်ရှစ်မျက်နှာကို မှန်းမျှော်ကြည့်လိုက်သည် ။ လျှပ်စီးရောင်အောင်မှာ မသဲမကွဲ တွေ့  လိုက်ရတဲ့ ရွာ ဦးကစေတီ…။ ဟုတ်ပြီ သူရွာရောက်အောင်ပြန်မှဖြစ်မည် ။ မနက်ဆိုလျှင် နှင်းမေ တို့ မြို့ကို သွားကြတော့မယ်…နှင်းမေလေး စိတ်ချမ်းသာအောင် သူ သွားနှစ်သိမ့်စကားပြောရမည်။
မိုးရေထဲမှာပဲ ရွာရှိရာကို အားတင်းလျှောက်လာခဲ့ရသည် လမ်းတွင်မကြာခဏချော်လဲသောကြောင့် ခရီးကမတွင်…လဲလိုက်ပြန်ထလိုက်သွားလိုက် သည်လိုနှင့် ဆည်းလည်းသံ သဲ့သဲ့လေး နားထဲကို တိုးဝင်လာခဲ့သည် ။  မင်းသူ သိလိုက်ပြီ ရွာဦးက ကိုးတောင်ပြည့်စေတီ ထံမှ ဆည်းလည်းသံ…။
သည်လိုမိုးတွေရွာတွေချိန် ၊လောကကြီးတခုလုံးမှောင်မဲနေချိန် ၊ ဆည်းလည်းသံတွေကြားနေရချိန် မှာသူနဲ့ နှင်းမေလေးတို့ မိုးနဲ့အတူငိုခဲ့ကြဘူးတယ်…။ အဲဒီအချိန်မှာပဲ မင်းသူနားထဲကို စကားသံလေးတခု တိုးဝင်လာတယ်..ဘယ်အရပ်ဘယ်ဒေသကလာသည်တော့မသိ…..
……………….“ ကိုကြီး..နှင်းမေလေ… ကိုကြီးကိုအရမ်းချစ်တယ်သိလား….”…..” ……..”………….”……………”
မင်းသူ  ပျော်သွားသည်..ပြီးနောက် ကျေကျေနပ်နပ် ကြီး တချက်ပြုံး လိုက်သည်…နူတ်မှလဲ မပီမသ စကားသံများ ဖြင့်………
……………….. “  ကိုကြီး လည်း….နှင်းမေလေးကို………..အရမ်း…ချစ်……………..”
……………………………………………………………
…………………………
…………..
……………………………………………………………… ။ …………………………………………………………………
“ ဘကြီး…အကိုမင်းသူ ကိုတွေ့ ရင်လေ… နှင်းမေ နှုတ်ဆက်သွားတယ်လို့ ပြောပေးပါနော်….ပြီးတော့လေ…မြို့  ကိုလဲ  ဆက်ဆက် လိုက်လာခဲ့ပါလို့ ပြောပေးပါနော်….”
“.အေးပါ သမီးရယ်…စိတ်ချသွား  မင်း အစ်ကိုကိုပြောပေးမယ် စိတ်ချ…..”
မြို့ ကို လိုက်သွားတော့  မယ် …နှင်းမေလေးကို တရွာလုံးကိုလိုက်ပို့ နှုတ်ဆက်နေကြတာ… အားလုံးက မျက်ရည်တွေ စို့ကာဖြင့်..တတွတ်တွတ်မှာနေတာတွေကတော့သူချစ်ရတဲ့ ကိုကြီးမင်းသူ… အတွက်သာ… သူ့မှာ ရတက်မအေးရှာ ဖြစ်နေတယ်လေ…သတို့သားလောင်းကနေခင်ပွန်းသည်ကြီးအဖြစ် ရယူနိုင်ခဲ့တဲ့ ကိုမြို့ သားကြီး မှာတော့…အရာရာ အားလုံးကို ပိုင်ဆိုင်ခွင့်ရသွားသည့်အတွက် အောင်နိုင်သူကြီး တယောက် အဖြစ် မထီပြုံးလား..လှောင်ပြုံးလားတော့ မသိ..ပိုင်ပိုင်နိုင်နိုင်ကြီးကို ပြုံးနေနိုင်ခဲ့တယ်…။ သူမပိုင်ဆိုင်လိုက်ရတဲ့ နှစ်လုံးသွေးကြောတွေထဲ က အချစ်စစ်တွေကိုတော့ သူမရခဲ့တာကို သိခဲ့ဟန်မပေါ်…
တရွေ့ ရွေ့ နဲ့ ရွှေမြို့ တော်ကြီးဆီသို့  ရောက်ဖို့အတွက် နှင်းမေ တို့ ဇနီးမောင်နှံ ခရီးအဆင့်ဆင့် ထွက်ရန်ရွာမှာ ထွက်ခွာသွားကြလေပြီ……။ မြင်ကွင်းမှပျောက်ကွယ်သွားတော့မှပဲရွာသားတွေ အားလုံးလဲ မိမိတို အိမ်များသို့  ပြန်ရန်ပြင်ဆင်နေစဉ်မှာပဲ………..
“ ……….မင်း သူ အလောင်းကို ရွာ အပြင်စေတီ နားမှာ တွေ့ခဲ့တယ်တဲ့ဟေ့………….”
တဆင့်စကားတဆင့်နားဖြင့် မင်းသူအလောင်းရှိရာ သို့ သွားရောက်ကြပြီး…ကြည့်ကြသည် ။မိုးရေတွေရွဲရွဲ စိုကာ…ဘေးတစောင်းအနေအထားဖြင့် သေဆုံးနေသော မင်းသူ ကိုတွေ့ လိုက်ကြရသည် ။ ထူးခြားမှု့ တခုက မင်းသူ မျက်နှာမှာ ပြုံးနေသယောင်ယောင် ဖြစ်နေသည် ။
“ ရွာပြင်မှာသေတာ..ရွာထဲ မသယ်ကောင်းဘူးကွာ…ရွာပြင်မှာပဲထားပြီး..သဂြိင်္ုလ်လိုက်ကြရအောင်….”
သေတဲ့တိုင်အောင် လူတွေနဲ့ ဝေးရာမှာနေနိုင်ခဲ့တဲ့ မင်းသူပါလား………
ဒီလိုနဲ့ မင်းသူ ရဲ့ တဲလေး မှာပဲ သူရဲ့ နာရေးအိမ်လုပ်လိုက်ကြတော့ လာကြသူများကို ဧည့်ခံရန်အတွက် ရပ်ရွာမှ စုပေါင်းပြီး လုပ်ကြကိုင်ကြပေါ့..
“….တနေ့ က ပိုနေသေးတဲ့ ထင်းတွေ ကို သယ်သွားလိုက်ပါကွာ…လိုရာသုံးကြပေါ့….”
နှင်းမေရဲ့ အဘ က နိုင်သမျှကူညီသည့်သဘောဖြင့်ပြောလာသည် ။ရွာသားများ လည်း ထင်းများကိုသယ်ယူပြီး
ရေနွေးတည်ဖို့ လုပ်နေစဉ်…မီးဆိုက်ရန်အတွက် ရွာသားတယောက် က  ၀ါးဆစ်ဘူးကြီး ကိုခွဲလိုက်တော့……..
“……ဟာ အထဲမှာ ပိုက်ဆံတွေအများကြီးပါလားဟေ့…..ဒါ….ဒါ….စုဘူးကြီးပဲ ဟ…လာကြည့်ကြပါဦး…..”
ရွာသားတယောက် အော်ပြောလိုက်သံကြောင့် လူတွေ အပြေးအလွှားသွားကြည့်ကြတော့….မင်းသူရဲ့ ဘကြီးက မြင်တွေ့သွားပြီး………….
“ ဒါ မင်းသူ က ငါ့ ကို နှင်းမေ မင်္ဂလာဆောင်မှာလက်ဖွဲ့ ခိုင်းလိုက် တဲ့…..၀ါးဆစ်ဘူးကြီးပဲ…..အော်ဒါကြောင့် မင်းသူက  ဆက်ဆက် ပေးပေးပါလို့  ပြော သွားတာကိုး…….အော် မင်းသူ…..မင်းသူ……….”
အဖြစ်မှန်ကို အားလုံးသိလိုက်ရတဲ့အချိန်မှာ တရွာလုံးစိတ်မကောင်းနိုင်ကြတော့……..
နောက်ဆုံးမှာတော့….မင်းသူ ရဲ့ ပိုက်ဆံတွေနဲ့ပဲ ရွာဦးကစေတီ ကို ထုံးသင်္ကန်းပြန်ကပ်ကြတယ်… သူ့အလောင်းကိုတွေ့ခဲ့တဲ့နေရာမှာပဲ…..မင်းသူအတွက် အုတ်ဂူဖြူဖြူလေးတလုံးကို… တည်ထားပေး လိုက် ပါတော့တယ်…..။
ရွာသားတွေ ရဲ့  ရင်ထဲမှာတော့ မင်းသူရဲ့  အုတ်ဂူလေးကိုတွေ့ လျှင်ဖြင့် သတိရနေကြတုန်း………. မျက်ရည်ဝဲနေကြတုန်း…. အမျှပေးဝေနေကြတုန်းပါပဲ……….
မင်းသူ…………
ရယူလိုမှု့ ထက် ပိုပြီးပေးဆပ်နိုင်ခဲ့တဲ့…..မင်းသူ……..
လောကကြီးကို အရက်ပုလင်းတလုံးနဲ့ ပျော်ပျော်ကြီးအန်တုနိုင်ခဲ့တဲ့ …….မင်းသူ…….
ခံစားချက်တွေကို.. မရှိုက်ပဲ..အန်မထုတ်ပဲ…သမုဒ္ဒယ မျက်ရည်တွေအဖြစ်..ပြောင်းနိုင်ခဲ့တဲ့………မင်းသူ……..
ဘ၀ တခုလုံးနဲ့ ရင်းပြီး ရယူနိုင်ခဲ့တဲ့ အပြုံး တခုကို နောက်ဆုံးထွက်သက်ထိရယူနိုင်သွားခဲ့တဲ့…. မင်းသူ…….
မင်းသူရေ……….အမျှ….အမျှ….အမျှ………………. ။                   ။


crd...ပါးစပ်ရာဇ၀င်တခုကိုပြန်လည်အသက်သွင်းထားပါသည် ….စိုးကြီး

No comments:

Post a Comment